01/18/2026
မောရစ်ချန်း - ခေတ်သစ် ကမ္ဘာကြီးကို ပုံဖော်ပေးခဲ့တဲ့ ကျနော်လေးစားရတဲ့“ဖိုးကြီး”
ဒီကနေ့ခေတ် ကွန်ပျူတာ အီလက်ထရောနစ်လောကမှာ မောရစ်ချန်း (Morris Chang) ဆိုရင် မသိသူ မရှိသလောက်ပါပဲ။ သူ့ကို "ခေတ်သစ် ဆီမီးကွန်ဒတ်တာ (Semiconductor) လောကရဲ့ ဖခင်ကြီး" လို့ တတင်တည်း ခေါ်ကြတယ်။ သူက ကွန်ပျူတာချစ်ပ် (Chip) ကို တီထွင်ခဲ့သူတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီလုပ်ငန်းကြီး တစ်ခုလုံး ဘယ်လိုလည်ပတ်ရမယ်ဆိုတဲ့ ဇာတ်ညွှန်းကို အသစ်ပြန်ရေးခဲ့သူမို့ ဒီလို ဂုဏ်ပုဒ်နဲ့ ထိုက်တန်နေတာပါ။
သူ့ဘဝဇာတ်ကြောင်းက "ဂျီးနီးယပ်" အဖြစ်နဲ့ မွေးဖွားလာတာမျိုး၊ ဒါမှမဟုတ် တစ်ညတည်းနဲ့ ချမ်းသာသွားတာမျိုး မဟုတ်ဘူးဗျ။ စိတ်ရှည်သည်းခံမှု၊ ငြင်းပယ်ခံရမှုတွေကြားကနေ ဘဝရဲ့ ဒုတိယပိုင်းကျမှ တစ်ကမ္ဘာလုံးကို ကိုင်လှုပ်နိုင်တဲ့ "ဇာတ်ရှိန်" တက်လာတဲ့ လူတစ်ယောက်ရဲ့ အကြောင်းပါ။
နယ်လှည့်ပါရဂူဘဝမှသည် အမေရိကန် အိပ်မက်ဆီသို့
မောရစ်ချန်းကို ၁၉၃၁ ခုနှစ်မှာ တရုတ်ပြည် နင်ပိုမြို့မှာ မွေးတယ်။ ငယ်ဘဝကတော့ စစ်ဘေးစစ်ဒဏ်ကြောင့် ဟောင်ကောင်ကိုပြေး၊ ဟောင်ကောင်ကနေ အမေရိကန်ကို ကူးနဲ့ တော်တော်လေး လှည့်လည်ခဲ့ရတာပါ။ အဲဒီခေတ်က ဒုက္ခသည်တွေထုံးစံအတိုင်း ပညာရေးဟာ ဘဝရဲ့ ထွက်ပေါက်လို့ ယုံကြည်ပြီး MIT နဲ့ Stanford တက္ကသိုလ်ကြီးတွေမှာ လျှပ်စစ်အင်ဂျင်နီယာပညာကို သင်ယူခဲ့တယ်။ အဲဒီတုန်းက ဆီမီးကွန်ဒတ်တာဆိုတာ အခုလို လူတိုင်းသိတဲ့အရာတောင် မဟုတ်သေးဘူး။
၁၉၅၈ ခုနှစ်မှာ Texas Instruments ကုမ္ပဏီကို ရောက်တယ်။ အဲဒီမှာ ဆယ်စုနှစ် နှစ်ခုကျော်ကြာ တာဝန်ထမ်းဆောင်ရင်း ချစ်ပ်တွေ ဘယ်လိုဒီဇိုင်းဆွဲရတယ်၊ ဘယ်လိုထုတ်ရတယ်ဆိုတာကို အပိုင်တွက်တတ်တဲ့ ပညာရှင်ကြီး ဖြစ်လာတာပေါ့။ ၁၉၇၀ ပြည့်နှစ်တွေနှောင်းပိုင်းမှာတော့ သူ့ကို ကုမ္ပဏီရဲ့ အကြီးအကဲ (CEO) ဖြစ်လာလိမ့်မယ်လို့ အားလုံးက မျှော်လင့်ခဲ့ကြတယ်။
မျှော်လင့်ချက် ပျက်သုဉ်းခြင်းကနေ စတင်တဲ့ ခရီး
ဒါပေမဲ့ ကံကြမ္မာက မျက်နှာသာမပေးခဲ့ဘူးဗျ။ အတွေ့အကြုံရှိပေမဲ့ အကြီးအကဲရာထူးအတွက် သူ ကျော်ဖြတ်ခံလိုက်ရတယ်။ အဲဒီအချိန်မှာ လူအများစုသာဆိုရင်တော့ "ငါလည်း လုပ်သက်ရပြီ၊ အေးအေးဆေးဆေး အနားယူတော့မယ်" ဆိုပြီး လက်လျှော့လိုက်ကြမှာပါ။ ဒါပေမဲ့ မောရစ်ချန်းကတော့ အဲဒီလို မဟုတ်ဘူး။
၁၉၈၅ ခုနှစ်၊ သူ အသက် ၅၄ နှစ်အရွယ်မှာ ထိုင်ဝမ်အစိုးရက ဖိတ်ခေါ်တာနဲ့ ထိုင်ဝမ်ကို ပြန်လာပြီး ဆီမီးကွန်ဒတ်တာ လုပ်ငန်းကို ထူထောင်ဖို့ ကြိုးစားတော့တာပဲ။ အဲဒီအချိန်က ထိုင်ဝမ်မှာ လုပ်သားတွေရှိပေမဲ့ နည်းပညာပိုင်းက ကမ္ဘာကို ယှဉ်နိုင်ဖို့ ဝေးသေးတယ်။ မောရစ်ချန်းက လူတွေ သတိမထားမိတဲ့ ဟာကွက်တစ်ခုကို မြင်သွားတယ်။
အဲဒီခေတ်က ကုမ္ပဏီတွေက ချစ်ပ်ကို ကိုယ်တိုင်ဒီဇိုင်းဆွဲ၊ ကိုယ်တိုင်စက်ရုံတည်ပြီး ထုတ်ကြတာ။ ဒါဟာ အရမ်းကို ငွေကုန်ကြေးကျများပြီး အန္တရာယ်များတဲ့ အလုပ်ဗျ။ မောရစ်ချန်းက "ငါတို့က ဒီဇိုင်းမဆွဲဘူး၊ သူများတွေဆွဲထားတဲ့ ဒီဇိုင်းကိုပဲ အကောင်းဆုံးဖြစ်အောင် ထုတ်ပေးမယ့် စက်ရုံကြီး (Foundry) လုပ်မယ်" ဆိုတဲ့ ထူးဆန်းတဲ့ အကြံကို ထုတ်လိုက်တယ်။
ဘယ်သူမှ မပြိုင်ဘူး၊ ဘယ်သူ့ဒီဇိုင်းကိုမှ မခိုးဘူး။ စက်ရုံသန့်သန့်ပဲ လုပ်မယ်။ ဒီအကြံနဲ့ ၁၉၈၇ ခုနှစ်၊ သူ အသက် ၅၆ နှစ်မှာ TSMC ကုမ္ပဏီကို တည်ထောင်လိုက်ပါလေရော။
မယုံကြည်မှုကြားက အောင်မြင်မှု
အစပိုင်းမှာတော့ လူတွေက လှောင်ကြတာပေါ့။ "ဘယ်သူက သူတို့ရဲ့ တန်ဖိုးရှိလှတဲ့ ဒီဇိုင်းတွေကို သူများလက်ထဲ လွယ်လွယ်နဲ့ အပ်မလဲ" ဆိုပြီးတော့ပေါ့။ ဒါပေမဲ့ မောရစ်ချန်းရဲ့ TSMC က ကြားနေဝါဒကို ကျင့်သုံးတယ်။ ဒီဇိုင်းကိုပဲ အာရုံစိုက်ချင်တဲ့ ကုမ္ပဏီတွေအတွက်တော့ TSMC ဟာ အားကိုးရာကြီး ဖြစ်လာတာပေါ့။
ဒီကနေ့ Apple၊ NVIDIA၊ AMD လို နာမည်ကြီးကုမ္ပဏီတွေရဲ့ နောက်ကွယ်က "မဟာခွန်အား" ဟာ TSMC ပါပဲ။ ကမ္ဘာ့အဆင့်မြင့်ဆုံး ချစ်ပ်တွေရဲ့ ၉၀ ရာခိုင်နှုန်းကျော်ကို သူတို့ပဲ ထုတ်နေတာ။ အိုင်ဖုန်းထဲက ချစ်ပ်ကနေ AI စနစ်တွေအထိ မောရစ်ချန်းရဲ့ လက်ရာတွေ ကင်းတဲ့နေရာ မရှိသလောက်ပါပဲ။
ဘဝသင်ခန်းစာ
အခုဆိုရင် မောရစ်ချန်းဟာ အသက် ၉၀ ကျော်နေပါပြီ။ သူက ကျွန်တော်တို့ကို သက်သေပြသွားတာက "အောင်မြင်မှုဆိုတာ လူငယ်တွေအတွက်ပဲ မဟုတ်ဘူး" ဆိုတာပါပဲ။ သူ့ဘဝရဲ့ အကြီးမားဆုံး အောင်မြင်မှုဟာ လူတွေ အနားယူဖို့ ပြင်နေတဲ့ အသက် ၅၀ ကျော်မှ စတင်ခဲ့တာပါ။
စိတ်ရှည်မှု၊ ဇွဲရှိမှုနဲ့ အမြင်ကျယ်မှုရှိရင် ဘယ်လို အခက်အခဲမျိုးကိုမဆို ကျော်လွှားနိုင်တယ်ဆိုတာ မောရစ်ချန်းက လက်တွေ့ပြသွားခဲ့ပြီ။
ဒါကြောင့်မို့လို့... မိတ်ဆွေ၊ ခင်ဗျားမှာ အကြံကောင်းတစ်ခုရှိနေပြီး အသက်ကြီးနေပြီလို့ စိတ်ဓာတ်မကျပါနဲ့။ တစ်ခါတလေမှာ ကြီးကျယ်ခမ်းနားတဲ့ အရာတွေဟာ လောကကြီးက တကယ်အဆင်သင့်ဖြစ်တဲ့ အချိန်ကျမှပဲ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာတတ်တာမျိုး မဟုတ်လားဗျာ။
Kyaw Myint
ဒီ