05/06/2026
ဘေရူးသ်မြို့အား တိုက်ခိုက်ရာတွင် အံ့အားသင့်ဖွယ် အခွင့်အရေးကို နက်တန်ယာဟုနှင့် ကတ်ဇ်တို့ လက်လွတ်ဆုံးရှုံးခဲ့ဟု အစ္စရေးလုံခြုံရေးအဖွဲ့များ ဝေဖန်
အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု (Benjamin Netanyahu) နဲ့ ကာကွယ်ရေးဝန်ကြီး ကတ်ဇ် (Israel Katz) တို့ရဲ့ စကားတွေကြောင့် ဘေရူးသ်မြို့ (Beirut) ကို ရုတ်တရက် ဝင်တိုက်မယ့် အခွင့်အရေးကြီး လက်လွတ်ဆုံးရှုံးသွားခဲ့ရတယ်လို့ အစ္စရေးလုံခြုံရေးအဖွဲ့တွေက ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ကြပါတယ်။ သူတို့နှစ်ယောက်ဟာ စစ်ဆင်ရေးအစီအစဉ်တွေကို ကြိုတင်ပြီး လူသိရှင်ကြား ပြောလိုက်တာကြောင့် ရန်သူကို အလစ်အငိုက်တိုက်ခိုက်မယ့် အစီအစဉ် ပျက်စီးသွားပြီး ဟစ်ဇ်ဘိုလာ (Hezbollah) အဖွဲ့ဝင်တွေ ကြိုတင်ပုန်းရှောင်ဖို့ အချိန်ရသွားစေခဲ့တယ်လို့ ဆိုပါတယ်။
မအာရီးဖ်သတင်းစာမှာ ဖော်ပြချက်အရ လုံခြုံရေးအရာရှိတစ်ယောက်က ဘေရူးသ်မြို့တောင်ပိုင်း ဆင်ခြေဖုံးရပ်ကွက်မှာရှိတဲ့ ဟစ်ဇ်ဘိုလာတွေရဲ့ အဓိကအခြေစိုက်စခန်းတွေကို အပြတ်ရှင်းပစ်ဖို့ အခွင့်ကောင်းရှိခဲ့ပေမဲ့ ခေါင်းဆောင်ပိုင်းရဲ့ ထုတ်ပြန်ချက်ကြောင့် အားလုံးလွဲချော်သွားခဲ့ရတယ်လို့ ပြောပါတယ်။ တိုက်ခိုက်ဖို့ သွားနေတဲ့ အစ္စရေးစစ်တပ်ဟာလည်း လမ်းခုလတ်ကနေ စခန်းကို ပြန်လှည့်လာခဲ့ရပြီး ဟစ်ဇ်ဘိုလာတွေကတော့ တိုက်ခန်းတွေကနေ အကုန်လုံး ထွက်ပြေးလွတ်မြောက်သွားကြပါပြီ။
အဲဒီအရာရှိက ဆက်ပြောတာကတော့ နေတန်ယာဟုနဲ့ ကတ်ဇ်တို့ဟာ အောင်မြင်မှုတွေကို ကြွားဝါချင်လွန်းလို့ စစ်တပ်က သတင်းမထုတ်ပြန်ခင်ကတည်းက အလုအယက် ထုတ်ပြန်လေ့ရှိကြတယ်လို့ ဆိုပါတယ်။ ဒီလို ကြွားဝါလိုက်တာကြောင့် အီရန်နဲ့ အမေရိကန်တွေပါ နိုးနိုးကြားကြား ဖြစ်သွားစေခဲ့ပြီး အခုဆိုရင် အစ္စရေးအနေနဲ့ ဘေရူးသ်မှာ လွတ်လွတ်လပ်လပ် စစ်ဆင်ရေးလုပ်ဖို့ မဖြစ်နိုင်တော့ဘဲ ဆူဝရ် နဲ့ ဆွိုင်ဒါမြို့တွေမှာပဲ လှုပ်ရှားလို့ရတော့တယ်လို့ ညည်းတွားထားပါတယ်။
တစ်ဖက်မှာလည်း အမေရိကန်ရဲ့ ကြားဝင်စေ့စပ်ပေးမှုကြောင့် အစ္စရေးနဲ့ လက်ဘနွန်တို့ဟာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို စတင်အကောင်အထည်ဖော်နေကြပြီ ဖြစ်ပါတယ်။ ဒီသဘောတူညီချက်အရ ဟစ်ဇ်ဘိုလာတွေအနေနဲ့ လီတာနီမြစ် တောင်ဘက်ပိုင်းကနေ အကုန်ဆုတ်ခွာပေးရမှာဖြစ်ပြီး အဲဒီနေရာတွေကို လက်ဘနွန်စစ်တပ်က ဝင်ရောက်ထိန်းချုပ်သွားမှာ ဖြစ်ပါတယ်။
#အရှေ့အလယ်ပိုင်း #ဘေရွတ် #အစ္စရေး
------------------------
📝 မူရင်းသတင်းနှင့် ဓာတ်ပုံ - Al Jazeera Arabic