22/01/2026
နောက်လဆို Padova က ပြန်ရတော့မယ်ဆိုတော့ ပထမဆုံးစရောက်တဲ့နေ့အကြောင်းကို ပြန်တွေးမိတယ်။ တူတူလာတဲ့သူငယ်ချင်းတွေနဲ့ပြောမိသလို စရောက်ခါစ ကိုယ်တို့အတွက်က ကားဂိတ်ကနေ ဘူတာကလည်း အဝေးကြီး၊ Padova ကလည်း အကြီးကြီး၊ ပြီးတော့ အရာရာက အသစ်တွေဖြစ်နေခဲ့တာ။ ခုပြန်တွေးတော့ တစ်လလောက်အကြာမှာတင် ဒီမြို့မှာ အချိန်ကြာကြာနေခဲ့ဖူးသလိုမျိုး ခံစားမိတဲ့အထိ နေသားကျသွားခဲ့တဲ့မြို့ ဖြစ်နေပြန်ပါရော။
စစရောက်တဲ့နေ့ကတော့ ဂယက်အစုံအလင်ပေါ့။ စက်တင်ဘာလလယ်ကို စအေးတော့မယ်ဆိုတာမျိုးတွေဖတ်ပြီး အထူကြီးဝတ်လာရာကနေ ဗင်းနစ်လေဆိပ်ကအထွက်မှာတင် ကောင်းကင်ကကြည်လင်ပြီး ပူနွေးနေလို့ အံ့အားသင့်ရတာကစပြီး roaming မဝယ်လာကြတဲ့သုံးယောက်ရဲ့ Padova ကအဆောင်ထိ ရောက်အောင် ချီတက်လာနိုင်ခဲ့တဲ့ အောင်မြင်မှုရယ်၊ အဆောင်ရောက်တော့ အီတလီဖုန်းနံပါတ်မရှိလို့ WiFi သုံးမရကြတာရယ်၊ ဘေးက EuroSpar မှာ sim card သွားဝယ်ကြပေမယ့် register လုပ်မရကြလို့ အဲ့က WiFi ကို ကပ်သုံးပြီး google map မှာ sim center ရှာပြီး screenshot ရိုက်ပြန်လာကြရတာရယ်... မြို့အသစ်မှာ ဖြစ်ချင်သလိုတွေဖြစ်ပြီး ပထမဆုံးညကို ကျော်ဖြတ်ခဲ့ကြရတာပေါ့။ ကိုယ့်ဘာသာ ပြာယာခတ်နေကြတာနဲ့ map ကို offline download လို့ရတာတောင် အာရုံမရကြဘဲ screenshot ရိုက်လာကြတာ ခုပြန်တွေးရင်တော့ တကယ် ရယ်ချင်စရာ 🤣
အောက်ကပုံတွေကတော့ ဒုတိယရက်မှာ google map screenshot ကို ကြည့်ပြီး Central ထိ မိနစ် ၃၀ ခရီးကို စမ်းတဝါးဝါး လမ်းလျှောက်ရင်း ရိုက်ခဲ့တဲ့ပုံတွေ... မှန်လားမှားလားမသိဘဲ သွားနေခဲ့ကြပေမယ့် Europe ရောက်နေတယ်ဆိုတဲ့အသိနဲ့တင် မြင်မြင်သမျှ ဓာတ်ပုံရိုက်၊ ငေးမောရတာနဲ့ မောဖို့တောင် မေ့နေခဲ့တဲ့နေ့ပေါ့။ အဲ့နေ့က တခြားလုပ်စရာတွေပါ တစ်ခါတည်းသွားလိုက်တော့ တစ်မြို့လုံးနီးပါး ပတ်ခဲ့သလိုတောင် ဖြစ်သွားခဲ့တာ။ ဒါကြောင့်လည်း မြန်မြန်အသားကျသွားတယ်ထင်ပါရဲ့။
စိတ်ကူးပေါက်သလို လာလာတင်နေတာဆိုတော့ လွန်ခဲ့တဲ့လေးလကအကြောင်းကို ခုမှ လာတင်ဖြစ်တယ်။ သွားခဲ့တဲ့ခရီးတွေအကြောင်းလည်း တင်ဖြစ်ပါဦးမယ်... အချိန်လည်းရ၊ စိတ်ကူးလည်းပေါက်ရင်ပေါ့။