13/02/2025
ရခိုင်ပြည်နယ် မြောက်ပိုင်း အခြေအနေ ကောင်းလာလိမ့် တင်တယ်
AA က မောင်တောမြို့အနီး ရိုဟင်ဂျာကျေးရွာတွေထဲ စစ်လက်ကျန်မိုင်း ရှာဖွေ ရှင်းလင်းရေး ပြုလုပ်
ဖေဖော်ဝါရီ ၁၃ ၊ AEN
စစ်ကျန်မိုင်းကြောင့် လူအသေအပျောက်နဲ့ ဒဏ်ရာရမှုများ ဖြစ်ပွားခဲ့တဲ့ မောင်တောမြို့အနီးက ကျေးရွာတွေထဲ AA က မိုင်းရှာဖွေရှင်းလင်းရေးကို ဖေဖော်ဝါရီလ ၁၁ ရက်နေ့ကနေ စတင် ပြုလုပ်နေတယ်လို့ ဒေသခံတွေက AEN ကို ပြောပါတယ်။
မောင်တောမြို့အနီးက ရွှေဇားဂုံးနား၊ ရွှေဇား၊ အီတာလျာ၊ လသာစတဲ့ နေရာတွေကို အဓိကထားပြီး မိုင်းရှာဖွေ ရှင်းလင်းရေးတွေ လုပ်ခဲ့ပြီး စစ်ကျန်မိုင်း ၃၀ ကျော်ကို ရှာဖွေဖြုတ်သိမ်းနိုင်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
AA အာလဖာ (၂) ကနေ ရိုဟင်ဂျာကျေးရွာတွေကို မိုင်းအန္တရာယ် သတိပေးချက်တွေ ပြောဆိုထားပြီး လမ်းဘေးဝဲယာ နေရာတချို့မှာလည်း မိုင်းသတိပေး ဆိုင်းဘုတ်တွေ တပ်ဆင်ထားတယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီလ ၁၀ရက်နေ့ နံနက်ပိုင်းက မောင်တော ရွှေဇားဂုံးနားရွာထဲ စစ်ကျန်ဗုံးပေါက်ကွဲလ်ို့ ရိုဟင်ဂျာလူငယ်တစ်ဦး သေဆုံးခဲ့ပြီး လေးဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
မောင်တောမြို့နယ်ထဲ AA ခွင့်ပြုလို့ နေရပ်ပြန်ခွင့်ရတဲ့ စစ်ဘေးရှောင်တွေအတွက် စစ်ကျန်မိုင်းအန္တရာယ်က ခြိမ်းခြောက်မှုကြီးတစ်ရပ် ဖြစ်နေပါတယ်။
AA မိုင်းရှင်းလင်းရေးအဖွဲ့က ရှာဖွေတွေ့ရှိခဲ့တဲ့ မိုင်းတွေက လူသွားလမ်း လူနေအိမ် ဘေးဘီဝဲယာစတဲ့ နေရာတွေက ဖြစ်နေတာမို့ စစ်ကျန်မိုင်းအန္တရာယ်အတွက် စိုးရိမ်နေရတယ်လို့ ရိုဟင်ဂျာဒေသခံတွေက ပြောပါတယ်။
မောင်တောကို AA တိုက်ခိုက်စဉ်အတွင်း စစ်ကောင်စီက လူနေရပ်ကွက်၊ ကျေးရွာတွေထဲ ဝင်ရောက် တပ်စွဲခဲ့ပြီး အခုလို အများပြည်သူ သွားလာရာနေရာတွေမှာ မြေမြုပ်မိုင်းတွေ တပ်ဆင်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
The Arakan Express News