LU Htoo Taungoo

LU Htoo Taungoo ``Life is a succession of lessons which must be lived to be understood.´´

-Ralph Waldo Emerson-

This is a page that presents the following videos and informations: funny videos,natural sciences, general knowledge,facts about the military dictatorship revolution,music and weird videos.

08/06/2025

ပိုင်ဆိုင်မှု ဆိုတာ ကျေနပ်ပျော်ရွင်ရမှု တစ်ခုပဲ မဟုတ်လား။
အဲ့ဒါက ပိုင်ဆိုင်မှုရဲ့ တစ်ခုတည်းသော စည်းမျဥ်းပဲ မဟုတ်လား။

ကိုယ်လက်လှမ်းမီတဲ့ အခါ၊ ခူးချင်မိတဲ့ အခါ မီသလောက်ခူးမိမယ်။
အရမ်းလိုချင်တဲ့ အခါ မမီတမီဖြစ်နေရင်တောင် ခုန်ပြီးတော့ ခူးမယ်။ ဒီထက်မကပိုပြီး လိုချင်မိရင် တစ်ခုခုနဲ့ မရ,ရအောင် ခူးစွပ်မယ်။ တကယ်လို့ ကိုယ်သာ မလိုချင်ခဲ့ရင် သူ့ ဘာသာသူ ကြွေကျနေလည်း မကောက်ဘူး။ ကိုယ့်အပေါ်တည့်တည့် ကြွေကျခဲ့ရင်တောင် မဖမ်းထားဘူး။

[ "ကိုယ် မြတ်မြတ်နိုးနိုး ကြွေမိတယ်" ]ဆိုတာ ကိုယ်တကယ်လိုချင်ပြီး ၊လက်လှမ်းမီတဲ့ အရပ်မှာ တည်ရှိနေပေးတဲ့ အရာကို ခေါ်တာ။

ဘယ်သူကမှ လက်လှမ်းမမီတဲ့ အရပ်က မီးပုံးပျံတွေနောက် ပြေးမလိုက်ကြဘူး။ မီးစာ မီးမငြိမ်လို့ မှိတ်တုတ်မှိတ်တုတ်နဲ့ မြေပြင်ဆီ ပြန်ကျဆင်းလာတော့မှ (ကလေးတွေ မီးပုံးပျံနောက် ပြေးလိုက်ကြ သလိုမျိုး) ပြေးလိုက်ချင်လိုက်မှာ။ လက်လှမ်းမီနိုင်သွားပြီး (လှပတဲ့ အရာတစ်ခုလို့ စိတ်က ထင်ခဲ့ဖူးတဲ့) အမြင့်တစ်ခုဆီက အရာမို့လို့။

အဲ့ဒီ့ လက်လှမ်းမီတဲ့ အရပ်ကပဲ လူတွေ သိပ်ပြောကြတဲ့ (မျှော် လင့် ချက်) ဆိုတဲ့ အရပ်ဒေသပါပဲ။ အဲ့ဒီ့ မျှော်လင့်ချက်ကပဲ ငါတို့ရဲ့ စိတ်ကို (ပြင်ပ)က လာတဲ့ ဖြစ်နိုင်ခြေတွေနဲ့ အစားထိုးနေရာယူစေလိုက်တာပဲ။ ငါတို့စိတ်မှာ ငါတို့ယုံကြည်ထားတဲ့ ပုံစံတစ်ခုတည်းသာ အကုန် လိုက်ဖြစ်နေရမယ်လို့ တကယ်ထင်သွားတဲ့အထိ ခံစားမှုတွေကို ဗုံးပေါလအော နေရာပေးပစ်လိုက်ကြတယ်။

တကယ်ဆို စိတ်ဆိုတာ အကုန်လုံး ခံစားဖို့ ၊ နေရာပေးလိုက်ဖို့မဟုတ်ဘူး။ လူတွေရဲ့ တုံ့ပြန်မှုနဲ့ ခံစားမှုကိုလိုက်ပြီး အနီးအဝေး ချိန်ဆဖို့လည်း ပါတယ်။ အဲ့ဒီအပေါ်မှာတည်ထားတဲ့ adjustment ပဲ ဖြစ်သင့်တယ်။

(တစ်စုံတစ်ယောက်ကြောင့် )ပျော်ရွင်ရတဲ့ အခါ ကိုယ့်ဘာသာကိုယ် ပျော်ရွင်ကျေနပ်နေတာလား။ သူကိုယ့်အပေါ်ထားတဲ့ လေးနက်မှု ၊ဂရုစိုက်မှု၊ ခံစားချက် စတဲ့ emotional တစ်ခုခုကို ကိုယ်ခံစားမိလို့ ကိုယ်ပျော်ရွင်တာလား။ အဲ့ဒါကို ကွဲကွဲပြားပြားသိဖို့လိုတယ်။
သူစိမ်းတွေကနေ သူစိမ်းတွေ ပြန်ဖြစ်သွားတဲ့ အကြောင်းတွေကို..
ကဗျာတွေမှာ တွေ့ရသလို ကိုယ်ကပဲ နောက်ဆုံးတော့ တစ်ဖက်သတ် ပိုးဆိုးပက်စက် ချစ်နေရတာမျိုးတွေက တကယ်တမ်း လှပလွန်းတဲ့ ကဗျာဆန်တဲ့ ခံစားမှုတွေ မဟုတ်ဘူး။ အရမ်း အရုပ်ဆိုး အကျည်းတန်တာ။ လုံးဝ မလှပဘဲ နာကြည်းစရာတွေ ဖြစ်ကုန်တာ။ ကိုယ့်စိတ်ဟာ တစ်ဖက်သားအပေါ် ကြာလာတဲ့ အမျှ စိတ်အနှောက်အယှက်ဖြစ်လာစေတာ။ ကိုယ်လည်း ကြာလာတာနဲ့အမျှ၊ ချစ်မိတာနဲ့အမျှ စိတ်ဆင်းရဲလာရတာ။ ကိုယ့်ခံစားချက် လေးနက်လေ အဖြစ်အပျက်က ကျက်သရေမရှိ ရုပ်ပျက်လေပဲ။ အဲ့ဒီ့လို မဖြစ်သင့်တာတွေ စနစ်တကျ ဖြစ်ကုန်တာ။

ဒါကြောင့် ပျော်ရွင်မှုမှာ ပျော်ရွင်တတ်ဖို့လိုတယ်။ ပျော်ရွင်ရအောင် ဟာသတွေ အမြဲ ကြည့်နေဖို့ မဟုတ်ဘူး။ ပျော်စရာ ခရီးရှည်တွေ အမြဲထွက်နေဖို့လည်း မဟုတ်ဘူး။ စိတ်ကြိုက်စား၊ စိတ်ကြိုက်နေ, နေဖို့လည်း မဟုတ်ဘူး။ တကူးတကကြီးတွေ စိတ်ပျော်ရာတွေ ရှာဖွေတူးဆွနေဖို့လည်း မဟုတ်ဘူး။ အဲ့ဒါတွေက ရင်ထဲမှာ အစဥ်ကိန်းအောင်းနေလေ့ရှိတဲ့ (မျှော်လင့်ချက်) ပျော်ရွင်မှု အစစ်မဟုတ်နေဘူး။

တစ်စုံတစ်ယောက်ဆီကနေ တကယ့်ပျော်ရွင်မှုကို ရယူချင်ရင် သူဟာ ကိုယ့်အပေါ် ဘယ်လောက် စိတ်နှစ်ထားသလဲ။ ကိုယ့်အပေါ် ဘယ်လောက်တန်ဖိုးထားလဲ။ သူဟာ ကိုယ့်အပေါ် ဘယ်လောက်သည်းခံနိုင်လဲ။ ကိုယ်နဲ့ အတူရှိနေရခြင်းက သူ့အတွက် ဘယ်လောက်ပြီးပြည့်စုံနေစေလဲ။ ကိုယ်နဲ့ အတူရှိနေရခြင်းက သူ့အတွက် ဘယ်လောက်(စိတ်) ပေါ့ပါးနေလဲ။ ကိုယ့်လက်ကို သူတွဲထားချိန်မှာ သူ ဘယ်လောက်(ယုံကြည်) ရဲဝံ့နေရပြီး အဲ့ဒီ့ တွဲလက်အတွက် သူ, ဘာတွေအထိ စွန့်လွှတ်ရဲနိုင်မလဲ။ မပြောင်းမလဲ တစိုက်မတ်မတ် အချိန် ဘယ်လောက်အထိ ကိုယ့်အပေါ်ဒီအတိုင်း, ဒီလို စိတ်လှုပ်ရှားနေမလဲ.. ဆိုတာတွေကို ခံစားကြည့်ရင်း ကျေနပ် ပျော်ရွင်ရမှာ။

သူပြန်ပေးတဲ့ အဖြေက ပျော်စရာအစစ် မဟုတ်ဘူး။ သူနဲ့ နီးစပ်မှု တစ်ခုက ပျော်စရာ အစစ်မဟုတ်ဘူး။ မျက်စောင်းထိုးပြီး ဗိုက်ခေါက်လိမ်ဆွဲတာလေးတွေက စလို့ သူစိတ်ကောက်တတ်တာလေးတွေအထိ ပျော်စရာ အစစ်မဟုတ်ဘူး။ သူ့နဲ့ မိုးလင်းပေါက် ဖုန်းတွေ ပြောတာက ပျော်စရာ အစစ်မဟုတ်ဘူး။ ရုပ်ရှင်အတူကြည့်တာက စလို့ ထီးတစ်ချောင်းကွယ်ပြီး လူမြင်ကွင်းမှာ နမ်းတဲ့ အနမ်းတွေကလည်း ပျော်စရာ အစစ်မဟုတ်ဘူး။ သူဝယ်ပေးဖူးတဲ့ လက်ဆောင်၊ သူပြုံးပြတဲ့ အပြုံးချိုချိုလေး တစ်ခု၊ ဒါမှမဟုတ် သူ့ရဲ့ လိုက်လျောမှု တစ်ခုခု၊ ကတိတစ်ခု အမှတ်တရ တစ်ခုခု အဲ့ဒါမျိုးတွေက ပျော်စရာ မဟုတ်ဘူး။ အဲ့ဒါမျိုးတွေက အပြောင်းအလဲရှိနိုင်တဲ့ အဖြစ်အပျက်သက်သက်ပါပဲ။

ပျော်ရွင်တတ်ဖို့လိုပါတယ်။ (တစ်စုံတစ်ယောက်နဲ့ ပတ်သက်လို့) ပျော်ရွင်မှု ဆိုတာ စိတ်ရဲ့ ဖြစ်ပေါ်မှု တစ်ခုတည်းကို မဆိုလိုဘူး။ စိတ်နှစ်ခုရဲ့ ဟန်ချက်ညီညီ စီးဆင်းမှုကို ဆိုလိုပါတယ်။ အဲ့ဒီ့ပျော်ရွင်မှုဟာ ဘယ်တော့မှ ကိုယ့်ဆီမှာ တကယ် မရှိဘူး။ သူ့ဆီမှာ ရှိလာတဲ့ ခံစားမှုကနေ ရလာတဲ့ ခံစားမှုပဲ ဖြစ်တယ်။
မြတ်မြတ်နိုးနိုး ကြွေမိတယ် ဆိုတာ ကိုယ်က တကယ်လိုချင်ပြီး ၊ကိုယ် လက်လှမ်းမီတဲ့ အရပ်မှာ တည်ရှိနေပေးတဲ့ အရာကို ခေါ်တာ။ အဲ့ဒီ့အရာက နှလုံးသားရဲ့ စတင်မှု ဖြစ်ပြီး အရာအားလုံးထဲကမှ ကိုယ့်ဆီကိုပဲ ဦးတည်လာခဲ့ရင်၊ ကိုယ့်ကိုပဲ ဗဟိုပြုလည်ပတ်နေတော့ရင်, ကိုယ့်အတွက်လည်း အဲ့ဒီ့ အရာက ပျော်ရွင်မှုအစစ် ဖြစ်ခဲ့ရင် ပြီးပြည့်စုံတဲ့ အချစ်တစ်ခုကို ပိုင်ဆိုင်ထားရခြင်းပေါ့။

#လူထူး(တောင်ငူ)
[8.6.25.SUN]

သူ့ နှုတ်ခမ်းထောင့်က မှဲ့လေးက ကျွန်တော့် ကမ္ဘာကြီးလောက် ခမ်းနားလိုက်တာ။သမိုင်းအဆက်ဆက် ကနေ Ai အထိ ရှာဖွေမွှေနှောက်ကြည့်ခဲ...
08/06/2025

သူ့ နှုတ်ခမ်းထောင့်က မှဲ့လေးက ကျွန်တော့် ကမ္ဘာကြီးလောက် ခမ်းနားလိုက်တာ။
သမိုင်းအဆက်ဆက် ကနေ Ai အထိ ရှာဖွေမွှေနှောက်ကြည့်ခဲ့တယ်။ မယုံနိုင်လို့။
အဲ့ဒီ့ အလှတရားက အလှဆုံးပဲ ဆိုတာ လက်မခံနိုင်လို့။
ဖြစ်နိုင်ပါ့မလား။ အစက်အပြောက်လေး တစ်စက်က...
ဒီ ကမ္ဘာကြီး ရဲ့ အလှပဆုံး ရှုမျှော်ခင်း ဖြစ်ရပြီး၊
ဦးနှောက်ထဲရှိသမျှ Neurons ၈၆ ဘီလီယံလုံးကို သတင်းပို့လိုက်တယ်။ လူသားအစစ်နဲ့ ပြုလုပ်ထားတဲ့ နတ်သမီးဆိုတာ... သူ့ နှုတ်ခမ်းထောင့်က မှဲ့လေးတစ်လုံးရဲ့ အဓိပ္ပါယ်သာ ဖြစ်ကြောင်း။
ဘယ်လို pose မျိုးပဲ ဖြစ်ဖြစ်... ဘယ်လို အမူအရာမျိုးပဲ ဖြစ်ဖြစ်..
အင်အားကြီးမားလိုက်တာ... ဘယ်အရာကိုမှ မသိမ်းပိုက်ထားတဲ့ ရိုးရှင်းမှုကတောင်... စကြာဝဠာတမျှ အင်အားကြီးမားလိုက်တာ။.....
#လူထူး(တောင်ငူ)

01/06/2025

အရက်က ခါးတယ်။
ခါးသက်တဲ့ အရသာလို့ ဆိုလိုတာမဟုတ်ဘူး။ ချိုတာရဲ့ ဆန့်ကျင်ဘက် အရသာလို့ ဆိုလိုတာ။
ဒီလို... အရက်က ခါးတယ်။
ပြီး ... အနံ့အသက်ရော အဝင်ရော ဆိုးတယ်။
ဒါဖြင့် ... သူ့ကို ဘာလို့ ကြိုက်တာလဲ ဆိုတော့ ပျော်စရာတွေ ရောက်လာတတ်လို့ မဟုတ်ဘူး။
ပျော်စရာတွေ တကယ် ရောက်လာတဲ့ အခါ ဖြစ်နေမယ့်၊ ရှိနေမယ့် စိတ်အခြေအနေကို သူက ဖွင့်ထုတ်လိုက်နိုင်လို့။
ဆိုလိုတာက အရက်က နှစ်လိုဖွယ်ရှိတဲ့ အရာမဟုတ်ဘူး။
ချစ်စရာလည်း မကောင်းဘူး။
ဒါပေမယ့် (စိတ်ကို ပြောင်းလဲစေနိုင်သော) ဆိုတဲ့ အခြေအနေလေးကို ယာယီအားဖြင့် စိတ်တိုင်းကျတာ။ စိတ်တိုင်းကျ ပြင်မရတဲ့ စိတ်ကို ချိနဲ့စေချင်တာ၊ အားနည်းစေချင်တာ ဒါမှမဟုတ် မူမမှန်၊ ရဲရင့်စေချင်တာ။ အဲ့ဒီ့ အခိုက်အတန့်မှာ စိတ်ဟာ ကိုယ့်ကို ညစ်ဖို့ အားအင် ချိနဲ့နေပြီး၊ တက်ကြွဖို့သာ လှုံ့ဆော်နေလေ့ ရှိတဲ့အတွက်ကြောင့်....။
ဒါကြောင့် အရက်ဟာ အိမ်မက်တွေလို တကယ်ကြီး မဟုတ်ပေမယ့် အိမ်မက်ထဲတော့ ကမ္ဘာတစ်ခုဆန်ခွင့်ရှိလို့ပဲ။

ဒါပေမယ့် ဘယ်လိုလုပ်မလဲ။
မပြောင်းလဲနိုင်တဲ့ စိတ်တစ်ခုခု အမြဲ ရှိနေလေသူတွေမှာ....။
အမြဲတမ်း မတော်လှန်နိုင်တဲ့ ၊ မရှိနေစေချင်တဲ့ ၊ လိုချင်နေပေမယ့် မဖြစ်နိုင်တော့မှန်း သိလို့ မလိုချင်တော့တဲ့ ငါတို့မပိုင်တဲ့ ငါတို့စိတ်ထဲက ငါတို့စိတ်ကို ဘယ်လို ဖြေသိမ့်ရမလဲ။
အဲ့ဒါနဲ့ပဲ အဲ့ဒီ့ အရက်က အဖော်လိုလို ဖြစ်လာပြီး ထွက်ပေါက်လိုလို ဖြစ်လာတယ်။
အရက်က မခါးတော့ဘဲ ချိုလာတယ်။
ချိုတဲ့ အရာသာနဲ့ မတူပေမယ့် အရက်နဲ့ အသားကျလာမှုက တကယ်ကို ချိုလာတယ်။
အရာအားလုံး ပုံမှန်ဖြစ်နေပေမယ့် ပုံမှန်ကမ္ဘာကြီးထဲ ပုံမှန်စိတ်နဲ့ နေရမှာကို ပုံမှန်မဟုတ်တော့သလိုလို ခံစားမိလာတယ်။
ဒီနေ့ အရက်နည်းနည်းလောက်ဖြစ်ဖြစ် သောက်မှ ဖြစ်မယ်။
ဒါဆို ဒီနေ့ကို ပုံမှန်လို မြင်လို့ရှုလို့ရပြီ။
ဒီလိုနဲ့ ပုံမှန် ကမ္ဘာကြီးကို ပုံမှန်အတိုင်း မြင်ရဖို့ နည်းနည်းလောက် သောက်ပြီး ကြည့်လာရတယ်။
တစ်နည်းအားဖြင့် ကိုယ့်ကိုကိုယ် တဖြည်းဖြည်းချင်း မေ့ပစ်လိုက်ပါတော့တယ်... အရာအားလုံးကို သတိရရင်းပေါ့။

#လူထူး(တောင်ငူ)

27/05/2025

အချစ်မှာ ဆုံးရှုံးတယ် မရှိဘူး။
မှားယွင်းသွားတာနဲ့ ပိုင် ဆိုင် လိုက် ရတယ် ဆိုတာပဲ ရှိတယ်။
မင်းကို တစ်စုံတစ်ယောက်က စွန့်လွှတ်ခဲ့ရင် သို့မဟုတ် သစ္စာဖောက်ခဲ့ရင် မင်းကို သူ ဆုံးရှုံးသွားတယ်လို့ ဘယ်တော့မှ တွေးမှာ မဟုတ်ဘူး။ ဘာလို့ဆို အဲ့ဒါက အတွေးမဟုတ်ဘဲ ခံစားချက်ဖြစ်လို့ပဲ။ မင်း က မှားယွင်းသွားသလို ဖြစ်ကျန်ခဲ့ရပြီး သူက သူ့ကိုယ်သူ မညာနိုင်တဲ့ ခံစားမှုအသစ်တစ်ခုကို ပိုင်ဆိုင်လိုက်ရချိန်ပေါ့။
နှလုံးသားမှာလည်း သေဆုံးသွားတယ် ဆိုတာ မရှိဘူး။
schema activation ဆိုတာရှိတယ်။ သူက Associative Memory လို့ပဲ အလွယ်ပြောရမယ်။ Associative Memory ဆိုတာက ဥပမာ..
မနေ့က ကော်ဖီသောက်နေတုန်း Lady Gaga ရဲ့ Shallow သီချင်းဖွင့်ထားတာကို ဒီနေ့ စာအုပ်ဆိုင်တစ်ဆိုင်မှာ သတိရသွားသလိုမျိုးပါ။`` so hardcore ´´ဆိုတဲ့ စကားလုံးကို စာအုပ်တစ်အုပ်မှာ ဖတ်မိရင်းပေါ့။
မျက်နှာ တစ်ခုကို မြင်ဖူးပါတယ်လို့ ဇဝေဇဝါ ဖြစ်ရင်း
ပြန်လှည့်ကြည့်မိပြီး၊ ထပ်ကြည့်မိလိုက်မှ.... သြော်မှတ်မိပြီ သူပါလား ဆိုတဲ့ မှတ်ဉာဏ်မျိုး။ အာရုံတစ်ခုခုမှာ လာထိမိ၊ မှတ်မိခံစားထားဖူးပြီး အဲ့ဒါကို လက်ရှိပစ္စုပ္ပန်အထိ လက်ဆင့်ကမ်းသယ်ယူလာပြီး လက်ရှိအခြေအနေနဲ့ ပြန်လည်တွဲဖက်မှတ်သားတာ။
တစ်ချိန်က ကိုယ်နဲ့ စိတ်သဘောထားတိုက်ဆိုင်လို့ အမြဲ တွဲသွားတွဲလာ ရှိဖူးပေမယ့် တစ်ချိန်ချိန်မှာ စိတ်ကသိကအောက် ကိစ္စတစ်ခုခု ရှိခဲ့လို့ စိတ်ဓာတ်မကြိုက်လို့ လမ်းခွဲလိုက်တဲ့ အသိတစ်ယောက်လိုပဲ။ သူ့ကို မကြိုက်၊ ကြိုက်အောင် ပြန်ပြင်သုံးစွဲဖို့ အစီအစဥ်မရှိဘူး။ သူ့စိတ်ဓာတ်စရိုက်ဆိုးတစ်ခုကို အမြဲတမ်းအတွက် သိထားပြီးပြီ။ အဲ့ဒါကို သူ့ဘက်က ပြင်ပြင် မပြင်ပြင်.. အဲ့ဒါကိုပဲ အမြဲလက်ခံသွားတော့မှာ။ မမေ့တော့ဘူး။
နှလုံးသားက ဒီလို အလုပ်လုပ်တာပါ။ သူ့ကို မချစ်တော့ဘူးဆိုရင် တကယ်တမ်းက အကြောင်းပြချက် မရှိဘူး။ မချစ်တော့လို့ကို မချစ်တော့တာ။ နှလုံးသားက ချစ်မိပြီထင်ရင်လည်း ဘာလို့ချစ်တာလဲဆိုတော့ အခုအခြေအနေမှာ ရင်ခုန်စိတ်လှုပ်ရှားစရာ အကောင်းဆုံးအကြောင်းအရာ ဖြစ်ပြီး အဲ့ဒီ့ အရာကပဲ သူ့ကို ပျော်ရွင်စေနိုင်လို့ပဲ ဖြစ်တယ်။ နောက်ထပ် အသစ် Associative Memory တစ်ခုထပ်မတွေ့မချင်း အဲ့ဒါက မပြောင်းလဲသော ချစ်ခြင်းပဲ။

နှလုံးသားက ကောင်းကင်ကြီးနဲ့ တူတယ်။
ကောင်းကင်နဲ့ လေထုကြီးက အမြဲရှိနေသလိုပေါ့။
အာကာသထဲ လွင့်ထွက်မသွားရအောင် ကမ္ဘာ့မြေဆွဲအားက လုံလုံလောက်လောက် ထိန်းထားနိုင်တာကြောင့် ပင်လယ်ကြီးလောက် မိုးတွေရွာပြီးလည်း ကောင်ကင် အသစ်က အမြဲ တည်ရှိနေတယ်။ ကောင်းကင် လုံးဝပျောက်ဆုံးသွားတယ် ဆိုတာ မရှိဘူး။
ဒီနေ့ တိမ်တွေ သိပ်မတွေ့ရအောင် ကင်းစင်နေလည်း နောက်နေ့ တိမ်တွေ အသင့်အတင့် ရှိနေပြန်တယ်။

နှလုံးသားဟာ ခံစားမှုကို မှတ်သားပြီး လည်ပတ်အောင် တည်ဆောက်တဲ့ အလုပ်ကို လုပ်တယ်။ ပြောင်းလဲသွားတဲ့ လူတွေရဲ့ ခံစားချက်ကို သင်ယူတယ်။ ပြီးရင် အသစ်တစ်ခုခုကို ပြန်ခံစားပြန်တယ်။ တစ်စုံတစ်ယောက်ကြောင့်တော့ နှလုံးသားက ဘယ်တော့မှ သေဆုံးမှာ မဟုတ်ပါ။ နာကျင်တာတော့ ရှိမယ်။ ဒါပေမယ့်လည်း တိမ်တွေလို အာကာသထဲ လွင့်ထွက်မသွားဘဲ ပြန်လည် ဖြစ်တည်လာတဲ့ အလုပ်ကို သူ့ဘာသာသူ ပြန်လုပ်မှာပဲ။
လူတွေ့နဲ့ ထိတွေ့ဆက်ဆံလိုက် တုံ့ပြန်မှုတွေကို မှတ်သားခံစားလိုက် Associative Memory တစ်ခုခု ချိတ်ဆက်လိုက်၊ အဆင့်တိုးပြီး ခံစားမှု့ tone တွေ မှတ်သားလိုက်၊ မွေးဖွားလိုက် အကြောင်းကြောင်းကြောင့် လွဲမှားလိုက် ပြန်တည့်မတ်လိုက်နဲ့ လည်ပတ်လှုပ်ရှားနေပါတယ်။

နှလုံးသားဟာ ခံစားလိုက် မှတ်သားလိုက်ပါပဲ။ ဘယ်တော့မှ မသေဆုံးပါဘူး။ ခံစားမှုတစ်ခုတည်းကိုပဲ အကြိမ်ကြိမ်အထပ်ထပ် မှတ်သားနေရင်တော့ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်တစ်ခုပဲ ဖြစ်ပါလိမ့်မယ်။
#လူထူး(တောင်ငူ)

25/05/2025

ဘေးချင်းကပ် ထိုင်နေရင်းက...
ဘယ်မှတ်တိုင်မှာ ဘယ်အချိန်က ဆင်းကျန်ခဲ့လဲ မသိလိုက်သလိုမျိုး... တချို့တွေ ဘဝထဲကနေ အပြီးအပိုင်ထွက်သွားကြတယ်။
အဲ့ဒီ့ အချိန်မျိုးတွေဆို ငါလည်း ဘယ်မှတ်တိုင်မှာ ဆင်းဖို့ ဘယ်ကို သွားနေသူလဲ ဆိုပြီး ကိုယ့် ခရီးကိုကိုယ် ဇဝေဇဝါ ဖြစ်ဖြစ်သွား တယ်။ တစ်ဖင်ထဲဆင်းတဲ့ ညီအကိုတွေလည်း..ထွက်သွားတယ်။ တစ်အိမ်တည်းနေ၊ တစ်ခရီးတည်း လျှောက်၊ တစ်အိပ်ရာတည်း အိပ်၊ အတူစား အတူသွား ညီအကိုတွေလည်း (မှတ်တိုင်တစ်ခုခုမှာ ဆင်းသွားတိုင်း မသိလိုက်မိသလိုမျိုး) ဘဝထဲက ရုတ်တရက်ကြီးတွေ တကယ်ပျောက်သွားတယ်။ သူတို့ ဓာတ်ပုံတွေ ပြန်မကြည့်ရဲပေမယ့်၊ acc ဟောင်းတွေ လှမ်းမကြည့်ရဲပေမယ့် အဲ့ဒီ့ နာမည်အကြောင်း အကြောင်းတိုက်ဆိုင်လို့ပြောဖြစ်ရင်၊ စကားထဲပါလာရင် နောင်တ အရဆုံးက ငါတို့ အကောင်းဆုံး လုပ်ပေးနိုင်တာတွေ သူ အသက်ရှိခဲ့စဥ်က ဘာလို့ပျက်ကွက်ခဲ့တာလဲ ဆိုပြီး ကိုယ့်ကိုကိုယ် အပြစ်တင်မိတဲ့ အချက်ပဲ။
ဒါကြောင့်ပဲ အနားမှာ ကောင်းကောင်းဆိုးဆိုး အမြဲရှိခဲ့တဲ့ မိဘအပေါ်အခု ချစ်ရမယ်။ အခုကစပြီး အရင်ထက်ပို ချစ်ရမယ် ဆိုတဲ့ အသိက ဝင်ဝင်လာတယ်။ စိတ်ဆိုးစရာကြုံရင်တောင် စိတ်မဆိုးဘဲ ချစ်ဖို့ပဲ၊ ပိုချစ်ဖို့ပဲ ကြိုးစားတယ်။ အချိန်တိုင်းမဟုတ်တောင် အချိန်တိုင်းနီးပါး မိဘကို ပြုံးပြပြီး သူ စိတ်ပျော်အောင်ထားဖို့ပဲ အဓိက တွေးဖြစ်တယ်။ သူ့စိတ်ထဲ စိတ်ညစ်စရာ တစ်ခုခု ရှိနေမလား အမြဲ မေးဖြစ်တယ်။ စမ်းစစ်တယ် ။ ဂရုစိုက်တယ်။ ခပ်ငယ်ငယ်ကလို ကိုယ့် ဘဝရည်မှန်းချက်က ဘာ။ ဘယ်လိုဖြစ်အောင် ကြိုးစားရမယ်တို့ ဘာတို့က အခုအရွယ်မှာ သိပ်မရှိတော့ဘူး။ တစ်နေ့ထက်တစ်နေ့ စိတ်အကုသိုလ် တစ်ခုခု ဘယ်ဂျောင်က ဘယ်လိုခိုးဝင်လာမလဲ ဆိုတာကို သတိကြီးကြီးထားပြီး ရှောင်ရှားတယ်။ တချို့ကိစ္စတွေမှာ ဖြေသိမ့်တယ်။ သည်းခံတယ်။ လျစ်လျူရှုတယ်။ ကိုယ့်စိတ်နှလုံးကို မပျော်ရင်တောင် မညစ်အောင် (ကြည်လင်နေအောင်)အမြဲ သေသေသပ်သပ်လေး ထားတယ်။ မျှော်လင့်ကြိုးစားရုန်းကန်ပြီး ပြေးလွှားနေရတာထက် ဖြစ်ပျက်လာတဲ့ အခြေအနေကို လက်ခံပြီး လုပ်နိုင်တာထက် မပိုမလျော့ဘဲ မမောရတဲ့ နေထိုင်မှုပုံစံကို ပုံဖော်နေထိုင်တတ်လာတယ်။
စိတ်အကုသိုလ်အမြဲရနေမယ့် အခြေအနေတွေဆို စောစောစီးစီး ကိုယ့်ဘက်ကနေပဲ ဖျက်ဆီးလိုက်တယ်။ သူတို့အတွက် သိပ်တန်ဖိုးရှိနေရင်တောင် ကိုယ့်အတွက် သိပ်တန်ဖိုးထားစရာမလိုတဲ့ အရာတွေလို့ သဘောထားပြီး လက်လွှတ်သင့်ရင် လက်လွှတ်လိုက်တယ်။ ကျကျနန ရပ်ပေးဖို့ အစီအစဉ် မရှိတဲ့ busကားတွေဆို ပြေးမလိုက်တော့ဘဲ မသိချင်ယောင်ဆောင်နေလိုက်တယ်။ မောင်းထွက်သွားတဲ့ ကားတွေနောက် ပြေးလိုက်မိရင် မောရတယ်။
ဘဝ က ပျင်းစရာကောင်းလောက်အောင် ရှည်လျားပြီး နေ့စဥ်အမျှ အပ်ကြောင်းထပ်ပုံစံခွက်ဆန်နေတတ်ပေမယ့် အတိတ်က တစ်ထိုင်တည်း ကြည့်လိုက်တဲ့ ရုပ်ရှင်တစ်ကားလောက်တောင် မရှည်လျားဘူး။ ဘဝက တစ်ထိုင်တည်း ပြန်ပြောလို့ရတဲ့ အချိုးအကွေ့ အမှတ်တရလေးတွေ နည်းနည်းလေးနဲ့ ဇာတ်လမ်းတစ်ပုဒ်မျှပဲ။ အဲ့ဒီ့ အတွက် နှစ်ပေါင်း ၆၀၊ ၇၀ လောက် ဖြတ်သန်းခဲ့ရရင် ဖြတ်သန်းခဲ့ရလိမ့်မယ်။ တချို့တွေ ဘဝထဲကနေ ရုတ်တရက် ပျောက်ကွယ်သွားတဲ့ အခါ သူတို့ ဘာတွေကျန်ခဲ့မလဲ။ ဘာတွေ ချန်ခဲ့နိုင်သလဲ ဆိုတာက သူ့ဖြစ်တည်မှုရဲ့ အဓိပ္ပါယ်ပဲ ထင်တယ်။ သူ ဘယ်ဆီရောက်သွားလဲ။ သူ အခုအချိန် ဘယ်မှာ ဘယ်သူတွေနဲ့ ရှိနေမလဲ ဆိုတာတွေက သတိရစိတ်ရဲ့ စိတ်ကူးယဥ်မှု သက်သက်ပဲ ဖြစ်တယ်။ ဘဝက တစ်ချိန်ချိန်မှာ အပြီးတိုင် ပျောက်ကွယ်သွားရမှာကို သိထားလည်း သေသေချာချာ နှုတ်မဆက်လိုက်တာ
မျိုးတွေ ခဏခဏကြုံတယ်။ တာဝန်မကျေလိုက်မိတာမျိုးတွေ ခဏခဏ နောင်တရတယ်။ ငါတို့ ခေါင်းမာနေရင်းလည်း ဘဝက ပြီးသွားနိုင်တယ်။ မဖြစ်နိုင်တာတွေ မျှော်လင့်နေရင်းလည်း ဘဝက ပြီးသွားနိုင်တယ်။ မေတ္တာစေတနာတွေ ပေးသင့်သလောက်မပေးမိဘဲ ပြသင့်သလောက် မပြမိဘဲ ဘဝက ပြီးသွားနိုင်တယ်။ ဒါကြောင့် စိတ်ကို ပစ္စုပ္ပန်မှာပဲ တည့်တည့် ထားဖို့ ပြောတတ်ကြတာထင်တယ်။ ဘဝကို အရှိကို အရှိအတိုင်း လက်ခံရင်း စိတ်ကို ကြည်လင်အောင် မွေးမြူရင်း အရှည်လျားဆုံး ခရီးကို အတန်ဆုံးထွက်ချင်တယ်။
လူထူး(တောင်ငူ)

24/05/2025
21/05/2025

အရမ်းချစ်စရာကောင်းတဲ့ ခွေးလေးဆိုပေမယ့် ကိုယ့်ကိုပြင်းပြင်းထန်ထန် ပြန်,ကိုက်တတ်လေ့ရှိရင် ချစ်လိုပေမယ့် မချစ်လိုတော့ဘူး။

အရမ်းချစ်စရာကောင်းတဲ့ ကလေးလေးဆိုပေမယ့်...
တစ်ခါတစ်လေ ကိုယ့်ကို ကပ်တွယ်ဖက်တွယ်ဂျီကျလွန်းတဲ့အခါ...
မချစ်လိုတော့ဘူး။

အရမ်းသနားစရာကောင်းပြီး နုံအတဲ့ ကလေးက...
အရမ်းလည်ပြီး စကားတတ်လွန်းလာတဲ့အခါ...
ထင်ထားတာထက် ကြိုးစားပြီး မှန်ကန်တိကျ ပြတဲ့ အခါ...
သူ အကောင်းဆုံး လုပ်နေပေမယ့် ဘာလို့မှန်းမသိ၊ မသနားမိတော့ဘူး။

မဟုတ်သေးဘူး။ ငါတို့ချစ်တာတို့ ၊ သနားတာတို့က အတိအကျ သူတို့ကို မဟုတ်ဘူး။ ငါတို့မြင်ယောင်တွေးထင်ထားတဲ့ ပုံစံတစ်ခုခုကို ချစ်မိတာ။ ငါတို့ စိတ်ထဲက လျှပ်တစ်ပြက် ခံစားမိလိုက်တဲ့ အနေအထားတစ်ခုခုကို ဆက်လက်ဖြစ်တည်နေစေချင်တဲ့ ငါတို့ရဲ့ မသိစိတ်ကိုပဲ ငါတို့က ပြန်ချစ်မိနေတာ။ ချစ်ခြင်း မေတ္တာမှာလည်း ဒီလိုမျိုး ထင်ယောင်ထင်မှားတွေရှိတယ်။ ငါတို့က ချစ်မိပြီလို့ ထင်ခဲ့ပေမယ့် အစစအရာရာ အရမ်းလွယ်ကူနေတဲ့ အခါ.. တကယ်ချစ်မိတဲ့ အရာက ဒါမဟုတ်သေးဘူး ဆိုပြီး အားနာစရာကောင်းအောင် သိလိုက်ရတာမျိုး။ တစ်ခါတစ်လေလည်း ငါတို့ကို တစ်ဖက်က ချစ်နေပြီလို့ ထင်မိပြီး အစစအရာရာ မြတ်နိုးရတာ၊ အနားမှာ ရှိတာကိုပင် မလုံလောက်သလိုမျိုး တမ်းတရတာ၊ ကိုယ့်မြင်လို့ သူပြုံးတဲ့ အပြုံးက (ကံကောင်းခြင်း) ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်လိုမျိုး အလုံးစုံနှစ်နှစ်ခြိုက်ခြိုက်ရှိရတာ။ သူ့ရဲ့ လျစ်လျူရှုမှု တစ်ခုက ကမ္ဘာပျက်တာ မကြုံဖူးပေမယ့် ကမ္ဘာပျက်သလိုခံစားနားလည်နိုင်တာ။ ကိုယ့်ကို အရာရာထက်ပိုပြီး စိတ်ပူစေတတ်တာ။ ဒါတွေအားလုံး တစ်ဖက်သတ် ဖြစ်ပျက်နေချိန်မှာပဲ သူ့ရဲ့ ချစ်ခြင်းမေတ္တာအစစ်အမှန်ဟာလည်း အခြား တစ်စုံတစ်ယောက်ဆီမှာ တစ်ချိန်တည်းတစ်ပြိုင်တည်း ဖြစ်ပျက်နေတာမျိုး။

အချစ်ဟာ အတ္တရဲ့ ပိတ်လှောင်မှု တစ်ခုပဲ။
ပိုပြီး ရင်ခုန်လာလေလေ၊ ပိုပြီး ဆန္ဒ ရှိလာလေလေ၊ ပိုပြီး မက်မောလာလေလေ အဲ့ဒီ့ အတ္တထဲကနေ ကိုယ့်ဘာသာကိုယ် ပြန်မထွက်တတ်တော့လေလေပဲ။ မြှုံးထဲ ဝင်သွားပြီး ပြန်မထွက်တတ်တော့တဲ့ ငါးလိုမျိုး၊ အဲ့ဒီ့ ငါးနဲ့ တူတဲ့ လူ့အတ္တ (သို့မဟုတ်) စိတ်ရဲ့စွဲလမ်းမှု။ အဲ့ဒီ့ အတ္တထဲမှာ ကိုယ့်ဘာသာကိုယ် မမွန်းကြပ်ဖို့ (တစ်စုံတစ်ယောက်)ကို အမြဲ လိုအပ်လာလေ့ရှိတယ်။ ဒါပေမယ့် အဲ့ဒီ့ အချိန်မှာပဲ အဲ့ဒီ့ တစ်စုံတစ်ယောက်က ကိုယ့်ကို အမြဲတမ်းအတွက် မလိုအပ်တော့တာလည်း ရှိနိုင်တယ်။ အဲ့ဒီ့ အချိန်မှာပဲ ကိုယ့်စိတ်ထဲကနေ ကိုယ်မလိုချင်တဲ့ ကိုယ့်ရဲ့ပုံစံကို ကိုယ်ပြန် မဖယ်ရှားတတ်တော့တာ။ ကိုယ့်အတ္တထဲကနေကိုယ် ပြန်မထွက်တတ်တော့တာ။

သိပ်မကြိုက်တဲ့ ရုပ်ရှင်တွေကို နှမြောလို့ ကြိုးစားပြီး ကြည့်မိရင် အိပ်ငိုက်နိုင်ပေမယ့်...
အမှတ်မထင် ကြည့်မိလို့ ကြိုက်မိတဲ့ ရုပ်ရှင်တွေက အခန်းဆက်တွေများပြီး မိုးပါလင်းတယ်လေ။
ကြိုက်ခြင်း မကြိုက်ခြင်းကို ငါတို့စိတ်, ငါတို့တောင် မပိုင်ဆိုင်ဘူး မဟုတ်လား။ မပိုင်နိုင်ဘူး မဟုတ်လား။ တစ်စုံတစ်ယောက်ရဲ့ စိတ်ကို တမ်းတရင်း ငံ့လင့်ရင်း ကိုယ့်အတ္တထဲ ဘာလို့ ပိတ်လှောင်ခံမှာလဲ။ ဘဝက အရမ်းတိုလွန်းပြီး စိတ်ဝင်စားစရာတွေ မဆုံးတဲ့ ဒီကမ္ဘာလေးထဲမှာ...

#လူထူး(တောင်ငူ)
21.5.2025
LU Htoo Taungoo

ချစ်မိသွားမှာစိုးလို့ ရှောင်နေရင်းကနေပိုလို့တောင် ချစ်မိသွားတယ်မင်းက ငါကိုယ်တိုင် မီးခွက်ထွန်းရှာထားတဲ့ပြဿနာ လှလှလေးပဲ။ ...
16/05/2025

ချစ်မိသွားမှာစိုးလို့ ရှောင်နေရင်းကနေ
ပိုလို့တောင် ချစ်မိသွားတယ်
မင်းက ငါကိုယ်တိုင် မီးခွက်ထွန်းရှာထားတဲ့
ပြဿနာ လှလှလေးပဲ။



📸 Shine Khant Thaw

ဟိုးတလောက ကိုယ်လိုင်းပေါ်မှာ video အတိုလေးတစ်ခု တွေ့မိလိုက်တယ်။ ကောင်မလေးတစ်ယောက်က သူ့ကောင်လေး သူ့ကိုအရင်လို မချစ်တော့တဲ...
13/05/2025

ဟိုးတလောက ကိုယ်လိုင်းပေါ်မှာ video အတိုလေးတစ်ခု တွေ့မိလိုက်တယ်။ ကောင်မလေးတစ်ယောက်က သူ့ကောင်လေး သူ့ကိုအရင်လို မချစ်တော့တဲ့ အကြောင်း၊ အသစ်တွေ့သွားတဲ့ အကြောင်း၊ သူ့ကောင်လေးဘက်က စပြီး သွေးအေး ပြောင်းလဲသွားတဲ့ အကြောင်းတွေကို သူ့သူငယ်ချင်းမိန်းကလေးတွေကို ပြန်ပြောပြနေတာ။ ဒါပေမယ့် သူ့ပုံစံက ငိုယိုပြီး ပြောပြနေတာတော့ မဟုတ်ဘူး။ အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်ပါပဲ ။ ကြည့်ရတာ အချိန်က အနည်းငယ် ကုစားသွားလို့ စိတ်ကလည်း လက်ခံနိုင်သွားပြီ ထင်ပါရဲ့။ သူ့မြင်တော့ အိမ်က ကိုယ့်တူမလေးကို သွားသတိရမိတယ်။ ကိုယ့်မှာ ၄နှစ်အရွယ် တူမလေးတစ်ယောက်ရှိတယ်။ အိမ်က တူမလေး အကြောင်းပြောရရင်... သူ အရမ်းကြိုက်တဲ့ ရေခဲမုန့် တစ်မျိုးရှိတယ်။ အဲ့ဒီ့ နှစ်ခုဆက်ထားတဲ့(နှစ်ခုပူး) ရေခဲမုန့်ကို နေ့တိုင်း သူ့အတွက် ဝယ်,ဝယ်လာတော့ မဝယ်လာမိတဲ့ နေ့တွေဆို တမေးထဲ မေးနေတော့တာပါပဲ။ အဲ့ဒီ့ ရေခဲမုန့်ကပဲ သူ့ အကြိုက်ဆုံး favorite မုန့်တစ်ခုလို့ ကိုယ့်ကို ထင်သွားစေခဲ့တယ်။ တကယ်ဆို အဲ့ဒီ့ နှစ်ခုဆက် ရေခဲမုန့်ကိုမှ ကိုယ်က စဝယ်လာဖြစ်တဲ့နေ့ကပဲ သူ စတင်တာ။ ရေခဲမုန့် တစ်ခုတည်းမှာ အရသာ နှစ်မျိုးပူးတွဲပါလို့ ၊ ပြီးတော့.. အမြင်ဆန်းလို့ ရွေးဝယ် ဖြစ်ရာကနေ စတာပါ။ အခြား သူ့ထက် စျေးနည်းနည်းကြီးတဲ့ ရေခဲမုန့် တစ်ခုခုကိုသာ ရွေးဝယ်ပေးခဲ့ရင် သူ့ favorite က စျေးပိုကြီးတဲ့ ရေခဲမုန့် တစ်ခုခုသာ ဖြစ်နေမှာပါ။ ဘာလို့ဆို စျေးနည်းနည်းကွာတာနဲ့ အရသာနဲ့ မုန့်အနည်းအများ၊ ထုတ်ပိုးမှု ပုံစံတွေပါ ကွာတာကိုး။
ဒါပေမယ့်လည်း အဲ့ဒီ့ နှစ်ခုဆက် ရေခဲမုန့်ကိုပဲ နေ့တိုင်းနေ့တိုင်း မပျက်မကွက်ဝယ်ဝယ်လာတော့လည်း တစ်နေ့တော့ သူ အရင်ကလို သိပ်အားရပါးရ မစားဖြစ်တော့ဘူး။ တချို့ရက်တွေ ရေခဲမုန့် ဝယ်လာသေးလားဆိုတာကို မေးတောင် မမေးတော့ဘူး။ တစ်ခါတစ်လေဆို သူသိပ်ကြိုက်ပါတယ်ဆိုတဲ့ အဲ့ဒီ့ နှစ်ခုဆက်ရေခဲမုန့် ကို နှစ်ဇွန်းလောက်လေးပဲ စားပြီး အရည်တွေပျော်ကုန်တဲ့ အထိ ပစ်ထားလိုက်ပါတော့တယ်။ ဒါပေမယ့် ပြောင်းဖူးပြုတ်တို့ ၊ ငုံးဥပြုတ်တို့လို တစ်ခါတစ်လေမှ လာတဲ့ မုန့်ပဲသရေစာတွေက အဲ့ဒီ့လိုနေ့တွေမှာ သူ့ကို ပိုဆွဲဆောင်ထားလေ့ရှိတယ်။ မုန့်ကို ရိုးသွားတာမျိုး မဟုတ်ပေမယ့် ကိုယ်ဝယ်လာတတ်တဲ့ မုန့်ကို ပုံမှန်ဝယ်လာတတ်လွန်းလို့ ရိုးသွားတာမျိုး။ အမြဲဒီပုံစံက ဒီနေရာမှာပဲ အမြဲရှိနေရင် တကူးတက မကြည့်ဖြစ်တော့တဲ့ နံရံက ပုံသေပန်းချီကားလိုပေါ့။ လူတွေက ပြောင်းလဲသွားတတ်ကြတယ်။ ရိုးသွားတတ်ကြတယ်။ သူတို့ရဲ့ နှုတ်ကတိတွေ၊ စိတ်အားထက်သန်မှုတွေအပေါ် သူတို့ကိုယ်တိုင်ပဲ မယုံကြည်နိုင်လောက်အောင် သစ္စာဖောက်ဖျက် ပြောင်းလဲသွားတတ်ကြတာ ဘာလို့လဲ။

ငါတို့က သူ့ကို ဒါကို ကြိုက်ပါ။ ဒါကို အမြဲတမ်း မပြောင်း၊မလဲ ဆက်ပြီးကြိုက်နေပါလို့ ကန့်သတ် ပုံဖော်ပေးလို့တော့ မရနိုင်ဘူး။ ကြိုက်နှစ်သက်မှုကို လှုံ့ဆော်စတင်ပေးလို့တော့ ရကောင်းရမယ်။
ဖြားယောင်းလို့ ရရင်ရမယ်။ အစပိုင်းအထိပဲ ။ အဲ့ဒီ့ အလေ့အကျင့်ကြီးက ပုံမှန်ကြီး ဖြစ်လာပြီးရင် ... ငါတို့က နေ့တိုင်း အတိအကျကြီး သူ,တမ်းတ စရာတောင်, မလိုအောင် ပုံသေကားကျကြီး တည်ရှိမှုတစ်ရပ်, ဖြစ်လာရင် သူ,လိုအပ်မှပဲ,(လိုအပ်ချိန်လောက်သာပဲ,) သူ, သတိရတော့မှာပါ။ လူတစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာဟာလည်း လုံးဝကို ပုံသေကားကျကြီး,တည်ငြိမ်သွားတဲ့အခါ ဒီလိုပါပဲ, ။ သူ,လိုအပ်မှပဲ သတိရတော့မှာပါ။( ဒါက တကယ် ချစ်ပြီးရင်လူတိုင်း ပြောင်းလဲသွားမှာပဲ လို့ အတိကျ, မဆိုလိုပါ။)

ကလေးတစ်ယောက်ရဲ့ စိတ်မှာတောင်, သူ့စိတ်ကို ဘယ်သူက ဘယ်လောက်အထိ လိုက်လျောတတ်လဲ၊ ဘယ်သူက ဘယ်လိုမျိုး စိတ်ရှည်တတ်လဲ၊ ဘယ်လို ကစားစရာက သူ ပိုင်ဆိုင်ရဖို့ ဘယ်လောက်အထိခက်ခဲနိုင်သလဲ ၊ ဘယ်လောက်များ သူ့ဆန္ဒအတိုင်း ဘာက ဖြစ်နိုင်သလဲ၊ စတဲ့ သူ့ရဲ့ အခြေအနေနဲ့ သူ့ရဲ့ စိတ်အထားအသိုကို သူ့ပတ်ဝန်းကျင်က, သူ့မိသားစုရဲ့ ထိတွေ့တုံ့ပြန်ပုံတွေကနေ တစ်ဆင့်, ပုံသေကားကျ မှတ်သားထားပြီးပြီပဲ ဖြစ်တယ်။ မိသားစု ဂရုစိုက်မှု အပြည့်ရရှိတဲ့ ကလေးတွေက စိတ်ဆိုး,စိတ်ကောက်ဖို့ အရမ်းလွယ်ကြတာ အဲ့ဒါ ကြောင့်ပါပဲ။ သူတို့စိတ်ကိုက တစ်ဖက်က ဘယ်လိုတုံ့ပြန်လာမလဲဆိုတာကို သိထားပြီး ဖြစ်ပြီး၊ အဲ့ဒါကို ပုံဖော်တတ်ခြင်းက၊ နှိုဆွတတ်ခြင်းက, အကျင့်ဖြစ်သွားတာပါ။

လူကြီးတွေမှာလည်း ဒီလိုပဲ။ ပထမတော့ ရင်ခုန်တယ်။ လိုချင်တယ်။ ကိုယ်သာလျှင် ပိုင်ဆိုင်ချင်လာတယ်။ ဆုံးရှုံရမှာ အရမ်းကြောက်တတ်လာတယ်။ ဒါပေမယ့် တစ်ဖက်က ကိုယ့်ထက်ကို ပိုပိုသာသာကြီး, ကိုယ့်လိုဖြစ်နေတဲ့ စိတ်ပိုင်းဆိုင်ရာ ယိမ်းယိုင်မှုကို ကိုယ်ပြန်ပြီး ထိတွေ့မိရင်တော့ ကိုယ်စိတ်ရဲ့ အလျင်က သူ့အလိုလို နှေးကွေးသွားတယ်။ တုံ့ဆိုင်းသွားမယ်။ (ဆန့်ကျင်ဘက် ချက်ချင်းပြောင်းလဲသွားတယ်လို့ မဆိုလိုဘူး။)တုံ့ဆိုင်း သွားတာ။ ဥပမာ- ပြောရမယ်ဆိုရင်... ကိုယ့်ဆီ ကိုယ်သတိမရသေးဘဲ ဖုန်း တကွမ်ကွမ်ဆက်လာရင်... ကိုယ်က စပြီး သတိမရတတ်တော့တာ။ သတိရဖို့ကိုတောင် မေ့နေတာ။ (အဲ့ဒီ့ မေ့နေမှုက ကိုယ်က တကယ်ပဲ အလုပ်မအားတော့သလိုမျိုး။) သူ့ဆီက အရာအားလုံး လွယ်ကူနေလို့, သေချာနေလို့ ငါတကယ်ရော သူ့ကို ချစ်ခဲ့ရဲ့လားဆိုပြီး ကိုယ့်စိတ်ကိုယ် သံသယစဝင်တာ။
[တကယ်ချစ်မိတဲ့သူက (ပိုချစ်မိသူက) ကိုယ့်စိတ်ကိုယ် သံသယဝင်လေ့မရှိဘူး။ တစ်ဖက်လူရဲ့ (ပြောင်းလဲသွားတဲ့) စိတ်ကိုပဲ, သံသယ ဝင်လေ့ရှိတယ်။] တုံ့ဆိုင်း သွားတယ် ဆိုတာ အဲ့ဒါမျိုးတွေကို ဆိုလိုတာ။
ပြောင်းလဲသွားတာက သူလည်း ပြောင်းလဲသွားသလို ၊ ကိုယ်လည်း ပြောင်းလဲသွားတာပါပဲ။ ကိုယ်က သူ့ကို ဟိုးအရင်ကထက် ပိုပြီး ရင်ခုန်တာထက်ပိုလာတယ်။ စွဲလမ်းမှန်းမသိ စွဲလမ်းလာတယ်။ အလျှော့ပေးတယ်။ ခွင့်လွှတ်တယ်။ ကိုယ်က စပြီး အစစအရာရာ တွေးပေးတတ်လာတယ်။ ဂရုစိုက်မှုကို ခံစားဖို့ထက် ကိုယ်ကပဲ ဂရုစိုက်တတ်လာတယ်။ နားလည်ပေးတတ်လာတယ်။ စသည်ဖြင့် ကိုယ့်မှာ သူကလွဲလို့ ဘာမှ မရှိသလိုလို, စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲလာတယ်။ focus တစ်ခုတည်းသာ ဖြစ်လာတယ်။
သူလည်း ပြောင်းလဲသွားတာပါပဲ။ ခံစားမှုတွေ တုံ့ဆိုင်းသွားတယ်။
သူက တစ်ဖက်က သူ့ကို အရမ်းချစ်တာကို သိနားလည်ကာ စိတ်, တုံ့ဆိုင်းသွားရာကနေ (mood) လျော့ရဲသွားတဲ့ဘက်ကို ပြောင်းလဲသွားတယ်။
ပြောင်းလဲသွားရခြင်းက တကယ်တမ်းဆို နှစ်ပိုင်းပဲ ရှိတယ်။ ကိုယ်က ပိုချစ်လာမိလို့ ...(ဒါမှမဟုတ်) ... ကိုယ်က ပိုချစ်နေမိချိန်မှာ သူက အဆင်သင့် ရှိနေတဲ့(ဒါမှမဟုတ်) အသစ်ဖန်တီးယူလိုက်တဲ့ အခြားအရာတွေကို အလွယ်တကူ စိတ်,ကစားလိုက်လို့.. ၊ စိတ်, ကူးပြောင်းလိုက်လို့ ။
ဒါက relationship တစ်ခုမှာ ပြောင်းလဲတတ်တဲ့ (လူပြောအများဆုံး) fact ကို ယထာဘူတကျကျ ပြောပြတာ။

နစ်နာရသူတွေက ပိုချစ်ရသူတွေ ၊ သစ္စာ အဖောက်ခံရသူတွေ။
ဒီလိုတွေ ဘယ်သူကမှ မကြုံတွေ့ချင်ကြဘူး။
ကျွန်တော်ပြောပြချင်တာက (စိတ်)ဟာ ရှင်သန်လာလေ့ရှိတဲ့ ၊ (develop)ရှိတဲ့ ၊ ဆင့်ကဲအသွင်ပြောင်းတဲ့ သစ်တစ်ပင်လိုပါပဲ။
Bonsai ဆိုတာ ဂျပန်ကနေ စလာခဲ့တဲ့ (အပင်သေးသေးလေးတွေကို အနုပညာမြောက်စိုက်ပျိုး) တဲ့ စိုက်ပျိုးရေးပညာတစ်ရပ်ပါ။
ပုံမှန်အတိုင်းဆို အဆောက်အဦး တစ်ခုထက်ပိုပြီး မြင့်မား,ကြီးမားလာမယ့် ပုံမှန်အပင်တွေကိုပဲ .. အပင်သေးသေးလေးတွေ ဖြစ်အောင် ပုံဖော်ဖန်တီးထားတဲ့ အပင်လေးတွေကို Bonsai လို့ခေါ်ပါတယ်။ သူ့ အမြစ်လေးတွေကို ဓားနဲ့လိုက် တိလိုက်၊ ကိုင်းလေးတွေနုတုန်း ဝါယာနဲ့လိမ်ကွေးပုံသွင်းလိုက်၊ မြေမှာ မချဘဲ ပန်းအိုးသေးသေးလေးထဲ ပုံစံသွင်းပြီး မရ,ရအောင် ရှင်သန်စေလိုက်တာ။ ကြီးထွားခွင့်ကို မပြည့်အဝ မပေးဘဲ ပင်စည်နဲ့အကိုင်းကို စနစ်တကျ ပုံဖော်ပြီး ကန့်သတ်ချက်တွေထဲ အပင်လေး သီး/ပွင့်သည်အထိ ဖန်တီးတာ။ ကြည့်စမ်းပါဦး။ ဘယ်လောက်အနုပညာဆန်ပြီး, ဘယ်လောက် ရင့်ကျက်သလဲ။ လူ့ စိတ်မှာလည်း(develop)ရှိတယ်။ အဲ့ဒါကို ထိန်းချုပ်ကန့်သတ်သင့်သလောက် ထိန်းချုပ်လို့ ရသလို, ပုံဖော်လို့လည်း ရတယ်။ ဖန်တီးလို့လည်း ရတယ်။ အဲ့ဒီ့ အကန့်အသတ်ထဲမှာပဲ လှပစွာ ရှင်သန်စေလို့လည်း ရပါတယ်။

ကျွန်တော်တို့ရဲ့ ချစ်ခြင်းဟာ အရမ်းကြီး ရိုးရှင်းနေလို့လည်း မရပါဘူး။ အရမ်းကြီးလွယ်ကူနေလို့လည်း မဖြစ်ပါဘူး။ လေးလေးနက်နက်ကြီး အကျင့်ပါသွားလို့လည်း မရပါဘူး။ တစ်ဖက်နဲ့ တစ်ဖက် အားပြိုင်နေဖို့ အမြဲလိုပါလိမ့်မယ်။ အရမ်းကြီး ချစ်ရင်တောင် ဘယ်လောက်ကြီးချစ်ကြောင်း အမြဲပြသနေဖို့ မဟုတ်ဘူး။ အိမ်ထောင်ဖက်အထိ တွေးထားရင်တောင် အမြဲ အလျှော့ပေး အလိုလိုက်ဖို့ချည်း သက်သက် မဟုတ်ဘူး။ စိတ်အတွင်း, အကုန်လုံး မြင်ရအောင် အကုန်လုံး ဖွင့်ပြဖို့လည်း မဟုတ်ဘူး။ သူ့စိတ်ကို နားလည်ဖို့ ကြိုးစားရင်း ကိုယ့်စိတ်ကို ဆန်းစစ်ထိန်းချုပ်ဖို့လည်း လောကနီတိအရ အသိတရားရှိရမယ်။ စိတ်ကို တန်ဖိုးမမဲ့အောင် မြှင့်တင်, ပုံသွင်းရမယ်။ Bonsai ပင်ပုလေးတွေလို တယုတယ ပျိုးရပါလိမ့်မယ်။

#လူထူး(တောင်ငူ)
[14.5.25]
LU Htoo Taungoo

12/05/2025

ထာဝရဆိုတာ အမြဲတမ်းအတွက် မသေဆုံးတာလို့ အဓိပ္ပါယ်ဖွင့်ရင်... ကိုယ်ကတော့ မှန်မယ်ထင်ပါရဲ့။
အချစ်က သူစိမ်းနှစ်ယောက်ရဲ့ ရင်ခုန်စွဲမက်စရာတွေကနေ စတင်ပြီး အမြဲတမ်း အလိုရမ္မက်တွေနဲ့ပဲ အပြန်အလှန်မှီခိုနေရတာပဲ လို့ လူတွေပြောကောင်းပြောကြမယ်။
ကိုယ်ကတော့ သူဆံပင်တွေ ဖြူတာတွေကိုလည်း ချစ်ရတာ ၊ သူ လွယ်လွယ်နဲ့ မကြားတတ်တော့တဲ့ စကားတွေကို အနားနားကပ်ပြီး အထပ်ထပ်ပြောရတာလည်း မမောတတ်တော့တာ။
သူ လွယ်လွယ်နဲ့ မမြင်ရတော့တဲ့ ပုံရိပ်တချို့ဟာ ကိုယ်မှန်း ရုတ်တရက် သူသိသွားသိတဲ့အခါ သွားတွေ မစုံတော့လည်း လှပနေဆဲ ဖြစ်တဲ့ သူ့အပြုံး။
ကိုယ် လွယ်လွယ်နဲ့ မမြင်ရတော့အခါ ဝိုးတဝါး ပုံရိပ်တွေက သူမှန်းသိလိုက်ရတဲ့အခါ ရင်ခုန်နေရဆဲဖြစ်တဲ့ ကိုယ့်နှလုံး။ သူ့ အိုမင်းရင့်ရော်ပုံတွေ အဆင့်ဆင့်က အသင့်တင့် လှလိုက်တာ။ တစိမ့်စိမ့် အေးချမ်းရလိုက်တာ။ မပီသတော့တဲ့ စကားသံတွေဖြစ်လာလည်း သူ့ရယ်သံတွေကတော့ ပီသလိုက်တာ။ ကိုယ့်ရယ်သံတွေကလည်း ငယ်ငယ်ကထက် ရှည်လျားလိုက်တာ။ ခေတ်ကာလကြီးက ဝေးဝေးကို ရွေ့ရွေ့နေတာအတူတူကြည့်ရင်း ငါတို့မျက်စိရှေ့မှာပဲ တဖြည်းဖြည်း အရွယ်ရောက်လာတဲ့ ငါတို့ရဲ့ အသွေးအသားလေးတွေကို အသစ်တစ်ဖန်ပြန်မြင်တွေ့ရတာလည်း ကြည်နူးလိုက်ရတာ။ ဒီလိုမျိုး စွဲမက်စရာကောင်းလွန်းတဲ့ ဘဝမှာ အလိုရမ္မက်ဆိုတာ အတူတူ ရှင်သန်ရတဲ့ တစ်ရက် သို့မဟုတ် တစ်မနက်ရဲ့ အဖြစ်အပျက်မျှကို ``မနေ့ကလေ..´´ ဆိုပြီး ဆုပ်အားသိပ်မရှိတော့တဲ့ သူ့လက်တစ်ဖက်ကို ဖမ်းဆုပ်ရင်း ပြောဖြစ်တဲ့ အရည်မရ အဖက်မရ စကားတွေပါပဲ။ တစ်ခါတစ်လေ ကိုယ်တို့ ကလေးတွေရဲ့ ကလေးတွေ အကြောင်း။ တစ်ခါတစ်လေ ရာသီဥတု ။ တစ်ခါတစ်လေ ကျန်းမာရေး။ တစ်ခါတစ်လေ မင်းကို သိပ်ချစ်တဲ့ အကြောင်းတွေပါပဲ။
#လူထူး(တောင်ငူ)

07/05/2025

တကယ်တော့ အချစ်ဆိုတာ ဘဝရဲ့ ကြီးမားတဲ့ အစိတ်အပိုင်းပဲ။
ဘဝကို ခွဲထွက်ပြီး အသစ်တစ်ခုကို တည်ဆောက်တဲ့ ကာလပဲ။
နဂိုထဲက ရှိနေပြီးသား အခြေအနေတွေအပေါ်မှာ အလိုက်သင့်လေး တည်ဆောက်လိုက်တဲ့ relationship တစ်ခုမဟုတ်ဘူး။
သူနဲ့ မခွဲနိုင်လို့ ဒီအသက် ဒီအရွယ်အထိ တိတိကျကျ တာဝန်မယူဖူးတဲ့ တာဝန်တစ်ချို့ကို လိုလိုလားလား ခက်ခက်ခဲခဲ တာဝန် ယူ
ချင်လာတာ။ သူနဲ့ မခွဲနိုင်လို့ပဲ ဘဝတစ်ခုရဲ့ အစိတ်အပိုင်းသေးသေးလေးတွေရဲ့ တကယ့် တန်ဖိုးနဲ့ တာဝန်တွေကို စိတ်ဝင်စားလာတာ။ သူနဲ့ မခွဲနိုင်လို့ပဲ လူတကာမက်တဲ့ ငွေကို မက်တတ်လာတာ။

သူနဲ့မခွဲနိုင်ခြင်းက ငါတို့မှာ နဂိုက ရှိခဲ့တဲ့ အရာတွေထက်ပိုတန်ဖိုးကြီးတယ်။ သူနဲ့မခွဲနိုင်ခြင်းက ငါတို့ရဲ့ နဂိုက ရှိခဲ့တဲ့ လှပနုရွတဲ့ မာနသေးသေးလေးတွေထက် ပိုတန်ဖိုးကြီးတယ်။
သူနဲ့မခွဲနိုင်ခြင်းက ငါတို့မှာ နဂိုက ရှိခဲ့တဲ့ အများသူငါလို ဟိုဟိုဒီဒီ အားကျစိတ်တွေ တပ်မက်စိတ်တွေထက်လည်း ပိုနက်နဲလာတယ်။
သူနဲ့မခွဲနိုင်ခြင်းက ဘဝမှာ အဓိက ဖြစ်လာရင် တကယ့်ဘဝဆိုတာက စတင်လာတဲ့ အချိန်ပါပဲ။ အရုပ်ကောက်စက်ကနေ လိုချင်တဲ့ အရုပ်လေး တစ်ရုပ်ကို ကောက်ယူနိုင်လိုက်တဲ့ ယာယီပျော်ရွင်မှုလေးမဟုတ်ဘူး။ အင်္ကျီချည်ထိုးသလိုမျိုး ။ သူ့အတွက် ဆိုပြီး ရည်ရွယ်ရင်း ထိုးလိုက် ... သူ ဝတ်ဆင်ထားရင် ကျေနပ်ပီတိဖြစ်လိုက်.. တစ်ချိန်မှာ တစ်ခုခု ထပ်ပြီး ထိုးလိုက်... သူ အဲ့ဒါလေးကို
ဝတ်ဆင်တဲ့ အခါ ကိုယ်က ကျေနပ်လိုက်ရနဲ့...မပြီးနိုင်တော့တဲ့ မရိုးသွားတဲ့ ချည်ထိုးခြင်းလိုပဲ။

#လူထူး(တောင်ငူ)
[7.5.25]
LU Htoo Taungoo

住所

Chiyoda-ku, Tokyo

電話番号

+959895589600

ウェブサイト

アラート

LU Htoo Taungooがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

事業に問い合わせをする

LU Htoo Taungooにメッセージを送信:

共有する