
17/06/2025
လုပ်ငန်းတစ်ခု ကျရှုံးစေတဲ့ အကြောင်းတရားထဲက တစ်ခု။
*****************************************************
လုပ်ငန်းစလုပ်တဲ့ လုပ်ငန်းရှင်တွေ တော်တော်များများမှာ တွေ့ရတဲ့ ပြဿနာက ဘာလဲဆိုတော့ too many mind ဆိုတဲ့ စိတ်များပြီး လုပ်ငန်းတစ်ခုတည်းအပေါ်မှာ Laser Focus လို့ ခေါ်တဲ့ အာရုံစူးစိုက်မှု ကောင်းကောင်းထားပြီး Clear Objective နဲ့ အလုပ်မလုပ်နိုင်ကြတာပါပဲ။ ကျနော်ဆို ပိုဆိုးတာပေါ့။ စိတ်များပြီး အကုန်ပတ်လုပ်ချင်နေတာမျိုး။
အဲဒါဟာ လုပ်ငန်းတစ်ခု ကျရှုံးစေတဲ့ အကြောင်းတရားထဲက တစ်ခုထဲမှာပါပါတယ်။ လုပ်ငန်းစလည်ပတ်ပြီဆိုကတည်းက သိကြတဲ့အတိုင်း လုပ်ငန်းလည်ပတ်ဖို့ ရင်းနှီးရတာတွေ ဝန်ထမ်းခတွေ အခွန်တွေ ကုန်ကျစရိတ်တွေက တန်းစီပြီးစောင့်နေတာမျိုးပါ။
ဒါကြောင့် အလုပ်စလုပ်ပြီဆိုတာနဲ့ လုပ်ငန်း ၃ ခုလောက် တပြိုင်တည်းလုပ်တာထက်စာရင် တစ်ခုတည်းကို အာရုံစူးစိုက်မှုအားကောင်းတဲ့ Laser Focus ထားပြီး လုပ်ငန်းရှင်အနေနဲ့ ဒီလုပ်ငန်းက လစဥ် အသားတင်အမြတ် ငါ ဘယ်လောက်လိုချင်တယ်ဆိုတာကို သေသေချာချာ တိတိကျကျ သတ်မှတ်ရမှာပါ။
ဥပမာ ကိုယ့်မှာ လုပ်ငန်း ၃ ခုလောက်ရှိနေတယ်။ ဘယ်ဟာကို ရွေးရမှန်း မသိဘူး။ အဲဒီမှာ Market Size ဆိုတာကို ပြန်ကြည့်ရတယ်။ စျေးကွက် ဝယ်လိုအား ကိုယ့်ဘက်မှာ ဘယ်လောက်ရှိနေလဲ။ လုပ်ငန်းပြိုင်ဘက်တွေရဲ့ စျေးကွက် ဝေစုကရော ဘယ်အတိုင်းအတာထိပေါက်ရောက်နေပြီလဲ။
ကိုယ်ရနိုင်တဲ့ စျေးကွက် ဝေစုကရော ဘယ်လောက်အထိ ရှိနိုင်မလဲ။ ဆိုတာကို တိကျတဲ့ ဒေတာမျိုးရရင် ပိုကောင်းတယ်။
လုပ်ငန်းတစ်ခုစီတိုင်းက တကယ်လုပ်ပြီဆိုရင် ထင်သလောက် မလွယ်ကြပါဘူး။ အခက်ခဲပေါင်းများစွာ၊ စိန်ခေါ်မှုပေါင်း များစွာကို ကြော်ဖြတ်ပြီးမှ ပန်းတိုင်ကို ရောက်ရှိကြတာ များပါတယ်။ လုပ်ငန်းက သင်ပေးမဲ့ သင်ခန်းစာအများကြီးလည်း ရှိနေသေးတယ်ပေါ့လေ။ ဒါကြောင့် လုပ်ငန်း နှစ်ခု သုံးခုကို တပြိုင်တည်း လုပ်ဖို့ အားမပေးပါဘူး။
လုပ်ငန်းရှင်တွေအနေနဲ့ လုပ်ငန်းစလုပ်ပြီဆိုကတည်းက လုပ်ငန်းတစ်ခုတည်းအပေါ် အာရုံစူးစိုက်မှုကောင်းကောင်းနဲ့ လစဥ် အသားတင်အမြတ် ဘယ်လောက်ကျန်ရမယ်ဆိုတဲ့ Clear Objective ထားဖို့ လိုအပ်တယ်။
ဥပမာ ဂျပန်မှာ ရွှေရောင်းတယ်၊ အဲဒီလုပ်ငန်းက လစဥ် အသားတင်အမြတ် သောင်း ၅၀၀ လိုချင်တယ်ဆိုတဲ့ Clear Objective မျိုးထားရှိသင့်တယ်။ အိမ် ခြံ မြေ လုပ်တယ်ဆိုလည်း ထိုနည်းတူပဲ။ စားသောက်ဆိုင်ဖွင့်လည်း ထိုနည်းတူပဲပေါ့။
အဲလို အသားတင်အမြတ်ကို Goal Setting ချမှတ်လိုက်တဲ့အခါကျတော့ ဘာထွက်လာလဲဆိုတော့ ကိုယ့်လုပ်ငန်းမှာ အသားတင်အမြတ် သောင်း ၅၀၀ ရဖို့ လစဥ် ရောင်းကြေး သောင်း ၁၀၀၀ သို့မဟုတ် သောင်း ၁၅၀၀ လစဥ်ရောင်းကြေးရှိဖို့ လိုအပ်လာမယ်ပေါ့။
ရွှေလုပ်ငန်းမှာဆိုရင် ကာစတန်မာတစ်ယောက်မှာ ပျမ်းမျှ ဝယ်နိုင်ယူနိုင်မှု (Average Order Value) ယန်း ၅ သောင်း ရှိတယ်ဆိုရင် ၊ လစဥ် သောင်း ၁၅၀၀ ရောင်းကြေးရရှိဖို့ ကာစတန်မာ အယောက် ၃၀၀ ပဲ လိုမှာ ဖြစ်တယ်။ တစ်လမှာ ကာစတန်မာ အယောက် ၃၀၀ ဆိုရင် တနေ့မှာ ကာစတန်မာ ၁၀ ယောက်ရရှိမှာဖြစ်ပါတယ်။ အဲလောက်အထိ တနေ့ ကာစတန်မာ ဘယ်လောက် ဝင်ရမယ်ဆိုတာအထိကို အတိကျ သေချာအောင် တွက်ထုတ်ထားသင့်ပါတယ်။
လစဥ် ကာစတန်မာ ၃၀၀ ဆိုတာက ဂျပန်ရောက် မြန်မာ လူဦးရေနဲ့ ပြန်တွက်ကြည့်ရင် ၀.၃ ရာခိုင်နှုန်းပဲရှိတယ်။
ကိုယ့်လုပ်ငန်းအပေါ် အဲဒီကာစတန်မာ ၃၀၀ ကို Awareness and Trust ရရှိစေဖို့ကတော့ မားကတ်တင်း လုပ်ရတော့မှာပေါ့။
ဒါကတော့ ဥပမာ ပြောတာပေါ့နော်။
အဲလို တိကျသေချာတဲ့ ဒေတာ အချက်အလက်ကို တွက်ထုတ်ပြီး လုပ်ငန်းရှင်အနေနဲ့ Clear Objective တွေ ထားသင့်ပါတယ်။ အဲဒါမှ ကိုယ်လိုချင်တဲ့ပန်းတိုင်ကို စူးစူးစိုက်စိုက် ဦးတိုက် သွားနိုင်မှာပါ။
ဒီတော့ လစဥ်ရောင်းကြေးပြည့်ရင် နောက်လုပ်ငန်းစလို့ ရလားဆိုတော့ မရသေးပါဘူး။ ဘာဖြစ်လို့လည်း ဆိုတော့ လုပ်ငန်းတိုင်းမှာ Exit Plan ဆိုတာရှိရပါတယ်။ ပြောချင်တာကတော့ ကိုယ်မပါပဲ လည်ပတ်နေတဲ့ လုပ်ငန်းကို SOP ဆိုတဲ့ Standard Operation Procedure ဆိုတာတွေနဲ့ Key Performance Indicator တွေနဲ့ ချိတ်ဆက်ပြီး ကိုယ်မပါလည်း ဒီလုပ်ငန်းက လည်ပတ်နေတဲ့ အနေအထားမျိုးအထိအောင် System ချထားရပါတယ်။ အဲလို သေချာပြီဆိုမှ နောက်လုပ်ငန်းတစ်ခုကို စသင့်တယ်လို့ မြင်ပါတယ်။
စစချင်းမှာ ငွေကြေးတတ်နိုင်တဲ့ လုပ်ငန်းရှင်တွေ တော်တော်များများက လုပ်ငန်း သုံးခုလောက်လုပ်လိုက်မယ်။ ကာစတန်မာတွေ အများကြီးရပြီး၊ အမြတ်တွေ ကြမ်းမယ်လို့ ထင်တာ တကယ်တော့ အဲဒါ စိတ်ကူးယဥ်လို့ပဲ ကောင်းတာပါ။ ဘောလုံး ၃ လုံးကို တစ်ယောက်တည်း ကန်ရသလိုမျိုး ဘယ်ဘောလုံးနဲ့ ဂိုးသွင်းရမှန်း မသိတာမျိုး လုပ်ငန်းတစ်ခုက အရှုံးပေါ်ပြီး နောက်လုပ်ငန်းတစ်ခုနဲ့ ပြန်ကာမျိုးတွေ ဖြစ်တတ်ပါတယ်။
ဒါကြောင့် အထက်ပါအချက်အလက်များသည် လုပ်ငန်း သုံး လေးခု လောက်ကို တပြိုင်တည်းလုပ်ချင်သော လုပ်ငန်းရှင်များအတွက် သတိပြုဆင်ခြင်အပ်ပါကြောင်း....
လေးစားစွာဖြင့်
ဖြိုးမောင်မောင်
www.GV-Digital.Marketing