Era's Eye

Era's Eye ပြည်သူများဖက်မှရပ်တည်ပြီး ဒီမိုကရေစီအရေးကို ဖျက်စီးမယ့် အာဏာရူးမှုတွေကို ဘက်မလိုက်ဘဲ ဖွင့်ချသွားမည်။

ယာယီသမ္မတ မြင့်ဆွေ သေပြီလို့ စစ်တပ်က ထုတ်ပြန်ပေမယ့် သတင်းအမှားဆိုကာ ဇော်မင်းထွန်းပြန်ပြောဩဂုတ်လ (၆)ရက်။ယာယီသမ္မတ ဦးမြင့်...
06/08/2025

ယာယီသမ္မတ မြင့်ဆွေ သေပြီလို့ စစ်တပ်က ထုတ်ပြန်ပေမယ့် သတင်းအမှားဆိုကာ ဇော်မင်းထွန်းပြန်ပြော

ဩဂုတ်လ (၆)ရက်။

ယာယီသမ္မတ ဦးမြင့်ဆွေ သေပြီလို့ စစ်တပ်က သတင်းထုတ်ပြန်ခဲ့ပေမယ့် သတင်းအမှားဆိုကာ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြန်လည်ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

ယာယီသမ္မတ ဦးမြင့်ဆွေ သေပြီဆိုတဲ့သတင်းဟာ သတင်းအမှားသာဖြစ်ပြီး အမှတ်(၂)စစ်ဆေးရုံ ခုတင်(၁၀၀၀)မှာ ဆေးကုသနေတုန်းဖြစ်တယ်လို့ ဆိုပါတယ်။

မြင့်ဆွေဟာ ကျန်းမာရေးအခြေအနေ အထူးစိုးရိမ်နေရတာကြောင့် အမှတ်(၂) စစ်ဆေးရုံ ခုတင် (၁၀၀၀)ရဲ့ အထူးကြပ်မတ်ကုသဆောင်မှာ ဆေးကုသမှုခံယူနေရတယ်လို့ မနေ့က သတင်းထုတ်ပြန်ခဲ့တာပါ။

အဲ့ဒီလို စစ်တပ်က သတင်းထုတ်ပြန်ပြီး တရက်မပြည့်ခင် ဒီကနေ့ နံနက် (၃)နာရီအချိန်မှာ ယာယီသမ္မတ ဦးမြင့်ဆွေ သေပြီလို့ ထပ်မံထုတ်ပြန်ခဲ့ပေမယ့် ဇော်မင်းထွန်းကတော့ သတင်းအမှားလို့ ပြောဆိုလာတာပါ။

ဦးမြင့်ဆွေဟာ ၂၀၂၃ခုနှစ်ကစပြီး မလှုပ်ရှားနိုင်တော့တာ၊ အစားမဝင်တာနဲ့ အာရုံကြောအားနည်းတာတို့ကြောင့် ဆေးကုသမှုခံယူနေရပြီး အထူးဆေးကုသမှုအဖွဲ့နဲ့ ကျန်းမာရေးစစ်ဆေးကုသမှု ခံယူနေရတာပါ။

အဲ့ဒီနောက် ကျန်းမာရေးအ‌ခြေအနေ ထပ်မံဆိုးရွားလာတဲ့အတွက် ဇူလိုင်လ (၂၄)ရက်နေ့ကစပြီး အမှတ်(၂) စစ်ဆေးရုံ ခုတင် (၁၀၀၀)ရှိ အထူးကြပ်မတ်ကုသဆောင်မှာ ထပ်မံဆေးကုသမှုခံယူနေရတယ်လို့ ပြောဆိုထားပါတယ်။

ဦးမြင့်ဆွေဟာ စစ်တပ်အာဏာသိမ်းတဲ့အချိန်ကစပြီး ယာယီသမ္မတတာဝန် ထမ်းဆောင်ခဲ့ကာ ကျန်းမာရေးအခြေအနေကြောင့် ဆေးခွင့်နဲ့ အနားယူပြီး မင်းအောင်လှိုင်က တာဝန်လွှဲပြောင်းယူခဲ့ပါတယ်။

အသက် (၇၅)နှစ်ရှိပြီဖြစ်တဲ့ ဦးမြင့်ဆွေဟာ စစ်တပ်မှာ ဒုဗိုလ်ချုပ်ကြီးအဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့သလို NLD အစိုးရလက်ထက်မှာ စစ်တပ်အစုအဖွဲ့က ဒုသမ္မတအနေနဲ့ ရွေးကောက်တင်မြှောက်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ရဲ့ ဝင်းဝတပ်စခန်းက ရွာသားတွေကို ဖမ်းဆီးပြီး တစ်ဦးကို ပစ်ခတ်သတ်ဖြတ်ဩဂုတ်လ (၆)ရက်။ဩဂုတ်လ (၃)ရက်နေ့ ည (၁၀)နာရီ...
06/08/2025

စစ်ကောင်စီတပ်ရဲ့ ဝင်းဝတပ်စခန်းက ရွာသားတွေကို ဖမ်းဆီးပြီး တစ်ဦးကို ပစ်ခတ်သတ်ဖြတ်

ဩဂုတ်လ (၆)ရက်။

ဩဂုတ်လ (၃)ရက်နေ့ ည (၁၀)နာရီဝန်းကျင်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဝင်းဝကျေးရွာကို ဝင်ရောက်ပြီး ရွာသူရွာသားတွေကို ဖမ်းဆီးတာတွေ ပြုလုပ်ခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

"ဝင်းဝတပ်စခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင် (၂)ဦး စခန်းစွန့်ခွာထွက်ပြေးတာကြောင့်ဆိုပြီး လိုက်ဖမ်းတဲ့အချိန် ဝင်းဝရွာထဲဝင်ပြီး ရွာသားတွေကို ဖမ်းဆီးစစ်ဆေးတာတွေလုပ်တာ။ ပြီးတော့ ရွာသားတစ်ဦးကို ပစ်သတ်သွားတယ်"လို့ ဆိုပါတယ်။

အဲ့ဒီနေ့က စစ်ကောင်စီတပ်ရဲ့ ခလရတပ်ရင်း(၄၀၃)၊ ဝင်းဝတပ်စခန်းကနေ တပ်ဖွဲ့ဝင် (၂)ဦး စခန်းစွန့်ခွာထွက်ပြေးသွားတာကြောင့်ဆိုပြီး လိုက်လံဖမ်းဆီးချိန် ဝင်းဝရွာထဲ ဝင်ရောက်ကာ ရွာသားတွေကို ဖမ်းဆီးစစ်ဆေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဲ့ဒီလို စစ်ကောင်စီတပ်ဟာ ကျေးရွာထဲဝင်ပြီး ရွာသူရွာသားတွေကို ဖမ်းဆီးစစ်ဆေးခဲ့ကာ အသက် (၅၈)နှစ်အရွယ် ရွာသားတစ်ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ ရေးသားထားပါတယ်။

နောက်ပြီး အခြားရွာသူရွာသားတွေကိုလဲ တပ်စခန်းထဲကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကာ ဩဂုတ်လ (၄)ရက်နေ့ နံနက် (၁)နာရီဝန်းကျင်လောက်မှာ ပြန်လွှတ်ပေးခဲ့တယ်လို့ ပြောဆိုထားပါတယ်။

အဲ့ဒီဝင်းဝတပ်စခန်းကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် (၂)ဦးဟာ KNLA တပ်မဟာ (၄)၊ တပ်ရင်း(၁၂)၊ တပ်ခွဲ(၂)ထံ လက်နက်နဲ့အတူ အလင်းဝင်ခဲ့ကြတယ်လို့ KNU ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

စစ်ကောင်စီတပ်က မြို့‌တွေကို လက်လွှဲဖို့ ထပ်တောင်းဆိုရင် ဆွေးနွေးပွဲရလဒ်ထွက်မှာမဟုတ်ဘူးလို့ TNLA ပြောဩဂုတ်လ (၆)ရက်။အခုလကု...
06/08/2025

စစ်ကောင်စီတပ်က မြို့‌တွေကို လက်လွှဲဖို့ ထပ်တောင်းဆိုရင် ဆွေးနွေးပွဲရလဒ်ထွက်မှာမဟုတ်ဘူးလို့ TNLA ပြော

ဩဂုတ်လ (၆)ရက်။

အခုလကုန်ပိုင်းမှာ တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်တာကြောင့် စစ်ကောင်စီတပ်နဲ့ ထပ်မံတွေ့ဆုံဆွေးနွေးသွားဖို့ရှိနေတယ်လို့ မနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ TNLA ပြောခွင့်ရ လွေးယေဦးရဲ့ ပြောဆိုချက်အရ သိရပါတယ်။

"အခု စစ်ကောင်စီတပ်က ကျောက်မဲ၊ နောင်ချို၊ မိုးမိတ်၊ မိုးကုတ် စတာတွေကို ပြန်လွှဲပြောင်းပေးဖို့ သဘောထားရှိတာ။ တကယ်လို့ တွေ့ဆုံဆွေးနွေးပွဲမှာ အဲ့ဒီအတိုင်းပဲ ရပ်တည်မယ်ဆိုရင် ဆွေးနွေးပွဲက ဘာရလဒ်မှထွက်မှာမဟုတ်ဘူး"လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ TNLA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေကို ပြန်လည်လွှဲပြောင်းပေးဖို့ သဘောထားရှိနေကာ တွေ့ဆုံဆွေးနွေးပွဲမှာ အခုလိုမျိုး ရပ်တည်နေမယ်ဆိုရင် ဆွေးနွေပွဲရလဒ် ထွက်လာမှာမဟုတ်သလို တွေ့‌ဆုံဆွေးနွေးတာက တနည်းတဖုံ ပြောင်းလဲသွားနိုင်တယ်လို့ ပြောဆိုခဲ့ပါတယ်။

ဧပြီလက ကူမင်းမြို့မှာ နှစ်ဖက် နောက်ဆုံးဆွေးနွေးခဲ့ချိန် စစ်ကောင်စီတပ်က နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးမိတ်နဲ့ မိုးကုတ် စတဲ့ဒေသတွေကနေ နမ့်ဆန်နဲ့ မန်တုံမြို့နယ်ထဲအထိ TNLA တပ်တွေ ပြန်ဆုတ်ပေးဖို့ တောင်းဆိုခဲ့တာပါ။

အဲ့ဒီလို စစ်ကောင်စီတပ်ရဲ့ တောင်းဆိုတာကို TNLA ကိုယ်စားလှယ်တွေဘက်က သဘောမတူခဲ့ဘဲ ဆွေးနွေးပွဲပြီးဆုံးခဲ့ကာ အခုတကြိမ်မှာလဲ အဲ့ဒီသဘောထားအတိုင်း ဆက်ရှိနေရင် ဆွေးနွေးပွဲရလဒ် ထွက်မှာမဟုတ်ဘူးလို့ သူက ဆက်ပြောပါတယ်။

ဒါ့အပြင် TNLA ဘက်က အရင်ရပ်တည်ချက်တွေဖြစ်တဲ့ နှစ်ဖက်တပ်တွေ ရောက်ရှိတဲ့နေရာမှာ ရပ်တန့်ပြီး အပစ်ရပ်ဖို့အပါအဝင် စစ်ရေးလှုပ်ရှားတာတွေ ရပ်တန့်ဖို့နဲ့ နှစ်ဖက်ထိန်းချုပ်ဒေသတွေမှာ ဒေသခံတွေ စားဝတ်နေရေးနဲ့ ဆေးဝါးတွေ သယ်ဆောင်နိုင်အောင် ဖြတ်သန်းသွားလာခွင့်ပြုဖို့ စတာတွေကို တောင်းဆိုသွားဖို့ရှိနေပါတယ်။

အခုလကုန်မှာပြုလုပ်မယ့် တွေ့ဆုံဆွေးနွေးပွဲနဲ့ပတ်သက်ပြီး နေ့ရက်နဲ့ အချိန်ကို မသိရသေးဘဲ ပြီးခဲ့တဲ့ ဆွေးနွေးပွဲကို TNLA ဘက်က ဒုဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ စစ်ကောင်စီတပ်ဘက်က ဒုဗိုလ်ချုပ်ကြီး ကိုကိုဦး ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

တရုတ်က မဲခေါင်-လန်ချန်း စီမံကိန်း (၁၄)ခုအတွက် ကန်ဒေါ်လာ (၃)သန်းကျော် စစ်ကော်မရှင်ထံပေးအပ်ဩဂုတ်လ (၆)ရက်။မနေ့က နေပြည်တော်မ...
06/08/2025

တရုတ်က မဲခေါင်-လန်ချန်း စီမံကိန်း (၁၄)ခုအတွက် ကန်ဒေါ်လာ (၃)သန်းကျော် စစ်ကော်မရှင်ထံပေးအပ်

ဩဂုတ်လ (၆)ရက်။

မနေ့က နေပြည်တော်မှာ တရုတ်နိုင်ငံက မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၅)နဲ့ အကောင်အထည်ဖော်မယ့် စီမံကိန်းတွေအတွက် ရန်ပုံငွေလွှဲပြောင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီအခမ်းအနားကို စစ်ကော်မရှင်ဝန်ကြီး (၁၀)ဦးနဲ့ ဒုဝန်ကြီးတွေအပါအဝင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် မစ္စမာကျားနဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

အခမ်းအနားမှာ မဲခေါင်-လန်ချန်း စီမံကိန်း (၁၄)ခုအတွက် တရုတ်က အမေရိကန်ဒေါ်လာ (၃)ဒသမ(၃)သန်းခန့်ကို တရားဝင်လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

မဲခေါင်မြစ်ဝှမ်းတလျှောက်ရှိ ပြည်သူတွေအတွက် (၉)နှစ်တာကာလထဲ အဖွဲ့ဝင်နိုင်ငံတွေကနေ စီမံကိန်းပေါင်း (၉၈၄)ခုကို ပံ့ပိုးကူညီခဲ့တယ်လို့ စစ်ကော်မရှင်ဝန်ကြီး ဦးသန်းဆွေက ပြောဆိုခဲ့ပါတယ်။

အဲ့ဒီအထဲ တရုတ်နိုင်ငံက ၂၀၁၇ခုနှစ်ကစပြီး မြန်မာကို မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ယန္တရားအောက်ကနေ အမေရိကန်ဒေါ်လာ (၃၈)ဒသမ(၃)သန်း ထောက်ပံ့ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံဟာ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အစပျိုးတဲ့နေရာဖြစ်ပြီး ၂၀၁၈ခုနှစ်ကစပြီး အထူးရန်ပုံငွေအနေနဲ့ စီမံကိန်းစုစုပေါင်း (၁၃၂)ခု ရရှိခဲ့ရာ မဲခေါင်နိုင်ငံတွေအားလုံးမှာ အရေအတွက်အများဆုံးရရှိတာလို့ သိရပါတယ်။

တက္ကဆက်ပြည်နယ် အုပ်ချုပ်ရေးမှူး ဂရက် အဘော့(Greg Abbott) သည် ပြည်နယ် အောက်လွှတ်တော် ဒီမိုကရက်တစ်ပါတီကော်မတီ ဥက္ကဋ္ဌအား ဖယ...
06/08/2025

တက္ကဆက်ပြည်နယ် အုပ်ချုပ်ရေးမှူး ဂရက် အဘော့(Greg Abbott) သည် ပြည်နယ် အောက်လွှတ်တော် ဒီမိုကရက်တစ်ပါတီကော်မတီ ဥက္ကဋ္ဌအား ဖယ်ရှားရန် တရားစွဲခဲ့သည်။

NBC သတင်း ၂၀၂၅ခုနှစ်၊ သြဂုတ်လ ၆ရက်

အောက်လွှတ်တော် ဒီမိုကရက်တစ်ပါတီကိုယ်စားလှယ် ဂျင်းဝူ(Gene Wu) သည် ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ချိုးဖောက်ကြောင်းနှင့် ၎င်း၏ လွှတ်တော်တက်ရန် ပျက်ကွက်မှုသည် ရာထူးမှ စွန့်လွှတ်ခြင်းဖြစ်သည်ဟု တက္ကဆက်ပြည်နယ် တရားရုံးချုပ်သို့ တင်သွင်းသည့် တရားစွဲမှုတွင်တင်ပြထားသည်။

ပြည်နယ်လွှတ်တော်အမတ် ဂျင်းဝူ နှင့် အခြားဒီမိုကရက်အမတ်များကို ရာထူးမှဖယ်ရှားရန် ရီပတ်ဘလီကန်အမတ်များ၏ ကြိုးပမ်းအားထုတ်မှုများ နှောင့်နှေးကြန့်ကြာနေပြီးနောက် ပြည်နယ်အုပ်ချုပ်ရေးမှူး ဂရက် အဘော့ သည် တရားရုံးသို့အင်္ဂါနေ့က အရေးပေါ် လျှောက်ထား စာကို တင်သွင်းခဲ့သည်။

ရီပတ်ဘလီကန်အမတ် ဂရက် အဘော့ ၏တရားစွဲဆိုမှုတွင် တက္ကဆက် အောက်လွှတ်တော် ဒီမိုကရက်တစ်ပါတီ ကော်မတီ ဥက္ကဋ္ဌ ဝူ သည် ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ပြီး ၎င်း၏ရာထူးတာဝန်ပျက်ကွက်နေမှုသည် ရာထူးမှ စွန့်လွှတ်ခြင်းဖြစ်သည်ဟု စွပ်စွဲထားသည်။

ကွန်ဂရက်လွှတ်တော်၏ နယ်နိမိတ်များကို ပြန်လည်ပြင်ဆင်ရေးဆွဲရန်ပြီး အောက်လွှတ်တော် တွင် ရီပတ်ပလီကင်ပါတီအတွက် နောက်ထပ် အမတ်နေရာငါးနေရာ တိုးလာစေရန် လိုအပ် သော ဥပဒေပြုရေး အထမြောက်ရန် လုပ်ဆောင်မည့် ရီပတ်ဘလီကန်များ၏ အစီအစဥ်ကို ဒီမိုကရက်တစ် လွှတ်တော်အမတ်များက ငြင်းပယ်ဆန့်ကျင်၍ လွှတ်တော်တွင် တက်ရောက် ခြင်း မရှိဘဲ ရှောင်နေခဲ့ကြသည်။

အစည်းအဝေးအထမြောက်ရန်ထောက်ပံ့ပေးသည့် ပြဋ္ဌာန်းချက်များသည် နိုင်ငံတော် အောက်လွှတ်တော်တွင်တက်ရောက်ရန် “ခိုင်လုံသော ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တာဝန်တစ်ရပ်” ဖြစ်သည်ဟု တရားစွဲဆိုထားသည်။

"ကိုယ်စလှယ် ဝူ သည် အထမြောက်မှုကို ချိုးဖောက်ရန်၊ ဥပဒေပြုရေးလုပ်ငန်းစဉ်များကို ဟန့်တားရန်နှင့် တက္ကဆက်ပြည်နယ် အောက်လွှတ်တော်ကို သွက်သွက်လက်လက်မလုပ် နိုင်စေရန် တက္ကဆက်ပြည်နယ်မှ ထွက်ပြေးခြင်းဖြင့် ဤအခြေခံဥပဒေဆိုင်ရာ လုပ်ပိုင်ခွင့်များ ကို ပြောင်ပြောင်တင်းတင်း စွန့်လွှတ်လိုက်ခြင်းဖြစ်သည်" ဟု တရားစွဲဆိုထားသည်။

“တရားဝင်အကြောင်းပြချက်အတွက်မဟုတ်ဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြဌာန်းထားသော အစည်းအဝေးအတွင်း ပြည်နယ်မှ ထွက်ခွာခြင်းသည် ဥပဒေပြုလွှတ်တော်၏ လုပ်ဆောင် နိုင်စွမ်း ကို ဖျက်စီးရန် ရည်ရွယ်ချက်ဖြင့် ဝူ ၏ ကျမ်းကျိန်မှုကို ထင်ရှားစွာ ချိုးဖောက်ခြင်း ဖြစ်ပြီး ၎င်း၏ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တာဝန်ကို ရည်ရွယ်ချက်ရှိရှိ စွန့်လွှတ်ခြင်း ဖြစ်သည်” ဟု ၎င်းကဆိုသည်။

အင်္ဂါနေ့ညနေတွင် မှတ်ချက်ပေးရန် တောင်းဆိုချက်ကို ဝူ က ချက်ချင်း တုံ့ပြန်ခြင်း မရှိ သော်လည်း ဟူစတန်မြို့အခြေစိုက် KHOU မှရရှိသော ထုတ်ပြန်ချက်တစ်ခုတွင် ၎င်းက ၎င်း၏တာဝန်များကို စွန့်လွှတ်မည်မဟုတ်ကြောင်း ငြင်းဆိုခဲ့သည်။

"ကျွန်ုပ်၏ လုပ်ရပ်နှင့် ကျွန်ုပ်၏ တာဝန်ကို ကျွန်ုပ်အား ပြတ်ပြတ်သားသား ရှင်းရှင်းလင်းလင်း ထုတ်ဖော်ခွင့် ပေးပါရစေ။ ပြည်နယ်အုပ်ချုပ်ရေးမှူးတစ်ဦးသည် လူမျိုးရေး ခွဲခြားသည့် ကောက်ကျစ်သော မြေပုံကိုရေးဆွဲရန် ဂုဏ်သိက္ခာမရှိသောသမတတစ်ဦးနှင့် ပူးပေါင်း လိုက်သောအခါ၊ ကျွန်ုပ်၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၏ တာဝန်မှာထိုကိစ္စတွင် လိုလားစွာ ပါ၀င်သူ မဖြစ်ရန် ဖြစ်သည်" ဟု ဝူက ဆိုသည်။

"ပြည်နယ်အုပ်ချုပ်ရေးမှူးလုပ်ရပ်ကို အထမမြောက်အောင် ငြင်းဆိုလိုက်တာဟာ ကျွန်တော့်ရဲ့ ရာထူးကို စွန့်လွှတ် လိုက်တာ မဟုတ်ပါဘူး၊ ဒါဟာ ကျွန်တော့်ရဲ့ ကတိသစ္စာကို ဖြည့်ဆည်း ခြင်း တစ်ခုပါပဲ။ သူ့ရဲ့ အကျင့်ပျက်အစီအစဉ်ကို ထိုက်တန်စွာ ခုခံကာကွယ်နိုင်ခြင်း မရှိတဲ့ အတွက်ကြောင့် အခုအချိန်မှာတော့ ဂရက် အဘော့ ဟာ ကမူးရှူးထိုးနဲ့ ကျွန်တော်ရဲ့ ဆန့်ကျင်မှုကို တိတ်ဆိတ်သွားရန် အရွေးခံထားရသူတွေကို ရာထူးက ဖယ်ရှားပစ်ဖို့ အပြင်းအထန် ကြိုးစားနေပါတယ်" ဟု ၎င်းက ပြောကြားခဲ့သည်။

အီလီနွိုင်းမှနေပြီး တနင်္ဂနွေနေ့က ဆိုရှယ်မီဒီယာတွင် ဝူ က "ချီကာဂိုရှိ မြေပြင်ပေါ်တွင်... တက္ကဆက်နယ်သားများနှင့် အမေရိကန် အားလုံး၏အခွင့်အရေးအတွက် တိုက်ပွဲဝင် နေပါတယ်"ဟုပြောခဲ့သည်။

အဘော့က ဝူ နှင့် တက္ကဆက်ပြည်နယ်မှ ထွက်ခွာသွားသော အခြား ဒီမိုကရက်တစ်ပါတီ အမတ် ၅၀ ကျော်က ပြန်လာရန် ငြင်းဆိုခဲ့ခြင်းသည် ရွေးကောက်ပွဲ အထမြောက်ရန် လိုအပ်ချက်များနှင့် မကိုက်ညီကြောင်း ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

"တက္ကဆက်စ် အောက်လွှတ်တော် ဒီမိုကရက်များသည် တက္ကဆက်ပြည်နယ်အတွက် ၎င်းတို့၏ တာဝန်ကို စွန့်လွှတ်ခဲ့ခြင်းကြောင့် အကျိုးဆက်များ ရှိလိမ့်မည်" ဟု ၎င်းက ပြောကြားခဲ့သည်။

အက်ဘော့က နောက်နေ့တွင် အောက်လွှတ်တော်ကို ခေါ်ယူသည့်အခါတွင် ၎င်းတို့ မပါဝင် ပါက ဒီမိုကရက်များကို ဖယ်ရှားရန် ကြိုးပမ်းမည်ဟု တနင်္ဂနွေနေ့က ကြေညာချက်တွင် သတိပေးထားသည်။ ဒီမိုကရက်တစ်လွှတ်တော်အမတ်များ တနင်္လာနေ့တွင် လွှတ်တော် တက်ရောက်ရန် ပျက်ကွက်စဉ် အတွင်း၊ လိုအပ်ပါက လွှတ်တော်အမတ်များအား ဖမ်းဝရမ်းဖြင့် ပြန်လည် ပို့ဆောင်ရန် အောက်လွှတ်တော်က မဲခွဲဆုံးဖြတ်ပြီးနောက် ၎င်းတို့အား ဖမ်းဆီးရန် ပြည်နယ် ပြည်သူ့လုံခြုံရေးဌာနအား အမိန့်ပေးခဲ့သည်။

FBI နှင့် ဖက်ဒရယ်အစိုးရတို့သည် ဥပဒေပြုအမတ်များ၏ တည်နေရာကို ရှာဖွေဖမ်းဆီးခြင်း တွင် ပါဝင်သင့်သလောဟု မေးမြန်းရာတွင် သမ္မတ ဒေါ်နယ်ထရန့် က ၎င်းတို့ “လုပ်သင့်တယ်” ဟု အင်္ဂါနေ့အစောပိုင်းတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

“လူတော်တော်များများက သူတို့ပြန်လာဖို့ တောင်းဆိုနေတယ်။ သူတို့အပြင်ဖက်မှာ ထိုင်နေလို့ မရဘူး။ ပြန်သွားရမယ်။ အဲဒါကို ပြန်တွန်းလှန်တိုက်ရမယ်။ ရွေးကောက်ပွဲဆိုတာ ဒါပဲ” ဟု ထရန့် က ဆိုသည်။

NBC သတင်း Zoë Richards မှ ရေးသားသော Texas Gov. Greg Abbott sues to remove state House Democratic Caucus chair in redistricting standoffကို ခေတ်မျက်လုံးမှ ဘာသာပြန် သည်။

ပုံ- တက္ကဆက်ပြည်နယ် အုပ်ချုပ်ရေးမှူး ဂရက် အဘော့(Greg Abbott)

ယာယီသမ္မတ ဦးမြင့်ဆွေ ကျန်းမာရေးအထူးစိုးရိမ်နေရပြီး စစ်ဆေးရုံရဲ့ အထူးကြပ်မတ်ဆောင်မှာ ဆေးကုနေရဩဂုတ်လ (၅)ရက်။စစ်ကောင်စီရဲ့ ...
05/08/2025

ယာယီသမ္မတ ဦးမြင့်ဆွေ ကျန်းမာရေးအထူးစိုးရိမ်နေရပြီး စစ်ဆေးရုံရဲ့ အထူးကြပ်မတ်ဆောင်မှာ ဆေးကုနေရ

ဩဂုတ်လ (၅)ရက်။

စစ်ကောင်စီရဲ့ ယာယီသမ္မတ ဦးမြင့်ဆွေရဲ့ ကျန်းမာရေးဟာ အခုအခြေအနေမှာ အထူးစိုးရိမ်ဖွယ်ရာ ဖြစ်နေတယ်လို့ ကာ/လုံရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ကျန်းမာရေးအထူးစိုးရိမ်နေရတဲ့ ဦးမြင့်ဆွေကို အမှတ်(၂)စစ်ဆေးရုံ ကုတင် (၁၀၀၀)ရဲ့ အထူးကြပ်မတ်ကုသဆောင်မှာ ဆေးကုသမှု ခံယူနေရတယ်လို့ ဆိုပါတယ်။

သူ့အနေနဲ့ ဇူလိုင်လ (၂၄)ရက်နေ့မှာ ကိုယ်အလေးချိန်လျော့ကျတာ၊ အစားမစားနိုင်တာ၊ အဖျားတက်တာနဲ့ ဦးနှောက်နိုးကြားတာ လျော့နည်းလာတာတို့ကြောင့် စစ်ဆေးရုံမှာ ထပ်မံဆေးကုသနေရတာလို့ ထုတ်ပြန်ထားပါတယ်။

ဦးမြင့်ဆွေဟာ ၂၀၂၃ခုနှစ် နှစ်ဆန်းပိုင်းကစပြီး မလှုပ်ရှားနိုင်တော့တာနဲ့ မစားမဝင်တော့ဘဲ အားနည်းလာတာတို့ကြောင့် အထူးဆေးကုသတဲ့အဖွဲ့နဲ့ ကျန်းမာရေးစစ်ဆေးတာတွေ ဆောင်ရွက်ခဲ့ရတာပါ။

သူဟာ အာရုံကြောအားနည်းရောဂါတို့ကို ခံစားရတာကြောင့် ပြီးခဲ့တဲ့ ၂၀၂၄ခုနှစ်ထဲ စင်္ကာပူနိုင်ငံနဲ့ အမှတ်(၂)စစ်ဆေးရုံ ခုတင်(၁၀၀၀)တို့မှာ ဆေးကုသမှု ခံယူခဲ့ရပါတယ်။

ဒါ့အပြင် ဆေးရုံကဆင်းပြီးနောက်မှာလဲ စစ်ကောင်စီကျန်းမာရေးဝန်ကြီး ဦးဆောင်တဲ့ အထူးဆေးကုသမှုအဖွဲ့နဲ့ ကျန်းမာရေးစစ်ဆေးကုသတာတွေ ပြုလုပ်ခဲ့ရသလို နေအိမ်မှာပဲ ဆေးခွင့်နဲ့ အနားယူနေခဲ့ရတာလို့ သိရပါတယ်။

ထရန့်ရဲ့ နျူကလီးယားပြင်ဆင်အမိန့်ပေးမှုအပေါ် ရုရှား တိတ်ဆိတ်နေဆိုရှယ်မီဒီယာမှာ နျူကလီးယားနဲ့ ပတ်သက်သက်တဲ့ အစပြု တုံ့ပြန်မ...
05/08/2025

ထရန့်ရဲ့ နျူကလီးယားပြင်ဆင်အမိန့်ပေးမှုအပေါ် ရုရှား တိတ်ဆိတ်နေ
ဆိုရှယ်မီဒီယာမှာ နျူကလီးယားနဲ့ ပတ်သက်သက်တဲ့ အစပြု တုံ့ပြန်မှုဟာ သမိုင်းမှာ ပထမဆုံးအကြိမ် ဖြစ်နေမည်လော။

ရုရှားသမ္မတဟောင်း ဒီမီထရီ မက်ဗီဒက်၏ ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့မှု ကြောင့် ဒေါသထွက် သွားသည့် သမ္မတဒေါ်နယ်ထရန့်က နျူကလီးယား ရေငုပ်သင်္ဘောနှစ်စင်းကို ရုရှားနိုင်ငံနဲ့ ပိုမိုနီးကပ်စွာ ရွေ့လျားဖို့ အမိန့်ပေးခဲ့သည်။

ထိုလုပ်ဆောင်မှု မော်စကိုက မည်သို့တုံ့ပြန်မည်နည်း။ အမေရိကန်နဲ့ ရုရှားကြား နျူကလီးယားလက်နက်ဖြင့် ရင်ဆိုင် ရေး လမ်းကြောင်းပေါ် ရောက်နေပြီလော?။ ၁၉၆၂ ခုနှစ် ကျူးဘားဒုံးကျဥ် အရေးအခင်းကဲ့သို့ အင်တာနက်ခေတ်မြင်ကွင်း ဖြစ်လာမလော။
ရုရှား၏ကနဦး တုံ့ပြန်မှုသည်သံသယဖြစ်စရာရှိသည်။
ထရမ့်ရဲ့ ကြေညာချက်ကို ရုရှားသတင်းဌာနများက ငြင်းဆိုထားသည်။
Moskovsky Komsomolets သတင်းစာ၏ စစ်ဘက်ဝေဖန်သုံးသပ်သူတဦးက ထရန့်က "ဒေါသတကြီး ဝုန်းဒိုင်းကြဲနေခဲ့တယ်" လို့ ကောက်ချက်ချခဲ့ကြောင်း ရေးသားခဲ့ပါတယ်။

ရုရှားအငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီးတစ်ဦးက အမေရိကန် သမ္မတရဲ့ ရေငုပ်သင်္ဘော အကြောင်း ပြောဆိုမှုသည် အဓိပ္ပါယ်မရှိသည့် ရယ်မောဖွယ်ရာသာဖြစ်ကြောင်းနှင့် ထရန့်၏ တုံ့ပြန်တတ်သည့် အမူအကျင့်သဘောသာဖြစ်ကြောင်း Kommersant ကို ပြောကြားခဲ့ပါသည်။
ကျွန်တော့်အနေနဲ့ [ရေငုပ်သင်္ဘောတွေအကြောင်း] ကို ထရန့်က တကယ်အမိန့်မပေးခဲ့တာ သေချာပါတယ်" ဟု ရုရှားလုံခြုံရေးကျွမ်းကျင်သူတစ်ဦးက အလားတူစာတမ်းကို အကြံပြု ပြောကြားခဲ့ပါတယ်။

၂၀၁၇ ခုနှစ်တွင် ထရန့်က မြောက်ကိုရီးယားအား သတိပေးချက်အဖြစ် ကိုရီးယား ကျွန်းဆွယ်ကို နျူကလီးယားရေငုပ်သင်္ဘောနှစ်စင်း စေလွှတ်ခဲ့ကြောင်းလည်း Kommersant က ရေးသားခဲ့သည်။
သိပ်မကြာခင်မှာပဲ ထရန့်ဟာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန် (Kim Jong Un) နဲ့ တွေ့ဆုံခဲ့ပါသည်။
ထို့ကြောင့် ဒေါ်နယ်တရန့်၏ရေငုပ်သင်္ဘော ဖြန့်ကျက်မှုက အမေရိကန်-ရုရှား ထိပ်သီး ဆွေးနွေးပွဲ အတွက် ရှေ့ပြေးနိမိတ်တစ်ခု ဖြစ်နိုင်မလား။

သို့ရာတွင် ရုရှားအာဏာပိုင်များ၏ တုံ့ပြန်မှုက စိတ်ဝင်စားစရာဖြစ်သည်။
ယခုအချိန်အထိ ဘာတုံ့ပြန်မှုမှ မရှိခြင်းဖြစ်သည်။
ကရင်မလင်မှ မဟုတ်သလို၊ ရုရှား နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း မဟုတ်ပါ။ ကာကွယ်ရေး ဝန်ကြီးဌာနကလည်း မဟုတ်ပါ။
နျူကလီးယား ရေငုပ်သင်္ဘောတွေကို ရုရှားနဲ့ ပိုမိုနီးကပ်စွာ နေရာချထားခြင်းနှင့် ပတ်သက်ပြီး တော့လည်း ကြေညာချက် ထုတ်တာကိုလည်း မတွေ့ရသေးပါ။

မော်စကိုက အခြေအနေကို လေ့လာပြီး ဘာလုပ်ရမလဲဆိုတာ ဆက်လုပ်နေတယ်လို့ ညွှန်ပြနေတာ ဒါမှမဟုတ် မော်စကိုက တုံ့ပြန်ဖို့ မလိုအပ်ဘူးလို့ ထင်နိုင်ပါသည်။
ထရမ့်သည် မက်ဗီဒက်နဲ့ ဆိုရှယ်မီဒီယာတွင် ရက်အတော်ကြာ ရန်ဖြစ်ခဲ့ပါသည်။

ယူကရိန်းစစ်ပွဲအဆုံးသတ်ရန် ရုရှားအတွက် ရက် ၅၀ ကန့်သတ်ရက်ကို နှစ်ပတ်အောက်ကို ထရန့်က လျှော့ချလိုက်ပြီးနောက် မက်ဗီဒက်က ထရန့်ဟာ "ရုရှားနဲ့ ရာဇသံပေးတဲ့ ဂိမ်းကို ကစားနေပါတယ်။ ရာဇသံအသစ်တိုင်းသည် ခြိမ်းခြောက်မှုနဲ့ စစ်ပွဲဆီကို လှမ်းနေသော ခြေလှမ်းတစ်ခုဖြစ်တယ်" လို့ ကြေညာခဲ့ပါသည်။

ထရန့်က "အာဏာရှိဆဲလို့ ယူဆတဲ့ မအောင်မြင်တဲ့ ရုရှားသမ္မတဟောင်း မက်ဗီဒက်ကို ပြောလိုက်ပါ၊ သူပြောတာကို သတိထားဖို့ ပြောပါ။ အလွန်အန္တရာယ်များတဲ့ နယ်မြေထဲကို ဝင်နေတယ်" ဟုထရမ့်က တုံ့ပြန်ခဲ့ပါသည်။

မက်ဗီဒက်ရဲ့ နောက်ပို့စ်မှာ ဆိုဗီယက်ယူနီယံတွင် တီထွင်ထားသည့် အလိုအလျောက် နျူကလီးယား လက်တုံ့ပြန်ရေးစနစ်ဖြစ်တဲ့ သေမင်းရဲ့လက်( “Dead Hand”) ကို ကိုးကားဖော်ပြထားခဲ့သည်။
ဒီတုံ့ပြန်မှုဟာ အိမ်ဖြူတော် အကြီးအကဲအတွက် လက်ခံနိုင်တဲ့အရာ မဟုတ်ဘူးဆိုတာ ရှင်းပါသည်။

၂၀၀၈ ခုနှစ်မှ ၂၀၁၂ ခုနှစ်အတွင်း ရုရှားသမ္မတဖြစ်ခဲ့တဲ့ မက်ဗီဒက်အား ပျော့ပြောင်းတဲ့ လစ်ဘရယ်ပုံစံနှင့်လူတယောက်အဖြစ် ရှုမြင်ခံခဲ့ရသည်။
"လွတ်လပ်မှုဟာ မလွတ်လပ်ခြင်းထက်သာ၍ ကောင်းတယ်" လို့ သူရဲ့ကျော်ကြားတဲ့ စကားကို ကိုးကားပြောဆိုခဲ့ဘူးသည်။

သို့ရာတွင် သူသည် ပို၍ရန်လိုလာခဲ့ပါသည်။ ယူကရိန်းကို ရုရှားက အပြည့်အ၀ ကျူးကျော် ဝင်ရောက်ပြီးကတည်းက အနောက်နိုင်ငံများကို ဆိုရှယ်မီဒီယာတွေမှာ ဆန့်ကျင်တိုက်ခိုက်မှုကြောင့် နာမည်ရလာခဲ့ပါတယ်။ သူ့ပြောဆိုချက်ကို ကရင်မလင်ရဲ့အသံအဖြစ် မရှုမြင်သည့်အတွက် သူတိုက်ခိုက် နေခြင်းများကို သတိမပြုမိဘဲ ကျော်သွားခဲ့ကြသည်။

သို့ရာတွင် ရုတ်တရက် သူ့ကို အမေရိကန် သမ္မတက သတိထားမိသွားခဲ့သည်။
သတိထားမိရုံမျှမက ထရန့်ဒေါ်သကို ထိုးဆွနိုင်ခဲ့တဲ့အထိ သူက လှုံဆော်နိုင်ခဲ့ပါသည်။
ဆိုရှယ်မီဒီယာမှာ တင်ထားသည်များကို မကြိုက်တာရှိကြပါသည်၊ လူများအားလုံး ဆိုရှယ်မီဒီယာကိုရောက်ဖူးကြသည် ကြည့်ဖူးကြသည်။

ထို့ကြောင့် ဆိုရှယ်မီဒီယာမှာ ရေးတင်တာကြောင့် နျူကလီးယား ရေငုပ်သင်္ဘောတွေ ပို့လွှတ်လိုက်သည့်အထိလုပ်ဆောင်ခြင်းသည် အလွန်အကျွံ လုပ်ဆောင်သလို ခံစားရသည်။
ထရန့်က ဘာကြောင့် ဒီလိုလုပ်လိုက်တာလဲ။

Newsmax သတင်း နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ထရန့်၏ ကိုယ်ပိုင်ရှင်းလင်းချက်မှာ "မက်ဗီဒက် က အရမ်းဆိုးတဲ့ အကြောင်းအရာတချို့ကို ပြောခဲ့ပါတယ် နျူကလီးယားအကြောင်းကို ပြောနေတာပါ ။ နျူကလီးယားဆိုတဲ့ စကားလုံးကို ပြောတဲ့အခါ ကျွန်တော့်မျက်လုံးတွေ တောက်ပလာခဲ့တယ် ကျွန်တော်ပြောမယ် သတိထားဖို့လိုမယ် ဘာကြောင့်လဲဆိုတော့ အဲဒါက အဆုံးစွန်သော ခြိမ်းခြောက်မှုတစ်ခု ဖြစ်လို့ပါပဲ"ဟုရှင်းပြခဲ့သည်။

သို့ရာတွင် မက်ဗီဒက်သည် ဆိုရှယ်မီဒီယာမှ တစ်ဆင့် နျူကလီယာ ဗုံးကြဲတိုက်ခိုက်မည်ဟု ကာလ ကြာရှည်စွာ ချိမ်းခြောက်နေသောကြောင့် အသစ်အဆန်းတော့ မဟုတ်ခဲ့ပါ။
ထရန့်သည် မကြာသေးမီကမှ မက်ဗီဒက်၏ ပို့စ်များကိုတွေ့ပြီး ပုဂ္ဂိုလ်ရေးအရယူဆကာ လိုက်လျော ညီထွေ တုံ့ပြန်ခဲ့ခြင်း ဖြစ်သည်။

ကစားရာတွင် နည်းဗျူဟာရှိပါသလား။ ထရန့်သည် လုပ်ဆောင်နေသည့်လုပ်ငန်းဆောင်တာများ၊ စီးပွားရေးနဲ့ နိုင်ငံရေးတို့မှာ ဆွေးနွေးမှုမပြုမီ ဒါမှမဟုတ် ညှိနှိုင်းမှုအတွင်း ကြိုတင်မှန်းဆနိုင်မှုမရှိဘဲ မထင်မှတ်တဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်တတ်တာကြောင့် ပြိုင်ဘက်များကို ဟန်ချက်ပျက် စေခဲ့ပါသည်။

အံ့အားသင့်စရာ ရေငုပ်သင်္ဘောများကို ဖြန့်ကျက်ချထားသည့်ကိစ္စမျိုးသည် ထိုအမျိုးအစားတွင်းသို့ရောက်သွားနိုင် ပါသည်။

BBC- Steve Rosenberg:‌ရေးသားသော Rosenberg: Russia is staying quiet on Trump's nuclear move ကို ခေတ်မျက်လုံးမှဘာသာပြန်သည်။

စစ်ကောင်စီတပ်ရဲ့ ဝင်းဝတပ်စခန်းက တပ်သား (၂)ဦး လက်နက်ခဲယမ်းတွေနဲ့ KNLA ထံ ဘက်ပြောင်းခိုလှုံဩဂုတ်လ (၅)ရက်။မနေ့က စစ်ကောင်စီတ...
05/08/2025

စစ်ကောင်စီတပ်ရဲ့ ဝင်းဝတပ်စခန်းက တပ်သား (၂)ဦး လက်နက်ခဲယမ်းတွေနဲ့ KNLA ထံ ဘက်ပြောင်းခိုလှုံ

ဩဂုတ်လ (၅)ရက်။

မနေ့က စစ်ကောင်စီတပ်ရဲ့ ခလရ(၄၀၃) ဝင်းဝတပ်စခန်းက တပ်ဖွဲ့ဝင် တပ်သား (၂)ဦး လက်နက်ခဲယမ်းတွေနဲ့ KNLA ထံ ဘက်ပြောင်းခိုလှုံလာခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ဝင်းဝတပ်စခန်းက တပ်ဖွဲ့ဝင်တပ်သား (၂)ဦးဟာ KNLA တပ်မဟာ(၄)၊ တပ်ရင်း (၁၂)၊ တပ်ခွဲ(၂)ထံ MA-1 (၁)လက်၊ MA-2 (၁)လက်၊ ကျည်ဆံ (၄၀၀)နဲ့ ကျည်ဘောင် (၈)ခုတို့နဲ့ ဘက်ပြောင်းခိုလှုံလာတာလို့ ဆိုပါတယ်။

KNLA ဆီ ဘက်ပြောင်းခိုလှုံလာတဲ့ စစ်ကောင်စီတပ်သား (၂)ဦးဟာ အသက် (၄၂)နှစ်အရွယ် မောင်မောင်စိုးနဲ့ အသက် (၂၀)နှစ်အရွယ် မောင်ဇော်ဇော်တို့ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

သူတို့ (၂)ဦးဟာ ရှေ့က အလင်းဝင်ဘက်ပြောင်းခိုလှုံလာတဲ့ တပ်သား မောင်ကျော်ကျော်ရဲ့ ချိတ်ဆက်ကူညီတာနဲ့ KNLA တပ်ခွဲ (၂)ထံ ဘက်ပြောင်းခိုလှုံလာခဲ့တာလို့ KNU က ပြောဆိုထားပါတယ်။

အခုလို ဘက်ပြောင်းခိုလှုံလာတဲ့ တပ်သား (၂)ဦးကို KNLA တပ်ရင်း(၁၂) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး စောဒါးဒါးက ဆုငွေ တယောက်ကို သိန်း(၄၀)ကျပ်စီ ပေးအပ်ခဲ့ပြီး ကူညီဆက်သွယ်ပေးတဲ့ တပ်သား မောင်ကျော်ကျော်ကို ဂုဏ်ပြုငွေ သိန်း(၂၀) ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

သာယာဝတီထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေ အသက်အန္တရာယ် ခြိမ်းခြောက်ခံနေရဩဂုတ်လ (၅)ရက်။သာယာဝတီထောင်ထဲ ထောင်အာဏာပိုင်တွေနဲ့ လ...
05/08/2025

သာယာဝတီထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေ အသက်အန္တရာယ် ခြိမ်းခြောက်ခံနေရ

ဩဂုတ်လ (၅)ရက်။

သာယာဝတီထောင်ထဲ ထောင်အာဏာပိုင်တွေနဲ့ လက်ပါးစေတွေက နိုင်ငံရေးအကျဉ်းသားတွေကို အသက်အန္တရာယ် ခြိမ်းခြောက်တာတွေ ပြုလုပ်နေတယ်လို့ PPNM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

သာယာဝတီထောင်ရှိ သီးသန့်(က/ခ)တိုက်ထဲက နိုင်ငံရေးအကျဉ်းသားတွေကို ထောင်အာဏာပိုင်တွေနဲ့ ပူးပေါင်းပြီး နှစ်ကြီးကျအကျဉ်းသား ပြူးကြီးဆိုသူက ရိုက်နှက်တာ၊ အသက်အန္တရာယ်ထိခိုက်ဖို့ နည်းလမ်းအမျိုးမျိုးနဲ့ နှိပ်စက်အနိုင်ကျင့်နေတာလို့ ဆိုပါတယ်။

အကျဉ်းသားပြူးကြီးဟာ ထောင်အာဏာပိုင်တွေအတွက် လူသတ်ပေးဖို့ပါ အသင့်ရှိတယ်လို့ ကြွေးကြော်ထားကာ ထောင်အာဏာပိုင်တွေရဲ့ ဖိနှိပ်တာကို ဆန့်ကျင်ရင်ဆိုင်တဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အသက်ရှင်ခွင့်မရအောင် ပြုလုပ်မယ်ဆိုပြီး ခြိမ်းခြောက်ထားတယ်လို့ ဖော်ပြထားပါတယ်။

နောက်ပြီး အခြားမှုဖြစ်ကာ နောက်တိုးထောင်ဒဏ်တွေကို ဂရုစိုက်ဖို့မလိုဘူးဆိုပြီး ကြွေးကြော်ကာ ရိုက်နှက်လေ့ရှိတာကြောင့် သာယာဝတီထောင် တိုက်ထဲရှိ နိုင်ငံရေးအကျဉ်းသားတွေအတွက် အထူးစိုးရိမ်ပူပန်နေရတယ်လို့ PPNM က ပြောဆိုထားပါတယ်။

အဲ့ဒီအကျဉ်းသားပြူးကြီးဟာ LGBT နိုင်ငံရေးအကျဉ်းသားတစ်ဦးဖြစ်တဲ့ ကိုရဲရင့်ကို(ခ)ရဲရဲကို လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ဖို့ကြိုးပမ်းရာမှာ ခေါင်းကွဲတဲ့အထိ ရိုက်နှက်ခဲ့သူဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် အဲ့ဒီဖြစ်စဉ်မှာ တရားမျှတမှုရှိဖို့ တောင်းဆိုတိုက်ပွဲဝင်တဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အငြှိုးထားကာ သူတာဝန်ယူထားတဲ့ ပြစ်ဒဏ်ကျအကျဉ်းသားတွေကို ထောင်ဝန်ထမ်းတွေနဲ့ ပူးပေါင်းပြီး ရိုက်နှက်နှိပ်စက်နေတယ်လို့ ရေးသားထားပါတယ်။

ပြူးကြီးဟာ လူသတ်ဓါးပြမှုနဲ့ သေဒဏ်ကျထားသူဖြစ်ပြီး မန္တလေး အိုးဘိုထောင်ကနေ ထောင်ပြောင်းရောက်ရှိလာကာ သာယာဝတီထောင်ပိုင် ရဲရင့်နိုင်ရဲ့ တပည့်အနေနဲ့ ဆက်လက်တည်ရှိပြီး ထောင်ပြောင်းအကျဉ်းသားတွေနဲ့ ပြစ်ဒဏ်ကျအကျဉ်းသားတွေကို ထောင်ပုံစံသွင်းတယ်လို့ အကြောင်းပြကာ လူမဆန်စွာ ရိုက်နှက်၊ ငွေညှစ်နေတာလို့ ဆိုပါတယ်။

ဖြစ်စဉ်ထဲ ပါဝင်ကျူးလွန်သူတွေကို အကူးအပြောင်းကာလနဲ့ အခုကြားကာလမှာ ကျူးလွန်တာနဲ့ ပါဝင်ပတ်သက်တာတွေအတိုင်း တရားမျှတမှု ရရှိစေဖို့ ကြိုးစားသွားမယ်လို့ PPNM ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

လယ်ဒိုမြို့မှာ ရေကြီးရေလျှံတာကြောင့် ကျေးရွာပေါင်း (၈၀)ရွာ ရေနစ်မြုပ်ဩဂုတ်လ (၅)ရက်။ဇူလိုင်လ (၂၄)ရက်နေ့ကစပြီး လယ်ဒိုမြို့...
05/08/2025

လယ်ဒိုမြို့မှာ ရေကြီးရေလျှံတာကြောင့် ကျေးရွာပေါင်း (၈၀)ရွာ ရေနစ်မြုပ်

ဩဂုတ်လ (၅)ရက်။

ဇူလိုင်လ (၂၄)ရက်နေ့ကစပြီး လယ်ဒိုမြို့မှာ ရေကြီးရေလျှံတာကြောင့် ကျေးရွာပေါင်း (၈၀)ရွာ ရေနစ်မြုပ်ခဲ့ရတယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

လယ်ဒိုမြို့မှာ မိုးသည်းထန်စွာရွာသွန်းပြီး စစ်တောင်းမြစ်ရေ ရေကြီးရေလျှံတာကြောင့် ကျေးရွာပေါင်း (၈၀)ရွာ အခုအချိန်အထိ ရေနစ်မြုပ်နေကာ လယ်ဧက (၃၀၀၀၀)ကျော် ရေလွှမ်းမိုးခဲ့ရတယ်လို့ ဆိုပါတယ်။

ရေနစ်မြုပ်နေတဲ့ ကျေးရွာအုပ်စု (၂၄)အုပ်စုက ကျေးရွာပေါင်း (၈၀)ရွာမှာ အိမ်ခြေစုစုပေါင်း (၅၄၉၅)လုံးရှိပြီး လူဦးရေ (၂၈၀၀၀)ကျော်ရှိတယ်လို့ ဖော်ပြထားပါတယ်။

နောက်ပြီး ရေကြီးရေလျှံတာကြောင့် လယ်ဒိုမြို့နယ်ရှိ စာသင်ကျောင်းပေါင်း (၃၇)ကျောင်းမှာ အခုအချိန်အထိ ကျောင်းတက်မရဘဲ ကျောင်းတွေ ယာယီပိတ်ထားရတယ်လို့ KNU က ပြောဆိုထားပါတယ်။

ဒါ့အပြင် မူးမြို့နယ်ရှိ ကျေးရွာပေါင်း (၅၇)ရွာလဲ ရေနစ်မြုပ်နေသလို နေအိမ် (၁၄)လုံး ရေထဲမျောပါသွားခဲ့ပြီး လယ်ဧက (၄၀၀၀)ကျော် ရေလွှမ်းမိုးကာ စာသင်ကျောင်း (၁၈)ကျောင်း ယာယီပိတ်ထားရပါတယ်။

အခုလို ရေကြီးရေလျှံတဲ့ဖြစ်စဉ်ထဲ လူထိခိုက်တာတွေလဲ ရှိခဲ့ကာ ပြည်တွင်း၊ ပြည်ပအဖွဲ့တွေအနေနဲ့ ရေဘေးသင့်ပြည်သူတွေကို လူသားစာနာမှုအကူအညီတွေ ပံ့ပိုးပေးဖို့ မူးမြို့နယ် ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီက ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးက တရားမဝင်ဖွင့်ထားတဲ့ စားသောက်ဆိုင်နဲ့ အဆောက်အအုံတွေကို ဖယ်ရှားဖို့ မင်းအောင်လှိုင် အမိန့်...
05/08/2025

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးက တရားမဝင်ဖွင့်ထားတဲ့ စားသောက်ဆိုင်နဲ့ အဆောက်အအုံတွေကို ဖယ်ရှားဖို့ မင်းအောင်လှိုင် အမိန့်ပေး

ဩဂုတ်လ (၅)ရက်။

ရန်ကုန်-မန္တလေး အမြန်လမ်းက တရားမဝင်ဖွင့်ထားတဲ့ စားသောက်ဆိုင်နဲ့ အဆောက်အအုံတွေကို ဖယ်ရှားဖို့ စစ်ကော်မရှင်ဥက္ကဋ္ဌ မင်းအောင်လှိုင်က မနေ့က အမိန့်ပေးခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

စစ်ကော်မရှင်ဥက္ကဋ္ဌ မင်းအောင်လှိုင်ဟာ ရန်ကုန်ကနေ နေပြည်တော်ကို အမြန်လမ်းမကြီးအတိုင်း ကားနဲ့သွား ငလျင်ကြောင့် ပျက်စီးခဲ့တဲ့ လမ်းပိုင်းအခြေအနေကို စစ်ဆေးချိန် ညွှန်ကြားခဲ့တာလို့ ဆိုပါတယ်။

အမြန်လမ်းမကြီးဘေးတလျှောက်မှာ တရားမဝင်ဖွင့်ထားတဲ့ စားသောက်ဆိုင်တွေနဲ့ အဆောက်အအုံတွေကို အမြန်လမ်းမကြီးဥပဒေနဲ့ ထိန်းသိမ်းဆောင်ရွက်ဖို့ဆိုပြီး သူက ပြောဆိုခဲ့တာပါ။

နောက်ပြီး အမြန်လမ်းမကြီးပေါ်ကိုတက်ဖို့အတွက် တရားမဝင်လမ်းတွေ ဖောက်လုပ်ထားတာမရှိဖို့အပါအဝင် သတ်မှတ်ထားတဲ့လမ်းတွေကို အမြန်လမ်းမကြီးဥပဒေ၊ စည်းမျဉ်းစည်းကမ်းတွေအတိုင်း ဖောက်လုပ်ဖို့ ညွှန်ကြားခဲ့ပါသေးတယ်။

ဒါ့အပြင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးကို လေးလမ်းသွား နိုင်လွန်ကတ္တရာခင်းပြီး အဆင့်မြှင့်တင်တဲ့လုပ်ငန်းတွေ ဆောင်ရွက်နိုင်အောင် စီမံချက်ရေးဆွဲဖို့ကိုလဲ မင်းအောင်လှိုင်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ရန်ကုန်-မန္တလေး အမြန်လမ်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တို့အကြား မကြာခဏ တိုက်ပွဲဖြစ်ပွားတာတွေရှိပြီး စစ်ကောင်စီတပ်စခန်းတွေ အထိနာကာ စခန်းသိမ်းပိုက်ခံရတာတွေရှိတယ်လို့ သိရပါတယ်။

ဝေါလေမြိုင်ရှိ DKBA စစ်ရေးချုပ်နေအိမ် အသေခံဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခံရဩဂုတ်လ (၄)ရက်။မနေ့က ညနေပိုင်းအချိန် မြဝတီမြို...
05/08/2025

ဝေါလေမြိုင်ရှိ DKBA စစ်ရေးချုပ်နေအိမ် အသေခံဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခံရ

ဩဂုတ်လ (၄)ရက်။

မနေ့က ညနေပိုင်းအချိန် မြဝတီမြို့တောင်ဘက်၊ ဝေါလေမြိုင်ဒေသရှိ DKBA စစ်ရေးချုပ် ဗိုလ်မှူးကြီး စောစိန်ဝင်းရဲ့နေအိမ်ကို စစ်ကောင်စီတပ်က အသေခံဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တယ်လို့ ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။

"စကစက ဝေါလေဗျူဟာကုန်းပေါ်ကနေ ဝေါလေမြိုင်မြို့ထဲကို အဝေးပစ်လက်နက်တွေနဲ့ ပစ်ခတ်နေတာကနေ ညနေပိုင်းမှာ ဗိုလ်မှူးကြီး စောစိန်ဝင်းရဲ့နေအိမ်ကို အသေခံဒရုန်းနဲ့ ဗုံးသီးကြဲချသွားတာ။ အဲ့ဒီအိမ်မှာ လူမနေတော့ ထိခိုက်တာမရှိဘူး"လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ ဝေါလေမြိုင်‌ရှိ DKBA စစ်ရေးချုပ် ဗိုလ်မှူးကြီး စောစိန်ဝင်းရဲ့ နေအိမ်ကို အသေခံဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ရာ နေအိမ်ထဲ နေထိုင်သူမရှိတာကြောင့် လူထိခိုက်တာ မရှိခဲ့ဘူးလို့ သိရပါတယ်။

"အသေခံဒရုန်း (၂)စီးနဲ့ ဗုံးသီးကြဲချတိုက်ခိုက်တာ။ တလုံးက တခြားအိမ်ဘက်နဲ့ နောက်တလုံးက DKBA စစ်ရေးချုပ်နေအိမ်လို့သိရတယ်။ လူထိခိုက်တာမရှိဘူး။ အိမ်ကတော့ ခေါင်မိုးတွေ ပျက်စီးသွားတယ်"လို့ သူက ဆက်ပြောပါတယ်။

အခုလို စစ်ကောင်စီတပ်က အပစ်ရပ်ထား‌တဲ့ DKBA ရဲ့ တာဝန်ရှိသူ နေအိမ်ကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်တာဟာ အရင်က လုပ်ဆောင်တာမျိုးမရှိခဲ့ဘူးလို့ ဒေသထဲသတင်းတွေက ဖော်ပြထားပါတယ်။

ဒါ့အပြင် မြဝတီတောင်ဘက် ထိုင်း-မြန်မာနယ်စပ်က စစ်ကောင်စီတပ်ရဲ့ လက်ကျန်စခန်းဖြစ်တဲ့ ဝေါလေဗျူဟာကုန်းကို ‌KNLA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက ထိုးစစ်ဆင်ကာ ပိတ်ဆို့တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

住所

Minato, Tokyo

電話番号

+818040904355

ウェブサイト

http://eraseye.com/

アラート

Era's Eyeがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

事業に問い合わせをする

Era's Eyeにメッセージを送信:

共有する