06/06/2026
🇨🇭ဖြစ်စဥ်အကြောင်းရင်း🇨🇭
၃လပိုင်းရဲ့ တစ်ရက်မှာ ၂၃ရက်နေ့ပေါ့
အစားအလွန်အကျွံစားမိပြီး မအီမသာဖြစ်လို့ အဲဒါနဲ့ပတ်သက်တဲ့ post တစ်ခါတင်ဖူးတယ်။
🇨🇭အကျိုးဆက်🇨🇭
အဲဒါရဲ့အကျိုးဆက် အစာအိမ်ရော အစာသယ်ရာလမ်းကြောင်း အစာရေမျိုပြွန်ကဒဏ်ပိပုံပဲ ၃လပိုင်းကနေခုထိ ၃လအကြာထိပေါ့ ဘာစားစား ခဏခဏပျို့တက်လာတာတို့ gasအပေါ်ဆန်တာတို့ အစာမကြေသလိုဖြစ်တာတို့ လေချဥ်ခဏခဏတက်တာတို့ ဘာစားစားအစာရေမျိုပြွန်က ဒဏ်ပိသလိုမျိုးဖြစ်တော့ ယောင်ယမ်းတာတွေဖြစ်မှာစိုးလို့ဆိုပြီး..... စိတ်ရှင်းအောင် ဒီနေ့ဆေးခန်းသွားပြီတိုင်ပင်ခဲ့တယ်။
🇨🇭ရလဒ်🇨🇭
ဖြစ်ကြောင်းကုန်စင်ဆရာဝန်က နားထောင်ပြီး... လုပ်ထုံးလုပ်နည်းအတိုင်းလူနာရာဇဝင် မေးမြန်းစစ်ဆေးအပြီး အစာအိမ်မှန်ပြောင်းရယ် CT ရယ် အာထရာစောင်းရယ် အကုန် စစ်ကြည့်ဖို့ဖြစ်သွားတယ်။
🇨🇭စစ်ဆေးခြင်းဖြစ်စဥ်အဆင့်ဆင့်🇨🇭
CT တို့ အာထရာစောင်းတို့က ပုံမှန်လုပ်ထုံးလုပ်နည်းအတိုင်း စစ်ဆေးတာတွေလုပ်ပြီး အစာအိမ်မှန်ပြောင်းစစ်ဖို့ဆက်လုပ်ရတာပေါ့။
အဲဒီအစာအိမ်မှန်ပြောင်းကြည့်ရမှာနဲ့ မေ့ဆေးပေးရမှာတွေရှိတော့ စစ်ဆေးမှုသဘောတူညီကြောင်းစာမှာလက်မှတ်ထိုးရတာပေါ့လေ။ ဟိုတစ်ခါက အူမကြီးအတွက် ကင်မရာကြည့်တုန်းကမေ့ဆေးပေးခံရဖူးတယ်။ တစ်နှစ်တည်းနဲ့ ၂ကြိမ်မေ့ဆေးသုံးရတာ အဆင်ပြေပါ့မလား မေးတော့ ဆရာဝန်ကဘာမှမဖြစ်ဘူးရတယ်ဆိုလို့ အစာအိမ်မှန်ပြောင်းဆက်ကြည့်ဖို့ဖြစ်သွားတယ်။
လူနာကသ ဘော တူကြောင်းစာ၊ စာထဲမှာ အကြောင်းရင်းအကုန်ဖတ်တော့လူက ပိုစိုးရိမ်စိတ်ဝင်လာတယ်။ စစ်ဆေးမှုလုပ်နေစဥ်အတွင်း လူနာက လှုပ်ရှားမိလို့ စစ်ဆေးတဲ့ကိရိယာနဲ့ တိုက်မိသွေးယိုစီးတာတွေရှိနိုင်ကြောင်း၊ မတော်တဆဆိုတာရှိနိုင်ကြောင်းနဲ့ အဆိုးဆုံးအ ခြေအနေဆို သေဆုံးတဲ့ထိဖြစ်နိုင်ကြောင်း ဆိုတဲ့သတိပေးစာကြောင်းပါတယ်လေ။
သေဆုံးတာကဖြစ်တောင့်ဖြစ်ခဲအခြေအနေပါပဲ ။ မတော်တဆကြောင့်နဲ့ သေဆုံးနှုန်း 0.00013%ရှိကြောင်း သတိပေးစားမှာပါတယ်လေ။ ဒါကို သိရှိသဘောတူကြောင်း လက်မှတ်ထိုးအတည်ပြု မှ စစ်ဆေးတာတို့ဆက်လုပ်လို့ရတာပေါ့နော်။
အဲဒါကို ဖတ်ပြီး စိတ်ပူမိသား။
စစ်ဆေးခန်းထဲဝင် အင်္ကျီလဲ အစာအိမ်အထိအခိုက်သက်သာဖို့ ဆေးရည်တစ်မျိုး ခွက်လေးနဲ့သောက်ခိုင်းလိုက်တယ်။ သွေးပေါင်စစ်လည်းပြီးရော မေ့ဆေးအတွက် သွေးကြောရှာအပ်နဲ့အသင့်ထိုးထားတာပေါ့ ဆေးတော့ထိုးမသွင်းသေးဘူး။
ပြီးတော့သူနာပြုက မှန်ပြောင်းကို ပါးစပ်နဲ့ ထည့်မလား နှာခေါင်းနဲ့ထည့်မလားဆိုလို့ ပါးစပ်ကိုရွေးလိုက်တယ်။ အားလုံးအဆင်သင့်ဖြစ်လို့ ၁၅မိနစ်အလိုမှာ ပါးစပ်ထဲ ဂျယ်လိုမျိုး အရည်တစ်မျိုး မမြိုချနဲ့တဲ့ ..... လှဲလျောင်းအနေအထားနဲ့ ပါးစပ်ထဲငုံထားရတာ ....... အချိန်တစ်ခုထိကြာတော့မှ အဲ့အရည်ကိုထွေးထုတ်ခိုင်းတယ် ။ ပါးစပ်ကတော့ထုံသွားလို့ နာကျဥ်တာတွေမရှိတော့ဘူး လှုပ်ရှားလို့တော့ရတယ်။ (ဒီဖြစ်စဥ်အားလုံးက လှဲရင်း လုပ်ဆောင်ရတာတွေချည်းပဲ)
မှန်ပြောင်းစထည့်ဖို့ ဘယ်ဘက်စောင်းအိပ်ခိုင်းပြီး ညာခြေထောက်ကွေးတဲ့အနေအထားလေး နဲ့ အနေအထားမှန်အသင့်ပြင်ခိုင်းထားလိုက်တယ်။
မှန်ပြောင်းစထည့်မယ်ဆိုကာမှ မေ့ဆေး ထိုးသွင်းပေးတယ်...... အဲ့ကနေစဘာမှမသိတော့ဘဲ ပြီးခါနီးမှ နိုးတစ်ဝက်အိပ်တစ်ဝက်သတိရလာတော့ လည်ချောင်းတစ်လျှောက်သွင်းလိုက်ထုတ်လိုက် မှန်ပြောင်းရှေ့တိုးနောက်ဆုတ်ခံစားရတော့ ချောင်းအပြင်း၂ချက်လောက်ဆိုးလိုက်မိတော့ ဘေးနားက သူနာပြုနှစ်ယောက်က ခေါင်းနဲ့ ခန္ဓာကိုယ်မလှုပ်ရှားရလေအောင် လာဖိထားတဲ့ထိပြန်မှတ်မိနေတယ်။
အဲဒါပြီးတော့ ပြန်မေ့သွားရော သတိရချိန်မှာ အားလုံးပြီးသွားပြီ။
ပြီးပေမယ့် ဆရာဝန်နဲ့ ဆရာမတွေကလုံးဝမလှုပ်ခိုင်းပဲ အိပ်တဲ့အနေအထားလေးကို ခန့်မှန်း တစ်နာရီကြာကြာထိစောင့်ကြည့်နေတာ။
စောင့်ကြည့်နေစဥ်အတွင်းကိုယ်ကနိုးနေတော့ တစ်ခန်းလုံး စစ်ဆေးတဲ့စက်အသံကလွှဲပြီးကျန်တာအကုန်တိတ်ဆိတ်လို့။
ကိုယ်ကလည်းစက်က ပီး ...ပီး....ပီး အသံကို ငြိမ်ငြိမ်လေးနားထောင်ရင်း ဆရာဝန်က အချိန်ရောက်တော့ အဖြေလာပြောပြရှင်းပြတော့ သံသယတွေရှင်းသွားတယ်။