09/09/2026
"သိတာကို ပြောတတ်တာထက်… မပြောသင့်တာကို သိတတ်ဖို့ ပိုအရေးကြီးပါတယ်" 🍀🩵
◾ဘဝမှာ စကားပြောတတ်တာဟာ ဉာဏ်ရည်တမျိုးလို့ ဆိုကြပါတယ်။
ဒါပေမယ့် ဘယ်အချိန်မှာ ဘာကို မပြောသင့်ဘူးဆိုတာ သိတတ်ခြင်းကတော့ Wisdom အဆင့် ဖြစ်သွားပါပြီ။
လူတယောက်ဟာ စကားလုံးတွေကို လှလှပပ ရွေးပြောတတ်နိုင်တယ်။
အကြောင်းအရာတခုကိုလည်း ထက်ထက်မြက်မြက်နဲ့ ရှင်းပြနိုင်တယ်။
အငြင်းအခုံတခုမှာ ကိုယ့်ဘက်က မှန်ကြောင်း အထောက်အထားတွေနဲ့ပါ အနိုင်ယူနိုင်ပါသေးတယ်။
ဒါပေမယ့်…
မှန်တာတိုင်းကို အချိန်တိုင်း ပြောလို့ မဖြစ်နိုင်ပါဘူး။
◾လောကမှာ တချို့သော အမှန်တရားတွေဟာ အချိန်မတန်ခင် ပြောလိုက်ရင် အကျိုးထက် အနာကို ပိုဖြစ်စေတယ်။
တချို့စကားတွေက ကိုယ်ပြောတဲ့အချိန်မှာ မှန်နေပေမယ့် နားထောင်သူရဲ့ စိတ်အခြေအနေကြောင့် မှားယွင်းစွာ လက်ခံခံရနိုင်တယ်။ တချို့အခါမှာတော့ စကားတခွန်းကို ပြောလိုက်ခြင်းထက် တိတ်တိတ်လေးနေလိုက်ခြင်းက ပိုပြီး လူသားဆန်တာရှိတယ်။
“တကယ်က စကားဆိုတာ လက်နက်လိုပါပဲ။ ဘယ်လိုကိုင်တွယ်မလဲဆိုတာပဲ အရေးကြီးတယ်” လို့ ဆိုနိုင်ပါတယ်။
ဒေါသထွက်နေတဲ့အချိန်မှာ ပြောတဲ့စကားဟာ နောက်မှ ပြန်ရုပ်သိမ်းလို့ မရနိုင်တော့ဘူး။
ရင်ထဲက နာကျင်မှုနဲ့ ထွက်လာတဲ့ စကားတခွန်းက တဖက်လူရဲ့ နှလုံးသားမှာ အမာရွတ်ဖြစ်သွားနိုင်ပါတယ်။
အဲဒီအမာရွတ်ကိုတော့ “ငါဒေါသထွက်နေလို့ပါ” ဆိုတဲ့ စကားတခွန်းနဲ့ ပြန်ဖျက်လို့ မရတော့ပါဘူး။
◾ဒါကြောင့် ရင့်ကျက်လာတဲ့အခါ စကားနည်းလာတာ မဟုတ်ဘဲ စကားရွေးလာတာ ဖြစ်ပါတယ်။nဘယ်နေရာမှာ ဘာပြောရမလဲ သိလာတယ်။ ဘယ်သူ့ရှေ့မှာ ဘယ်အကြောင်းအရာကို ပြောသင့်လဲ ခွဲခြားတတ်တယ်။ ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာကို လူတိုင်းသိဖို့ မလိုဘူးဆိုတာ နားလည်လာမယ်။ တဖက်လူရဲ့ လျှို့ဝှက်ချက်ကို သိထားတာနဲ့ အဲဒါကို ပြောပိုင်ခွင့်ရှိသွားတာ မဟုတ်ဘူးဆိုတာလည်း သဘောပေါက်လာတယ်။
"Privacy is not secrecy. Sometimes, it is self-respect." တဲ့။
တခါတလေ လူတယောက်က ကိုယ့်ဆီမှာ ရင်ဖွင့်လာတယ်။
အဲဒီအချိန်မှာ သူ့အကြောင်းကို နားထောင်ပေးနိုင်ခြင်းက စကားပြောကောင်းခြင်းထက် ပိုတန်ဖိုးရှိပါတယ်။
သူ့အတွက် အဖြေတခု အလျင်အမြန်ပေးဖို့ထက် သူ့စကားဆုံးအောင် နားထောင်ပေးလိုက်တာကပင် လုံလောက်နေပါပြီ။ ဒါက "Listening is also a form of wisdom." ပါ။👂
◾အရာရာတိုင်းမှာ ကိုယ့်အမြင်ကို ထုတ်ပြောနေစရာ မလိုအပ်ပါဘူး။ လူတိုင်းရဲ့ ဘဝထဲကို ကိုယ့်အမြင်နဲ့ ဝင်ရောက်စီရင်နေဖို့လည်း မလိုပါဘူး။ တခါတလေ “ဒါက မင်းဘဝပါ” လို့ လက်လွှတ်ပေးနိုင်ခြင်းဟာ မေတ္တာတမျိုးပါ။
လောကမှာ “စကားအရာ၊ လူရာ” ဆိုတာ တကယ်ကို ရှိပါတယ်။ ဘယ်လိုလူဖြစ်သလဲဆိုတာကို ကိုယ့်စကားတွေက မကြာခဏ ဖော်ပြနေလို့ပါ။ စကားကောင်းပြောတတ်သူဟာ လူကောင်းဖြစ်ချင်မှ ဖြစ်မယ်။ ဒါပေမယ့် စကားတခွန်းရဲ့ အကျိုးဆက်ကို စဉ်းစားပြီးမှ ပြောတတ်သူကတော့ ကိုယ့်စိတ်ကို ထိန်းနိုင်သူလို့ ဆိုရမယ်။
◾Self-control ဆိုတာ လက်ကို မလှုပ်ဘဲ ထိန်းနိုင်တာတင် မဟုတ်ပါဘူး။ နှုတ်ကိုလည်း အချိန်တန်ရင် ပိတ်ထားနိုင်ခြင်းမျိုးကို ပြောတာပါ။
တချို့အနိုင်ရမှုတွေက စကားနဲ့ မရပါဘူး။ တိတ်ဆိတ်ခြင်းနဲ့သာ ရနိုင်တာပါ။ တချို့အငြင်းပွားမှုတွေမှာ အနိုင်ရဖို့ မလိုပါဘူး။ ကိုယ့်စိတ်အေးချမ်းမှုကို ထိန်းသိမ်းနိုင်ရင် လုံလောက်ပါတယ်။
ကိုယ်မှန်နေတာကို သက်သေပြဖို့အတွက် လူတယောက်ရဲ့ နှလုံးသားကို ထိခိုက်အောင် ပြောရမယ်ဆိုရင်… အဲဒီအနိုင်ရမှုက တကယ်တန်ဖိုးရှိရဲ့လားဆိုတာ ပြန်စဉ်းစားကြည့်သင့်ပါတယ်။
"Being right is not always more important than being kind." တဲ့။
◾ကိုယ်က စကားတခွန်း မပြောခင်
“ဒါမှန်ရဲ့လား” တခုပဲ မမေးပါနဲ့။
“ဒါကို အခု ပြောဖို့လိုရဲ့လား” လို့လည်း ကိုယ့်ကိုမေးကြည့်ပါ။
“ဘယ်လိုပြောရင် သူ့စိတ်မနာဘဲ နားလည်နိုင်မလဲ” ဆိုတာကိုလည်း အရင်စဉ်းစားပါ။ အဲဒီမေးခွန်းသုံးခုကြားမှာ ရင့်ကျက်မှုတခု ပေါက်ဖွားလိမ့်မယ်။
အချိန်တန်တဲ့စကားက ဆေးဖြစ်နိုပေမဲ့...
အချိန်မတန်တဲ့စကားက အဆိပ်ဖြစ်နိုင်တယ်။
တခါတလေ စကားတခွန်းဟာ တံခါးဖွင့်ပေးနိုင်သလို၊ တခွန်းတည်းနဲ့ တံခါးတချပ်ကို ထာဝရ ပိတ်သွားစေနိုင်ပါတယ်။
ဒါကြောင့် စကားပြောတဲ့အခါ “ငါဘာပြောမလဲ” ဆိုတာထက်
“ငါ့စကားကြောင့် သူ့ရင်ထဲမှာ ဘာကျန်ခဲ့မလဲ” ဆိုတာကိုလည်း စဉ်းစားတတ်ပါစေ။
◾လူတယောက်ရဲ့ ဉာဏ်ရည်ကို သူပြောနိုင်တဲ့ စကားအရေအတွက်နဲ့ တိုင်းတာလို့မရပါဘူး။ တခါတလေ သူမပြောလိုက်တဲ့ စကားတခွန်းထဲမှာတောင် သူ့ရဲ့ ရင့်ကျက်မှု အပြည့်အဝ ပါဝင်နေလို့ပါ။
Smart people win arguments.
Wise people know which arguments are not worth having.
ဘဝကြီးဟာ အရာရာကို ရှင်းပြရင်းနဲ့ ကုန်ဆုံးဖို့ မဟုတ်ပါဘူး။
တချို့အရာတွေကိုတော့ နားလည်ပေးရပါမယ်။
တချို့အရာတွေကို မသိချင်ယောင်ဆောင်ထားရမယ်။
တချို့စကားတွေကို လေထဲပဲ ထားခဲ့ဖို့လိုတယ်။
အထူးသဖြင့်… ကိုယ့်စိတ်အေးချမ်းမှုကို ခိုးယူမယ့် စကားဝိုင်းတိုင်းမှာ ပါဝင်ဖို့ မလိုပါဘူး။
တကယ်တော့ ရင့်ကျက်လာတဲ့လူတယောက်ဟာ “ပြောနိုင်လို့ ပြောတာ” မဟုတ်တော့ဘဲ “ပြောသင့်လို့ ပြောတာ” ဖြစ်လာပါတယ်။
"စကားပြောတတ်ဖို့ ၃နှစ်လောက်စောင့်နေရပေမယ့် နှုတ်ဆိတ်သင့်တဲ့နေရာမှာ စကားထိန်းသိမ်းနိုင်ဖို့ တသက်လုံးသင်ယူရတာပါ"