03/09/2026
🔴အာတီတာကို အရမ်းစိတ်နာသွားတဲ့ မာတင်နယ်လီ
မာတင်နယ်လီဟာ အာဆင်နယ်ကိုနှုတ်ဆက်တဲ့ စာအရှည်ကြီးထဲမှာ နည်းပြအာတီတာကို လုံးဝ စကားထဲထည့်မပြောသွားခဲ့ပါဘူး။
အသင်းရဲ့ တံခါးစောင့်ကစလို့ စားဖိုမှူး၊ သန့်ရှင်းရေး၊ ဆေးအဖွဲ့ စသဖြင့် တော်တော်များများကို အသေးစိတ်ထည့်ရေးထားပေမယ့် အာတီတာရဲ့နာမည်တောင်မဟုတ် coach, boss ဆိုတဲ့အသုံးနှုန်းတစ်ခုတောင် ထည့်သုံးမသွားပါဘူး။
ဒီ့အပြင် အာဆင်နယ်သက်တမ်းတလျှောက် သူ့အတွက် အမှတ်တရဖြစ်စရာ ပုံတွေနဲ့ အရေးပါခဲ့တဲ့ သူတွေရဲ့ပုံတွေ အများကြီးကို တင်သွားပေမယ့် အာတီတာနဲ့ပုံကို ရည်ရွယ်ချက်ရှိရှိ တစ်ပုံမှတင်မသွားပါဘူး။
အသင်းကမထွက်ခင်လေးမှာ မာတင်နယ်လီအပေါ်အသင်းက ဆက်ဆံနေတဲ့ပုံကို ဒေါသထွက်မိတယ်လို့ ပြောထားတဲ့ အီရန်ရိုက်နဲ့ပုံကိုတောင် ထည့်ထားပါသေးတယ်။
မြင်ရတာ တကယ်စိတ်မကောင်းစရာပါ။
နည်းပြအာတီတာကိုလည်း သနားမိပါတယ်။ သူ့အနေနဲ့ ဂါဘီကို ကျနော်တို့ထက်ပိုပြီး ချစ်မှာပါ။ ဒါပေမယ့် ဘဏ္ဍာရေးအရ၊ အသင်းရဲ့ထပ်မံဖြည့်တင်းရမယ့်ပလန်တွေအရ အသင်းကိုဦးစားပေးပြီး ဂါဘီကို စျေးကောင်းရတုန်း ရောင်းကိုရောင်းရတော့မယ့်အနေအထားမှာ အသင်းမှာ တစ်သက်လုံးဆက်နေဖို့ဆုံးဖြတ်ထားသူကို လွယ်လွယ်နဲ့ အဆက်ဖြတ်ပစ်ဖို့ မဖြစ်နိုင်မှန်းသိတာကြောင့် မာမာထန်ထန်နဲ့ အမုန်းခံပြီး စိတ်နာသွားအောင် လုပ််ခဲ့ပုံပေါ်ပါတယ်။
ကြည့်ရတာ မြန်မာကားထဲက ဇာတ်ဝင်ခန်းတွေအတိုင်းပါပဲ။
လောလောဆယ်တော့ အဝတ်လဲခန်းအတွင်းမှာလည်း အာတီတာရဲ့ ဂါဘီအပေါ်ဆက်ဆံပုံကို အခြားကစားသမားတွေက ဒေါသထွက်နေကြတယ်လို့သိရပါတယ်။
ပြဿနာမီးစ ဒီ့ထက်ပိုကြီးမလာပဲ စောစောစီးစီးအကောင်းဆုံးငြိမ်းသက်နိုင်ဖို့ပဲ မျှော်လင့်မိပါတယ်။
အများအမြင်မှာတော့ ဂါဘီက သနားစရာ၊ အာတီတာက လူဆိုးကြီးလို ဖြစ်နေပေမယ့် ကျနော်ကတော့ (၂) ယောက်လုံး ဘယ်လောက်ထိခံစားနေရမလဲဆိုတာ ကိုယ်ချင်းစာ နားလည်ကြည့်လို့ရပါတယ်။