23/09/2025
မြန်မာနိုင်ငံသတင်းစာဆရာအသင်း(MJA) ပဲခူးတိုင်းဒေသကြီး၏ တိုင်းအလုပ်အမှုဆောင် လစဥ်စုံညီအစည်းအဝေး ကျင်းပပြုလုပ်
ပဲခူး
မြန်မာနိုင်ငံသတင်းစာဆရာအသင်း( Myanmar Journalists Association) ပဲခူးတိုင်းဒေသကြီး တိုင်းအလုပ်အမှုဆောင်အဖွဲ့၏ စုံညီအစည်းအဝေးအား စက်တင်ဘာလ ၂၂ ရက်နေ့ နေ့လယ် ၁၂ နာရီအချိန်က တိုင်းဒေသကြီးအသင်းရုံးအစည်းအဝေးခန်းမတွင် ပြုလုပ်ကျင်းပခဲ့သည်။
အစီအစဥ်များအရ မြန်မာနိုင်ငံသတင်းစာဆရာအသင်း ပဲခူးတိုင်းဒေသကြီးဥက္ကဋ္ဌ ဦးဖြိုးကိုလင်းမှ အဖွင့်အမှာစကားပြောကြားခဲ့ရာတွင် မကြာမှီကာလအတွင်းကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးတွင် ပဲခူးတိုင်းဒေသကြီး အသင်းအနေဖြင့် တိုင်းဒေသကြီးအတွင်းရှိ မဲဆန္ဒနယ်မြေအားလုံးတွင် လေ့လာစောင့်ကြည့်၍ မြေပြင်သတင်းများရယူနိုင်ရန် နိုင်ငံတော်မှအတည်ပြု ထုတ်ပြန် ပြဌာန်းထားသော "ပြည်တွင်းရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများ၏ကျင့်ဝတ်များ" ၊ " "ပြည်တွင်းရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများ ဆောင်ရွက်ရမည့်လုပ်ငန်းစဥ်များ" ၊ စည်းကမ်းသတ်မှတ်ချက်များ ၊ သတင်းမီဒီသမားများနှင့် အသင်းဝင်များ အထူးသတိပြုရမည့် ဥပဒေ ထုတ်ပြန်ချက်များအားရှင်းလင်း ပြောကြားခြင်း၊ သတ်မှတ် စံနှုန်း အရည်အချင်းများနှင့် ပြည့်စုံသော အသင်းဝင်များအား သင်တန်းများ စေလွှတ်သင်ကြားနိုင်ရေး ၊ လစ်လပ်နေသော တိုင်းအလုပ်အမှုဆောင် နှစ်နေရာအတွက် အစားထိုးရွေးချယ် ဖြည့်စွက်နိုင်ရေး ၊ ရွေးကောက်ပွဲမတိုင်မှီ ပဲခူးတိုင်းဒေသကြီးအသင်းမှ ကြီးမှူး ဦးဆောင်၍ သင်တန်းဖွင့်လှစ်နိုင်ရေး ၊ အသင်းဝင်လျှောက်လွှာဖောင်များအချိန်မှီပေးပို့နိုင်ရေး ၊ တိကျ ပြတ်သားသော စည်းကမ်းထိန်းသိမ်းရေးကော်မတီတစ်ရပ်ဖွဲ့စည်းထားရှိရေး စသည့်အချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ထပ်မံ၍ အသင်း၏နာယက ၊ ဒုတိယဥက္ကဋ္ဌများ ၊ အတွင်းရေးမှူး ဦးတင်ထွန်းအောင်နှင့် တိုင်းအလုပ်အမှုဆောင်များမှ သုံးသပ် အကြံပြုတင်ပြဆွေးနွေးခဲ့ကြပြီး စုပေါင်း၍ ညှိုနှိုင်းကာ အစည်းအဝေး ဆုံးဖြတ်ချက်များအား မှတ်တမ်းတင်၍ အခမ်းအနားကိုရုပ်သိမ်းခဲ့သည် ။
#မြန်မာနိုင်ငံသတင်းစာဆရာအသင်း #ပဲခူးတိုင်းဒေသကြီး