ဘိုကလေးမြို့နယ် စစ်အာဏာရှင်တော်လှန်ရေးသတင်းနှင့်ပြန်ကြားရေးကော်မတီ

  • Home
  • Myanmar
  • Bogale
  • ဘိုကလေးမြို့နယ် စစ်အာဏာရှင်တော်လှန်ရေးသတင်းနှင့်ပြန်ကြားရေးကော်မတီ

ဘိုကလေးမြို့နယ် စစ်အာဏာရှင်တော်လှန်ရေးသတင်းနှင့်ပြန်ကြားရေးကော်မတီ ဗိုလ်ကလေးမြို့နယ်အထွေထွေသပိတ်ကော်မတီ၏ သတင်းပြန်ကြားရေးစာမျက်နှာဖြစ်ပါသည်။

လက်ရှိရဲ့ တခုတည်းသော အဖြေက တော်လှန်ရေးသာဖြစ်တယ်။ ပြည်သူ့ညီညွတ်ရေးတပ်ဦး(PUF) ဥက္ကဌ ကိုခန့်သော်နဲ့ ဆက်သွယ်မေးမြန်းခြင်း
01/03/2025

လက်ရှိရဲ့ တခုတည်းသော အဖြေက တော်လှန်ရေးသာဖြစ်တယ်။
ပြည်သူ့ညီညွတ်ရေးတပ်ဦး(PUF) ဥက္ကဌ ကိုခန့်သော်နဲ့ ဆက်သွယ်မေးမြန်းခြင်း

“လက်ရှိရဲ့တခုတည်းသောအဖြေက တော်လှန်ရေးသာဖြစ်တယ်”

ပြည်သူ့ညီညွတ်ရေးတပ်ဦး(PUF)ဥက္ကဌ ကိုခန့်သော်နဲ့ ဆက်သွယ်မေးမြန်းခြင်း

မတ်၊ ၁

ဧရာဝတီတိုင်းအတွင်း တော်လှန်ရေးပူးပေါင်းတပ်တွေရဲ့ ထိုးစစ်တွေရှိလာချိန် အခုနှစ် ဖေဖော်ဝါရီလအတွင်း ဧရာဝတီနဲ့ပတ်သက်တဲ့ ထုတ်ပြန်ကြေညာချက်တခုဟာ တော်လှန်ရေးထောက်ခံသူတွေကြား အတိုင်းအတာ တခုအထိ စိတ်ဝင်စားမှုရှိခဲ့ပါတယ်။

ဧရာဝတီတိုင်းအတွင်းနဲ့ ပဲခူးတိုင်းအနောက်ခြမ်းဒေသတွေဘက်မှာ မိတ်ဖက်တော်လှန်ရေး အင်အားစုတွေ နဲ့အတူလက်တွဲပြီး တိုက်ပွဲတွေဖော်ဆောင်ဖို့အသင့်ဖြစ်နေပြီဆိုတဲ့အကြောင်းဖော်ပြထားတဲ့ ပြည်သူ့ညီညွတ် ရေးတပ်ဦး(PUF)ရဲ့ထုတ်ပြန်ချက်ပါ။

ရခိုင်ပြည်နယ်တွင်းဒေသအများအပြားကိုသိမ်းပိုက်ထိန်းချုပ်နိုင်ပြီးနောက် မကွေး၊ ပဲခူးနဲ့ ဧရာဝတီဒေသတွေထဲ အထိ အာရက္ခတပ်တော် AA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ဆက်လက်ထိုးစစ်ဆင်လာချိန်မှာ PUF ကအခုလို ထုတ်ပြန်ကြေညာခဲ့တာပါ။

ဧရာဝတီလူငယ်များသမဂ္ဂ(AYU)၊ ပြည်သူ့ဝန်ထမ်းများသမဂ္ဂတို့အပါအဝင် အလားတူအဖွဲ့အစည်း ၁၁ ခုစုပေါင်းပြီး ၂၀၂၄ခုနှစ် ဖေဖော်ဝါရီ ၁၀ရက်မှာစတင်ဖွဲ့စည်းခဲ့တဲ့ PUF ဟာ ဘယ်လိုမူဝါဒ၊ မျှော်မှန်း ချက်တွေနဲ့ နွေဦးတော်လှန်ရေးမှာ ပါဝင်နေတယ်ဆိုတာ အဲ့ဒီအဖွဲ့ရဲ့ ဥက္ကဌ ကိုခန့်သော် ကို DNA က ဆက်သွယ်မေးမြန်းထားပါတယ်။

🟦အရင်ဆုံး PUF အကြောင်းကို မိတ်ဆက်ပေးပါဦး။

🟥ပြည်သူ့ ညီညွတ်ရေးတပ်ဦး PUF ကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ ကျွန်တော်တို့စတင်ဖွဲ့စည်းခဲ့ပါတယ်။ အဓိကရည်ရွယ်ချက်ကတော့ လက်ရှိ ဗမာပြည် တော်လှန်ရေးမှာရှိနေတဲ့ အခြေအနေအရ ဗမာပြည်တော်လှန်ရေးရဲ့ လက်တွေ့ဆိုင်ရာ အခြေအနေအရသော်လည်းကောင်း သမိုင်းဆိုင်ရာ တောင်းဆိုချက်အားဖြင့်လည်းကောင်း လူထုရဲ့ဆန္ဒသဘောအားဖြင့်လည်းကောင်း ကျွန်တော်တို့က ဒေသတပ်ပေါင်းစုအနေနဲ့ စုဖွဲ့ခဲ့တာဖြစ်တယ်ပေါ့။ ဒီနေရာမှာ ကျွန်တော်တို့တွေက စစ်အာဏာမသိမ်းခင် ကာလတွေကတည်းက ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်နဲ့ တက္ကသိုလ်ကျောင်းသား သမဂ္ဂအသီးသီးမှာ ပါဝင်ဆောင်ရွက်ခဲ့ကြတဲ့ ကျောင်းသားခေါင်းဆောင်တွေ၊ လူငယ်နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ၊ ဆရာသမဂ္ဂက တာဝန်ရှိသူတွေ၊ ပြီးတော့ ဒီနွေဦးတော်လှန်ရေးမှာပေါက်ဖွားလာတဲ့ လူငယ်အဖွဲ့အစည်းတွေ၊ လူငယ်တော်လှန်ရေး အဖွဲ့အစည်းတွေ၊ ပြီးတော့ ဒေသခံတော်လှန်ရေး အဖွဲ့အစည်းတွေ၊ လိုကယ် ပီဒီအက်ဖ်တွေပေါ့နော်။ အဲ့လိုမျိုးအဖွဲ့အစည်းတွေနဲ့ ကျွန်တော်တို့ ပူးပေါင်းပြီးတော့ ဖွဲ့စည်းခဲ့တာဖြစ်တယ်ပေါ့နော်။

🟦PUF အနေနဲ့ ဧရာဝတီတိုင်းအတွက် ရည်ရွယ်ထားတဲ့ စစ်ရေးရည်မှန်းချက်ကို ပြောပြပေးပါ။

🟥ပြည်သူ့ညီညွတ်ရေးတပ်ဦးအနေနဲ့ ဧရာဝတီတိုင်းနဲ့ပတ်သက်တဲ့ စစ်ရေးရည်မှန်းချက်ကို ပြောပါဆိုရင် ကျွန်တော်တို့ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ တနည်းအားဖြင့် ဧရာဝတီတိုင်းက တကယ်ကို သာယာလှပတဲ့ ဒေသတခုဖြစ်တယ်ပေါ့နော်။ အဲ့လိုမျိုးအခြေအနေမှာ ကျွန်တော်တို့ကတော့ ဒီစစ်အာဏာရှင် စစ်အုပ်စု စစ်အစိုးရ စစ်ဗျူရိုကရေစီ ယန္တယားဆိုတဲ့ စစ်သုံးစစ်နဲ့ အခိုင်အမာတည်ဆောက်ထားတဲ့ စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ချေမှုန်းရေးကိုအဓိကရည်ရွယ်တယ်ပေါ့နော်။ ပြောရလို့ရှိရင် လက်နက်နဲ့ အနိုင်ကျင့် ဖိနှိပ်တဲ့ စစ်အာဏာရှင်ကို ကျွန်တော်တို့ လက်နက်နဲ့ပြန်တွန်းလှန်တဲ့ ဒီစစ်ရေးတိုက်ပွဲကို ကျွန်တော်တို့ အနေနဲ့ရည်မှန်းချက်အဖြစ်ထားရှိတာဖြစ်တယ်။ ပြောရရင်ဆိုလို့ရှိရင် မြစ်ဝကျွန်းပေါ်မှာရှိတဲ့ လူမျိုးပေါင်းစုံ ပြည်သူလူထုတရပ်လုံးပါဝင်တဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေး လက်နက်ကိုင်တော်လှန်ရေးတိုက်ပွဲကို ကျွန်တော်တို့ ဧရာဝတီတိုင်းမှာ ဆင်နွှဲမှာဖြစ်တယ်။ ဒီနေရာမှာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ တော်လှန်ရေးအင်အားစု အသီးသီးနဲ့ ပူးပေါင်းပြီးတော့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်ကတော့ ဧရာဝတီတိုင်းထဲမှာ စစ်အာဏာရှင်စနစ်အောက်က လုံးဝလွတ်မြောက်ပြီးတော့ သာယာလှပတဲ့ သာယာစည်ပင်ဝပြောတဲ့ ကျွန်တော်တို့ ဒေသတခုဖြစ်လာအောင် ဖော်ဆောင်ဖို့ ဖြစ်ပါတယ်။

🟦PUF အနေနဲ့ ဧရာဝတီတိုင်းအတွက် ရည်ရွယ်ထားတဲ့ နိုင်ငံရေး ရည်မှန်းချက်ကိုလည်း ပြောပြပေးပါ ။

🟥 ဒီနေရာမှာ ကျွန်တော်တို့ကတော့ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ချေမှုန်းရေးအတွက်ပေါ့။ လက်နက်ကိုင်တိုက်ပွဲဝင်မယ့် အင်အားစုဖြစ်တယ်ပေါ့နော်၊ PUF အနေနဲ့။ ဒါပေမယ့် နိုင်ငံရေး အရပြောမယ်ဆိုလို့ရှိရင် ကျွန်တော်တို့က ဧရာဝတီတိုင်းရဲ့ အခြေအနေအရ အခြေအနေအရဆိုတဲ့ အခါမှာ ကျွန်တော်တို့က ပထဝီနိုင်ငံရေးအရ စဉ်းစားမယ်ဆိုလို့ရှိရင် လူမျိုးပေါင်းစုံစုပေါင်းနေထိုင် တဲ့ပြည်နယ်ဖြစ်တယ်ပေါ့နော်။ ပြီးတော့ တနိုင်ငံလုံးရဲ့ စားနပ်ရိက္ခာဖူလုံရေးအတွက် အဓိကစိုက်ပျိုးကြတဲ့ ဗမာပြည်ရဲ့ စပါးကျီလို့ပြောလို့ရတဲ့ ဒေသဖြစ်တယ်ပေါ့။ အဲ့လိုမျိုးအခြေအနေမှာ ကျွန်တော်တို့ကတော့ နိုင်ငံရေးအရ ရည်မှန်းချက်ကို ပြောပါဆိုရင်တော့ လက်ရှိ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ချေမှုန်းရေး တိုက်ပွဲဝင်နေတဲ့ အင်အားစုအသီးသီးပါဝင်ရမယ် ပြောရင်အားလုံးပါဝင်ရမယ်ပေါ့နော်။ ဟိုလူမပါနဲ့ ဒီလူမပါနဲ့ဆိုတဲ့ မူဝါဒတွေ ကိုကျွန်တော်တို့ ဆန့်ကျင်တယ်။ ပြီးတော့ လူမျိုးပေါင်းစုံ ပြည်သူလူထု တရပ်လုံးရဲ့ အသံပါဝင်ရမယ်။ သူတို့ကို ကိုယ်စားပြုတဲ့ အင်အားစုအားလုံးရဲ့ အသံ အားလုံးပါဝင်ရမယ်ဆိုတဲ့ စဉ်းစားချက်ရှိတယ်ပေါ့နော်၊ ဒီအပေါ်ကနေပြီးတော့ အားလုံးပါဝင်တဲ့ နိုင်ငံရေးအရ ရည်မှန်းတဲ့ ဘုံရည်မှန်းချက်တူညီတဲ့ အင်အားစု အသီးသီး ဆုံဆည်းပြိးတော့ ဆွေးနွေးဆုံးဖြတ်တဲ့ သဘောတူညီချက်ကို ကျွန်တော်တို့ ပြည်သူ့ညီညွတ်ရေးတပ်ဦးအနေနဲ့ လက်ခံသွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ပြည်သူ့ညီညွတ်ရေးတပ်ဦးရဲ့ ရည်မှန်းချက်က ဧရာဝတီတိုင်းထဲမှာရှိတဲ့ ပြည်သူလူထုရဲ့ ဆန္ဒနဲ့ ထပ်တူထပ်မျှဖြစ်တယ်ဆိုတာကို ပြောကြားချင်ပါတယ်။

🟦လက်ရှိအချိန်မှာ ဧရာဝတီတိုင်းအတွင်းက လူငယ်တွေကို စစ်တပ်က စစ်မှုထမ်းဖို့ အတင်းအကျပ် စုဆောင်း နေတယ် ။ လူငယ်တွေအတွက် PUFက ဘာတွေ ကူညီလုပ်ဆောင်ပေးနိုင်မလဲ ။ ဘယ်လို သတင်းစကားပေးချင်လဲ။

🟥ဧရာဝတီတိုင်းရဲ့ စစ်ရေးအခြေအနေက အာရက္ခတပ်တော် AA နဲ့ဖက်ဆစ် စစ်ကောင်စီကြားမှာ လက်ရှိပြင်းထန်လာတယ်ပေါ့နော်။ အဲ့လိုမျိုး ဖြစ်လာတဲ့နဲ့အမျှ စစ်တပ်က ပြောရရမယ်ဆိုရင်တော့ တောက်လျှောက် အင်အားတွေပြုန်းတီးနေတယ်၊ တောက်လျှောက်သူတို့လူတွေ လက်နက်ချ စိတ်ဓာတ်တွေပျက်ယွင်းပြီး သေဆုံးတာတွေ ဖြစ်တယ်ပေါ့နော်။ ဒါတွေကိုကုစားဖို့အတွက် တိုက်ပွဲဖြစ်ရာ အနီးအနားကလူတွေနဲ့ ဧရာဝတီတိုင်းထဲက လူငယ်တွေကို အဆင်းအဓမ္မ စစ်သားစုဆောင်းရေးလုပ်တယ်ပေါ့၊ ကျွန်တော်တို့ အရပ်စကားနဲ့ဆိုရင် ပေါ်တာဆွဲတယ်ပေါ့။ ဒီလိုမျိုးဟာတွေကို ဆက်တိုက်ပြုလုပ်နေ တယ်ဆိုတာကို ကျွန်တော်တို့ အခုချိန်မှာ ကြားသိရပါတယ်။

အခုကဘယ်လောက်ထိပါ အခြေအနေဆိုးနေလဲဆိုရင် အသက် ၁၈ ကနေ ၃၅ ဝန်းကျင်အတွင်း ရှိသမျှလူငယ်မှန်သမျှကို ယောက်ကျားလေး မိန်းကလေး မရွေးဖမ်းဆီးပြီးတော့ အတင်းအဓမ္မ စစ်သားစုဆောင်းရေး လုပ်နေတယ်ဆိုတဲ့ သတင်းတွေပါ ကျွန်တော်တို့ ကြားသိရတယ်ပေါ့နော်။ အဲ့လိုမျိုးအခြေအနေပေါ့နော့်၊ ဒီနေရာမှာ စစ်မှုထမ်း ဥပဒေ ကိစ္စနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ ပြောချင်တာက အရင်ကဆိုလို့ရှိရင် လူငယ်တွေက အိမ်မှာမရှိတော့ဘူးဆိုရင် မိဘတွေက ဒီလူငယ်၊ ဘယ်သွားတာလဲ ဘာဖြစ်တာလဲ ဆိုပြီး စိုးရိမ်နေရတဲ့ အခြေအနေဖြစ်တယ် အခုကာလကကျတော့ မတူတော့ဘူးဗျ။ လူငယ်တွေ အိမ်မှာရှိနေရင်ကို ငါတို့သားသမီးတွေကို ဘယ်အချိန်စစ်မှုထမ်းဖို့လာ ခေါ်မလဲဆိုပြီးတော့ ရင်တထိတ်ထိတ်နဲ့ စိုးရိမ်နေရတဲ့ အခြေအနေကို‌ရောက်ရှိလာပြီဆိုတာကို ရှင်းရှင်းလင်းလင်း အသိပေးထားချင်ပါတယ်။

ကျွန်တော်တို့အတွက်ကတော့ ရွေးစရာလမ်းက တခုပဲရှိတော့တယ်ပေါ့နော့်။ လက်ရှိရဲ့တခုတည်းသော အဖြေကတော်လှန်ရေးသာဖြစ်တယ် ဆိုတဲ့ အခြေအနေမျိုးတခုကို ကျွန်တော်တို့ ရောက်လာနေပြီဖြစ်တယ်ပေါ့နော်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ ပြည်သူ့ညီညွတ်ရေး တပ်ဦးအနေနဲ့ကတော့ ဒီစစ်မှုထမ်းဥပဒေကို အကြောင်းပြပြီးတော့ ပေါ်တာဆွဲတာကို ဆန့်ကျင်တယ်။ အတင်းအဓမ္မစစ်သားစုဆောင်းရေး လုပ်ခံရတယ်ဆိုတဲ့ အခြေအနေကနေ ရှောင်ရှားချင်တယ် စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းရေး တိုက်ပွဲထဲမှာ ပါဝင်ချင်တယ်ဆိုတဲ့ လူငယ်တွေကို အသက် ၁၈ နှစ်ကနေ ၃၅ နှစ်မရွေး ယောက်ကျားလေး မိန်းကလေးမရွေး ကျွန်တော်တို့အနေနဲ့ ပြည်သူ့ညီညွတ်ရေးတပ်ဦးက နွေးနွေးထွေးထွေး ကြိုဆိုပါတယ်ဆိုတဲ့အကြောင်း ပြောချင်တယ်ပေါ့နော်။ ဒီနေရာမှာ နောက်ကျသည် စောသည်ဆိုတဲ့ဟာမျိူ’ မရှိပါဘူး။
လက်ရှိကာလရဲ့ တခုတည်းသော အဖြေက တော်လှန်ရေးပဲဖြစ်တယ်။ ဒီတော်လှန်ရေးထဲကို ပါဝင်လာဖို့အတွက် ကျွန်တော်တို့အတွက် အချိန်အားဖြင့် စောသည် နောက်ကျသည်ဆိုတာက အရေးမကြီးပါဘူး စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး စိတ်ဓာတ်ကပဲ အရေးကြီးတယ်ဆိုတဲ့အကြောင်းကို ကျွန်တော်တို့ ပြောချင်ပါတယ်။ စစ်မှုထမ်း ဥပဒေကိုအကြောင်းပြပြိးတော့ အတင်းအဓမ္မ စစ်သားစုဆောင်းရေး အလုပ်ခံရတဲ့ အခြေအနေ တနည်းအားဖြင့် ပေါ်တာဆွဲတာက နေရှောင်ရှားချင်တဲ့ လူငယ်တွေ တော်လှန်ရေးလုပ်ချင်တဲ့ လူငယ်တွေကို ပြည်သူ့ညီညွတ်ရေး တပ်ဦးအနေနဲ့ နွေးနွေးထွေးထွေး ကြိုဆိုပါတယ်ဆိုတဲ့ အကြောင်းနဲ့ ကျွန်တော်တို့ ပြည်သူ့ညီညွတ်ရေးတပ်ဦးကို အချိန်မရွေးပြောဆို ဆက်သွယ်လို့ရပါတယ် ကျွန်တော်တို့ လမ်းခရီးလာမယ်ဆိုတဲ့ လူငယ်တွေ လာမယ်ဆိုတဲ့ ကျွန်တော်တို့ရဲ့ ရဲဘော်သစ်တွေရဲ့ လမ်းခရီးလုံခြုံရေးကအစ အာမခံပါတယ် အပြည့်အဝ အာမခံပါတယ်ဆိုတဲ့အကြောင်းကို ပြောကြားချင်ပါတယ်။

🟦စစ်ရေးရည်မှန်းချက်တွေ အကောင်အထည်ဖေါ်တဲ့ နေရာမှာ ဒေသခံပြည်သူလူထုအတွက် အထိအခိုက် အပျက်အစီးနည်းစေဖို့ ဘယ်လိုစဉ်းစားချက်ရှိလဲ ၊ လူထုအတွက် ဘယ်လို သတင်းစကားပါးချင်လဲ။

🟥ကျွန်တော်တို့စစ်ရေးရည်မှန်းချက်ဆိုတာထက် ကျွန်တော်တို့ ဒီစစ်ရေးမူဝါဒမှာ ကျွန်တော်တို့ ဘာရှိလဲပေါ့နော်။ ကျွန်တော်တို့ တိုက်ပွဲဖော်ဆောင်တယ်ဆိုတဲ့နေရာမှာ ကျွန်တော်တို့ ပြည်သူလူထုရဲ့ အခြေအနေကို အရင်ဆုံး ဦးစားပေးစဉ်းစားမယ်ဆိုတဲ့ အခြေအနေမျိုးတခုကို ကျွန်တော်တို့ ထုတ်ပြန်ပြီးဖြစ်ပါတယ်။ ဒါက ပြည်သူ့ညီညွတ်ရေးတပ်ဦး တခုလုံးရဲ့ သဘောထားဖြစ်တယ်ပေါ့နော်။ ပြောရရင် ကျွန်တော်တို့ အခြေစိုက်ဒေသတွေမှာရှိတဲ့ ဒေသခံ ပြည်သူလူထု ဒီနေရာမှာ လူမျိုးစု ပြည်သူတွေပါ အပါပေါ့နော်။ ဒီပြည်သူလူထုရဲ့ ဆန္ဒကိုပဲ ကျွန်တော်တို့ ဦးစားပေးပြီးတော့ စဉ်းစားသွားမှာဖြစ်တယ်ပေါ့နော်။ မလွဲသာမရှောင်သာလို့ အထိခိုက်တွေရှိလာပြီ လူထုရဲ့ ပြောရရင်ပေါ့နော် လက်ရှိတော်လှန်ရေးမှာ ကြုံနေရတဲ့ အခြေအနေ လိုမျိုးပဲပေါ့နော်၊ တော်လှန်ရေးတပ်တွေကဝင်တယ်၊ လှုပ်ရှားတယ်၊ ရန်သူနဲ့ ထိပ်တိုက် တိုက်ပွဲဖြစ်တယ်၊ အဲ့ဒီအချိန်မှာ စစ်တပ်ဘက်က ရွာတွေကို မီးရှို့တယ်။ စသဖြင့် ဒီလိုအခြေအနေတွေဟာ ဧရာဝတီတိုင်းမှာ မဖြစ်နိုင်ဘူးလို့ ကျွန်တော်တို့ မပြောလိုဘူး။ ဒါဟာဖြစ်လာနိုင်တယ်။

မဖြစ်မနေကို ရင်ဆိုင်ရမယ့် အခြေအနေတွေဖြစ်တယ်လို့ ကျွန်တော်တို့ ယူဆတယ်ပေါ့နော်။ တကယ်လို့ အဲ့လိုမျိုး ထိခိုက်တွေဖြစ်လာပြီ ပျက်ဆီးဆုံးရှုံးမှုတွေ ဖြစ်လာပြီဆိုလို့ရှိရင်လည်း ကျွန်တော်တို့ ပြည်သူ့ညီညွတ်ရေး တပ်ပေါင်းစုအနေနဲ့ စစ်ဘေးရှောင်ပြည်သူတွေကို ကူညီကယ်ဆယ်ရေး ကိစ္စတွေကိုပါ ကျွန်တော်တို့ စဉ်းစားထားမှု ရှိတယ်ဆိုတာကို ကျွန်တော်တို့ ပွင့်ပွင့်လင်းလင်းပြောလိုတယ်။ လူထုကို ထိခိုက်စေမယ့် ပြည်သူလူထုကို နစ်နာစေမယ့် စစ်ရေးဖော်ဆောင်မှုတွေကို ကျွန်တော်တို့အနေနဲ့ တတ်နိုင်သလောက် ရှောင်ရှားသွားမှာဖြစ်တယ်ဆိုတဲ့ အကြောင်းကိုလည်း ကျွန်တော်တို့ တလက်စတည်း ပြောကြားချင်ပါတယ်။ ပြည်သူ့ညီညွတ်ရေး တပ်ဦးရဲ့ နိုင်ငံရေး စစ်ရေးတိုက်ပွဲတွေ ဖော်ဆောင်တဲ့အခါမှာ ကျွန်တော်ရှေ့ကပြောခဲ့သလိုပဲ ဧရာဝတီတိုင်းထဲမှာရှိတဲ့ ပြည်သူလူထုရဲ့ ဆန္ဒသည်သာ အဓိက အခရာဖြစ်ပါတယ်ဆိုတဲ့ အကြောင်းကိုပဲ ကျွန်တော်တို့ ပြောကြားချင်ပါတယ်ခင်ဗျ။

🟦စစ်ရေးမဟာမိတ်အတွက် ဘယ်လိုမူဝါဒထားရှိပါသလဲ။

🟥ကျွန်တော်တို့ရဲ့ မဟာမိတ်ဆက်ဆံရေး မူဝါဒကတော့ရှင်းပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရင် ကျွန်တော်တို့ ကိုယ်တိုင်က ဒေသတပ်ပေါင်းစုဖြစ်တယ်ဆိုတဲ့ အခါမျိုးမှာ ကျွန်တော်တို့ကတော့ တူတာတွဲလုပ်၊ မတူတာခွဲလုပ်ဆိုတဲ့ တပ်ပေါင်းစုမူကိုပဲ အဓိက ကိုင်စွဲပါတယ်ပေါ့နော်။ ဒီနေရာမှာ ကျွန်တော်တို့ တလက်စတည်း ရှင်းရှင်းလင်းလင်းပြောချင်တာက ပြည်သူ့ညီညွတ်ရေးတပ်ဦးမှာ မဟာမိတ်ဆက်ဆံရေး မူဝါဒလည်း ရှိပြီးဖြစ်တယ်ပေါ့နော်။ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ မည်သည့်အင်အားစုနဲ့မဆို မဟာမိတ်အဖြစ် မိတ်ဖက်အဖြစ် ကျွန်တော်တို့ ပူးပေါင်းပြီးတော့ တိုက်ပွဲဝင်သွားမှာ ဖြစ်တယ်ဆိုတာ မျိုးကိုလည်း ကျွန်တော်တို့ ပြောကြားချင်ပါတယ်။ စစ်ရေးလှုပ်ရှားမှုတွေ တိုက်ပွဲတွေ ဖော်ဆောင်တဲ့ နေရာမှာလည်း မဟာမိတ်အင်အားစုတွေနဲ့ အတူတူဖော်ဆောင်ဖို့အတွက် ကျွန်တော်တို့မှာ ဆုံးဖြတ်ချက်ထားရှိတယ် ဆိုတဲ့ဟာမျိုးကိုလည်း ကျွန်တော်တို့ ပွင့်ပွင့်လင်းလင်းပြောဆိုပါရစေ။ ဒါပြည်သူ့ညီညွတ်ရေးတပ်ဦးရဲ့ သဘောထားဖြစ်ပါတယ်။ ပြောရရင် ကျွန်တော်တို့က တူတာတွဲလုပ် မတူတာခွဲလုပ်ဆိုတဲ့ အခြေခံပေါ်မှာပဲ တော်လှန်ရေးအင်အားစုတွေ အားလုံးနဲ့ သွေးစည်းညီညွတ်စွာ စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချေမှုန်းရေး တိုက်ပွဲကို ဆင်နွှဲဖို့အတွက် ကျွန်တော်တို့ ဆုံးဖြတ်ချက် ထားရှိပါတယ်။

🟦PUF ရဲ့ ဘဏ္ဌာရေး မူဝါဒကိုရောရှင်းပြပါဦး၊ တပ်ရပ်တည်ရေးအတွက် ဘာတွေ ဆောင်ရွက်ထားပါသလဲ။

🟥ကျွန်တော်တို့ ပြည်သူ့ညီညွတ်ရေး တပ်ဦးမှာ ဘဏ္ဍာရေးမူဝါဒထားရှိပါတယ်။ ကျွန်တော်တို့ရဲ့ အဓိက အသက်သွေးကြောကတော့ ပြည်သူလူထုပဲဖြစ်တယ်ပေါ့နော်။ ကျွန်တော်တို့ လှုပ်ရှားတဲ့ ဒေသတွေမှာရှိတဲ့ လူမျိုးပေါင်းစုံ ပြည်သူလူထုရဲ့ ဒီထောက်ပံ့ကူညီမှုနဲ့ပဲ ကျွန်တော်တို့ လက်ရှိပြည်သူ့ညီညွတ်ရေး တပ်ဦးအနေနဲ့ ရပ်တည်ပါတယ်။ အမြဲတမ်းပြည်သူလူထုရဲ့ အားပေးကူညီမှုနဲ့ပဲ ရပ်တည် အသက်ဆက်သွားမယ့် အခြေနေဖြစ်ပါတယ်။ လက်ရှိမှာကတော့ ရုန်းကန်ရမှုတွေရှိတယ်။ ကျွန်တော်တို့မှာ အခက်အခဲတွေရှိတယ်။ ရန်ပုံငွေလိုအပ်ချက်တွေ အများကြီး အများကြီးရင်ဆိုင်နေရပေမယ့် ကျွန်တော်တို့လက်ရှိ အခြေအနေထိကတော့ ပြည်သူလူထုရဲ့ ပံပိုးကူညီမှု ဒီမဟာမိတ် တော်လှန်ရေး အင်အားစုတွေ လူမျိုးစုတော်လှန်ရေး အဖွဲ့အစည်းတွေရဲ့ ပံ့ပိုးကူညီ အားပေးမှုတွေနဲ့ပဲ ကျွန်တော်တို့ ရပ်တည်ဆောင်ရွက် နေရတာ ဖြစ်ပါတယ်။

🟦စစ်ကောင်စီဦးဆောင် လုပ်မယ့် ရွေးကောက်ပွဲအပေါ် သဘောထားနဲ့ ဘယ်လိုရပ်တည်တုန့်ပြန်ဖို့ ပြင်ဆင်ထားပါသလဲ။

🟥စစ်ကောင်စီက ဦးဆောင်ပြုလုပ်မယ့် ရွေးကောက်ပွဲပေါ် သဘောထားပေါ့နော်။ ပြောရလို့ရှိရင် ပြည်သူလူထုရဲ့ သဘောထားဆန္ဒမပါပဲနဲ့ လုပ်တဲ့ ဘယ်အရာကမှ အောင်မြင်မှာ မဟုတ်ဘူးဆိုတာကို ကျွန်တော်တို့ ပြည်သူ့ညီညွတ်ရေး တပ်ဦးအနေနဲ့ ရှင်းရှင်းလင်းလင်း လက်ရှိအခြေအနေကတည်းက ကျွန်တော်တို့ ပြောကြားလိုပါတယ်။ တော်လှန်ရေးအဖွဲ့အစည်းတွေ ရပ်တည်မှုကလည်း ပြည်သူလူထုရဲ့သဘောထားနဲ့ပဲ ပြည်သူလူထုရဲ့ ဆန္ဒအတိုင်းပဲဖြစ်တယ်ဆိုတာမျိုးလည်း ဒီနေ့ နွေဦးတော်လှန်ရေးက သက်သေပြခဲ့ပြီး ဖြစ်ပါတယ်။ လူထုရဲ့ သဘောထားဆန္ဒမပါပဲလုပ်တဲ့ အရာတွေ ဘယ်အရာကမှ အောင်မြင်မှာ မဟုတ်ပါဘူး။ အဲ့ဒီတိုင်းပဲ လူထုရဲ့ သဘောထားဆန္ဒကို ဆန့်ကျင်ပြီး ရန်သူအင်အားစုဘက်ကလုပ်ဆောင်တဲ့ ဘယ်အရာကိုမဆို ကျွန်တော်တို့ ဆန့်ကျင်သွားမယ်ဆိုတာကို တပါတည်းပြောကြားလိုပါတယ်။ အဲ့ဒီအတွက်လည်း ပြည်သူ့ညီညွတ်ရေးတပ်ဦးအနေနဲ့ လက်ရှိအခြေအနေကတည်းကလည်း ပြင်ဆင်ဆောင်ရွက်ထားပြီဆိုတာကို ပြောကြားလိုပါတယ်။ ကျွန်တော်တို့ ပြည်သူ့ညီညွတ်ရေးတပ်ဦးရဲ့ သဘောထားအမြင်က လူမျိုးပေါင်းစုံ ပြည်သူလူထု တရပ်လုံးရဲ့ ဆန္ဒ လူမျိုးပေါင်းစုံ ပြည်သူလူထုတရပ်လုံးရဲ့ အသံနဲ့ ထပ်တူထပ်မျှပဲဖြစ်ပါတယ်။

🟦ဖြည့်စွက်ပြီး သတင်းစကားပါးချင်တာ ရှိရင် ပြောပြပေးပါ။

🟥ကျွန်တော်တို့အနေနဲ့ ဖြည့်စွက်ပြောချင်တာက လက်ရှိ ကြုံတွေ့နေရတဲ့ ပြည်သူလူထုတရပ်လုံးရဲ့ အခက်အခဲ အထွေထွေ အကျပ်အတည်း ပြဿနာတွေရဲ့ အဓိကလက်သည် တရားခံက စစ်အာဏာရှင်စနစ်ကြောင့် ဖြစ်တယ်ပါ့နော်။ ဒါကြောင့်မို့လို့ ယနေ့ကာလမှာ လူမျိုးပေါင်းစုံ ပြည်သူလူထုတရပ်လုံးရဲ့ အဓိက သမိုင်းဆိုင်ရာ တောင်းဆိုတဲ့ တောင်းဆိုချက်အားဖြင့် ဒါမှမဟုတ် သမိုင်းပေးတာဝန်အရလည်းကောင်း ကျွန်တော်တို့ အခြေအနေအရ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ချေမှုန်းရေး လမ်းကိုပဲ ရွေးချယ်စရာရှိတယ်ပေါ့နော်။ စီးပွားရေးအရာလည်း တဖြေးဖြေးကြပ်တည်းလာနေတယ်။ စားဝတ်နေရေး ကုန်ဈေးနူန်းကြီးမြင့်မှုဆိုင်ရာ ကိစ္စတွေလည်း တရက်ထက် တရက်ပိုပြီးတော့ ဆိုးလာတယ်ဆိုတဲ့ အခြေအနေတွေကို ပြည်သူလူထုကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ ကြုံတွေ့နေရတဲ့ အခြေအနေဖြစ်တယ်ပေါ့နော်။ ဒါအပြင် ပြည်သူလူထုရဲ့နေ့စဉ် အသက်ရှင်နေထိုင်ရေးမှာပါ အတားအဆီး အဟန့်အတားသဖွယ်ဖြစ်လာတဲ့ ဒီမတရားစစ်မှုထမ်း ဥပဒေကိုလည်း ကျွန်တော်တို့ ပြတ်ပြတ်သားသားဆန့်ကျင်ဖို့ လိုပါတယ်။ ဒီမတရား စစ်မှုထမ်း ဥပဒေကို လူမျိုးပေါင်းစုံ ပြည်သူလူထုတရပ်လုံးနဲ့ လက်တွဲပြီး ပြည်သူ့ညီညွတ်ရေးတပ်ဦးအနေနဲ့ ပြတ်ပြတ်သားသား ဆန့်ကျင်သွားမှာ ဖြစ်တယ်။ တော်လှန်ရေး အဖွဲ့အစည်းတွေအနေနဲ့လည်း ဒီစစ်မှုထမ်း ဥပဒေကနေ တိမ်းရှောင်လိုတဲ့ လူငယ်တွေ စစ်မှုထမ်းဥပဒေကနေ ရှောင်ထွက်လိုတဲ့ လူငယ်တွေကို ကျွန်တော်တို့ ပံ့ပိုးကူညီမှုတွေလုပ်ပေးနိုင်ဖို့အတွက် ပြည့်ပြည့်ဝဝ ကျွန်တော်တို့ စဉ်းစားကြစေချင်တယ်ဆိုတာကို ကျွန်တော်တို့ အလေးအနက် မေတ္တာရပ်ခံချင်တယ် အကြံပြုချင်ပါတယ်။ ပြည်သူ့ညီညွတ်ရေးတပ်ဦး အနေနဲ့လည်း ပေါ်တာဆွဲတဲ့ရန်ကနေ ကာကွယ်ချင်တဲ့ ရှောင်ရှားလိုတဲ့ လူငယ်တွေ မည်သူ့ကိုမဆို ကျွန်တော်တို့ လက်ခံကြိုဆိုပါတယ်။ ကျွန်တော်တို့ နွေးနွေးထွေးထွေးလက်ခံကြိုဆိုသွားမှာဖြစ်တယ်။ အထူးသဖြင့် ဒီကနေ့ကာလမှာ နောက်ကျမှ တော်လှန်ရေးထဲဝင်သည် အရင်စောပြီး တော်လှန်ရေးထဲဝင်သည်ဆိုတာမျိုးတွေက အဓိက မဟုတ်ပါဘူး။ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ချေမှုန်းရေး စိတ်ဓာတ်သည်သာ အဓိကကျတယ်လို့ ကျွန်တော်တို့ ပြောချင်ပါတယ်။

စစ်အာဏာရှင်စနစ်ကို ချေမှုန်းမယ့် ခိုင်မာတဲ့ သံဓိဌာန်သာ ရှိမယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း လူငယ်တွေကို ယောက်ကျားလေး မိန်းကလေးမရွေး ကျွန်တော်တို့ ပြည်သူ့ညီညွတ်ရေးတပ်ဦးက လက်ခံကြိုဆိုပါတယ်။ အဲ့ဒီဟာမှာလည်း လာရောက်ဆက်သွယ်လိုတဲ့ လူငယ်တွေ အနေနဲ့လည်း စိတ်ချရတဲ့ signal တို့ telegram တို့ လိုချန်နယ်တွေကနေ ကျွန်တော်တို့ကို လာရောက်ဆက်သွယ် ချိတ်ဆက်လို့ ရပါတယ် ပြောဆိုမေးမြန်းလို့ရပါတယ်။ ကျွန်တော်တို့အနေနဲ့ လမ်းကြောင်း လုံခြုံရေးကိုလည်း အပြည့်အဝအာမခံပြီးတော့ စစ်အာဏာရှင် စနစ်ကို အမြစ်ပြတ် ချေမှုန်းရေးအတွက် ပေါ်တာဆွဲခံရမယ့်ရန်ကိုရှောင်ကြမယ့် ကျွန်တော်တို့ ရဲဘော်အသစ်တွေနဲ့ အတူတူ လက်တွဲပူးပေါင်း ဆောင်ရွက်သွားမယ်ဆိုတာကို ကျွန်တော်တို့ ပြောကြားလိုပါတယ်။ ပြောရရင် ကျွန်တော်တို့ ပြည်သူ့ညီညွတ်ရေး တပ်ဦးမှာ ဆိုလို့ရှိရင်လည်း လက်ရှိအခြေအနေထိ စစ်မှုထမ်းဥပဒေ ကနေရှောင်ရှားလိုတဲ့ လူငယ်‌တွေ ပေါ်တာဆွဲတာကို ဆန့်ကျင်ပြီးတော့ တော်လှန်ရေးလုပ်ချင်တဲ့ လူငယ်တွေလည်း ချိတ်ဆက် ဆက်သွယ်မှုတွေ အများကြီးရှိနေပါတယ်။

အခုဆိုရင် မိန်းကလေးတွေပါ ပေါ်တာဆွဲလာပြီဖြစ်တယ်ဆိုတဲ့ အတွက်ကြောင့်မို့ ကျွန်တော်တို့မှာ လက်ရှိအခြေအနေအရ ရွေးစရာ အဖြေက တခုတည်းပဲရှိပါတယ်။ ဒါက တော်လှန်ရေးထဲလာရောက် ပူးပေါင်းဖို့ဖြစ်တယ်ဆိုတဲ့ အဖြေမျိုးပဲရှိတယ်လို့ ကျွန်တော်တို့ ပြောကြားလိုပါတယ်။ ကျွန်တော်တို့ အနေနဲ့ကတော့ ဒီကနေ့ကာလရဲ့ သမိုင်းပေးတာဝန်ဖြစ်တဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးနဲ့ လူမျိုးပေါင်းစုံ ပြည်သူလူထုတရပ်လုံး လွတ်မြောက်ရေး အတွက်တိုက်ပွဲ ဝင်သွားမယ်ဆိုတာကို ပြည်သူလူထုကို အလေးအနက် ကတိပေးလိုပါတယ်။

Photo - DNA

#ကိုခန့်သော် #တော်လှန်ရေးတပ်ပေါင်းစု #ဧရာဝတီတိုင်း
Delta News Agency Telegram - https://shorturl.at/lxKMR
Delta News Agency YouTube - https://shorturl.at/ahBL2
Delta News Agency Website - https://shorturl.at/ozAIM
Delta News Agency Podcast - https://shorturl.at/epwzH

07/02/2025

စစ်အာဏာရှင်စနစ်အောက်မှ လွတ်မြောက်ခဲ့ပြီဖြစ်သော မြို့ရွာများတွင် ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများလုပ်ဆောင်ရန် CDM များဖိတ်ခေါ်ခြင်း
__________________________________________

- အသက် ၁၈ မှ မှ ၃၅ နှစ်အတွင်း ( ကျား၊ မ မရွေး )

- ကျန်းမာရေးအထူးကောင်းမွန်ပြီး ကျေးလက်ဒေသများတွင်ပါ တာဝန်ထမ်းဆောင်နိုင်သူ ဖြစ်ရမည်။ ကျရာနေရာဒေသတွင် တာဝန်ထမ်းဆောင်နိုင်ရမည်။

- နိုင်ငံရေး၊ စစ်ရေးဦးဆောင်ကော်မတီက ပေးအပ်သော လူထုကူညီရေးလုပ်ငန်းဆိုင်ရာသင်တန်းများကို တက်ရောက်ရမည်။

- ပြည်သူ့ညီညွတ်ရေးတပ်ဦး၏ စည်းမျဉ်းစည်းကမ်းများ၊ မူဝါဒများကို လက်ခံလိုက်နာနိုင်ရမည်။

- တပ်ဖွဲဝင်အနေဖြင့် အနည်းဆုံး ၃နှစ် တာဝန်ထမ်းဆောင်နိုင်သူ ဖြစ်ရမည်။

CONTACT US:

TELEGRAM:




SIGNAL: .11
.17

05/02/2025

၂၀၂၅ ခုနှစ်ဟာ တော်လှန်ရေးအတွက် အခက်ခဲအကြမ်းတမ်းဆုံးဖြစ်မယ် (အင်တာဗျူး)အဖွဲ့ ၁၂ ဖွဲ့တပ်ပေါင်းစုဖွဲ့ထားတဲ့ ပ...

20/10/2024

ဘိုကလေးတွင် စာသင်ကြားသူ အမျိုးသားက ကျောင်းသူများအား လိင်ပိုင်းဆိုင်ရာ ကျူးလွန်အမြတ်ထုတ်ဟုဆို

မင်းထက်

(မဇ္စျိမ)။ ။ ဧရာဝတီတိုင်း၊ ဖျာပုံခရိုင်၊ ဘိုလေးမြို့နယ်တွင် စာသင်ကြားသူအမျိုးသားတဦးက ၎င်းထံတွင်စာသင်ကြားသည့် ကျောင်းသူများအား ၂၀၂၄ ခုနှစ် ဇူလိုင်လမှစကာ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှု ကျုးလွန်ခဲ့သည်ဟု ကျူးလွန်ခံရသည်ဟုဆိုသူများ၏ မိသားစုဝင်အချို့က မဇ္စျိမကို ပြောသည်။

ဘိုကလေးမြို့၊ အောင်သပြေ (၆)လမ်း၊ ဘဝတက္ကသိုလ်အမည်ရှိ စာသင်ကျောင်း ဘော်ဒါပိုင်ရှင် ဆရာဦးထွန်းထွန်းက ထိုဘော်ဒါဆောင်တွင် ညအိပ်စာသင်သည့် ကျောင်းသူများအား လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခဲ့ခြင်းဖြစ်‌ေကြာင်း ၎င်းတို့က ဆိုသည်။

ထိုကျောင်းဆရာသည် ကျောင်းသူများအား ညပိုင်းစာသင်ပြီးချိန်များတွင် ဘော်ဒါ ဆောင်နှင့်တွဲလျက် အိမ်အပေါ်ထပ်ရှိ ၎င်းအိပ်သော ခြင် ထောင်တွင်းသို့ ညစဉ်အလှည့်ကျခေါ်ကာ သွေးတိုး အကြောတက်နေသည်ဟု အကြောင်းပြပြီး နှိပ်ခိုင်းခဲ့သည်ဟု အမည်မဖော်လိုသည့် ကျူးလွန်ခံရသည်ဟုဆိုသောကျောင်းသူ၏ မိသားစုဝင်တဦးကပြောသည်။

ထိုသို့ နှိပ်ခိုင်းစဥ် ကျောင်းသူအချို့အား ၎င်းကတွန်းလှဲကာ အပေါ်မှတက်ခွပြီး ရင်သားနှင့် အမျိုးသမီး အင်္ဂါအား ထိတွေ့ခဲ့ကြောင်း ကျောင်းသူအချို့ကဆိုသည်။

" အကိုင်မခံရခင်မှာ ပါးကို နမ်းတာတွေရှိတယ်။ ပထမ လပတ်စာမေးပွဲဖြေနေတဲ့ အချိန် ရူပဗေဒ ဖြေပြီးတဲ့ညမှာ ခေါ်နှိပ်ခိုင်းတယ်။ မီးက လာနေရင်း ပျက်သွားတဲ့အချိန်မှာ လက်ကိုကိုင်ပြီး လှဲလို့ပြောတယ်။ သမီးကမလှဲဘူးဆိုပြီး ထွက်ပြေးမယ်လုပ်တော့ သမီးကို ဆွဲလှဲလိုက်တယ်။ ပြီးတော့ သူ့လက် တဖက်နဲ့ ဒီဘက်(ရင်သား)ကို ကိုင်တယ်။ သမီးက လက်ကို ဆွဲဖယ်လိုက်တော့ ဆရာက ကိုယ့်တပည့်လေးမို့ ဘယ်လိုပုံစံလဲ သိချင်လို့ ကိုင်ကြည့်တာဆိုပြီး ထပ်ပြီးတော့ ဒီဘက်(ရင်သား)ကိုလည်း ကိုင်တယ်။ ပြီးတော့ အောက်ဘက် ဟိုဟာ(အမျိုးသမီးအင်္ဂါဇာတ်)ကိုလည်း ကိုင်တယ်။ ခြေထောက်နှစ်ချောင်းနဲ့ ညှပ်ထားပြီး ချုပ်ထား တယ်"ဟု ကျုးလွန်ခံရသည်ဟုဆိုသူ အသက် ၁၇ နှစ်အ ရွယ် ကျောင်းသူကပြောသည်။

ထိုဖြစ်စဥ်ဖြစ်ပွားစဥ်က အိမ်အပေါ်ထပ်တွင် အခြား Grade 9 ကျောင်းသူနှစ်ဦးရှိသော်လည်း မိုးရွာနေ၍ ရုန်းရင်းဆန်ခတ်ဖြစ်နေသည့်အသံများကို ထိုကျောင်းသူနှစ်ဦး မကြားမသိခဲ့ကြကြောင်း ၎င်းကဆိုသည်။

ထိုသို့ ကျောင်းသူများအား ဘော်ဒါဆောင် အပေါ်ထပ်၌အလှည့်ကျ ခေါ်နှိပ်ခိုင်းပြီး လိင်အမြတ်ထုတ်စဥ် ကျောင်းသူများက အော်ဟစ်အကူအညီတောင်းရန် စဥ်းစားခဲ့ကြသော်လည်း ရှက်ရွံ့ခြင်းနှင့် ဘော်ဒါဆောင် ပိုင်ရှင်၏ အမျိုးသမီးဖြစ်သူက ကျောင်းသူများအား စွပ်စွဲပြောဆိုမည်ကို ကြောက်ရွံ့ခြင်း တို့ကြောင့် မအော်ဟစ်ခဲ့ကြဟု ပြန်လည်ကြားသိရကြောင်း ကျောင်းသူတဦး၏ မိသားစုဝင်ကပြောသည်။

ဘော်ဒါဆောင်အတွင်းနေရာများနှင့် အပေါ်ထပ်ခန်းရှိ ဘုရားခန်းရှေ့တွင်လည်း ကျောင်းသူ အချို့အား ထိုကျောင်းဆရာက လိင်အမြတ်ထုတ်ခဲ့ကြောင်း ကျူးလွန်ခံရသည်ဟုဆိုသူ အသက် ၁၇ နှစ် အရွယ် နောက်ထပ် Grade 12 ကျောင်းသူ တဦးကပြော သည်။

အသက် ၁၇ နှစ်အရွယ် ကျောင်းသူ နှစ်ဦး၊ ၁၉ နှစ်အရွယ်တဦး၊ ၁၆ နှစ်ကျော် အရွယ် နှစ်ဦး၊ ၁၉ နှစ်ကျော် အရွယ် တဦးတို့ လိင်အမြတ်ထုတ်ခံခဲ့ရပြီး မိဘများအားတိုင်ပြော၍ ထောင်ကျခဲ့ပါက ထောင်မှလွတ်လာလျှင် လက်တုံ့ပြန်မည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း၎င်းကဆိုသည်။

ထိုသို့ စွပ်စွဲခံရသူ ဘော်ဒါဆောင်ပိုင်ရှင် ဆရာဦးထွန်းထွန်းအား မဇ္ဈိမက ဆက်သွယ်မေးမြန်းရာ “"လက်ရှိ ကျွန်တော့် ဘော်ဒါမှာ အယောက် ၃၀ ရှိတယ်။ ပြောလို့ဆိုလို့ စိတ်ဆိုးလို့ ကျွန်တော့်အပေါ်မှာ အခဲမကြေဖြစ်ပြီးတော့ ထွက်သွားတာ သုံးယောက်ရှိတယ်။ ကျွန်တော့်နေရာလေးက ကျဥ်းကျဥ်းလေး အခန်းလည်းမရှိဘူး။ မိန်းကလေး ၁၅ ယောက် ယောကျ်ားလေး ၁၅ ယောက်နေတယ်။
ကျွန်တော်နားတဲ့ အချိန်မှာ အပေါ်ကို တက်ခွင့် မပေးထားဘူး။ ဒါကိုလည်း ဘော်ဒါမှာ ကျန်ခဲ့တဲ့ ၂၇ ယောက်သိပါတယ်"ဟု ပြောသည်။

ဘော်ဒါဆောင်မှ ကျောင်းသူခြောက်ဦးသည် မြို့ပြင်သို့ခိုးထွက်ကာ ဘီယာသောက်၍ မိဘများအား တိုင်တန်းပြီး ရိုက်နှက်ဆုံးမခဲ့ကြောင်း၊ ထိုသို့ဆုံးမခံရသူများအနက် သုံးဦး ဘော်ဒါဆောင်မှ နုတ်ထွက်သွားကြောင်း ၎င်းက ပြောသည်။

၎င်းအနေဖြင့် နှိပ်ခိုင်းခဲ့ခြင်းမရှိသော်လည်း ကျောင်းသူများက ကုသိုလ်လိုချင်သည်ဟုဆိုကာ နှစ်ယောက်စီ လာနှိပ်ပေးခြင်းရှိကြောင်း ၊ အိမ်အပေါ်ထပ်တွင် အသက် ၁၄ နှစ်အရွယ် Grade 9 ကျောင်းသူ နှစ်ဦးနှင့် အသက် ၂၀ အရွယ် Grade 12 ကျောင်းသား တဦး အမြဲလိုလိုရှိကြောင်း ဆက်လက်ပြောသည်။

ထိုဖြစ်စဥ်များနှင့် ပတ်သက်၍ ကျောင်းသူများ ထွက်ဆိုထားသည့် အချက်များ မှန်ကန်ပါက မုဒိမ်းကျင့်ရန် ကြံ စည်မှု ပုဒ်မ ၃၇၆/၅၁၁ မြောက်ကြောင်း CDM ရှေ့နေတဦးကဆိုသည်။

လက်ရှိတွင် ကျူးလွန်ခံရသည်ဆိုသူ ကျောင်းသူများနှင့် ၎င်းတို့၏ မိသားစုဝင်များက ရှေ့ရေးစိုးရိမ်ခြင်း၊ အမှုချိန်ကြာမြင့်မည်ကို ပူပန်ခြင်း နှင့် ငွေကြေးကုန်ကျခြင်းတို့ကြောင့် အမှုဖွင့်တိုင်ကြားခြင်းမရှိကြောင် သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး
ဓာတ်ပုံ-ပေးပို့


#လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှု
#ဘိုကလေး

Website Link >>https://bur.mizzima.com/2024/10/20/36612
-----------------------------------------
Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://t.me/mizzimatv
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or https://tinyurl.com/donatemzm

ဖက်ဆစ်စစ်ကောင်စီ၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အပါအဝင် လားရှိုးတမြို့လုံးကို ကိုးကန့်တပ်မတော်(MNDAA) သိမ်းပိုက်။
26/07/2024

ဖက်ဆစ်စစ်ကောင်စီ၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အပါအဝင် လားရှိုးတမြို့လုံးကို ကိုးကန့်တပ်မတော်(MNDAA) သိမ်းပိုက်။

24/07/2024
24/07/2024

''ရိက္ခာသယ်ဖို့ ကားကူစို့''

🔰 ဒီလိုအချိန်ကာလမျိုးမှာ ကားလိုအပ်ချက်အတွက် campagin ပြုလုပ်ရတာဟာ ထူးဆန်းနေပေမယ့် ကြယ်နီတပ်ဦး ကရဲဘော်တွေအသုံးပြူနေတဲ့ ကားလေး မီးလောင်ဆုံးရှုံးသွားတဲ့အတွက် ဒီproject လေးကိုပြုလုပ်ရတာဖြစ်ပါတယ်ဗျ။

- စစ်ကိုင်းအတွင်းမှာရှိတဲ့ ကြယ်နီတပ်ဦးမှ ရဲဘော်များအတွက် သယ်ယူပို့ဆောင်ရိက္ခာသယ်ဆောင်ဖို့ရန်အတွက် မဖြစ်မနေလိုအပ်ချက်အရ ပြုလုပ်ရခြင်းဖြစ်ပါတယ်ဗျ။

- project ပုံစံလေးကတော့ မိမိတို့တတ်နိုင်သလောက်ကူညီပါဝင်ထောက်ပံ့​နိုင်အောင်​ပြုလုပ်ထားပြီး target လေးက သိန်း ၁၀၀ ကျပ်ပဲဖြစ်ပါတယ်။

(KBZ pay,Wave money, NUG pay, SDB) စတာတွေနဲ့ ကူညီထောက်ပံ့နိုင်ပါတယ်ခင်ဗျ။

Campagin ကာလကတော့ July လလကုန်အထိပြုလုပ်မှာဖြစ်ပြီး တတ်နိုင်တဲ့ဘက်ကနေကူညီပါဝင်ထောက်ပံ့ပေးကြဖို့ မေတ္တာရှေ့ထားကာ နိုးဆော်လိုက်ရပါတယ်ဗျ❣

#စာအုပ်ကာစရာမလိုပါ
#ရိက္ခာသယ်ဖို့ကားကူစို့

28/12/2023
ဖျာပုံမြို့တွင် PDF ဟုစွပ်စွဲပြီးလူငယ်များကိုဖမ်းဆီးနေ။
12/12/2023

ဖျာပုံမြို့တွင် PDF ဟုစွပ်စွဲပြီးလူငယ်များကိုဖမ်းဆီးနေ။

ဖျာပုံမြို့တွင် PDF ဟုစွပ်စွဲကာ လူငယ်များကို ဖက်ဆစ်စစ်ကောင်စီက အကြမ်းဖက်ဖမ်းဆီးနေ။

မိုးသောက် ( လူငယ်သစ် )
ဖျာပုံ၊ ဒီဇင်ဘာ ၁၂။

ဧရာဝတီတိုင်း၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့တွင် မနေ့ ည ၉ နာရီခန့်က လူငယ် ၄ ဦးကို ဖက်ဆစ်စစ်ကောက်စီက မတရဖမ်းဆီးသွားကြောင်း သိရသည်။

ဒီဇင်ဘာလ ၁၁ ရက် ၊ ည ၉နာရီခန့်တွင် ဖျာပုံမြို့ရပ်ကွက် (၁၄)တွင် အကြမ်းဖက်စစ်ကောင်စီတပ်သားများ ရောက်ရှိလာပြီး ပြည်သူ ၄ဦးအား သေနတ်ပစ်ဖောက်ကာအကြမ်းဖက်ဖမ်းဆီးသွားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူများကို ဆဲဆိုခြိမ်းခြောက်သွားကြောင်း ဖမ်းဆီးခံရသော ပြည်သူ ၄ ဦးတွင် ၂ဦးမှာ လူငယ်များဖြစ်ပြီး အသက် ၁၉ နှစ်နှင့် အသက် ၂၇ နှစ်အရွယ်ရှိ လက်လုပ်လက်စား ​လူငယ်များဖြစ်ကြောင်း ဖမ်းဆီးခံရသူများကို PDF ဟု စွပ်စွဲကာဖမ်းဆီးခြင်းဖြစ်ကြောင်း ​
ဖျာပုံမြို့ခံများက လူငယ်သစ်ကိုပြောသည်။

ဖျာပုံမြို့မိမြို့ဖဟောင်းတဦးက " မနေ့က ည၉နာရီလောက်က သေနတ်ထောက်ဖမ်းပြီး ဖမ်းသွားတာ။ ရပ်ကွက်နေ လူထုကိုလည်းဆဲဆိုခြိမ်းခြောက်သွားတယ်၊ အဖမ်းခံရသူတွေက တနေ့လုပ်မှတနေ့စားနေရတဲ့ ဘာနိုင်ငံရေးနဲ့မှမပတ်သက်တဲ့ ပြည်သူတွေပါ၊ ဒီနေ့မနက်လည်းမြို့ပေါ်မှာလုံခြုံရေးတင်းကြပ်ထားပြီး ရွာဘက်တွေမှာ အသက် ၁၉ နှစ်ကနေ ၃၀ အတွင်း လူငယ်တွေကိုလည်း အစုလိုက်ဖမ်းဆီးနေတာတွေရှိတယ်။ " လို့ ဆိုသည်။

ဧရာဝတီတိုင်းအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်များက ပြည်သူလူထုကို နေ့စဥ်နှင့်အမျှ ခြိမ်းခြောက်ငွေညစ်မှုများ ဓားပြတိုက်မှုများရှိနေပြီး အကြမ်းဖက်ဖက်ဆစ်တပ်အတွက် လူသစ်စုဆောင်းရန်နှင့် လူငယ်များကို ဖမ်းဆီးပြီးနေ့စဥ်နှင့်အမျှ ငွေညစ်အကြပ်ကိုင်မှုများရှိကြောင်းနှင့် ပြည်သူများကို PDF ဟု စွပ်စွဲပြီးဖမ်းဆီးကာ ပေါ်တာဆွဲမှုများကို နေ့စဥ်နှင့်အမျှ လုပ်ဆောင်နေကြောင်း သိရသည်။

Photo - Credit

#ပြည်သူများကိုဖမ်းဆီး #အကြမ်းဖက်ဖက်ဆစ်တပ်
#ဖျာပုံမြို့ #လူငယ်သစ်

Subscribe to us on;

Telegram >>> https://t.me/newyouthburma2023

YouTube >>> https://youtube.com/-zi3vr

18/09/2023

ရွှေဝါရောင်တော်လှန်ရေး (၁၆) နှစ်မြောက် နှစ်ပတ်လည်နေ့ ထုတ်ပြန်ကြေညာချက်

ရွှေဝါရောင်တော်လှန်ရေးသည် စစ်အာဏာရှင်စနစ်အောက်တွင် ပြည်သူလူထု၏ အထွေထွေ အကြပ်အတည်းများအား မရှုစိမ့်တော့သည့် ရဟန်းသံဃာထုကြီးမှ စတင်ခဲ့သည့် လှုပ်ရှားမှုကြီးဖြစ်သည်။ နိုင်ငံအနှံ့ ရဟန်းသံဃာထုကြီး တရပ်လုံးနီးပါး ပါဝင်ခဲ့ကြပြီး ကျောင်းသား ပြည်သူများက ဝန်းရံခဲ့ကြသည့် အကြမ်းမဖက်လူထုလှုပ်ရှားမှုကြီးတရပ်ဖြစ်သည်။ ခေတ်အဆက်ဆက်တွင် စစ်အာဏာရှင်စနစ်နှင့် စစ်အုပ်စု သည် ရဟန်းသံဃာထုအပါအဝင် ပြည်သူ လူထုအား ဖိနှိပ်သတ်ဖြတ်မှုများကို ပြောင်ပြောင်တင်းတင်း ကျူးလွန်ခဲ့ကြသည်။ ထိုသို့ စစ်အာဏာရှင်စနစ်၏ ဖိနှိပ်မှုများကို ရဟန်းသံဃာထုနှင့် ပြည်သူလူထုတို့ ပူးပေါင်းစုရုံး၍ ခေတ်အဆက်ဆက် သပိတ်မှောက် တော်လှန်ခဲ့ကြသည်မှာလည်း ယနေ့တိုင်ဖြစ်သည်။
ယနေ့သည် ရွှေဝါရောင်တော်လှန်ရေး၏ (၁၆) နှစ်မြောက် နှစ်ပတ်လည်နေ့ဖြစ်သည်။
ယခုအချိန်တွင်လည်း စစ်အာဏာရှင်စနစ်၏ မတရားဖိနှိပ် အကြမ်းဖက်မှုများကြောင့် ပြည်သူလူထုတရပ်လုံး အထွေထွေအကြပ်အတည်းများနှင့် ကြုံတွေ့ ရလျက်ရှိသည်။ မျက်မှောက်ကာလ စစ်အုပ်စု၏ ဖိနှိပ်မှုများ ကိုလည်း မိမိတို့ ပြည်သူလူထုတရပ်လုံးသည် ဓမ္မဘက်တော်သား ရဟန်းသံဃာထုကြီးနှင့်အတူ ပူးပေါင်း တွန်းလှန်သွားမည်။
ရွှေဝါရောင်တော်လှန်ရေးကြီးမှစ၍ ယနေ့တိုင် ပတ္တနိကုဇ္ဇနကံဆောင်လျှက်ရှိသည့် ရဟန်းသံဃာများအား အထူးအလေးအမြတ်ပြုပါကြောင်းနှင့် ဆက်လက်၍လည်း စစ်အုပ်စုနှင့် ၄င်းတို့လက်ဝေခံ အပေါင်းအပါများ၏ လှူဒါန်းပင့်လျှောက်မှုများအား သပိတ်မှောက်ခြင်းအားဖြင့် နွေဦးတော်လှန်ရေးတွင် အဖိနှိပ်ခံ ပြည်သူလူထုကြီးနှင့်အတူ ဦးဆောင်လမ်းပြ ပါဝင်ပေးကြပါရန် လျှောက်ထားအပ်ပါသည်။

စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ်ကော်မတီ (General Strike Committee - GSC)
စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုလှုပ်ရှားမှု / Anti-Junta Mass Movement - AJMM
လူမျိုးပေါင်းစုံအထွေထွေသပိတ်ကော်မတီ ( General Strike Committee of Nationalities - GSCN)



#ရွှေဝါရောင်တော်လှန်ရေး
#စက်တင်ဘာ၁၈
#သံဃာ့အရေးအခင်း

18/09/2023
11/09/2023

အော့အော့ပါပဲ ရွေးကောက်ပွဲ
မောင်ပေသီး
စကစခေါင်းဆောင် ဗိုလ်မအလက သန်းခေါင်စာရင်းတော်ကြီးကောက်ယူပြီးစီးတဲ့ ၂၀၂၄ ခုနှစ် ကျရင် ‌ရွေးကောက်ပွဲလုပ်မယ်လို့ပြောတော်မူပြန်ပါပြီ၊ ရှေ့မှာလဲ ဟိုနေ့လုပ်မလို၊ ဒီနေ့လုပ်မလိုပြောခဲ့ ဆိုခဲ့ ပေါင်းလည်းများပါပြီ၊ ရွေးကောက်ပွဲဝင်ချင်လွန်းလို့ ဟန်တပြင်ပြင်မဲတတင်းတင်း အမတ်မင်း လောင်းလျာ များကတော့ မအလကို ရက်ရွေးမနေပါနဲ့ကိုကိုရယ် ဆိုပြီး ပြောချင်ကြရှာမှာပါ၊ မောင်ပေသီးတို့ ပြည်သူတရပ်လုံးကတော့ စစ်အုပ်စုလုပ်ပေးမယ့်ရွေးကောက်ပွဲဆိုတာ အော့အော့တွေလိုပဲ သဘောထားရ မယ် ဆိုတာပျဉ်ဖိုးမက သဂြိုဟ်ခအထိနားလည်နေကြပါပြီ၊
လွတ်လပ်ပြီး ဗမာပြည်မှာလုပ်ခဲ့သမျှ ရွေးကောက်ပွဲတွေကို ပြန်ကြည့်ရင်တပ်မတော်ကြီးရဲ့ လက်ရာ၊ ခြေရာ၊ ဖျက်ရာအမျိုးမျိုးကို မြင်ကြရမှာဖြစ်ပါတယ် ခင်ဗျာ၊ လွတ်လပ်ပြီး ပထမဆုံးကျင်းပတဲ့ ၁၉၅၁-၁၉၅၂ မှာ ( အကြိမ်ကြိမ်ခွဲလုပ်တဲ့) ရွေးကောက်ပွဲကြီးကစလို့ တပ်မတော်ကြီးဟာ အဲဒီတုန်းက အာဏာရ ဖဆပလ အစိုးရကို ဘက်လိုက်ခဲ့ပါတယ်၊ စစချင်းဆိုတော့ သိပ်အများကြီးတော့ မဟုတ်ဘူးပေါ့လေ၊
နည်းနည်းပိုခြေစွမ်းပြလာတာကတော့ ၁၉၅၆ ခုနှစ်ရွေးကောက်ပွဲပါ၊ အတိုက်အခံ ပမညတလဲ အင်းအားရှိတာမို့ ဆိုရှယ်လစ်စစ်ဗိုလ်ကြီးတွေက နည်းပေါင်းစုံသုံးပြီး လိမ်ကောက်ဘောခိုး အမျိုးမျိုး နဲ့ခြေစွမ်းပြကြပါတယ်၊ ဖဆပလပဲနိုင်ပါတယ်၊
၁၉၅၈ ကျတော့ တမျိုးဖြစ်ပြန်ရောခင်ဗျ ၊ ရွေးကောက်ပွဲဘာညာမဟုတ်တော့ဘူး၊ ငါရှင်ဘုရင် ဘယ်နှပတ် ပတ်ပတ် ဆိုတဲ့အချိုးနဲ့ အတင်းအုပ်ချုပ်မင်းလုပ်ပြန်တော့တာကိုး၊ အခုမအလကြီးလိုပဲ ဗိုလ်နေဝင်းလဲ ဒီခြောက်လနဲ့မရသေးဘူး၊ နောက်ခြောက်လတိုးပေး ဆိုတာမျိုးတွေ လုပ်ခဲ့သေးတာ ( မအလက အတုမြင်အတတ်သင်တာဖြစ်မယ်)
ရွေးကောက်ပွဲခုံသမာဓိနေရာမှာ ရုပ်တည်ကြီးနဲ့ စစ်အုပ်စုဝင်ထိုင်ခွင့် ရလိုက်တာကတော့ ၁၉၆၀ ပါပဲ၊ ဖျံနှစ်ကောင်အဝေမတည့်တဲ့ငါးကို အားပါးတရစားရတော့မယ့်မြေခွေးကြီး ဂိုက်နဲ့ပေါ့ခဗျာ၊ သန့်ရှင်း တည်မြဲအားပြိုင်ပွဲမှာ ဆိုရှယ်လစ်တပ်မှူးများကလဲ တည်မြဲဘက်က ဇွတ်ရော အဓမ္မရော ရှေးမူမပျက် အားပေးကြပြန်တယ်၊ မြေခွေးကြီးဗိုလ်နေဝင်းအဖို့ ခွင်ထဲကျသလိုဖြစ်သွားတယ်၊ ဖျံနှစ်ကောင်လက်ထဲက ငါးကိုစားရရုံတင်မက ကိုယ်လက်ထဲက ငါးကိုလာဟပ်နိုင်မယ့် မြေခွေးပေါက်တွေကိုပါ တခါတည်း ရှင်းနိုင်မယ့် ကိန်းဆိုက်သွားတယ်၊ ရွေးကောက်ပွဲအပြီးမှာ ဘက်လိုက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တပ်မှူးကြီး အတော်များများကို တပ်ကထုတ်ပယ်ပစ်လိုက်တယ်၊ ဦးနုရဲ့သန့်ရှင်း (ပထစ) မဲနိုင်တယ်၊
မဲနိုင်တော့ရောဘာဖြစ်သေးလဲ၊ ကဲ ၁၉၆၂ မှာ အာဏာသိမ်းလိုက်ပါတော့တယ်၊ ဗိုလ်နေဝင်းက ကိုယ့်ကိုယ်ကိုယ် အပြတ်အသတ်ရွေးကောက်တင်မြောက်လိုက်တဲ့ပွဲပါ၊ မဲကတော့သေနတ်ပဲပေါ့ခင်ဗျာ၊
အဲဒီအချိန်ကစလို့ ဗမာပြည်မှာ ရွေးကောက်ပွဲဆိုတာ ရှေ့နေပေးငွေ ကြက်သောက်ရေဖြစ် သွားပါတော့တယ်၊ ဒီလိုနဲ့ ၁၉၈၈ အရေးတော်ပုံကြီးမှာ မဆလ ပြုတ်ကျသွားပါရော၊ တပ်မတော်ကြီးလဲ ရွေးကောက်ပွဲ ခုံသမာဓိနေရာကို ဒုတိယမ္ပိ ခြေဦးလှည့်ခွင့်ရသွားပြန်ပါရောခင်ဗျာ၊
၁၉၉၀ ရွေးကောက်ပွဲကြီးမှာ NLD အပြတ်အသတ်အနိုင်ရပြီးတကမ္ဘာလုံးကလဲ တရားမျှတတဲ့ ရွေးကောက် ပွဲ အဖြစ်အသိအမှတ်ပြုကြပါတယ်၊ ဒီတော့ရော ဘာဖြစ်သေးလဲ၊ အာဏာမလွှဲဘူးပေါ့၊ ဖွဲ့စည်းပုံရေးရမယ် ဘာညာပေါ့၊ ဒီလိုနဲ့ပဲ ၂၀၀၈ ဖွဲ့စည်းပုံအတည်ပြု၊ ၂၀၁၀ ရွေးကောက်ပွဲဖြစ်၊ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ NLD ဝင်၊ ၂၀၁၅ ရွေးကောက်ပွဲ NLD နိုင် စသဖြင့်ဖြစ်လာတယ်၊
စကားမပြောဘူး ၊ သိုက်ကလာတယ်၊ ဗိုလ်မအလ ပြုံးပြုံးကြီးကြည့်နေသေးတယ်၊ စစ်အာဏာရှင် ကိုယ်စားပြု ၂၀၀၈ ခြေ/ဥ အောက် လစ်ဘရယ်တွေသိမ်းကျုံးဝင်လာတာ သူ့အတွက် ပျော်စရာမို့လား၊ ၂၀၂၀ NLD ထပ်နိုင်ပြန်တော့မှ သူသမ္မတလောဘ၊ စီးပွားရေးလောဘနဲ့ တည့်တည့်ကြီးကိုတိုးသွားတော့တာ၊ ဘာရမလဲ သာဝရာ ဆိုတော့ သာဝက အထာကျ‌အောင် အာဏာပြရတော့တာပေါ့၊ သိုက်ကလာလဲ စကား ပြောတယ်၊ အကျယ်ကြီးပြောတယ်၊ မဲလိမ်မဲခိုးလို့အာဏာထိန်းတယ်ပေါ့၊ ကိုယ်ကိုကိုယ်ရွေးကောက်တင် မြှောက်တယ်၊ မဲကတော့ သေနတ်ပေါ့၊ အစဉ်အလာမပျက်ပေါ့၊
အခုလဲပြောပြန်ပြီ၊ ရွေးကောက်ပွဲတဲ့၊ ပြည်သူတရပ်လုံးကတော့ အော့အော့ပါပဲခင်ဗျာ။ ။

11/09/2023
ပြည်သူ့ဝန်ထမ်းများသမဂ္ဂ စတင်ဖွဲ့စည်း
09/07/2023

ပြည်သူ့ဝန်ထမ်းများသမဂ္ဂ စတင်ဖွဲ့စည်း

လင်းသူရိန်/ရုပ်သံ (မဇ္ဈိမ)။ ။ ပြည်သူ့ဝန်ထမ်းများသမဂ္ဂကို ဖွဲ့စည်းကြောင်း ၂၀၂၃ ခုနှစ် ဇူလိုင်လ ၅ရက်နေ့မှာ သမဂ...

အာဇာနည် ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး______________________________________ဆလိုင်းတင်မောင်ဦးဟာ ချင်းလူမျိုး ကျ...
24/06/2023

အာဇာနည် ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး
______________________________________

ဆလိုင်းတင်မောင်ဦးဟာ ချင်းလူမျိုး ကျောင်းသားခေါင်းဆောင် တဦးဖြစ်ပါတယ်။ ၁၉၅၀ ခုနှစ်က တောင်ငူမြို့မှာ မွေးဖွားခဲ့ပြီး ရန်ကုန်မြို့မှာ နေထိုင်ခဲ့ပါတယ်။ ရန်ကုန် ဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ် သတ္တဗေဒ အထူးပြု ကျောင်းသား တဦး ဖြစ်ပါတယ်။ ဆလိုင်းတင်မောင်ဦးဟာ ဗမာပြည်မှာ တဦးတည်းသော ကြိုးပေးကွပ်မျက်ခြင်းခံခဲ့ရတဲ့ ကျောင်းသားခေါင်းဆောင် ဖြစ်ပါတယ်။

နိုင်ငံရေးလှုပ်ရှားမှုများ
_____________

တက္ကသိုလ်ကျောင်းသား ဘဝက နိုင်ငံရေးလှုပ်ရှားမှုများမှာ ဦးဆောင်ပါဝင်ခဲ့ပါတယ်။ ၁၉၆၉ ခုနှစ် (၅) ကြိမ်မြောက် အရှေ့တောင်အာရှ ကျွန်းဆွယ် အားကစားပွဲ ကျောင်းသားလှုပ်ရှားမှုမှာ တက်ကြွစွာ ပါဝင်ခဲ့ပြီး ၁၉၇၂ ခုနှစ် သမိုင်းဝင်းအတွင်း ဖြစ်ပွားခဲ့တဲ့ ကျောင်းသားလှုပ်ရှားမှုမှာလည်း တက်ကြွစွာ ပါဝင်ခဲ့ပါတယ်။ အဲဒီလှုပ်ရှားမှုကြောင့် စစ်အစိုးရရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး အင်းစိန်ထောင်မှာ ချုပ်နှောင်ခံခဲ့ရပါတယ်။ ၁၉၇၄ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့မှာ ထောင်က လွတ်မြောက်ခဲ့ပါတယ်။ သမိုင်းချည်မျှင်နဲ့ အထည်စက်ရုံ အလုပ်သမားသပိတ် တိုက်ပွဲမှာ ကျောင်းသား ကျောင်းသူများ ပါဝင်နိုင်ရေး စည်းရုံးလှုံ့ဆော်မှုများ ပြုလုပ်ခဲ့ပါတယ်။ ၁၉၇၄ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ် ချင်းစာပေနှင့် ယဉ်ကျေးမှုကော်မတီမှာ အထွေထွေအတွင်းရေးမှူးအဖြစ် ရွေးချယ်တင်မြှောက်ခံခဲ့ရပါတယ်။ ချင်းအမျိုးသားတွေရဲ့ နာမည်အရှေ့မှာ ဆလိုင်း၊ ချင်းအမျိုးသမီးတွေရဲ့ နာမည်အရှေ့မှာ မိုင် လို့ ခေါ်ဝေါ်သုံးစွဲဖို့ အဆိုပြုခဲ့ပြီး အတည်ပြုနိုင်ခဲ့ပါတယ်။

၁၉၇၄ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ဦးသန့်အရေးအခင်းမှာ စစ်အစိုးရကို ရဲဝင့်စွာ ဆန့်ကျင်တဲ့ ကျောင်းသားခေါင်းဆောင်တဦးအဖြစ် ပါဝင်ခဲ့ပါတယ်။ အဲဒီအရေးအခင်းအပြီးမှာ စစ်အစိုးရရဲ့ ဖမ်းဆီးမှုက လွတ်မြောက်ဖို့ အခြားကျောင်းသားခေါင်းဆောင် ၅ ဦးနဲ့အတူ ထိုင်းနိုင်ငံ နယ်စပ်ကို တိမ်းရှောင်ခဲ့ပါတယ်။ အဲဒီလို တိမ်းရှောင်နေစဉ်မှာပဲ မြေအောက်ကျောင်းသားလှုပ်ရှားမှုတွေကို ဆက်လက်ဆောင်ရွက်ခဲ့ပါတယ်။

၁၉၇၅ ခုနှစ်မှာ ရန်ကုန်ကို ပြန်လည် ဝင်ရောက်ခဲ့ပြီး ဇွန်လ ၆ ရက်နေ့ ရွှေတိဂုံကျောင်းသား အရေးအခင်းမှာ ဦးဆောင်ပါဝင်ခဲ့ပါတယ်။ စစ်အစိုးရက ဆန္ဒပြကျောင်းသားတွေကို လိုက်လံဖမ်းဆီးပြီး ကြီးလေးတဲ့ ထောင်ဒဏ်တွေ ချမှတ်ခဲ့ပါတယ်။ ဆလိုင်းတင်မောင်ဦးကတော့ အဖမ်းမခံရဘဲ လွတ်မြောက်သွားခဲ့ပါတယ်။ ၁၉၇၆ ခုနှစ် မတ်လ ၁၉ ရက်နေ့မှာ ကမာရွတ် ပတ္တမြားခြံမှာ လှုံ့ဆော်ရေး စာရွက်စာတမ်းတွေနဲ့အတူ ဖမ်းဆီးခြင်း ခံခဲ့ရပါတယ်။ မှိုင်းရာပြည့် အရေးအခင်းမှာ ဆလိုင်းတင်မောင်ဦးနဲ့ အတူ ဖခင်ဖြစ်သူ ဦးမြဒင်နဲ့ ညီဖြစ်သူ ဆလိုင်းလှဆွေတို့လည်း အဖမ်းခံခဲ့ရပါတယ်။ အဲဒီအချိန်က နဝမတန်းတက်ရောက်နေတဲ့ ညီမဖြစ်သူ မိုင်ပိုပိုဒင်မှာလည်း အစ်ကိုဖြစ်သူ၊ ဖခင်ဖြစ်သူတို့နဲ့အတူ အဖမ်းခံခဲ့ရပြီးနောက် မှိုင်းရာပြည့် အရေးအခင်းမှာ တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့တာကြောင့် ထပ်မံ ဖမ်းဆီးခံခဲ့ရပါတယ်။

စစ်အာဏာရှင်တို့ရဲ့ ရက်စက် ယုတ်မာမှု
________________________

စစ်အာဏာရှင် နေဝင်းအစိုးရက ဆလိုင်းတင်မောင်ဦးကို သေဒဏ်ကြိုးမိန့်၊ ညီမ ဖြစ်သူ အထက်တန်းကျောင်းသူ မိုင်ပိုပိုဒင် ခေါ် မလှမြိုင်ကို ထောင်ဒဏ် ၉ နှစ်၊ ညီဖြစ်သူ ဆလိုင်းလှဆွေကို ထောင်ဒဏ် ၇ နှစ်၊ ဖခင်ဖြစ်သူ ဦးလှဒင်နဲ့ မိခင်ဖြစ်သူ ဒေါ်နှင်းမြိုင်တို့ကို အားပေးအားမြှောက်မှု၊ သားသမီးများကို အိမ်တွင် လက်ခံထားမှုနဲ့ ထောင်ဒဏ် ၅ နှစ်စီ အသီးသီး ချမှတ်ခဲ့ပါတယ်။ ဖမ်းဆီးခံခဲ့ရပြီး ၃ လ အကြာမှာ အမေနဲ့ ညီမ ဖြစ်သူကို သာယာဝတီထောင်၊ အဖေနဲ့ ညီဖြစ်သူကို တောင်ငူထောင်သို့ ပို့ဆောင်ခဲ့ပါတယ်။

စစ်ခုံရုံးမှာ ပြင်ဆင်ချက်တင်ရင် ပြစ်ဒဏ်လျှော့ပေးမယ်လို့ ပြောခဲ့ပေမယ့် ဆလိုင်းတင်မောင်ဦးက "မင်းတို့ ငါ့ခန္ဒာကိုယ်သာ သတ်လို့ရမယ် ငါ့ရဲ့ယုံကြည်ချက်နှင့် ရပ်တည်ချက်ကိုတော့ ဘယ်တော့မှ သတ်လို့ရမှာမဟုတ်ဘူး။ မင်းတို့ စစ်ဖိနပ်အောက်မှာ ငါဘယ်တော့မှ ဒူးမထောက်နိုင်ဘူး" လို့ ရဲဝံ့စွာ တုံ့ပြန်ခဲ့ပါတယ်။

ဆလိုင်းတင်မောင်ဦးရဲ့ မိဘ ညီအကို မောင်နှမတွေကို အသိမပေးဘဲ အင်းစိန်ထောင်အတွင်း သေဒဏ်ကျ အကျဉ်းသားများ ရရှိမယ့် အခွင့်အရေးတွေကို မပေးဘဲ စစ်အစိုးရက ရက်စက်ယုတ်မာစွာ ၁၉၇၆ ခုနှစ် ဇွန် ၂၆ ရက်နေ့မှာ ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးကို တိတ်တဆိတ် ကြိုးပေးသတ်ဖြတ်ခဲ့ကြပါတယ်။ စစ်အစိုးရ အဆက်ဆက်က ကြိုးပေးသတ်ဖြတ်ခဲ့တဲ့ နေ့ရက်ကို ယနေ့တိုင် တရားဝင် ထုတ်ပြန် အသိပေးခဲ့ခြင်းမရှိပါဘူး။

#ဆလိုင်းတင်မောင်ဦး #အိုးဝေ

Address

18th Street , 4 Wards
Bogale
11141

Website

Alerts

Be the first to know and let us send you an email when ဘိုကလေးမြို့နယ် စစ်အာဏာရှင်တော်လှန်ရေးသတင်းနှင့်ပြန်ကြားရေးကော်မတီ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share