18/10/2021
စစ်ကောင်စီက ပြည်သူများ ပြည်ပသို့ ထွက်ခွာခွင့် စိစစ်ပိတ်ပင်နေပြီး လေယာဉ် ကွင်းမှ ပြန်လှည့်လာရသူ အများအပြားရှိလာ
ရန်ကုန်၊ အောက်တိုဘာ ၁၈
စစ်ကောင်စီက ပြည်သူများ ပြည်ပသို့ ထွက်ခွာခွင့်များကို အောက်တိုဘာလ ၁၅ ရက်နေ့မှစတင်၍ စိစစ် ပိတ်ပင်မှုများရှိနေပြီး လေယာဉ်ကွင်းမှ ပြန်လှည့်လာရသူများ အများအပြားရှိနေကြောင်း ရန်ကုန် အခြေစိုက် ပြည်ပခရီးသွားဝန်ဆောင်မှု အေဂျင်စီများထံမှ သိရှိရသည်။
စစ်ကောင်စီက ပြည်ပထွက်ခွာသူများကို လေဆိပ်တွင် စစ်ဆေးရာတွင် နိုင်ငံကူးလက်မှတ်စာအုပ်၏ အမျိုးအစား၊ ထွက်ခွာမည့် ဗီဇာအမျိုးအစားများကို သေချာစွာ စိစစ်ရန်၊ အကြောင်းပြချက် ခိုင်လုံမှုမရှိဘဲ ပြည်ပထွက်ခွာရန် ကြိုး စားသူများကို လေယာဉ်ပေါ် ပေးမတက်ရန် ညွှန်ကြားထားကြောင်း သိရှိရသည်။
"နိုင်ငံကူးလက်မှတ် ပတ်စ်ပို့တွေမှာ အမျိုးအစားရှိတယ်။Type PJ ၊ Type PV အစရှိသဖြင့်ပေါ့။ စာအုပ်တိုင်းမှာ ပါတယ်သေချာပြန်ကြည့်။ အဲဒီ PJ ဆိုတာက Purpose of JOB အလုပ်အကိုင်အတွက် သွားမယ်ဆိုပြီး ပတ်စ်ပို့စလျှောက်ကတည်းက ထည့်ရေးရတယ်။ PV ဆိုတာက Purpose of Visit ပေါ့ အလည်သွားဖို့အတွက်ပေါ့။ အရင်တုန်းက အဲဒါမျိုးတွေ သိပ်မခွဲဘူး။ ဘာပဲဖြစ်ဖြစ် သွားလို့ရတော့ အလွယ်ပဲ ရေးလိုက်ကြတာများတယ်။ အခု လေဆိပ်မှာ PJ လို့ ရေးထားတယ်။ ဗီဇာကလည်း အလုပ်အကိုင် ဗီဇာဆိုရင် ပြည်ပအလုပ်သွားလုပ်မယ့် အလုပ်သမားကတ်(OWIC) ပါရတယ်။ အဲဒါမပါလို့ ပေးမသွားတွေဖြစ်နေတယ်။ PV စာအုပ်နဲ့ အလုပ်အကိုင်ဗီဇာဆိုရင်လည်း ပေးမထွက်ဘူး" ဟု ရန်ကုန်အေခြစိုက် ပြည်ပ ခရီးသွားဝန်ဆောင်မှု လုပ်ငန်းတစ်ခုက ပြောသည်။
အောက်တိုဘာလ ၁၆ ရက်နေ့တွင် ရန်ကုန်မှပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်မည့် လူငယ် ၇ ဦး၊ အောက်တိုဘာလ ၁၇ ရက်နေ့တွင် ရန်ကုန်မှ ဒူဘိုင်းသွားရောက်အလုပ်လုပ်မည့် လူငယ် ၁၇ ဦး ကို ပြည်ပထွက်ခွင့်မပြုဘဲ ရန်ကုန်လေယာဉ်ကွင်းမှ လှည့်ပြန်စေခဲ့ကြောင်း သိရှိရသည်။
"ကျနော်တို့ကြားရသလောက်က သွားမယ့် သူတွေက အလုပ်သွားလုပ်မှာ။ ပတ်စ်ပို့စာအုပ်ကလည်း PJ အလုပ်အတွက် ပဲ။ ဗီဇာကလည်း အလုပ်အကိုင်ပဲ။ ဒါပေမယ့် ဘာဖြစ်လဲဆိုတော့ ပြည်ပအလုပ်သမားကတ် OWIC မပါလို့ဆိုပြီး ပေးမထွက်ဘူး။ အဲဒီလိုတွေဖြစ်နေတာ။ အရင်တုန်းက ဘာစာအုပ်ဖြစ်ဖြစ် ဘာဗီဇာဖြစ်ဖြစ် အကုန်သွားလို့ရတယ်။ အခုက အတော်စိစစ်တာ။ အဲဒီတော့ ပတ်စ်ပို့စာအုပ်လျှောက် ကတည်းက သတိထားပြီး လျှောက်ကြပါ" ဟု ရန်ကုန်ပြည်ပခရီးသွားဝန်ဆောင်မှု အေဂျင်စီတစ်ဦးက ပြောသည်။
ပြည်ပ နိုင်ငံများသို့ အလည်သွားရောက်မည့် သူများကို ငွေကြေးပြခိုင်းခြင်း၊ အပြန်လေယာဉ်လက်မှတ် ပြခိုင်းခြင်း၊ တည်းခိုမည့် ဟိုတယ်နှင့်လိပ်စာများ ပြသခိုင်းပြီး အကြောင်းအရာ မခိုင်လုံလျှင် ပြည်ပ ထွက်ခွင့်မပေးကြောင်း သိရှိရသည်။
"အခု PV တွေလည်း ပြည်ပကို အလည်ထွက်မယ်ဆိုရင် အပြန်လေယာဉ်လက်မှတ်၊ သယ်သွားမယ့် ဒေါ်လာ၊ တည်းမယ့် ဟိုတယ်လိပ်စာ ၊ ဟိုမှာ ဘယ်သူရှိလဲ အကုန်လျှောက်စိစစ်တယ်။ သူတို့ စိတ်မကျေနပ်ရင် သွားခွင့်ပိတ်လို့ရတယ်ပြောတယ်။ အရင်လို ပြည်ပကို လွယ်လွယ်ထွက်ခွင့်မပေးချင်တာလို့ပဲ ထင်ပါတယ်"ဟု ပြည်ပခရီးသွားဝန်ဆောင်မှုအေဂျင်စီက ဆိုသည်။
အကြမ်းဖက်စစ်ကောင်စီသည် ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းပြီးချိန်မှစတင်၍ ရန်ကုန် လေဆိပ်တွင် နိုင်ငံရေးတွင်ပါဝင်ပတ်သက်သူများကို ပြည်ပထွက်ခွင့်မပေးဘဲ ဖမ်းဆီးရန် စာရင်းများ ထုတ်ပြန် စိစစ်မှုများလည်း လုပ် ဆောင်လျက်ရှိကြောင်း သိရှိရသည်။
Khit Thit Media
(Khit Thit Media သည် Dakkhina Insight ၏ မိတ်ဖက်သတင်းဌာနဖြစ်သည်)