
30/04/2025
ခေတ်သစ်တခုကို တည်ဆောက်ခြင်း (ချယ်လ်ဆီးနှင့် မော်ရင်ဟို)
ချယ်လ်ဆီးကို မော်ရင်ဟို စတင်ကိုင်တွယ်ခဲ့တဲ့ အတွင်းရေး၊ အပြင်ရေးတွေကို ပြန်ရေးထားတာပါ။ ချယ်လ်ဆီးပရိသတ် တဦးအနေနဲ့ မမေ့နိုင်စရာအဖြစ်အပျက်တွေ အများကြီး ပါဝင်နေပါတယ်။ မော်ရင်ဟို မရောက်ခင် (10)စုနှစ် တခုစာနီးပါးလောက်စောပြီး ချယ်လ်ဆီးကို ကြိုက်ခဲ့ပေမယ့် မော်ရင်ဟိုကြောင့်သာ ခံစားချက်တွေကို ပိုမိုပြင်းထန်စေခဲ့တာပါ။ ဘာပဲဖြစ်ဖြစ်၊ ဘာတွေဖြစ်ခဲ့ဖြစ်ခဲ့။ ဒီလူက ကိုယ့်ဆရာ၊ ချယ်လ်ဆီးပရိသတ်အားလုံးရဲ့ ဆရာပါပဲ။ ရေးနေရင်း ဖီးလ်ဝင်နေလို့ စာရှည်သွားတယ်။ နောက်တပိုင်းကို နောက်မှ ဆက်ရေးပါတော့မယ်။
---------------------------------
2004 ဇွန်လမှာ မော်ရင်ဟိုက ချယ်လ်ဆီးနည်းပြသစ်ဖြစ်လာတယ်။ နည်းပြဖြစ်လာပြီး မကြာခင်မှာပဲ ပရီးမီးယားလိဂ်သမိုင်းမှာ အလှုတ်ခတ်ဆုံး သတင်းစာရှင်းလင်းပွဲတခုကို ပြုလုပ်ခဲ့တယ်။ သူက ပေါ်တိုအသင်းနဲ့ အတူ ချန်ပီယံလိဂ်ဖလား ယူပြီးခါစ။ ဒီအသင်းက (1987)နောက်ပိုင်း ဥရောပအောင်မြင်မှု ဝေးကွာနေတဲ့အသင်း။ (41)နှစ်သား နည်းပြက ''ကျွန်တော်က မောက်မာသူ တစ်ဦးလို့ ခင်ဗျားတို့ ထင်လိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်က လက်ရှိ ဥရောပချန်ပီယံရဲ့အသင်းရဲ့ နည်းပြပါ။ ကျွန်တော်က စပယ်ရှယ်ဝမ်းပါ"ဆိုတဲ့ စကားနဲ့ အင်္ဂလိပ်မီဒီယာတွေရဲ့ ခေါင်းစည်းသတင်းဖြစ်လာခဲ့တယ်။
မော်ရင်ဟို က ပေါ်တူဂီကလာတယ်။ ပရီးမီးယားလိဂ်ရဲ့ ဘုရင်ကြီး ဖာဂူဆန်က သူ့ရဲ့လက်ထောက်လည်းဖြစ်၊ အကြံပေးလိုလည်းဖြစ်နေတဲ့၊ သူအရမ်းအားထားတဲ့ လက်ရုံးတဆူလည်းဖြစ်တဲ့ ကားလို့စ်ကွီရော့ဇ်ကို မော်ရင်ဟိုအကြောင်းမေးတယ်။ ''တခြား တပည့်တွေထက် အပြတ်အသတ်၊ အပြတ်အသတ်ကြီးကိုသာနေတဲ့ ကျွန်တော့်ရဲ့ တပည့်ဟောင်း"တယောက်ပါလို့ ပြန်ပြောတယ်။ ဖာဂီက ''ငါ ငယ်ငယ်က ပုံရိပ်တွေကို သတိပြန်ရလာတယ်"လို့ ရယ်ရင်းနဲ့ ကွီရော့ဇ်ကို ပြန်ပြောလိုက်တယ်။
မော်ရင်ဟိုကို ဖိအားဒဏ်တွေမခံနိုင်သူလို့ စွပ်စွဲမှုတွေရှိတယ်။ ဒါပေမဲ့ မော်ရင်ဟိုက ဖိအားတွေကို စုဆောင်းတတ်သူပါ။ သူက ပေါ်တိုကို 2001 ဇန်နဝါရီမှာ ရောက်လာတယ်။ အသင်းက ပြီးခဲ့တဲ့ ရာသီတွေမှာ စုတ်ပြတ်သတ်နေတယ်။ ပေါ်တူဂီ လိဂ်မှာ ထိပ်ဆုံး (၄)သင်းတောင် မဝင်ဘူး။ သူက ရောက်တာနဲ့ "ငါတို့ နောက်ရာသီမှာ ချန်ပီယံဖြစ်ကိုဖြစ်ရမယ်"လို့ စပြောတယ်။ ရာသီနှောင်းပိုင်းမှာ သူရောက်လာပြီး၊ အဆင့် (3)နဲ့ရာသီပိတ်တယ်။ အဲဒီနွေမှာ လူစခေါ်တယ်။ သုံးရတဲ့ ဘက်ဂျက်က အင်မတန်နည်းတယ်။ အဲဒီအချိန်က ပေါ်တိုကစားသမားတွေကို ဘယ်ဥရောပအသင်းကြီးတွေကမှာ ဈေးကောင်းပေးပြီး ဝယ်မနေကြဘူး။ အသင်းက နာမည်ကြီးထမင်းငတ်။ ဆင်းရဲတယ်။ မော်ရင်ဟိုက ငွေမရှိတဲ့အချိန်မှာ Hard-working တွေကို ဝယ်တာ အကောင်းဆုံးပဲလို့ ပြောတယ်။ 2002-03 မှာ ပေါ်တိုကို အမှတ်ပေးဖလား၊ ပြည်တွင်းဖလားနဲ့ UEFA (အခု ယူရိုပါလိဂ်) တွေ ယူပေးလိုက်တယ်။ တပွဲသရေကျတယ်။
ကျန်ပွဲ အကုန်နိုင်တယ်။ 2003-04 မှာ အမှတ်ပေးဖလား၊ ပြည်တွင်းဖလားနဲ့ ချန်ပီယံလိဂ်ဖလားထပ်ရတယ်။ ရှုံးထွက်မှာ မန်ယူကို ကျော်တယ်။ ကွာတားမှာ အဲဒီအချိန်က ထိပ်ဆုံးအလွှာထဲရောက်နေတဲ့ လိုင်ယွန်ကိုကျော်တယ်။ ဆီမီးမှာ အေစီမီလန်ကို မှော်ဝင်ဒုတိယအကျော့နဲ့ ကျော်ဖြတ်လာတဲ့ ထရစ်စတန်တို့ရဲ့ ဒီပို့တီဗီုကို ကျော်တယ်။ ဗိုလ်လုပွဲမှာ အဒီဘာယော၊ အီဗရာ၊ မိုင်ကွန် တို့နဲ့ မိုနာကို ကို (3)ဂိုးပြတ်နိုင်ပြီး ချန်ပီယံဖြစ်ခဲ့တယ်။ သူစပြီး တာဝန်ယူချိန်ကနေစပြီး ပေါ်တိုက အိမ်ကွင်းမှာ အမှတ်ပေးပွဲ (34)ပွဲကစားခဲ့ရတယ်။ (1)ပွဲပဲ သရေကျတယ်။ ကျန်ပွဲအားလုံးနိုင်ခဲ့တယ်။
မိုနာကိုနဲ့ ဗိုလ်လုပွဲအပြီး ပထမဆုံး သောကြာမှာ ပြင်သစ်နိုင်ငံ နိုက်စ်ကို ခရီးထွက်လာခဲ့တယ်။ အေးဂျင့်ဂျော့ချ်မန်ဒက်စ်ပါ တယ်။ သူ့ရဲ့ ဘဏ္ဍာရေးအကြံပေး လူးဝစ်ကော်ရီယာပါတယ်။ အဲဒီကနေ မိုနာကိုကို လာခဲ့တယ်။ သူတို့ကို ဟယ်လီကော်ပတာနဲ့ လာကြိုတယ်။ မိုနာကိုရောက်တော့ စပိဘုတ်စီးပြီး
အေဘရာမိုဗစ်ချ်ရဲ့ ရွက်လှေရှိရာဆီကိုလာခဲ့တယ်။ ရွက်လှေပေါ်မှာ မိုဗစ်ချ်ရှိတယ်။ အမှုဆောင်ချုပ် ပီတာကင်ယွန်ရှိတယ်။ မိုဗစ်ချ်ရဲ့ ဘဏ္ဍာရေးမှူး အူဂျင်း ရှိတယ်။ စကားတွေပြောကြတယ်။ ဆွေးနွေးကြတယ်။ နောက်ဆုံးတော့ သဘောတူညီမှုရသွားတယ်။ မော်ရင်ဟိုက "မိုဗစ်ချ်ရဲ့ ရွက်လှေပေါ်မှာ (2)
ရက်ကြာခဲ့တယ်"လို့ ပြန်ပြောပြတယ်။
မော်ရင်ဟို ချယ်လ်ဆီးကို ရောက်လာတော့ အသင်းက အလားအလာကောင်းတွေကို ပိုင်ဆိုင်ထားတဲ့အနေအထားမှာရှိတယ်။ ဒီအသင်းက 1954-55 ရာသီကတည်းက အင်္ဂလိပ်အမှတ်ပေးဖလားကို မရတော့ဘူး။ ပြီးခဲ့တဲ့ နွေရာသီမှာတော့ အေဘရာမိုဗစ်ချ် ရောက်လာတယ်။ ရာနီရေးရီရဲ့အသင်းကို ဒါမီယံဒပ်ဖ်၊ ခရက်စပို၊ ဗာရွန်၊ မက်ခီလီလီ၊ မူတူး၊ ဂျိုးကိုးလ်၊ ဂလင်းဂျွန်ဆင်၊ ဝိန်းဘရစ်ချ်၊ စကော့ပါကားတို့ကို ခေါ်ပေးခဲ့တယ်။ ဒီလူးကပ်စ်လည်း အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်နေတယ်။ ရာနီရေးရီက 2000 ခုနှစ်ကတည်းက ချယ်လ်ဆီးကို တာဝန်ယူခဲ့တာ။ အောင်မြင်မှု မည်မည်ရရ မယူပေးနိုင်ဘူး။
နောက်ဆုံးရာသီမှာတော့ ချန်ပီယံလိဂ်ဆီမီးရောက်တယ်။ လိဂ်မှာ မဆိုးဘူး။ ဖလားပွဲမှာ မအောင်မြင်ခဲ့ဘူး။ အမှတ်ပေးချန်ပီယံ အာဆင်နယ်အနောက် (11)မှတ်ကွာခဲ့တယ်။
မော်ရင်ဟိုစရောက်တဲ့ရာသီမှာ အာဆင်နယ်က ရေပန်းအစားဆုံး။ ဒီအသင်းက 2002-03 ရာသီကတည်းက လိဂ်မှာ ရှုံးပွဲမရှိသေးဘူး။ အွန်နရီက ဘောလုံးလောကရဲ့ စူပါမန်းအနေအထားအဖြစ်ရှိနေသေးတယ်။ အားလုံးထက် Outrunning,Outsmarting ပိုဖြစ်နေတဲ့အချိန်။ မန်ယူက
ဒေးဗစ်ဘက်ခမ်ထွက်ခါသွားလို့ စီရော်နယ်လ်ဒိုကို ပြန်ခေါ်ထားတယ်။ တင်မ်ဟောင်းဝပ်၊ ကလီဘာဆင်၊ ဂျမ်ဘာဂျမ်ဘာ၊ ဘယ်လီယွန်တို့ရောက်လာတယ်။ ပီကေးနဲ့ ရော့ဆီလည်း လူငယ်အသင်းကို ရောက်လာတယ်။ လီဗာပူးလ်က ဘင်နီတက်ဇ်ကို ခန့်လိုက်တယ်။ ဆစ်ဆီ၊ ဟို့စ်မီ၊ အလွန်ဆို၊ လူးဝစ်ဂါစီယာနဲ့ နူးနက်ဇ်တို့ကို ခေါ်ထားတယ်။ နူးနက်ဇ်က အိုဝင်ရီးယဲလ်ကိုပြောင်းတော့ အပြောင်းအရွှေ့ အစိတ်အပိုင်းအဖြစ် ပြန်ရောက်လာတဲ့ လူငယ်ကြယ်ပွင့်။
မော်ရင်ဟိုက သူ့အသင်းကို စိတ်ကြိုက်ပြင်ခွင့်ရတယ်။ ချယ်လ်ဆီးနောက်ခံလူဟောင်း စတိဗ်ကလာ့ခ်က လူငယ်အသင်းမှာ နည်းပြလုပ်နေတယ်။ လက်ထောက်နည်းပြအဖြစ် ခေါ်ခန့်လိုက်တယ်။ မွေးရပ် စီတူဘောလ်မှာမွေးတဲ့ ဂိုးနည်းပြ ဆီလ်ဗီနိုလော်ရိုကို ခေါ်တယ်။ သူနဲ့က ပေါ်တိုမှာ စလက်တွဲတာ။ ပြီးတော့ ဘရာဇီးလ်သား၊ ပေါ်တူဂီလိဂ်မှာ နှစ်ပေါင်း 20 လောက်ကစားခဲ့တဲ့ နောက်ခံလူဟောင်း ဘရီတိုကို နည်းပြအဖွဲ့ထဲခေါ်လိုက်တယ်။ သူက မော်ရင်ဟိုတို့ မိသားစုနဲ့ ကာလရှည်ခင်မင်လာခဲ့သူ။ ကြံ့ခိုင်ရေးနည်းပြအဖြစ် ရူအီဖာရီယာကို ခန့်တယ်။ မော်ရင်ဟိုနဲ့ 1990 လောက်ကတည်းက ခင်လာတဲ့သူ။ ဘာစီလိုနာမှာ
အတူအလုပ်လုပ်ခဲ့ကြဖူးတယ်။ ဘာစီလိုနာက သူ့ကို အလုပ်ဖြုတ်လိုက်တဲ့အချိန်မှာ လိုင်ရီယာအသင်းကို စကိုင်တဲ့ မော်ရင်ဟိုက ခေါ်လိုက်တယ်။ ပြိုင်ဘက်အသင်းတွေကို စောင့်ကြည့်ရတဲ့ ကင်းထောက်ချုပ်အဖြစ် ဘိုအက်ရှ်ကို ခေါ်လိုက်တယ်။ သူက အသက် (20)ကျော် အစိတ်တွင်းပဲ ရှိသေးတယ်။ သူက
အင်္ဂလန်တနိုင်ငံလုံးကို ခရီးဆန့်ရတယ်။ မော်ရင်ဟိုဆီကို Blackberry ဖုန်းလေးနဲ့ typing reports တွေ ပို့ပေးရတယ်။
မော်ရင်ဟိုက အသင်းနဲ့ စပြီးစကားပြောတော့ မိသားစု စတိုင်လွတ်လွတ်လပ်လပ်ဆွေးနွေးပဲ ပုံစံနဲ့ စတွေ့တယ်။
Motivation+Ambition+Team+Spirit=Success ပဲ။ ဒါကို ခေါင်းထဲမှာ စွဲနေအောင် မှတ်ထားကြပါလို့ ခပ်တိုတိုပဲ ပြောလိုက်တယ်။
အေဘရာမိုဗစ်ချ်နဲ့ မော်ရင်ဟိုတို့ ရွက်လှေပေါ်မှာ အဓိက ဆွေးနွေးဖြစ်တာက မိုဗစ်ချ်က ရီးယဲလ်လို ဂယ်လက်တီကို့စ် ပုံစံ တည်ဆောက်ချင်တယ်။ ငွေကြိုက်သလောက်ကုန်ပါစေဆိုတဲ့ အယူအဆ။ ပြီးတော့ ခေါ်ချင်တဲ့ကစားသမားတွေကလည်း အများကြီး။ ဒီအကြောင်းကို မော်ရင်ဟိုက အခုလို ပြန်ပြောပြတယ်။
"သူခေါ်ချင်တဲ့ ကစားသမားတွေကို ချရေးလိုက်တာ လူ (50)လောက်ရှိတယ်။ ပြီးတော့ စူပါစတားတွေ။ ကျွန်တော့်အတွက် ဒီလောက်အထိမလိုအပ်ပါဘူး။ ကျွန်တော်လုပ်ချင်တာဒီပုံစံမဟုတ်ဘူး"လို့ ပြန်ပြောရတယ်။ သူက "ဒီလိုလူတွေမရှိဘဲ အာဆင်နယ်၊ မန်ယူနဲ့ လီဗာပူးလ်ကို ကျော်နိုင်ဖို့ မလွယ်ဘူးလို့ ပြောတယ်။ ကျွန်တော်က ကျွန်တော်လိုချင်တဲ့သူတွေနဲ့ ဒီအသင်းတွေကို ကျော်ဖြတ်နိုင်ဖို့က အဓိက ပါလို့ ပြန်ပြောလိုက်တယ်။ အဆင်ပြေသွားပါတယ်" လို့ ဆိုတယ်။ သိပ်မကြာခင် အသင်းကို ပီတာချက်၊ ရော်ဘင်၊ ကက်ဇ်မန်း၊ ဒရော့ဘာ၊ တီယာဂို၊ ကာဗယ်လ်ဟို၊ စမာတင် တို့ ရောက်လာတယ်။ တချို့က ဈေးကြီးတယ်။ တချို့က ဈေးပေါတယ်။ ဒါပေမဲ့ အားလုံးက နာမည်ကြီးတွေမဟုတ်ဘူး။ အလားအလာရှိသူတွေနဲ့ သိပ်မထင်ရှားတဲ့သူတွေချည်းပဲ။
ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဘာကြောင့်ရီးယဲလ်လိုပုံစံမသွားတာလဲလို့ မေးကြတယ်။ မော်ရင်ဟိုက ''ပြန်လည်တည်ဆောက်ရမယ့် အသင်းတသင်းကိုတော့
မထင်မရှားကစားသမားတွေနဲ့ပဲ ကျွန်တော်စတင်ချင်ပါတယ်။ ဥပမာအားဖြင့် ဂျရမီကို ကျွန်တော်ချစ်တယ်။ သူက ကြိုးစားတယ်။ အခြားကိစ္စနည်းတယ်။ အသင်းကို ကူညီဖို့အသင့်ရှိတယ်။ ညာနောက်ခံလူနေရာအတွက် ဆိုလည်း ကစားပေးတယ်။ ညာတောင်ပံအတွက်ဆိုလည်း ကစားပေးတယ်။ ပွဲထွက်သုံးရင်လည်း ပျော်တယ်။ အရံခုံထိုင်နေရလည်း ပျော်တယ်။ ဒီလိုကစားသမားတွေနဲ့မှာ စုစည်းမှုရှိတဲ့အသင်းတသင်းကို ရမယ်။ အခြေကျပြီးသားအသင်းဆိုရင်တော့ တမျိုးပေါ့"လို့ ရှင်းပြတယ်။ အေဘရာမိုဗစ်ချ်က ဝယ်ခိုင်းတယ်မဟုတ်လား ဆိုတော့ ဟုတ်တယ်။ ကျွန်တော် ငြင်းလိုက်တာ။
ပထမဆုံးဆွေးနွေးတဲ့နေ့မှာပဲ ငြင်းလိုက်တာလို့လည်း ပြောတယ်။
ဒရော့ဘာကို မော်ရင်ဟိုက လွန်ခဲ့တဲ့(၂)နှစ်လောက်ကတည်းက တွေ့ဖူးခဲ့တာ။ ပေါ်တိုနဲ့မာဆေးလ် ချန်ပီယံလိဂ်မှာ ဆုံခဲ့ကတည်းက သူက သဘောကျခဲ့တာ။ ဒါပေမဲ့ ပေါ်တိုအသင်းမှာ အဲဒီအချိန်က ဈေးနိမ့်နိမ့်နဲ့ရနိုင်မယ့် ဒရော့ဘာကို ခေါ်ဖို့တောင် ငွေမရှိလို့ မခေါ်ခဲ့ရဘူး။ ချယ်လ်ဆီးရောက်လာတော့
ခေါ်လိုက်တယ်။ မာဆေးလ်က ပေါင် (24)သန်းတောင် တောင်းတယ်။ မော်ရင်ဟိုက အရခေါ်ပေးဖို့ ပီတာကင်ယွန်ကို ပြောတယ်။ ပီတာကင်ယွန်က ဒီပမာဏကို ပေးဖို့ လိုက်လျောလိုက်တယ်။ အဲဒီ့အချိန်က ဒရော့ဘာအတွက် ပေါင် (24)သန်းဆိုတာ များလွန်းတယ်လို့ ဝေဖန်ကြတယ်။
ပြင်သစ်ဘောလုံးဆိုတာကလည်း လိုင်ယွန်လောက်ပဲ အဆင့်ရှိသလိုဖြစ်နေတဲ့အချိန်။ ဒါပေမဲ့ မော်ရင်ဟိုက သူ့လူကို သူယုံတယ်လို့ ပြောတယ်။ ဒရော့ဘာက နောက်တော့ ဂန္ထဝင်ဖြစ်လာခဲ့တယ်။ အသင်းက ခေါ်သမျှ နာမည်ကြီးတိုက်စစ်မှူးတွေကို အချိန်တန်ရင် အလဲထိုးနိုင်ခဲ့တာချည်းပဲ။ ဒရော့ဘာက
စိတ်ဓာတ်ပြင်းထန်တယ်။ အားလုံးကို အနိုင်ယူချင်တယ်။ မော်ရင်ဟိုက အဲဒါကိုကြိုက်တာ။
ဂိုထောင်ရှင်းလုပ်ငန်းစဉ်ကို စတော့ ဗာရွန်နဲ့ ခရက်စပိုကို အင်တာနဲ့ အေစီကို အငှားချလိုက်တယ်။ ကာလ်တန်ကိုးလ်က ဗီလာကိုရောက်တယ်။ စတားနစ်နဲ့ ပီတစ်က အနားယူသွားတယ်။ ဇန်ဒန်နဲ့ ဟက်ဆယ်လ်ဘိန့်တို့ကို မစ်ဒယ်ဘရော့ကို အပြီးရောင်းလိုက်တယ်။ မဲလ်ခီယော့နဲ့ ဂရွန်ဂျာက ဘာမင်ဂမ်၊ ဒက်ဆယ်လီက ကာတာကလပ် အယ်လ်ဂါရာဖာကို ပြောင်းသွားတယ်။ ဝင်စတန်ဘိုဂါ့ဒ်ကိုလည်း အခမဲ့ ထွက်ခွင့်ပေးလိုက်တယ်။ ရာနီရေးရီလက်ထက်က နာမည်ကျော်တော်တော်များများကို အသင်းက ရှင်းထုတ်ပစ်လိုက်တယ်။ အသွင်သစ်နဲ့ ချယ်လ်ဆီးဖြစ်လာတယ်။
ရာသီအဖွင့်ပွဲ။ မော်ရင်ဟို ခေတ်ရဲ့ ပထမဆုံး ပရီးမီးယားလိဂ်ပွဲမှာ မန်ယူနဲ့တွေ့တယ်။ ဒပ်ဖ်က ဒဏ်ရာရနေတယ်။ ရော်ဘင်က ကြံ့ခိုင်မှုမပြည့်ဘူး။ မော်ရင်ဟို က 4-3-3 နဲ့ ကျော်ကြားခဲ့ပေမယ့် သူ့ရဲ့ ပထမဆုံးပွဲကိုတော့ ပေါ်တိုမှာ သုံးခဲ့တဲ့ Narrow 4-4-2 Diamond ဖြစ်တဲ့ 4-3-1-2 နဲ့ စပြီးပွဲထွက်ခဲ့ရတယ်။ တယ်ရီကို အသင်းခေါင်းဆောင်ခန့်လိုက်တယ်။ ကွင်းလယ်မှာ မက်ခီလီလီက Anchor၊ စမာတင်က ဘယ်၊ ဂျရမီက ညာ၊ လမ်းပတ်က တိုက်စစ်ပုံစံကစားပြီး ဒရော့ဘာနဲ့ ဂူဂျွန်ဆင်ကို သုံးတယ်။
ဖာဂူဆန်ကလည်း ဒဏ်ရာပြဿနာတွေရှိလို့ Centre Backs နေရာမှာ ဂယ်ရီနဗီးလ်နဲ့ ရွိုင်ကင်းကို သုံးခဲ့ရတယ်။ နောက်ဆုံးမှာတော့ ဂူဂျွန်ဆင်ရဲ့ တလုံးတည်းသောအနိုင်ဂိုးနဲ့ ချယ်လ်ဆီး ခေတ်သစ်ကို နိုင်ပွဲနဲ့ စဖွင့်ခဲ့တယ်။ ရွိုင်ကင်းက သူ့ရဲ့ Second Half စာအုပ်မှာ ဒီဂိုးကို အကျယ်တဝင့်ရေးထားတယ်။ "ဒီဂိုးကို ကျွန်တော် အမြဲမှတ်မိနေတယ်။ ဒီဂိုးက အရေးကြီးတယ်။ ဒီဂိုးက မော်ရင်ဟိုနဲ့ ချယ်လ်ဆီးအသင်းကို ယုံကြည်မှုတွေပေးခဲ့တယ်။ ကျွန်တော်တားထားတဲ့ကြားထဲက ဂူဂျွန်ဆင်က ဝင်ပိတ်သွားတာ။ ကျွန်တော် ဒီ့ထက်ပိုပြီး လုပ်နိုင်ခဲ့သင့်တယ်"လို့ ရေးခဲ့တယ်။
ရွိုင်ကင်း မှန်ပါတယ်။ ဒီဂိုးကြောင့် ချယ်လ်ဆီးဟာ ခေတ်သစ်တခုအတွက် ယုံကြည်မှုတွေ တနင့်တပိုးကြီးရသွားခဲ့တယ်။ ပွဲဦးထွက်ပွဲစဉ်မှာ ကျဉ်းမြောင်းတဲ့ အနိုင်ရလဒ်နဲ့ အနိုင်ရခဲ့ပေမယ့် ပြိုင်ဘက်က ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်းအသင်းဖြစ်နေတဲ့ မန်ယူဖြစ်နေတာ၊ ခိုင်မာတဲ့ ခံစစ်ပုံစံကို စတင်ပြသနိုင်ခဲ့တာ၊ စိတ်ဓာတ်ပိုင်းကောင်းမွန်တာ၊ ခြေစွမ်းပိုင်းထက်မြက်တာတွေက ချယ်လ်ဆီးအတွက် အားတက်စရာဖြစ်ခဲ့တယ်။ ဒုတိယပွဲမှာ ကံကြမ္မာကောင်းကိုပါ ထပ်တွေ့ရတယ်။ ဝိန်းဘရစ်ချ်မှားပေးတဲ့ ဘောလုံးကို ဘာမင်ဂမ်တိုက်စစ်မှူး ဟက်စကီးလွတ်လွတ်ကျွတ်ကျွတ်ဆွဲပြေးပြီး ကန်ခွင့်ရခဲ့ပေမယ့် တိုင်ထိထွက်ခဲ့ပြီး၊ အနိုင်ဂိုးကိုတော့ ဂျိုးကိုးလ်ရဲ့ကန်ချက်က လူထိပြီး လမ်းကြောင်းပြောင်းဂိုးဝင်ခဲ့တယ်။ ဒီလိုနဲ့ အဝေးကွင်းမှာ (၃)မှတ်ထပ်ရတယ်။ တတိယပွဲမှာ မော်ရင်ဟိုရဲ့ နာမည်ကျော် 4-3-3 စတင်ခဲ့တယ်။ ပဲလေ့စ်ကို (2-0)နဲ့ နိုင်ခဲ့တယ်။ (4)ပွဲမြောက်ကြမှ ပထမဆုံးပေးဂိုးကို ခွင့်ပြုခဲ့ရပြီး ဆောက်သမ်တန်တိုက်စစ်မှူး ဂျိမ်းစ်ဘီတီက သွင်းယူခဲ့ပါတယ်။ ဒါပေမဲ့ ချယ်လ်ဆီးပြန်နိုင်ခဲ့တယ်။
ရာသီကြိုမှာတုန်းက ဂိုးတွေပေးခဲ့ရလို့ ဝေဖန်ခံခဲ့ရတဲ့ မော်ရင်ဟိုရဲ့အသင်းက ဘောလုံးရာသီစတင်ချိန်မှာတော့ အကောင်းဆုံးခံစစ်ပုံစံကို ပြသနိုင်ခဲ့တယ်။ ရလဒ်တွေကလည်း ဆက်တိုက်ကောင်းနေတယ်။ (5)ပွဲမြောက်မှာ ဗီလာနဲ့ အဝေးကွင်း ဂိုးမရှိသရေပွဲကျတယ်။ နောက်တပွဲမှာ စပါးနဲ့ ဂိုးမရှိသရေထပ်ကျတယ်။ ဒီပွဲပြီးတော့ မော်ရင်ဟိုက စပါးအသင်းကို တိုက်ခိုက်ခဲ့တယ်။ "သူတို့က ဘောလုံးကစားနေတာမှ မဟုတ်တာ။ နှစ်သင်းကစားတာ တသင်းက နိုင်ဖို့ ကစားနေတယ်။ တသင်းက တချိန်လုံး လှဲချနေပြီး၊ ဆေးအဖွဲ့လာတဲ့အချိန်ကို စောင့်နေကြတယ်"လို့ဆိုခဲ့တယ်။ ဒီပွဲအပေါ်မှာပဲ အခြားအင်တာဗျူးတခုမှာ "ပေါ်တူဂီမှာ ဆိုရင် သူတို့ကို ကားတစီးဝယ်ပေးလိမ့်မယ်။ ဂိုးပေါက်ရှေ့မှာ ချထားဖို့"လို့ ဆိုခဲ့တယ်။ မော်ရင်ဟိုကို ပြီးခဲ့တဲ့ (2)ရာသီတုန်းက လီဗာပူးလ်နဲ့ ပွဲအပြီး စတင်ဝေဖန်ခဲ့ကြတဲ့ Park the Bus ဆိုတာ သူကိုယ်တိုင်က လှောင်ပြောင်ခဲ့ဖူးတဲ့စကားကို မီဒီယာတွေက ပြန်ဝေဖန်နေကြတာဖြစ်ပါတယ်။
နောက်တပွဲမှာ ချယ်လ်ဆီးက မစ်ဒယ်ဘရော့ကို (1-0)နဲ့ နိုင်ပြန်တယ်။ One Goal is enough ဆိုတဲ့ စကားကို သူပြောခဲ့ပြန်တယ်။ (8)ပွဲကစားပြီးချိန်မှာ အာဆင်နယ်က 7-1-0၊ ချယ်လ်ဆီးက 6-2-0 နဲ့ ကပ်လိုက်နေခဲ့ပါတယ်။ ချယ်လ်ဆီးက ဒီ(8)ပွဲမှာ (8)ဂိုးပဲ ရခဲ့ပေမယ့် အမှတ် (20)ယူပြီးပြီ။ အဓိက ကတော့ ခံစစ်က (1)ဂိုးပဲ အသွင်းခံခဲ့ရလို့ပါ။ သူ့အသင်းသွင်းခဲ့တဲ့ (8)ဂိုးမှာ ဝုန်းဒိုင်းကြဲပြီး ဝင်သွားတာက နှစ်ဂိုး၊ အဝေးက ကန်တာ (1)ဂိုး၊ ပြိုင်ဘက်အသင်းက ကိုယ့်ဂိုးကိုယ်သွင်းတာ (1)ဂိုး၊ လူထိဝင်တာ (1)ဂိုး၊ ပယ်နယ်တီက (1)ဂိုး၊ ဖရီးကစ်က (2)ဂိုး ဖြစ်နေပြီး၊ ကစားကွက်ကနေ လှလှပပ သွင်းယူခဲ့တဲ့ ဂိုးမရှိခဲ့ဘူး။ "ပွဲတိုင်းက 1-0 သို့ 2-0 တွေချည်းပဲ။ သူတို့အသင်းက ဂိုးစသွင်းရင်နိုင်ပြီလို့ ပြောလို့ရ လောက်အောင်ကို ခိုင်မာပြီး တောင့်တင်းခဲ့တယ်။ သူတို့ကို ဖြိုဖျက်ရခက်ပြီး၊ စုစည်းမှုက အရမ်းကောင်းတယ်"လို့ ဒီရာသီနဲ့ ပတ်သက်ပြီး ဖာဂူဆန်က 2014 ခုနှစ် ထွက်တဲ့ သူ့ရဲ့စာအုပ်မှာ ပြန်ရေးခဲ့တယ်။ မီဒီယာတွေက Boring Chelsea လို့ စရေးလာကြတယ်။ မော်ရင်ဟိုကတော့ "အဲဒါ ဘာပြောတာလဲ။ ငါတို့ က ဘယ်နေရာမှာလဲ"လို့ တုန့်ပြန်ခဲ့တယ်။ သူ့ကစားသမားတွေကိုလည်း "သူတို့ ဝေဖန်နေကြတယ်။ ငါတို့ နိုင်နေတာကို မကြိုက်လို့ပဲ။ ပိုပြီး ဝေဖန်အောင် လုပ်ကြ"လို့ ပြောခဲ့တယ်။
ချယ်လ်ဆီးရဲ့သမိုင်းမှာ အကောင်းဆုံးအသင်းလု့ိ ချီးကျူးခံရတဲ့အသင်းကလည်း ဝေဖန်သံတွေနဲ့မလွတ်ခဲ့ဘူး။ ဒါပေမဲ့ နောက်ပိုင်းပွဲတွေမှာတော့ ချယ်လ်ဆီးရဲ့ ခြေစွမ်းကို သူတို့ အသိအမှတ်ပြုလာရတယ်။ ချန်ပီယံဖြစ်မယ့်အသင်းတသင်းဟာ ချယ်လ်ဆီးလို စွမ်းဆောင်နိုင်ရမယ်လို့ ချီးကျူးလာကြတယ်။ BBC နဲ့ အင်တာဗျူးမှာ မော်ရင်ဟိုက "ချယ်လ်ဆီးရဲ့ ကစားပုံမှာ အဆင့်တွေအများကြီးရှိတယ်။ ပထမဆုံးအဆင့်က နည်းဗျူဟာမြောက်မှုပဲ။ ခံစားချက်နဲ့ ကစားလို့မရဘူး။ ပုံစံကျဖို့လိုတယ်။ အင်္ဂလိပ်အသင်းတွေအကြောင်း ကျွန်တော်သိတယ်။ သူတို့က စိတ်ခံစားချက်ကြီးတယ်။ ဘောလုံးရရင် ရှေ့ကို ပြေးတက်ချင်ကြတယ်။ ကျွန်တော့်အသင်းကတော့ လူတယောက်ဆီဘောလုံးရတာနဲ့ တိုက်စစ်စဆင်မှာ မဟုတ်ဘူး။ ဘောလုံးလက်ခံတဲ့သူအပေါ်မူတည်ပြီး နေရာယူတာကနေ စတယ်။ ကျွန်တော်တို့က မရှုံးနိမ့်ရေးကို အသင်းရဲ့ ရာသီရှည်မဟာဗျူဟာအဖြစ်သတ်မှတ်ထားတယ်။ အဲဒီကနေမှ အမြင့်ဆုံးအမှတ်တွေ၊ ပြိုင်ဘက်အသင်းတွေနဲ့ ဝေးရာဆီကို ရောက်ဖို့တွေကိုကို တဆင့်ချင်းသွားတယ်။ ဒီအသင်းမှာ နည်းဗျူဟာ အရည်အသွေးပြည့်စုံပါတယ်။ ဒါပေမဲ့ စိတ်ပိုင်းဆိုင်ရာ အရည်အသွေးက ပိုပါတယ်။ ကျွန်တော်တို့ တဂိုးရရင် မရှုံးတော့ဘူးဆိုတဲ့ အတွင်းစိတ်သဏ္ဍန်ကို ပိုင်ဆိုင်လာကြတယ်။ နောက် ရာသီမှာ ဒါမျိုးထပ်လုပ်နိုင်ဦးမလား၊ အနာဂတ်မှာ ဒီလိုအသင်းလိုက် စိတ်ဓာတ်မျိုး ပိုင်ဆိုင်ပါဦးမလားဆိုတာ မသေချာပါဘူး"လို့ ပြောခဲ့တယ်။
9 ပွဲမြောက်မှာ မန်စီးတီးကို အနယ်လ်ကာရဲ့ ပယ်နယ်တီနဲ့ ရှုံးတယ်။ အာဆင်နယ်က ထပ်နိုင်တော့ (5)မှတ်ကွာသွားတယ်။ ဒီအချိန်မှာ ဒရော့ဘာ ဒဏ်ရာရသွားတယ်။ 2 လလောက်နားရမယ်။ ဒါပေမဲ့ သတင်းကောင်းက ရော်ဘင်ပြန်ပါလာတယ်။ မော်ရင်ဟိုက ရော်ဘင်နဲ့အတူ ဂိုးတွေလာလိမ့်မယ်လို့ ကြိုပြောခဲ့ပြန်တယ်။ ရော်ဘင်ကစားတဲ့ ပထမဆုံးပွဲမှာ ဘလက်ဘန်းကို 4-0 နဲ့နိုင်တော့ ဒီစကားက ပေါက်သွားတယ်။ နောက်တစ်ပွဲမှာ ဝက်စ်ဘရွန်းကို 4-1 နဲ့ ထပ်နိုင်တယ်။ ဖူလ်ဟမ်ကို 4-1 နဲ့နိုင်တယ်။ အဲဒီအချိန်မှာ မန်ယူက အာဆင်နယ်ရဲ့ 49 ပွဲဆက် ရှုံးပွဲမရှိတဲ့ စံချိန်ကို ရိုက်ချိုးလိုက်တယ်။ အာဆင်နယ်က အဲဒီပွဲကစပြီး ရလဒ်တွေက ကောင်းလိုက်၊ ညံ့လိုက်ဖြစ်လာတယ်။ ချယ်လ်ဆီးက တပွဲကို 2 ဂိုးနဲ့ 4 ဂိုးကြားသွင်းပြီး ဆက်တိုက်ချီတက်၊ ဦးဆောင်သွားခဲ့တယ်။ ဂရေမီဆောင်းနက်စ်က မော်ရင်ဟိုရဲ့ ချယ်လ်ဆီးကိုနိုင်ချင်ရင် တော်ဝင်စစ်တပ်ကိုပါ ကွင်းထဲလိုက်ခဲ့ဖို့ အကူအညီတောင်းရမယ်လို့ ပြောတယ်။
- ချယ်လ်ဆီးရဲ့ 4-3-3 က နာမည်ကြီးလာတယ်။ ပရီးမီးယားလိဂ်မှာ တခြားအသင်းတွေ မကစားကြသေးဘူး။ 4-4-2 နဲ့ 4-4-1-1 က ခေါက်ရိုးကျိုးနေတယ်။ တယ်ရီ-ကာဗယ်လ်ဟိုအတွဲက ခံစစ်ကိုစိုးမိုးထားပြီး ရွေ့လျားပုံ၊ နေရာယူပုံကောင်းတယ်။ ဖာရဲရားနဲ့ ဝိန်းဘရစ်ချ်က တောင်ပံမှာ အတက်အဆင်းကစားပြီး ဖြတ်တင်ဘောကောင်းကောင်းတွေထွက်တယ်။ ကွင်းလယ်မှာ မက်ခီလီလီကိုတည်ပြီး တြိဂံပုံတည်ဆောက်ထားတယ်။ တီယာဂိုနဲ့ လမ်းပတ်က သူ့ကိုရံထားတယ်။ လမ်းပတ်က တိုက်စစ်အထိ ပြေးလမ်းကြောင်းရှည်တွေနဲ့ ဂိုးတက်တက်သွင်းတယ်။ ဘောလုံးလမ်းကြောင်းရှည် ဘယ်တော့မှ ဆွဲမပြေးဘူး။ ဘောလုံးရတာနဲ့ လူပေးပြီးနေရာယူတယ်။ သူ့ကစားပုံက အထောင်တိုက်စစ်မှူးတယောက်နဲ့ တူနေတယ်။ ဒါပေမဲ့ ကွင်းလယ်မှာ။
ချယ်လ်ဆီးအသင်းက Formidable(အရှိန်အဝါကြီးတယ်)၊ Concentration (အာရုံစူးစိုက်မှုကောင်းတယ်)၊ Discipline(စည်းကမ်းကျနတယ်)၊ Belligerency (အညှာအတာကင်းမဲ့တယ်)၊ Stamina (သက်လုံကောင်းတယ်)၊ Tactical-intelligence (နည်းစနစ်ပိုင်းကျွမ်းကျင်ထက်မြက်တယ်)။ အသင်းရဲ့ တိုက်စစ်ဆင်ပုံက အခြေအနေချောင်းပြီးတိုက်တဲ့ ပုံစံကနေ ရော်ဘင်၊ ဒပ်ဖ်တို့ ပြန်စုံလာတဲ့ နောက်ပိုင်း Direct Attacks ပိုဆန်လာတယ်။ အသင်းလိုက် မဟာဗျူဟာအရွေ့ကို ချောချောမွေ့မွေ့အသွင်ကူးပြောင်းနိုင်ခဲ့တယ်။ ရော်ဘင်က တဖက်၊ ဒပ်ဖ်နဲ့ ဂျိုးကိုးလ်က တလှည့်စီကစားရင်း ပြိုင်ဘက်တွေကို ထိုးနှက်ခဲ့တယ်။ ဒရော့ဘာပြန်လာတဲ့အချိန်မှာ တိုက်စစ်က ပြီးပြည့်စုံသွားပြီ။ ဂျိုးကိုးလ်က ကွင်းလယ်မှာ မက်ခီလီလီ၊ လမ်းပတ်တို့နဲ့ ပြန်တွဲတဲ့အခါတွဲတယ်။ ဘိုအက်ရှ်က အဲဒီအချိန်က အသင်းကို နောင်တချိန်မှာ အခုလိုပြန်ပြောတယ်။ "အဲဒီအချိန်က ဥရောပမှာ အကောင်းဆုံးအသင်းပါ။ ပေါက်ကွဲအားကောင်းတဲ့ တည်ဆောက်ပုံကို ပိုင်ဆိုင်ထားတယ်။ စိတ်ဓာတ်ပြင်းထန်တယ်။ ခံစစ်ကနေ တိုက်စစ်၊ တိုက်စစ်ကနေ ခံစစ် အသွင်ကူးပြောင်းချိန်က အရမ်းမြန်တယ်"လို့ ချီးကျူးခဲ့တယ်။
မော်ရင်ဟိုက သူ့အသင်းနဲ့ ပတ်သက်ပြီး တခါတလေ စည်းမျဉ်းစည်းကမ်းတွေကို အပြည့်အဝလိုက်နာပြီး၊ တခါတလေ ဘာကိုမှ ဂရုမစိုက်ဖို့ကို ပြောတယ်။ ဖျော်ဖြေမှု ပေးနိုင်တဲ့ကစားဟန်ဆိုတာ တိုက်စစ်သက်သက်မဟုတ်ဘူး။ ရှေ့၊ လယ်၊ နောက် နေရာစုံမှာ ပြသနိုင်တဲ့ ပုံစံသာဖြစ်တယ်လို့ သူ့ရဲ့ ဒဿနကို World Soccer နဲ့ တွေ့တော့ ဖွင့်ဟတယ်။ ရာသီလယ်မှာ ပွဲစဉ် (35)အပြီး ဗိုလ်စွဲဖို့ ရည်ရွယ်ထားတယ်လို့ ကြိုပြောခဲ့ပြန်တယ်။ မော်ရင်ဟိုက လေကြီးတယ်လို့ The Sun က လှောင်ပြောင်တယ်။ ဒါပေမဲ့ တကယ်ဖြစ်သွားတော့ အကြီးအကျယ် ချီးကျူးခဲ့တယ်။
အဲဒီပွဲက ဘော်လ်တန်နဲ့ပွဲပါ။ ရာသီကုန်ဖို့ ပွဲတွေကျန်သေးတယ်။ ဒါပေမဲ့ နိုင်ရင် ချန်ပီယံဖြစ်ပြီ။ မော်ရင်ဟို အရမ်းစိတ်လှုပ်ရှားနေတယ်။ ပထမပိုင်းမှာ ဂိုးမရှိသရေကျနေတော့ သူအကြီးအကျယ်ပေါက်ကွဲနေတယ်။ ပထမပိုင်းအပြီး အဝတ်လဲခန်းထဲမှာ ဦးဆောင်ဂိုးမရသေးတာကို အကြီးအကျယ်ပေါက်ကွဲခဲ့တယ်။ ဒီအကြောင်းကို တယ်ရီက ပြန်ပြောပြတယ်။ "သူ အခန်းထဲဝင်လာတယ်။ အားလုံးနားထောင်စမ်း။ မင်းတို့ထဲက ကြိုက်တဲ့ နှစ်ယောက် အဝတ်အစားတွေချွတ်။ ငါနဲ့ စတိဗ်ကလာ့ခ် ဝင်ကစားမယ်။ မင်းတို့ထက် ပိုပြီး အလုပ်ဖြစ်အောင် ကစားနိုင်တယ် လို့ စပြောတယ်။ ပြီးတော့ တချိန်လုံး အော်ဟစ်နေတော့တာပဲ"လို့ ပြန်ပြောတယ်။ "ပွဲပြီးတော့ မော်ရင်ဟိုကို အင်တာဗျူးလုပ်တယ်။ ပထမပိုင်း ပြီးတော့ အဝတ်လဲခန်းထဲမှာ ဘာတွေပြောလဲလို့ သူ့ကိုမေးတော့၊ ဘာမှမပြောပါဘူး။ ဒီပွဲပြီးရင် ချန်ပီယံဖြစ်ကိုဖြစ်ရမယ်လို့ပဲ ပြောပါတယ် လို့ သူက ပြန်ပြောတယ်။ ကျွန်တော် TV ကို ကြည့်ရင် အံ့သြနေမိတယ်" လို့လည်း တယ်ရီက ဆက်ပြောတယ်။
ဒီပွဲပြီးတော့ ချာလ်တန်ကို (1-0)နဲ့နိုင်တယ်။ မက်ခီလီလီက နာကျင်အချိန်ပိုမှာ အနိုင်ဂိုးသွင်းတယ်။ နောက်တပွဲကို အိုးလ်ထရက်ဖို့ဒ်မှာ (1-3)နဲ့ နိုင်တယ်။ နစ္စတယ်ရွိုင်းက ဂိုးစသွင်းပေမယ့် တီယာဂို၊ ဂူဂျွန်ဆင်နဲ့ ဂျိုးကိုးလ်တို့က ဂိုးတွေပြန်သွင်းခဲ့တယ်။ ရာသီပိတ်ပွဲမှာ နယူးကာဆယ်နဲ့ 1-1 သရေကျတယ်။ ချယ်လ်ဆီးက (38)ပွဲအပြီးမှာ (29)ပွဲနိုင်တယ်။ ဒီလိုစွမ်းဆောင်ရည်ကို ပရီးမီးယားလိဂ်သမိုင်းမှာ ဘယ်အသင်းမှ မလုပ်ပြနိုင်ခဲ့ဘူး။ အခုအချိန်အထိလည်း မလုပ်ပြနိုင်ဘူး။ ချယ်လ်ဆီးရခဲ့တဲ့ (95)မှတ်ကလည်း စံချိန်ပဲ။ အခုအချိန်အထိ ဘယ်အသင်းမှ မချိုးနိုင်ခဲ့ဘူး။ အဝေးကွင်း (18)ပွဲမှာ (15)ပွဲနိုင်ခဲ့တာကလည်း အကောင်းဆုံးစံချိန်ပဲ။ (25)ပွဲ ပေးဂိုးမရှိဘူး။ အခုအချိန်အထိ စံချိန်ပဲ။ (15)ဂိုးပဲ ပေးရတယ်။ အခုအချိန်အထိ စံချိန်ပဲ။ ဂိုးကွာခြားချက်က (+57)။ အခုအချိန်အထိ စံချိန်ပဲ။
မော်ရင်ဟိုရဲ့ ပထမဆုံး ရာသီဟာ ချယ်လ်ဆီးရဲ့ သမိုင်းဝင်ရာသီဖြစ်သလို၊ ပရီးမီးယားလိဂ်ရဲ့ သမိုင်းဝင်ရာသီလည်းဖြစ်ပါတယ်။ မော်ရင်ဟို ကြိုက်တဲ့ သူတွေရှိသလို၊ မကြိုက်တဲ့သူတွေလည်းရှိနိုင်ပါတယ်။ ဒါပေမဲ့ သူဟာ တချိန်တုန်းက အခမ်းနားဆုံး သမိုင်းတခုကို ထုဆစ်ပုံဖော်နိုင်ခဲ့ဖူးသူဆိုတာကိုတော့ ကျွန်တော်တို့ မေ့လို့ရမှာ မဟုတ်သလို၊ ငြင်းလို့ ရမှာလည်း မဟုတ်ပါဘူး။ အခုအချိန်မှာ ဘယ်လိုတွေဖြစ်နေနေ မော်ရင်ဟိုဆိုတာ ချယ်လ်ဆီးသမိုင်းမှာ၊ ပရီးမီးယားလိဂ်သမိုင်းမှာ အာဂလူ တဦးအမှန်တကယ်ဖြစ်ခဲ့ပါတယ်။
စာကြွင်း − ကျွန်တော်တို့ပေ့ချ်ရဲ့ Contributor အစ်ကို တစ်ချိန်က ရေးခဲ့တဲ့ ဆောင်းပါးဟောင်းလေးပါ။ အစ်ကို့ကို ခွင့်တောင်းပြီး ပြန်တင်ဖြစ်ပါတယ်။ ဒီနေ့ မော်ရင်ညိုရဲ့ ချယ်လ်ဆီး ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်တဲ့နေ့မို့ အမှတ်တရ ပြန်တင်လိုက်ပါတယ်။ On this day ကို နည်းလမ်းတစ်မျိုးဖြင့် အမှတ်ရခြင်း ဖြစ်ပါတယ်။ အဟောင်းလေး ဖြစ်တာမို့ တချို့သောစံချိန်တွေကတော့ ချိုးခံလိုက်ရပါပြီ။
ဒါနဲ့ ကျွန်တော်တို့ကို မှတ်မိကြသေးလား . . . မိတ်ဆွေတို့ . . . ။