31/07/2026
#မေရီဂျွန်စ်
#သမ္မာကျမ်းစာကိုချစ်မြတ်နိုးသူ
ဒီနေ့ ကမ္ဘာပေါ်မှာ သမ္မာကျမ်းစာ တနင်္ဂနွေနေ့ (Bible Sunday)နဲ့ သမ္မာကျမ်းစာအဖွဲ့အစည်း
(Bible Soicity) ဆိုပြီး ခမ်းနားကြီးကျယ်တဲ့အဖွဲ့အစည်းတွေရှိလာနိုင်ရမှာ ဝေလ(Wales) နိုင်ငံမှာရှိတဲ့ လူသိမများဆင်းရဲတဲ့ မိသားစုကနေ မွေးဖွားလာတဲ့ ကလေးမလေး တစ်ဦးကြောင့်ဖြစ်တယ် ဆိုတာကို ယုံကြည်သူအနည်းစုကသာ သိကြမယ်လို့ ထင်ပါတယ်။
တကယ်တော့ ကလေးမလေး မေရီဂျွန်စ်ရဲ့ သမ္မာကျမ်းစာအပေါ် ထားရှိတဲ့စိတ်ဓာတ်တွေကြောင့် သမ္မာကျမ်းစာကို ကမ္ဘာတစ်ဝန်းကဖြန့်ချိဖို့ လိုအပ်တယ်ဆိုတာ ထိုခေတ်ခါက ဝိညာဉ်ဖခင်ကြီးတွေ သိလာခဲ့တာ ဖြစ်တယ်။ယနေ့ခေတ်ခါမှာဆိုရင် သမ္မာကျမ်းစာတွေကို အခမဲ့ ဝေငှပေးကမ်းလာတဲ့အဆင့်ထိ ဖြစ်လာခဲ့ပါပြီ။
တနေ့သော ညနေခင်းမှာ သူမရဲ့ မိခင်နဲ့အတူ ဘုရားကျောင်းကနေအပြန် အမှောင်ထဲမှာ ချော်လဲမသွားဖို့ သတိကြီးစွာ လမ်းလျှောက်ပြန်လာခဲ့ကြတယ်။ မီးတိုင်မရှိတဲ့အတွက် တလမ်းလုံးက ပိုမို မှောင်မည်းနေခဲ့တယ်။
အဲဒီလို မှောင်မှောင်မည်းမည်း လမ်းလျှောက်နေကြတဲ့အချိန် “နှုတ်ကပတ်တော်သည် အကျွန်ုပ် ခြေရှေ့မှာ မီးခွက်ဖြစ်၍ အကျွန်ုပ်လမ်းခရီးကို လင်းစေပါ၏” ဆိုတဲ့ ဆာလံ ၁၁၉း၁၀၅ ဟာ သူမရဲ့ နှလုံးသားထဲ ဝင်လာတော့
“ကျမ်းစာအုပ် တစ်အုပ်လောက် ရှိလိုက်ရင် ဘယ်လောက်ကောင်းမလဲ”ဆိုပြီး သူမ ဆန္ဒပြုခဲ့တဲ့ အချိန်ကနေစလို့ သမ္မာကျမ်းစာရဲ့ သမိုင်းတစ်ခုအစပြုခဲ့ပါ တော့တယ်။
အဲဒီ မေရီဂျွန်စ်ဆိုသည့် ကလေးမလေးကို ၁၇၈၄ ဒီဇင်ဘာ ၁၆ တွင်ဝေလနိုင်ငံမြောက်ပိုင်း
ကွေးနက်ပြည်နယ်၊ ကာဒါတောင်ပေါ်မြို့လေး ဖြစ်တဲ့
လာဖင်ဟန်ဂဲယ်လီ (Llanfihangely, Cader Idris mountain, inGwynedd, North Wales) မှာ ဖွားမြင်ခဲ့တယ်။ ဖခင်ဖြစ်သူဟာ စက်ချုပ်သမားတစ်ယောက် ဖြစ်တဲ့အတွက်ကြောင့် မိသားစုစားဝတ်နေရေး အတွက်လုံလုံလောက်လောက် မရှာပေးနိုင်ခဲ့ပါဘူး။ ပိုဆိုးတာက သူမ အသက်၄နှစ်အရွယ်မှာ ဖခင်ဖြစ်သူ ဆုံးပါးသွားခဲ့ရှာတယ်။ သူတို့ မိသားစု အခြေအနေကတော့ ပြောစရာကို မလိုလောက်အောင် ပိုမို ဆိုးဝါးခဲ့ရတယ်။ပတ်ဝန်းကျင်ရဲ့ ကဲ့ရဲ့ မှုတွေကြားမှာ မိခင်မုဆိုးမနဲ့အတူ ဘဝကို ရုန်းကန်ခဲ့ရတယ်။ ဒါပေမယ့် သူမတို့သားအမိဟာ ဘဝကိုလွယ်လွယ်နဲ့ အရှုံးမပေးခဲ့ကြပါဘူး။
အသက် ၈ နှစ်အရွယ်မှာတော့ မေရီဟာ သူမ နေတဲ့ရွာကနေနှစ်မိုင်လောက်ဝေးပြီး တစ်နာရီကြာ လမ်းလျှောက်သွားတဲ့ရွာမှာ စာရေးတက်ဖတ်တတ်အောင် သင်ယူခဲ့ရတယ်။ တစ်နေ့ကို ၂ နာရီ လောက်သာအရေး၊ အဖတ်ကို သင်ယူခဲ့တယ်။ တစ်နေ့မှာ ၂ နာရီဆိုတဲ့ အချိန်ဟာအရမ်း နည်းတယ်လို့ ပြောလို့ရပေမယ့် စာပေကို အရမ်းဆာငတ်နေတဲ့ မေရီအတွက် စာကိုဖတ်တတ်၊ ရေးတတ်ဖို့ အတွက်တော့ လုံလောက်ခဲ့ပါတယ်။ဒီလိုနဲ့ စာဖတ်တတ်လာတဲ့အခါမှာ သမ္မာကျမ်းစာကို အရမ်းဖတ်ချင်တဲ့ စိတ်ဆန္ဒရှိလာခဲ့တယ်။ ဒါပေမယ့် အဲဒီအချိန်က ကျမ်းစာအုပ်တစ်အုပ်ရဲ့ တန်ဖိုးဟာ ဆင်းရဲသားတွေ အတွက်တော့ မတွေးဝံ့စရာပါဘဲ။ ကျမ်းစာ အရမ်းလိုချင်နေတဲ့ သမီးရဲ့ အဖြစ်ကို ကြည့်ပြီးတော့ မိခင်ဖြစ်သူက “ ဒါပေမယ့် သမီးရယ်၊ သမ္မာကျမ်းစာတစ်အုပ်ရဲ့ တန်ဖိုးက အရမ်းဈေးကြီးတာ၊တို့လို ဆင်းရဲသားတွေ အတွက်ကတော့ ဘယ်လိုမှ မျှော်လင့်လို့မရတဲ့အရာမျိုးပါပဲ” လို့ အက်ကွဲနေတဲ့ လေသံနဲ့ သမီးဖြစ်သူကို ရှင်းပြခဲ့ဖူးတယ်။ဒါပေမယ့် မေရီဟာ သမ္မာကျမ်းစာအုပ်တစ်အုပ် ကိုယ်ပိုင်ရရှိနိုင်ဖို့ အမြဲဆုတောင်းနေခဲ့သလို ကြိုးလည်းကြိုးစားခဲ့တယ်။
သူမရဲ့လက်ထဲမှာ ကျမ်းစာမရှိသေးပေမယ့် အိမ်နီးချင်း ဒေါ်အေဗင်(Miss Avan) ဆိုသည့် အမျိုးသမီးဆီမှာ ကျမ်းစာတစ်အုပ် ရှိတဲ့အတွက်အဲဒီကျမ်းစာအုပ် ကို စနေနေ့တိုင်း မေရီတစ်ယောက် ငှါးယူဖတ် ခဲ့ရတယ်။မေရီလေးရဲ့ သမ္မာကျမ်းစာပေါ်မှာထားရှိတဲ့ စိတ်ထားနဲ့ ဘုရားသခင်ကိုကြောက်တတ်တဲ့စိတ်အပေါ် ဒေါ်အေဗင်တို့မိသားစု အသိမှတ်ပြု လေးစားခဲ့ရတယ်။ ဒေါ်အေဗင်တို့ မိသားစုဟာ အလွန်ချမ်းသာကြပေမယ့်၊ သူတို့ဆီကနေ မေရီ အလိုချင်ဆုံးအရာက သမ္မာကျမ်းစာပါဘဲ။ အခြားဘယ်အရာကိုမှ မေရီ မလိုချင်ခဲ့ပါဘူး။ သူမရဲ့ လက်ထဲမှာ သမ္မာကျမ်းစာ ရောက်ပြီဆိုတာနဲ့ မေရီဟာ အလွန်ပျော်ရွှင်နေတတ်တဲ့ ကလေးမလေး တစ်ယောက်ပါ။ ဒါပေမယ့် သူများရဲ့ ကျမ်းစာအုပ်ကိုဘဲ ကိုင်နေရတဲ့ သူမရဲ့ အဖြစ်ကို သူမမရောင့်မရဲ ဖြစ်ခဲ့ရတယ်။ ဒီလိုနဲ့ သူကိုယ်တိုင် တစ်နေ့နေ့တော့ ကျမ်းစာအုပ်တစ်အုပ်ကို ပိုင်ရမယ်ဆိုပြီးတော့ ဆုံးဖြတ်ချက်ချခဲ့တယ်။
ဒီလိုနဲ့ စိတ်ဆန္ဒခိုင်မာတဲ့ မေရီဟာ ရရာအလုပ် ဝင်လုပ်ပြီးတော့ပိုက်ဆံရှာခဲ့တယ်။ သူမ အဓိကလုပ်တဲ့ အရာတွေကတော့ သူများအဝတ်တွေကို လျှော်သိမ်းပေးတဲ့ အလုပ်ပေါ့။ အောက်ကျနောက်ကျ ပိုက်ဆံရှာရတဲ့
အလုပ်မျိုးဖြစ်ပေမယ့် မေရီတစ်ယောက် ကျမ်းစာအုပ်တစ်အုပ် ဝယ်မယ်ဆိုတဲ့ဆုံးဖြတ်ချက်နဲ့ အားကြိုးမာန်တတ် ပိုက်ဆံစုခဲ့တယ်။ သူမရဲ့ ရည်ရွယ်ချက်ကိုပတ်ဝန်းကျင်က သိလာတဲ့အခါမှာ သူမကို ပိုပိုလေးစားလာခဲ့ကြတယ်။
အိမ်ဘေးက ဒေါ်အေဗင်ဆိုရင် ကလေးမလေးရဲ့ ရည်ရွယ်ချက်ကို သိတော့ကြက်ပေါက်လေးတွေ မွေးမြူဖို့ လက်ဆောင်ပေးခဲ့တယ်။ အဲဒီလိုနဲ့ အိမ်နီးနားချင်းတွေရဲ့ အဝတ်တွေကို လိုက်လျှော်သိမ်းပေး၊ သန့်ရှင်း ရေးတွေလုပ်ပေး၊ လက်ဆောင်ရထားတဲ့ ကြက်ပေါက်လေးတွေကို ဂရုတစိုက် မွေးမြူခဲ့ရင်းနဲ့ နေ့တွေ နှစ်တွေဟာ သူမအတွက် သိပ်မကြာခဲ့ပါဘူး။ ကြက်လေးတွေလည်း အကောင်ကြီးလာတော့ ဥတွေ ဥလာတယ်။ ရလာတဲ့ ကြက်ဥလေးတွေကို ဈေးမှာသွားခင်းရောင်း၊ မေရီရဲ့ နေ့စဉ် အလုပ်လေးက အရမ်းကိုရိုးရှင်းခဲ့ပါတယ်။ သူမရဲ့ နေ့စဉ်အသက်တာကို ကြည့်ပြီး တစ်ရွာတည်းသားလူတွေအားလုံး အံ့ဩချီးကျူးခဲ့ရတယ်။ ညချိန်ဆိုရင်လည်း ခြေအိတ်တွေထိုးရင်းနဲ့ ပိုက်ဆံရှာခဲ့တယ်။ သူမရဲ့ရင်ထဲမှာတော့ “တစ်နေ့ကျရင် ကိုယ်ပိုင်ကျမ်းစာအုပ်တစ်အုပ် ပိုင်ဆိုင်ရမယ်” ဆိုတဲ့ အသိစိတ်တစ်ခုဘဲ ရှိနေခဲ့တယ်။
ဒီလိုနဲ့ ၆ နှစ်ဆိုတဲ့ အချိန်ဟာလည်း .. ကုန်လွန်လာခဲ့တယ်။နောက်ဆုံးတော့ မေရီတစ်ယောက် သူမအရမ်း လိုချင်နေတဲ့ ကျမ်းစာအုပ်တစ်အုပ်ကို ဝယ်နိုင်လောက်တဲ့ ငွေကြေးပမာဏကို စုဆောင်းနိုင်ခဲ့တယ်။သူမရဲ့အိပ်မက်တွေ ရုပ်လုံးမြင်ရတော့မည့်နေ့။ သူမ နေ့နေ့ညညမျှော်လင့် ထားခဲ့တဲ့နေ့ပေါ့။ သို့ပေမယ့် အဲဒီအချိန်က အခုခေတ်လို .. ကျမ်းစာအုပ်တစ်အုပ်ကို နေရာတိုင်းမှာ ဝယ်လို့ မရခဲ့ဘူး။ အဲဒါကြောင့် သူမနေထိုင်တဲ့ရွာငယ်လေးတစ်ရွာမျိုးမှာဆိုရင် ကျမ်းစာအုပ် အရောင်းဆိုင်ရှိဖို့ မလွယ်ခဲ့ပါဘူး။ ဒီလိုနဲ့ စုံစမ်းစုံစမ်းရင်း နောက်ဆုံးမှာတော့ အနီးဆုံး ကျမ်းစာအုပ်ရောင်းတဲ့ နေရာဟာ ရွာကနေ ၂၅ မိုင်ကွာဝေးတဲ့ ဘလာ (Bala) မြို့မှာရှိမယ် ဆိုတာကို သိခဲ့ရတယ်။ အဲဒီ သမ္မာကျမ်းစာနဲ့ အခြားစာအုပ်တွေကိုရောင်း ပေးနေတဲ့ ဆရာရဲ့ နာမည်ဟာ သောမတ်စ် ချားလ်စ် (Thomas Charles) ဖြစ်တယ်ဆိုတာလည်း သူမသိခဲ့ရတယ်။
ဒီလိုနဲ့ ၁၈၀၀ ခုနှစ် နွေရာသီကျောင်းပိတ်ရက် တစ်ရက်မှာ မေရီဟာ ဘလာမြို့ကို ကျမ်းစာဝယ်ဖို့ စတင်ထွက်ခွါခဲ့တော့တယ်။ အဲဒီအချိန်ကကား၊ ရထားဆိုပြီးတော့လည်း လမ်းပန်းဆက်သွယ်ရေးက ရွာထိ မပေါက်မရောက်နိုင်ခဲ့ဘူး။ ခြေလျင်ခရီးတစ်ခုတည်းဘဲ တစ်ရွာနဲ့ တစ်ရွာ ခရီးသွားလာနေခဲ့ကြရတဲ့ အချိန်ပေါ့။ အဲဒီအချိန်မှာ မေရီဟာ ၁၆ နှစ်တောင် မပြည့်သေးပါဘူး။ ဒါပေမယ့် ကျမ်းစာအုပ်သွားဝယ်မယ် ဆိုပြီး ၂၅ မိုင်ခရီးကိုတစ်ယောက်တည်း ခရီးဆက်ခဲ့တယ်။ တိုက်တိုက်ဆိုင်ဆိုင်ဘဲ ပြောရမလား၊အသွားခရီးမှာတင် သူမရဲ့ ဖိနပ်ပျက်သွားခဲ့တယ်။ လမ်းခရီးဟာ ကျောက်သားတွေ ဖြစ်တဲ့အတွက် သူမရဲ့ ခြေထောက်တွေ နာရီအနည်းငယ်ကြာ
လျှောက်လာတဲ့နောက် သွေးဖြူဥတွေ ပေါက်လာတယ်။ ဇွဲမလျော့ပဲ သူမဆက်လျှောက်လာပြန်တော့ ခြေထောက်တွေက လုံးဝကို မခံနိုင်တော့ ပါဘူး။သွေးတွေယိုဆီးထွက်လာခဲ့တယ်။ ဘယ်လိုဘဲဖြစ်နေပါစေ၊ သူမရဲ့ ရင်ထဲမှာတော့ ကျမ်းစာအုပ် ဝယ်ဖို့ဆိုတာဘဲ ရှိတယ်တယ်။ ပတ်ဝန်းကျင်မှာဘာတွေ ဘယ်လိုဖြစ်နေတယ်ဆိုတာကိုတောင် သူမ သတိမထားမိခဲ့တဲ့ အထိဖြစ်ခဲ့ရတယ်။ ခရီးက တော်တော်ကြမ်းတယ်။ ခြေထောက်နှစ်ဘက်လုံးကသွေးတွေ ဆိုပေမယ့် သူမရဲ့ ရင်ထဲမှာ ပီတိတွေ ဝေဆာ နေခဲ့တယ်။
ဒီလိုနဲ့ နာရီပေါင်းများစွာ လျှောက်လာခဲ့တဲ့နောက်မှာတော့ သူမလိုချင်နေတဲ့ သမ္မာကျမ်းစာကိုရောင်းတဲ့ဆိုင်ရှိတယ်လို့ သတင်းကြားတဲ့ ဘလာမြို့ဆီကို ဆိုက်ဆိုက် မြိုက်မြိုက် ရောက်သွားခဲ့တော့တယ်။ သိက္ခာတော်ရဆရာတော် သောမတ်စ်ချားလ်စ်ရဲ့အိမ်ကို အမြန်ဆုံးစုံစမ်းခဲ့တယ်။ လိပ်စာသိတာနဲ့ သိက္ခာတော်ရ ဆရာတော်သောမတ်စ်ချားလ်စ် နေထိုင်ရာ နေအိမ်ဆီကို သုတ်သုတ်ကလေး လျှောက်ခဲ့တယ်။ ရောက်လျင်ရောက်ခြင်း ကျမ်းစာဝယ်ချင်တယ်လို့ဘဲ ပြောလိုက်သေးတယ် သူမ ပြန်ကြားလိုက်ရတဲ့ သူမ လုံးဝ မျှော်လင့်မထားတဲ့စကား ဖြစ်နေခဲ့တယ်။ သိက္ခာတော်ရဆရာသောမတ်စ် ချားလ်စ်က သူ့မှာ ကျမ်းစာအုပ် တစ်အုပ်သာရှိတော့ကြောင်း၊
အဲဒီကျမ်းစာအုပ်တောင်မှ အခြားသူတစ်ယောက်က မှာထားပြီးကြောင်းကိုမေရီအား ဂရုဏာ သက်စွာ ရှင်းပြခဲ့တယ်။
အဲဒီစကားကို ကြားလိုက်ရတော့ မေရီဟာ ဘာကိုမှ ဂရုမစိုက်နိုင်တော့ဘဲ သူမရပ်နေတဲ့ နေရာမှာတင် ချုံးပွဲချ ငိုချပစ်လိုက်တယ်။ ဆရာသောမတ်စ်ချားလ်စ် တစ်ယောက် ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိအောင်ဖြစ်သွား ခဲ့တယ်။ သူ မသိတဲ့ ကောင်မလေးတစ်ယောက် သူ့ရှေ့မှာ ကျမ်းစာအုပ်မရှိတော့ဘူးဆိုတဲ့ သတင်းကြားကြားချင်း အဲဒီလို ငိုလိုက်တော့ သူအရမ်းကို အံ့ဩသွားခဲ့တယ်။ ဒါနဲ့ ဆရာသောမတ်စ်ချားလ်စ်ကလည်း မေရီကို အကျိုး အကြောင်းစမေးတော့ မေရီကလည်း သူမ အလိုချင်ဆုံး ကျမ်းစာအုပ်တစ်အုပ်ဝယ်ဖို့ကို ခြောက်နှစ်လုံးလုံး ချွေးနှင့်ရင်းပြီး ပင်ပန်းစွာ ငွေစုခဲ့သည့်အပြင် ခြေလျင်ဖြင့် မိုင်ပေါင်း ၂၅ မိုင်ကို ခရီးဆက်ခဲ့ပေမယ့် လိုချင်တဲ့ကျမ်းစာ အုပ်ကို မဝယ်ယူနိုင်တော့တဲ့ အဖြစ်အတွက် အရမ်းကို ဝမ်းနည်းနေရတဲ့အကြောင်းတွေကို မျက်ရည်တွေနဲ့ ပြန်လည်ရှင်းပြခဲ့တယ်။
အကြောင်းစုံကို သိလိုက်တဲ့အချိန်မှာတော့ ဆရာ သောမတ်စ်ချားလ်စကလည်း မေရီကို “ကဲကဲ ငိုမနေတော့နဲ့၊ သမီးလိုချင်တဲ့ ဒီကျမ်းစာအုပ်ကို သမီးလေးကိုပဲ ရောင်းလိုက်တော့မယ်၊ နောက်လာတဲ့သူက နောက်မှ
ပေါ့ကွာ” လို့ပြောကာ တစ်အုပ်ဘဲကျန်တဲ့ ကျမ်းစာအုပ်ကို ရောင်းပေးလိုက်တော့တယ်။ လက်ထဲကို ကျမ်းစာအုပ်လည်း ရောက်သွားရော ကလေးမလေးမေရီ တစ်ယောက် ခုန်ပေါက်ပျော်မြူး နေပြန်တော့တာပေါ့။ သူမ အလိုချင်ဆုံးအရာကို သူမရဲ့ကိုယ်ပိုင်ပစ္စည်း အနေနဲ့ ပိုင်လိုက်ရပြီလေ။
ဒီအဖြစ်အပျက်မျိုးကို သိက္ခာတော်ရ ဆရာ သောမတ်စ်ချားလ်စ်တွေ့လိုက်ရတဲ့ အခါတော့ မေရီလို ကျမ်းစာအုပ်လိုချင်တဲ့ သူတွေ ကမ္ဘာမှာဘယ်လောက်များ များလိုက်မလဲလို့ တွေးနေမိတော့တာပေါ့။ ဒီလိုနဲ့ ဆရာ
သောမတ်စ်ချားလ်စ်ဟာ သူ့ရဲ့ လုပ်ဖော်ကိုင်ဘက်များကို သူမြင်တွေ့ခဲ့တဲ့မေရိဆိုတဲ့ ကလေးမလေးအကြောင်းကို သင်းလုံးကျွတ် အစည်းအဝေးကြီး တစ်ခုမှာ ပြန်လည်သက်သေခံခဲ့တော့ အဲဒီသတင်းဟာ ဝေလနိုင်ငံတွင်းဗြိတိန်တစ်နိုင်ငံလုံး ဟိုးလေးတကျော် ဖြစ်သွားခဲ့တယ်။ အဲဒီအချိန်တုန်းက ကယ်တင်ခြင်း သတင်းကောင်းကတော့ တစ်နိုင်ငံလုံးမှာ ပျံ့နှံ့နေခဲ့ပြီဆိုပေမယ့် ကျမ်းစာအုပ်ကတော့ အရမ်းကို ခက်ခဲနေတဲ့ အချိန်တစ်ခုပေါ့။
၁၈၃၂ ဒီဇင်ဘာလတွင် သိက္ခာတော်ရဆရာ လန်ဒန်ဘာသာရေးဝေစာဖြန့်ဝေခြင်းအဖွဲ့အစည်း (Landon Religious Tract Society Commmittee) ကြီမှူးကျင်းပတဲ့ အစည်း အဝေးကြီးမှာ သောမတ်စ်
ချားလ်စ်က ဝေလနိုင်ငံရှိ နိုင်ငံသားများအနေနဲ့ သမ္မာကျမ်းစာကို ကိုယ်ပိုင်ဘာသာစကားနဲ့ အလွန် လိုအပ်နေကြတဲ့ အကြောင်းကို ရဲရဲရင့်ရင့် ပြောဆိုတင်ပြခဲ့တယ်။ အဲဒီအစည်းအဝေးကြီးမှာဘဲ သူ့မျက်စိနဲ့ ကိုယ်တိုင် မြင်ခဲ့ရတဲ့အမျိုးသမီးငယ်လေး မေရီရဲ့ သမ္မာကျမ်းစာလိုချင်တဲ့ စိတ်ဓာတ်နဲ့ ဝယ်ယူဖို့အတွက် ဘယ်လောက်ထိ ပေးဆပ်ခဲ့တယ် ဆိုတဲ့အကြောင်းတွေကို အသေးစိတ် စုံစုံလင်လင်သက်သေခံ ဝေငှပြော ဆိုခဲ့တယ်။ ဒါပေမယ့် တစ်ချို့ကလည်းတစ်ဘက်ကနေ အတိုက်အခံပြုကြတယ်။ ငွေရေးကြေးရေးလိုတယ်၊ ဘယ်လိုဖြန့်ချီမှာလဲ မဖြစ်နိုင်ဘူးဆိုပြီး စသည်ဖြင့် ထင်မြင်ချက် အမျိုးမျိုး တင်သွင်းခဲ့ကြပေမယ့် မေရီရဲ့ ဘဝဖြတ်သန်းခဲ့ပုံလေးကိုတော့ အဲဒီနေ့က အစည်းအဝေး တက်ရောက်သူတွေ အားလုံးရဲ့ ရင်ထဲမှာ တိတ်တဆိတ် နေရာယူနိုင်ခဲ့ပြီလေ။
နောက်တစ်နေ့ မနက်မှာတော့ သိက္ခာတော်ရဆရာ ဂျောဆဖ်ဟွင့်စ်(Rev. Joseph Hughes) က “ဝေလနိုင်ငံ (ဗြိတိန်နိုင်ငံ) အပါအဝင်ကမ္ဘာတဝှမ်းမှာ ရှိကြတဲ့ နိုင်ငံအသီးသီးအတွက် သမ္မာကျမ်းစာကို အလွယ်တကူဖြန့်ဝေ နိုင်မယ့် အဖွဲ့အစည်းတွေကို တည်ထောင်ဖို့ လိုနေပြီ” လို့ ဆိုကာစိန်ခေါ်မှုကြီး တစ်ခုပြုလုပ်ခဲ့တယ်။ ဒီလိုနဲ့ ၁၅ လ တာကြာတဲ့နောက်မှာ၁၈ဝ၄ ခုနှစ် မတ်လ ၇ ရက်နေ့ သမ္မာကျမ်းစာကို အများနိုင်ဆုံး ဖြန့်ဝေနိုင်အောင် ဆောင်ရွက်ပေးတဲ့ ဗြိတိန် နှင့် နိုင်ငံရပ်ခြားသမ္မာကျမ်းစာ အဖွဲ့အစည်း (British & Foreign Bible Society) ကို တည်ထောင်ခဲ့ကြတယ်။ အဲဒီအဖွဲ့အစည်းရဲ့ အဓိကရည်ရွယ်ချက်ကတော့ သမ္မာကျမ်းစာကို ကမ္ဘာနဲ့ အနှံ့ ဖြန့်ဝေနိုင်ဖို့ဖြစ်တဲ့အတွက် နိုင်ငံတကာမှ အသင်းတော်တွေအားလုံးလည်း လက်တွဲ ပါဝင်ခဲ့ကြတယ်။
နှစ်များမကြာမီမှာပဲ ဗြိတိန်နိုင်ငံကနေတဆင့်၊ ဂျာမနီ၊ နယ်သာလန်၊ဒိန်းမတ်၊ ရုရှား၊ ပြစ်သစ်၊ ဂရိနိုင်ငံနဲ့ အမေရိကန်နိုင်ငံများ တိုင်အောင်သမ္မာကျမ်းစာအဖွဲ့အစည်းများ တည်ထောင်လာခဲ့ကြတယ်။ နာမည်ကြီး သာသနာပြု ဆရာများဖြစ်ကြတဲ့ ဝီလီယံကဲရီ (William Carey)၊ ရိုဘတ်မိုရီစ်(Robert Morris)၊ ဟင်နရီမာတင် (Henry Martin) တို့ တတွေလည်းအဲဒီလို ကျမ်းစာအဖွဲ့အစည်းများက သာသနာပြုဖို့ စေလွှတ်ခြင်းခံခဲ့သူများဖြစ်ကြ တယ်။ ဒီလိုနဲ့ ယနေ့ကမ္ဘာမြေကြီးဟာ သမ္မာကျမ်းစာနဲ့ လွှမ်းခြုံလာခဲ့တယ်။ ဒါတွေအားလုံးရဲ့ အရင်းအမြစ်ကို ကြည့်ရင်တော့ ရှေ့မှာပြောခဲ့တဲ့ အတိုင်းဘဲ ဘယ်သူမှ သတိမထားတဲ့ ဆင်းရဲသားမိသားစုကနေမွေးဖွားလာတဲ့ အမျိုးသမီးငယ်လေး မေရီဂျွန်စ် ဖြစ်နေတယ်လို့ ပြောရင်တော့မှားမှာ မဟုတ်ပါဘူး။
အသက် ၈၂ နှစ်တိုင်အောင် မေရီဂျွန်စ်တစ်ယောက် အသက်ရှင်ခဲ့ပါတယ်။ လောကအရာမှာ ဘာမဟုတ်တဲ့သူ၊ ဘာမှမရှိတဲ့သူဖြစ်သော်လည်းနှုတ်ကပတ်တော် သမ္မာကျမ်းစာကို အမှန်တကယ် .. လိုချင်တောင့်တကာကြိုးစားအားထုတ်သူတွေအားဖြင့် သမိုင်းသစ်တစ်ခုကို ရေးထိုးနိုင်တယ်ဆိုတဲ့အကြောင်း ဘုရားသခင်က သက်သေပြခဲ့တာ ဖြစ်တယ်။ သူမကို အမြဲအမှတ်ရနေစေဖို့ သူမရဲ့ မွေးရပ်တောင်ပေါ်မြို့လေး တစ်မြို့လေးဖြစ်တဲ့လာဖင် ဟန်ဂဲယ်လီ (Llanfihangely) မြို့မှာ အင်္ဂလိပ် ဘာသာနဲ့လည်းကောင်း၊ ဝေလဘာသာစကားနဲ့ လည်းကောင်း မှတ်တမ်း တင်ဂုဏ်ပြုရေးထွင်းထားပါတယ် …
မေရီဂျွန်စ်၏မှတ်ကျောက်
၁၈ဝဝ ခုနှစ်တွင် အသက် ၁၆ နှစ်အရွယ်သာ ရှိသည့် အမျိုးသမီးငယ်တစ်ဦးသည် ဤမြို့မှ ဘားလ်မြို့ရှိ သိက္ခာတော်ရဆရာသောမတ်စ်ချားလ်စ်ထံသို့ သမ္မာကျမ်းစာဝယ်ယူရန် ခရီးစခဲ့သည့်အဖြစ် အပျက်သည် ယနေ့ ဗြိတိန်နှင့် နိုင်ငံရပ်ခြားသမ္မာကျမ်းစာ အဖွဲ့အစည်းများ တည်ထောင်ခဲ့ရခြင်း၏အရင်းအမြစ် ဖြစ်သည်။
#ကျေးဇူးတော်နှင့်ငြိမ်သက်ခြင်းရှိပါစေ