18/07/2025
KNU နဲ့ KTLA အကြမ်းဖက်များရဲ့ စခွက်လုပွဲ၊ အကြမ်းဖက် PDF များ KNU ဘက်မှ ဝင်တိုက်ပေးရန်ရှိနေ။
================================
18 July 2025
ကရင်အမျိုးသားအစည်းအရုံး(KNU)နှင့် ကော်သူလေးတပ်မတော် (KTLA) တို့ ဖြစ်ပွားနေသည့် ပြဿနာများကြား နွေဦးတော်လှန်ရေး၌ ပေါ်ပေါက်လာသည့် တော်လှန်ရေးအင်အားစုများ ဝင်မပါရန် KTLA တာဝန်ရှိသူတစ်ဦးက ထုတ်ပြောသည်။
ပြီးခဲ့သည့် ဇူလိုင် ၁၅ ရက်က ထားဝယ်ခရိုင်အခြေစိုက် ဗိုလ်အယ်ခွီးဦးဆောင်သည့် KTLA ဆာကဆောတပ်မ၊ တပ်ရင်း ၃ ဒုတပ်ရင်းမှူး စောဒါးဂေက လူမှုကွန်ရက်တွင် အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။
KNU နှင့် KTLA သည် ကရင်အချင်းချင်းဖြစ်ပွားနေသည့် ပြဿနာဖြစ်သည့်အတွက် ပြည်သူ့ကာကွယ်ရေးတပ် PDF ၊ ပကဖနှင့် Local PDF များ ဝင်မပါကြရန် ၎င်းက ပြောသည်။
ထိုပြဿနာအကြားတွင် ထိခိုက်သေဆုံးမှုများ ရှိလာပါက တာဝန်ယူမည်မဟုတ်ကြောင်း စောဒါးဂေက ဆိုထားသည်။
“ကျတော်တို့ရဲ့ တပ်မဟာကို KNU က တိုက်ခိုက်ဖို့ ရှိတယ်၊ အသံတွေ ကြားနေရပါတယ်။ PDF တွေ ၊ ပကဖတွေ Local တွေ ကိုယ်နဲ့ မဆိုင်ရင် ဝင်မပါဖို့ကို ပြောချင်ပါတယ်။ ကိုယ်နဲ့ မဆိုင်ရင် မလုပ်ပါနဲ့ ကျတော်တို့ ကရင်အချင်းချင်း ဖြစ်နေတာကို ကရင်အချင်းချင်းလုပ်ပါမယ်၊ ပါဝင်ပူးပေါင်းပြီး လိုက်လာမယ်ဆိုရင် တကယ်လို့ ပစ်လိုက်ခတ်လိုက်လို့ PDF များသေသွားမယ်ဆိုရင် ကျတော်တို့အနေနဲ့ အာမ မခံဘူး၊ အပြစ်မဆိုပါနဲ့ ကျတော်တို့ လုပ်သင့်လုပ်ထိုက်တာ ပြန်လုပ်ရမယ်” ဟု စောဒါးဂေက ပြောသည်။
ထိုအခြေအနေနှင့်ပတ်သက်ပြီး သက်ဆိုင်ရာအဖွဲ့အစည်းများကို ကြိုတင်အသိပေးသွားမည့်အပြင် စာထုတ် အကြောင်း ကြားသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
ကော်သူလေးတပ်မတော် KTLA က KNU နှင့် မဟာမိတ်တပ်များကို သွေးခွဲခြင်း၊ ခြုံခိုတိုက်ခိုက်ခြင်းများ ပြုလုပ်နေခြင်းများသည် စစ်တပ်အထောက်အကူပြုပုံစံမျိုးဖြစ်နေသည့်အတွက် လက်မခံနိုင်ကြောင်း KNU တပ်မဟာ ၄ မြိတ်-ထားဝယ်ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နားက တုံ့ပြန်သည်။
“နှောက်ယှက်တယ်၊ ခြုံခိုတိုက်ခိုက်တယ်၊ ဟိုအမိန့်ထုတ်၊ ဒီအမိန့်ထုတ်၊ ဟိုခြိမ်းခြောက်၊ အကြောင်းပြချက်တွေ တောက်လျှောက်လုပ်လာတယ်။ သူတို့အဖွဲ့ကို တော်လှန်ရေးအဖွဲ့အစည်းတစ်ခုလို လက်ခံဖို့ခက်တယ်၊ စစ်ကောင်စီရဲ့ အထောက်အကူပြုနေတဲ့ အဖွဲ့အစည်းမျိုး အစွန်းရောက်နေတယ်” ဟု ပဒိုစောအယ်နားက ပြောသည်။
KNU က ကော်သူလေးတပ်မတော် KTLA ကို တိုက်ခိုက်မည့်အစီအစဉ် ရှိ၊ မရှိကို ပဒိုစောအယ်နားက ပြောဆိုခဲ့ခြင်း မရှိပေ။
KTLA အနေဖြင့် စစ်ကောင်စီကို တိုက်ခိုက်ချင်သည့်စိတ်ဆန္ဒရှိပါက အတူတူ ပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်း ရှိကြောင်း ၎င်းက ဆက်ပြောသည်။
“တကယ်စစ်အာဏာရှင်ကို တိုက်မယ်ဆိုရင် နည်းလမ်းရှိတယ်။ ပူးပေါင်းဆောင်ရွက်မှု အများကြီးရှိတယ်။ လုပ်သင့်လုပ်ထိုက်တာကို မလုပ်ပဲနဲ့ မလုပ်သင့်တဲ့ဟာကို အမြဲတမ်းအကြောင်းရှာနေပြီးတော့” ဟု အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။
KNU ဘက်က တုံ့ပြန်ပြောဆိုချက်နှင့်ပတ်သက်ပြီး ကော်သူလေးတပ်မတော် KTLA ၏သဘောထား သိရှိနိုင်ရန် MPA က ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။
ထားဝယ်ခရိုင်အတွင်း လှုပ်ရှားနေသည့် တော်လှန်ရေးတပ်ခေါင်းဆောင်တစ်ဦးက ပြဿနာဖြစ်နေမည့်အစား စည်းစည်းလုံးလုံးဖြင့် ပူးပေါင်းလုပ်ဆောင်စေချင်ကြောင်း ပြောသည်။
“သူတို့လူမျိုးအချင်းချင်းဖြစ်တဲ့ကိစ္စကို ကျတော်တို့ ဝင်ပါလို့ မရဘူးလေ၊ ကျတော်တို့က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေလေ၊ စစ်ကောင်စီကို တိုက်ဖို့လာတာ၊ ဒီအချိန်မှာ ကိုယ့်အချင်းချင်း ရန်ဖြစ်မဲ့အစား စည်းစည်းလုံးလုံးနဲ့ သွားစေချင်တယ်ပေါ့ဗျာ၊ နွားကွဲ ကျားဆွဲခံရမှာပေါ့ဗျာ” ဟု တော်လှန်ရေးတပ်ခေါင်းဆောင်တစ်ဦးက ပြောသည်။
လက်ရှိ တနင်္သာရီတိုင်းတွင် လှုပ်ရှားနေသည့် ပြည်သူ့ကာကွယ်ရေးတပ်တချို့သည် KNU အပါအဝင် ကော်သူလေး တပ်မတော် KTLA များနှင့်အတူ ပူးပေါင်းပြီး စစ်ရေးဖော်ဆောင်မှုများ ရှိကြောင်း ၎င်းက ပြောသည်။
အငြင်းပွားဖွယ် အစုလိုက်လူသတ်မှုနှင့်ပတ်သက်ပြီးKNUလက်အောက်ခံ KNDO စစ်ဦးစီးချုပ်ဟောင်း ဗိုလ်မှူးချုပ် စောနယ်ဒါးမြ ရာထူးမှ ထုတ်ပယ်ပြီးနောက် ကော်သူလေးတပ်မတော် KTLA ကို ၂၀၂၂ ခုနှစ် ဇွန်လတွင် ဖွဲ့စည်းခဲ့သည်။
ထို့နောက် KNU တပ်မဟာ ၆ ၊ တပ်မဟာ ၄ နယ်မြေတွင် အဓိလှုပ်ရှားပြီး KNU ၏အုပ်ချုပ်ရေး ယန္တရားများအပေါ် နှောက်ယှက်မှုများ ရှိခဲ့ကြောင်း KNUက ပြောသည်။
ထိုမှတဆင့် အချင်းချင်းပြဿနာ ကြီးထွားလာရာမှ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားပြီး နှစ်ဖက်စလုံးက အရာရှိတချို့ သေဆုံးမှု ရှိခဲ့သည်။
“သူတို့ ကရင်အချင်းချင်းဖြစ်တယ်၊ လက်နက်ကိုင်တပ်တွေလေ၊ ညှိနှိုင်းကြပေါ့၊ လူချင်းတွေ့ဆုံပြီး ဖြေရှင်းကြပေါ့၊ ဘာလို့ဆိုတော့ KTLA မှာ ရှိတဲ့ အဖွဲ့တချို့က KNU နဲ့ အဆင်ပြေတာ ရှိသလို အဆင်မပြေတာ ရှိနေတော့ တွေ့ပြီး ညှိလိုက်တာပဲ ကောင်းမယ်” ဟု ထားဝယ်နိုင်ငံရေးအင်အားစုတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ထားဝယ်ခရိုင်တွင် KTLA ၏ ဆာကဆောတပ်မနှင့် ဆာကပေါတပ်မတို့ရှိပြီး ဆာကပေါတပ်မသည် KNU နှင့် အဆင်ပြေမှုရှိကြောင်း ၎င်းက ပြောသည်။
ပြီးခဲ့သည့် ရက်ပိုင်းတွင် ဥကရစ်ထစခန်းသိမ်းတိုက်ပွဲဝင်ရှေ့တန်းရဲဘော်များအတွက် ထမင်းချက်ပေးသည့်နေရာ လာရောက်နှောင့်ယှက်ခဲ့သည့် KTLA တပ်ဖွဲ့ဝင် ၂၀ ဦးကျော်ကို KNLA က ခေါ်ယူထိန်းသိမ်းခဲ့သည်။
ထိုကိစ္စနှင့်ပတ်သက်ပြီး တပ်ဖွဲ့အချင်းချင်း ဆက်သွယ်ညှိနှိုင်းလာသင့်ကြောင်း KTLA ဦးစီးချုပ်စောနယ်ဒါးမြက KIC သတင်းဌာနကို ဖြေကြားထားသည်။