10/06/2024
သစ်တိုသီးသည် မွန်ပြည်နယ်ဘက်မှာသာ ပေါများသည့် အသီးတစ်မျိုး ဖြစ်မည် ထင်၏။ ရန်ကုန်တွင် သစ်တိုပင် တစ်ပင်စ, နှစ်ပင်စမျှ တွေ့ဖူးသော်လည်း ရန်ကုန်သားတွေကမူ သစ်တိုသီးကို နှစ်နှစ်လိုလို စားကြတာတော့ သိပ်မရှိကြဟု သတိပြုမိ၏။
သစ်တိုသီးသည် နုစဉ်အခါက စိမ်းဖန့်ဖန့်အခွံရှိသော်လည်း ရင့်မှည့်လာချိန်တွင်မူ အဝါရောင် ဖွဖွသန်းလာပြီး ပြည့်ပြည့်၀၀ မှည့်သောအခါ၌မူ ရင့်ရင့်တောက်တောက် အဝါရောင်ဝင်းဝင်း တစ်မျိုးဖြင့် အမြင်လည်း လင်းလင်းလှလှ ရှိသည်။
ကျွန်တော်တို့ အိမ်လမ်းကြား အတွင်းပိုင်းတွင် သစ်တိုပင်တွေ တော်တော်များများ ပေါက်သည်။ မိုးအခါတွင် သစ်တိုသီးမှည့်တွေ အပင်ပေါ် တဝင်းဝင်း၊ မြေပေါ်တွင် တဖွေးဖွေး။ သစ်တိုသီးတွေကို ခူးယူကောက်စုပြီး သစ်တိုသီးအိုးစိမ်၊ သစ်တိုသီးပေါက်၊ သစ်တိုသီးခြစ်၊ သစ်တိုသီး ချိုချဉ်ငန်စပ် လုပ်ရောင်းကြသူတွေ ရှိသည်။
သစ်တိုသီးမှည့်၏ နူးညံ့သည့် အခွံထူထူကို ခွာလျှင် အတွင်းမှာ ဖွေးဖွေးစင်စင် ထွေးထွေးအိအိ ရှိသည့် သစ်တိုသီး၏ အသားအမြွှာတွေကို မြင်ရသည်။ ထိုအသားမြွှာတွေက အချဉ်ကဲသော်လည်း အရင့်အမှည့် မှန်လျှင်တော့ အချိုအရသာပါ တွဲသည်။ ကလေးဘ၀တုန်းက ကျွန်တော်သည် သစ်တိုသီးမှည့် ကောက်စားနေကျ။ သစ်တိုပင်ပေါ် လေးခွ၊ တုတ်ပိုင်း၊ ကျောက်ခဲတို့ဖြင့် လက်တည့်စမ်း လှမ်းပစ်ချပြီးတော့လည်း ခူးစားနေကျ။
ကျောင်းမုန့်စျေးတန်းတွင် သစ်တိုသီး ချိုချဉ်ငန်စပ် လုပ်ရောင်းသူတွေ ရှိသည်။ သစ်တိုသီး၏ အခွံဝါဝါကို ပန်းသီးခွံနွှာသလို ပါးပါးလွှာပြီးလျှင် ဓားဖြင့် အစိပ်ကလေးတွေ မွှန်းသည်။ ပြီးလျှင် ဆေးသကြား၊ အရောင်တင်မှုန့်၊ ဆားတို့ဖြင့် ညကတည်းက ရောနယ်နှပ်ထားပြီး မနက်တွင် ချိုချဥ်ငန်စပ်အဖြစ် ရောင်းသည်။
ကျွန်တော် မူလတန်းအရွယ်တုန်းက သစ်တိုသီး ချိုချဉ်ငန်စပ် တစ်လုံးကို တစ်ကျပ်ဖြင့် ဝယ်စားဖူး၏။ ချိုချဉ်ငန်စပ် ရသာစုံ စိမ့်ဝင်နေသော သစ်တိုသီး၏ အပြင်ခွံထူထူ ဓားဖြင့် ပေါက်ထားသည်ကို တစ်စိပ်ချင်း တစ်ဖတ်ချင်း ဖဲ့စားသည်။ အတွင်းသားဖြူဖြူကိုမူ စုပ်စားပြီး အစေ့ကိုမူ ထွေးပစ်ရသည်။
သစ်တိုသီးကို အစေ့ထုတ်၍ အပြင်ခွံထူထူကို အမျှင်အဖတ် သေးသေးကလေးတွေဖြစ်အောင် သင်္ဘောခြစ်လို ခြစ်ဖြင့် ခြစ်ထားကာ ငါးဆယ်သား၊ တစ်ပိဿာ စသဖြင့် ရောင်းချကြသလို အဖတ်ပါးပါးကလေးတွေ ဖြစ်အောင် ဓားဖြင့် မွှန်းစိပ်ထားသည့် သစ်တိုသီးပေါက်အဖြစ်လည်း ရောင်းကြသည်။ အိမ်တွင် အမေသည် သစ်တိုသီးခြစ်၊ သစ်တိုသီးပေါက်၊ သစ်တိုသီးအိုးစိမ်တို့ကို ဆယ့်နှစ်ရာသီ မပြတ်အောင် ဝယ်သိပ်သိုလှောင်ထားလေ့ ရှိသည်။
တစ်ရက်သားတွင် အမေသည် သစ်တိုသီးခြစ်တွေကို သုပ်စားမည် ဆို၏။ မွမွခြစ်ထားသော သစ်တိုသီးခြစ်တွေကို ရေဆေးသည်။ အချဉ်၊ အငန်နှင့် အဖန်ဓာတ်တို့ ပေါ့သွားစေရန် ဖြစ်သည်။ ရေဆေးပြီးသား သစ်တိုသီးခြစ်များကို ရေခြောက်သွားအောင် ညှစ်၍ ပန်းကန်ထဲ ပုံသည်။ ပါးပါးလှီးသင်၍ ရေဆေးထားသော ကြက်သွန်နီများကို ထည့်သည်။ အခွံသင်၍ လှီးထားသော ကြက်သွန်ဖြူဥ အကွင်းငယ်ကလေးတွေ ထည့်သည်။
ရှောက်ရွက်ကလေးတွေကို ကတ်ကြေးဖြင့် မျှင်မျှင်ကိုက်၍ ထည့်သည်။ မိုးမျှော်ငြုပ်သီးတောင့် စိမ်းစိမ်းလေးတွေကို ပါးပါးလှီးထည့်သည်။ လှော်ထားသော ပုစွန်ဆိတ်ကလေးများကို ခေါင်းဖယ်၍ အပေါ်ကနေ ဖြန့်ဖြူးသည်။ ဆီစိမ်း၊ အချိုမှုန့်၊ ဆားနှင့် ငံပြာရည် အနည်းငယ်ခပ်ပြီးလျှင် သမအောင် နယ်ဖတ်သည်။ ဟင်းမြည်းနေကျ ဖြစ်သော ကျွန်တော့်ကို အနည်းငယ် မြည်းစမ်းခိုင်းသည်။
ပဲနီကလေးကို နူးအိနေအောင် ချက်ထားသော ဟင်းချိုပူပူနှင့် သစ်တိုသီးသုပ် အတွဲအစပ်သည် ခံတွင်းမြိန်စေ၏။ ထမင်းမြိန်စေ၏။ ငါးတံခွန်ခြောက်တွေကို သေးသေးတုံးထစ်၍ ဆီပူထိုးထားသည်ကို တကျွတ်ကျွတ်ဝါးလိုက်၊ ပဲဟင်းချိုပူပူကို ခပ်သောက်လိုက်၊ သစ်တိုသီးသုပ်၏ ချိုဆိမ့်ဆိမ့် ချဉ်ပြုံးပြုံး အရသာကို တို့ထိလိုက်ဖြင့် ကျွန်တော် အကြိုက်တွေ့ရသည်။ အသားဟင်း၊ ငါးဟင်းတွေ မပါဘဲလျက် ဝမ်းမီးငြိမ်းကျေစေသော ထမင်းဝိုင်းငယ်။
ရန်ကုန်မှ နယ်သို့ ကျွန်တော် အလည်ပြန်တိုင်းတွင် အမေသည် ကျွန်တော် အကြိုက်ဆုံးဟင်း ဖြစ်သည့် ဝက်သားနှင့် သစ်တိုသီးပေါက်ဟင်းကို ချက်ကျွေးလေ့ ရှိသည်။ ဓားဖြင့် မွှန်းပေါက်ထားသော သစ်တိုသီးအဖတ်တွေထဲမှာ ဝက်၏ အဆီ၊ အသား အရသာတို့ စိမ့်ဝင်နေသလို ဝက်သားဖတ်တွင်လည်း သစ်တိုသီး၏ လေးပင်သော အချဉ်၊ အဖန်၊ အချို ဓာတ်များ ရောပေါင်းသွားကာ အရသာ ရှိလွန်းလှသည်။
သစ်တိုသီးပေါက်ကို ဝက်သားနှင့် ချက်လျှင် ကျွန်တော့်အဖို့ အကြိုက်ဆုံး ဟင်းလျာဖြစ်ရသလို အခြားဒေသများရှိ ဆွေမျိုးများ၊ မိတ်ဆွေများ အိမ်သို့ အလည်လာကြတိုင်းမှာလည်း အမေ့လက်ရာ ဝက်သား သစ်တိုသီးပေါက်ဟင်းကို ခံတွင်းတွေ့ကြသည်ချည်း။
ယခုလို မိုးဦးတွင် ဥတင်းတင်းဖြင့် ငါးစင်ရိုင်းတွေ တက်လာပါက သစ်တိုသီးပေါက်ဖြင့် ချက်လျှင်လည်း သိပ်စားကောင်းတာပါပဲ။ မိုးတွင်းကာလ ပုစွန်တွေ ပေါချိန်ဆိုလျှင် သစ်တိုသီးနှင့်ပုစွန်ကျော့ အစပ်ကြော်ကလေးကို ပိန်းဥဟင်းခါး၊ ကဒက်ဟင်းခါး၊ ဒန့်ဒလွန်ရွက်ဟင်းခါး တစ်ခုခုဖြင့် တွဲစပ်ပါက ထမင်းဝိုင်း စိုလှပေသည်။
ရန်ကုန်တွင် မော်လမြိုင်လက်ရာ ထမင်းဆိုင်ကြီး တချို့ရှိ၏။ ထိုဆိုင်တို့တွင် ဝက်သားသစ်တိုသီးချက်၊ သစ်တိုသီးပုစွန်ကြော် စသဖြင့် ရတတ်သည်။ သို့ရာတွင် စျေးက မသေးလှ၊ ယခင်နှစ်တချို့က ဝယ်စားဖြစ်တုန်းကပင် ဝက်သားသစ်တိုသီးဟင်း တစ်ပွဲကို ငါးထောင်၊ သစ်တိုသီးပုစွန်ကြော်ကလည်း သုံးထောင့်ငါးရာ။ ခုလို ကုန်စျေးနှုန်းနှင့် ဆိုလျှင်ဖြင့် ... သြော် ... ခက်လှချည့်။ ။
*** *** ***
crd ပါရှင့်
ဟိန်းဆက်သွင်