06/03/2026
ကျိုင်းတုံတွင် ဌာနဆိုင်ရာများကို စက်သုံးဆီ လိုသလောက် ရောင်းပေးသော်လည်း ပြည်သူများကို ယာဉ်လိုင်စင်ရှိမှသာ ရောင်းရန် အမိန့်ထုတ်ထား
မဲခေါင်၊ မတ် ၆
ရှမ်းပြည်အရှေ့ပိုင်း၊ကျိုင်းတုံမြို့နယ်တွင် စစ်ကောင်စီ ဌာနဆိုင်ရာများကို စက်သုံးဆီ လိုသလောက် ရောင်းချပေးရသော်လည်း ပြည်သူများကိုမူ ယာဉ်လိုင်စင်ရှိမှသာ ဆီရောင်းချပေးနေသည်ဟု သတင်းရင်းမြစ်များက ပြောသည်။
ကျိုင်းတုံမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစောမင်းသူက ဆီပန့်ဆိုင်များအား လိုင်စင်ရှိသည့် ယာဉ်များကိုသာ လောင်စာဆီ ရောင်းပေးရမည်ဟု အမိန့်ပေးလာခြင်းကြောင့် ဆီပန့်ဆိုင်အချို့က လိုင်စင်ရှိ ကား၊ ဆိုင်ကယ်များကိုသာ ဆီရောင်းချပေးနေခြင်းဖြစ်သည်။
သို့သော် စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာများကိုမူ လိုင်စင်ရှိ၊ လိုင်စင်မဲ့ စိစစ်ခွင့်မရှိပဲ ဆီပန့်ဆိုင်များက ခွဲတမ်းများဖြင့် လိုသလောက် ရောင်းချပေးနေရသည်ဟု သတင်းရင်းမြစ်တစ်ဦးကပြောသည်။
“စည်ပင်တို့ လမ်းဦးစီးဌာနက လူတွေတို့ဆို သူတို့ဌာနအတွက်ဆိုပြီး သူတို့တောင်းတဲ့ ပမာဏအတိုင်း ဆီပန့်ဆိုင်တွေက ရောင်းပေးရတယ်။ ပြည်သူတွေက ဆီတစ်လီတာ ၂ လီတာရဖို့ ခက်ခဲနေချိန်မှာ သူတို့အတွက်ကျ ဆီလီတာ ၅၀၀ ကျော် တစ်ထောင်ထိကို ရောင်းပေးရတယ်”ဟု ကျိုင်းတုံမြို့ ဆီပန့်ဆိုင်တစ်ခုမှ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
လူမှုကွန်ရက်ပေါ်တွင် ပေါက်ကြားလာသည့် ကျိုင်းတုံ စက်သုံးဆီအသင်း၏ စာတွင်လည်း စစ်ကောင်စီ စည်ပင်ဌာနအား ဒီဇယ် ၆၃၀ လီတာနှင့် လမ်းဦးစီးဌာနအား ဒီဇယ် ၄၂၀ လီတာတို့ကို စစ်ကောင်စီရည်ညွန်းဈေးအတိုင်း ရောင်းချပေးရန် ညွှန်ကြားသည်ကိုတွေ့ရသည်။
ထို့သို့ ဌာနဆိုင်ရာများအား ဆီပန့်ဆိုင်များက လိုသလောက် ရောင်း ချပေးနေရသော်လည်း ပြည်သူများကိုမူ ယာဉ်လိုင်စင်ရှိမှသာ လောင်စာဆီ ရောင်းချပေးရန် ကျိုင်းတုံအုပ်ချုပ်ရေးမှူး ဦးစောမင်းသူက အမိန့်ထုတ်ခဲ့ကြောင်း သိရသည်။
“မနေ့က သွားထည့်တာ လိုင်စင်မပါရင် မရဘူးတဲ့။ အဲ့အမိန့်က ရှမ်းပြည်လို နေရာမျိုးနဲ့က မဟုတ်သေးဘူးလေဗျာ။ မတရားဘူးဗျ၊ ပြည်သူကျ လိုင်စင်ရှိမှတဲ့။ မနေ့ကဆို ၃ ဆိုင်မြောက်မှ ဆီရတယ်။ ပထမ ၂ ဆိုင်က ဆိုင်ကယ်လိုင်စင်မရှိလို့ မထည့်ပေးဘူးတဲ့ အထက်က အမိန့်ပေးထားတယ်တဲ့” ဟု ကျိုင်းတုံဒေသခံတစ်ဦးက ပြော သည်။
ကျိုင်းတုံမြို့နယ်တွင် လက်ရှိ၌ ဆီပန့်ဆိုင် တစ်ဆိုင်ကို တစ်ရက် ၃ နာရီသာ ဖွင့်လှစ်ရောင်းချခွင့်ပေးထားပြီး ဆိုင်ဖွင့်ချိန်အတွင်း ဆိုက်ကယ်တစ်စီးလျှင် ငွေကျပ် ၅ ထောင် နှင့် အိမ်စီးကားတစီးလျှင် ကျပ် ၃ သောင်းဖိုးသာ ရောင်းချပေးသည်။