05/01/2026
လားရှိုးမှ တောင်ကြီးသို့ ဖယောင်းတိုင်တင်ဆောင်လာသော Toyota Wish တစ်စီး လဲချားမြို့နယ်တွင် တိမ်းမှောက်၊ ယာဉ်မောင်း စိုးရိမ်ရ
Shan State Channel
ဇန်နဝါရီ ၅ ရက်၊ ၂၀၂၆ ခုနှစ်။
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့သို့ ဖယောင်းတိုင်များ တင်ဆောင်လာသည့် Toyota Wish ကားတစ်စီးသည် ယမန်နေ့ ဇန်နဝါရီ ၄ ရက်၊ ညနေ ၂ နာရီကျော်အချိန်တွင် ယာဉ်မတော်တဆ တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ လဲချားမြို့နယ်၊ ပင်လုံရွာသစ်အနီးတွင် အဆိုပါ Toyota Wish ကားသည် အခြားကားတစ်စီးကို ကျော်တက်ရန် ကြိုးပမ်းရာမှ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသို့ တိမ်းမှောက်သွားခဲ့ခြင်း ဖြစ်သည်။
ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းဖြစ်သူမှာ သတိမေ့မြောသွားခဲ့သဖြင့် "နှလုံးသား" လူမှုကူညီရေးအသင်းက ပင်လုံဆေးရုံသို့ အမြန်ဆုံး ပို့ဆောင်ပေးခဲ့သည်။ သို့သော် ပင်လုံဆေးရုံတွင် သတိပြန်မရလာသေးသဖြင့် "ဖြူစင်မေတ္တာ" လူမှုကူညီရေးအသင်းက လွိုင်လင်ဆေးရုံကြီးသို့ ထပ်မံလွှဲပြောင်း ကူညီပို့ဆောင်ပေးခဲ့ရပြီး လက်ရှိတွင် ဆေးကုသမှု ခံယူနေရဆဲ ဖြစ်သည်။
လမ်းပေါ်တွင် ပြန့်ကျဲနေသည့် ဖယောင်းတိုင်များကို လူမှုကူညီရေးအသင်းနှင့် ဒေသခံများက စုစည်းကာ ပင်လုံမြို့သို့ သယ်ဆောင်လာခဲ့ပြီး မူလပိုင်ရှင်ထံ စုံစမ်းကာ ပြန်လည်ပေးအပ်သွားမည်ဟု သိရသည်။
ယခုဖြစ်စဉ်နှင့် ပတ်သက်၍ ဒေသခံတစ်ဦးက "ကားဆရာတွေအနေနဲ့ ကုန်တွေအများကြီး တင်ထားရင် ပိုပြီးတော့ သတိထားမောင်းနှင်ကြဖို့ တိုက်တွန်းချင်ပါတယ်" ဟု ပြောကြားထားသည်။
#လားရှိုးမှတောင်ကြီးသို့
#ဖယောင်းတိုင်တင်ဆောင်လာသော
Wishတိမ်းမှောက်
-Photo Local