30/07/2024
ပေါင်းသတ်ဆေး နှစ်စဉ်ဆက်တိုက် အသုံးပြုမှုနှင့် အကျိုးဆက်များ
ပေါင်းသတ်ဆေးကို ဆက်တိုက်သုံးရင် မြေပျက်တယ်လို့ ပြောလေ့ရှိကြတယ်။
ပေါင်းသတ်ဆေးက မြေဆီလွှာဖွဲ့စည်းမှုကို တိုက်ရိုက်ပျက်စီးစေတာလားဆိုတော့ မပျက်စီးစေပါဘူး။ ဒါဖြင့် ဘာကြောင့်မြေပျက်တယ်လို့ဆိုပါသလဲ။ တကယ်လည်း ပေါင်းသတ်ဆေး (အထူးသဖြင့် ရွေးချယ်မဲ့နဲ့ မြေပေါ်ဖျန်းဆေးတွေ၊ သို့မဟုတ် တမျိုးထဲကို သီးနှံရာသီ ၃ ခုလောက် ဆက်တိုက်သုံးခဲ့ရင်) မြေကျွံတာ၊ မြေသားဖွဲ့စည်းပုံပျက်တာ၊ အပင်ယိုင်လဲလွယ်တာ၊ သီးနှံအပင်ပေါက်မှုထိခိုက်စေလာတာ၊ သီးနှံဖြစ်ထွန်းမှုအားနည်းလာလို့ အာဟာရသွင်းအားစုတွေ ခါတိုင်းထက် ပိုထည့်လာရတာ၊ ရောဂါကျရောက်မှုများလာတာ၊ မြေကြပ်လာတာ၊ ရေထိန်းနိုင်စွမ်းနည်းလာတာ စတဲ့အကျိုးဆက်တွေကတော့ တကယ်ဖြစ်လာနိုင်ပါတယ်။
ဒါဆိုရင် ပေါင်းသတ်ဆေးဆက်တိုက်သုံးခြင်းက မြေဆီလွှာကို တိုက်ရိုက်မပျက်စီးစေဘူးဆိုရင်တောင် သွယ်ဝိုက်သောနည်းလမ်းနဲ့ ပျက်စီးစေတယ်လို့ သဘောပေါက်ရတော့မှာပါ။ သွယ်ဝိုက်သောနည်းလမ်းဆိုတာ ဘယ်လိုအချက်တွေကြောင့်ဖြစ်နိုင်ပါသလဲ။
ပေါင်းသတ်ဆေးကို မြေပေါ်တိုက်ရိုက်ဖျန်းမှမြေပျက်နိုင်တာ၊ ပေါင်းပင်ပေါ်ဖျန်းရင်တော့ မြေကိုမထိခိုက်နိုင်ဘူးလို့ လွဲမှားသောယူဆချက်တွေလည်း ရှိတတ်ကြပါတယ်။ ပေါင်းပင်ပေါ်ဖျန်းတဲ့ဆေးကလည်း ထိသေဆေးမဟုတ်တဲ့ ပင်လုံးပြန့်အာနိသင်ဖြစ်ရင် ဆေးက ပေါင်းပင်အမြစ်ကတဆင့် မြေဆီလွှာကို ရောက်ပါတယ်။ နော်ဇယ်က ထွက်လာတဲ့ဆေးစက်သည် ပေါင်းပင်ပေါ်သာမက ပေါင်းမရှိတဲ့မြေကြီးပေါ်ကိုလည်း ကျနိုင်ပါတယ်။
ဆိုတော့
ပေါင်းသတ်ဆေးကို ဘယ်လိုပဲဖျန်းဖျန်း မြေပေါ်ကျနိုင်တဲ့ပမာဏက ရှိပြီးသားဖြစ်ပါတယ်။
ပေါင်းသတ်ဆေးများကို နော်ဇယ်ကနေပက်ဖျန်းလိုက်တဲ့နောက် သဘာဝပတ်ဝန်းကျင်ကို ထိတွေ့တဲ့အချိန်ကစပြီး ဓာတ်ပြိုကွဲမှု၊ ဓာတ်တိုး၊ ဓာတ်လျော့မှု စတဲ့ဖြစ်စဉ်များစွာဖြစ်ပြီး အာနိသင်ဖြစ်ပေါ်ကာ ပေါင်းပင်ကို သက်ရောက်အဆိပ်သင့်မှုဖြစ်စေပါတယ်။ ဒီဖြစ်စဉ်တွေဖြစ်ဖို့ အပူချိန်၊အစိုဓာတ်၊ မြေအမျိုးအစားစတဲ့အခြေအနေတွေပေါ်မူတည်သလို မြေကြီးထဲမှာရှိတဲ့ အနုဇီဝသက်ရှိတွေကထုတ်ပေးတဲ့ အင်ဇိုင်းတွေရဲ့အကူအညီက များစွာအရေးပါပါတယ်။
မြေကြီးထဲမှာ အနုဇီဝသက်ရှိတွေ ရှင်သန်ပွါးများမှုအများဆုံးနေရာသည် မြေရဲ့အပေါ်ဆုံးအလွှာဖြစ်တဲ့ မြေဆွေးအလွှာ၊ သစ်ဆွေးအလွှာနဲ့ root zone လို့ခေါ်တဲ့ အပင်တွေရဲ့ အမြစ်မွှားပတ်လည်မှာ နေထိုင်ကြပါတယ်။ အမြစ်ဇုံ rhizosphere မှာ ဘာကြောင့်အနုဇီဝသက်ရှိတွေပိုများနေတတ်ပါသလဲ။ အပင်ရဲ့အမြစ်ကနေထုတ်ပေးတဲ့ root exudates လို့ခေါ်တဲ့ စွန့်ထုတ်ဓာတ်များဟာ အနုဇီဝသက်ရှိတွေရဲ့ အသက်ရှုမှု၊ အောက်စီဂျင်အသုံးပြုနိုင်မှုအတွက် ပံ့ပိုးပေးခြင်းကြောင့်ဖြစ်ပါတယ်။
မြေကြီးထဲမှာအနုဇီဝသက်ရှိအမျိုးအစားပေါင်းများစွာရှင်သန်နေထိုင်ပါတယ်။ အမြစ်ဇုံမှာ တွေ့ရမှုများတဲ့ အကျိုးပြုအနုဇီဝသက်ရှိတွေမှာ အရေးပါတာတွေကတော့
Rhizobium လို့ခေါ်တဲ့ လေထုထဲကနိုက်ထရိုဂျင်ကို အပင်ကစားသုံးနိုင်တဲ့ပုံစံဖြစ်အောင် ဖမ်းယူဖြိုခွဲပြောင်းလဲပေးနိုင်တဲ့ ဘက်တီးရီးယား၊ မြေကြီးထဲမှာရှိတဲ့ ဆာလဖာကို အပင်ကစားသုံးနိုင်အောင်ပျော်ဝင်စေနိုင်သော/ဓာတ်တိုးစေနိုင်သော Thiobacillus spp. ဘက်တီးရီးယား၊ ဖော့စ်ဖရပ်စ်ကို ပျော်ဝင်စေနိုင်သော Pseudomonas spp. ဘက်တီးရီးယား၊ ပိုတက်စီယမ်ကို ပျော်ဝင်စေနိုင်သော Aspergillus sp. Penicillium sp. Yeast စတဲ့မှိုများ (ဒီနေရာမှာ အများစုက Aspergillus မှိုကို အပင်ရောဂါဖြစ်စေသက်ရှိလို့ သိထားကြပါတယ်။ သို့သော် မျိုးစိတ်များစွာရှိတာကြောင့် အချို့ Aspergillus မျိုးစိတ်သည် အပင်ရောဂါ(မှိုအဆိပ်ထုတ်နိုင်သော) ဖြစ်စေမှိုဖြစ်ပြီး အချို့မျိုးစိတ်ကတော့ အကျိုးပြုတဲ့အမျိုးအစားဖြစ်ပါတယ်။ အလားတူပါပဲ Penecillium ကို အကျိုးပြုမှိုလို့သိထားကြပေမယ့် အချို့မျိုးစိတ်ကတော့ အပင်ကို ရောဂါဖြစ်စေပါတယ်)။ အမြစ်ဇုံမှာ တွေ့ရများတဲ့ အခြားအကျိုးပြုအနုဇီဝသက်ရှိတွေကတော့ actenomycetes, streptomycin, mycorrhiza, cellulose စတဲ့ အမျိုးအစားပေါင်းများစွာဖြစ်ပါတယ်။
ဒီအနုဇီဝသက်ရှိတွေဟာ မြေကြီးထဲကအာဟာရကို အပင်က စားသုံးနိုင်အောင် ပျော်ဝင်စေခြင်းနဲ့ကူညီပေးတာအပြင် မြေသားဖွဲ့စည်းပုံကောင်းမွန်စေရေး၊ အမြစ်စဉ်အင်အားကောင်းမွန်စေရေး၊ မြေတွင်း အောက်စီဂျင်လှည့်ပတ်မှု၊ အသုံးပြုလိုက်တဲ့ဓာတုဆေးတွေပြိုကွဲမှု၊ အင်ဇိုင်းလုပ်ငန်းစဉ်များ၊ မြေသားပေါ်ရှိ ပင်ကြွင်းပင်ကျန်များဆွေးမြေ့စေမှု စတဲ့ အခြေအနေများစွာအတွက် မရှိမဖြစ် အရေးပါတဲ့ကဏ္ဍမှာ ရှိနေပါတယ်။
ဒါ့အပြင် ပေါင်းသတ်ဆေးသည် မူလ AI ရဲ့ အက်ဆစ်ပုံစံကို အခြေခံပြီးထုတ်ထားတဲ့ အဆိပ်ဖြစ်ခြင်းကြောင့် ပေါင်းပင်ကိုသေစေသလို မြေကြီးထဲက အကျိုးပြုအနုဇီဝသက်ရှိတွေကိုလည်း အဆိပ်သင့်စေပါတယ်။ ပြောရရင် ပြိုကွဲဖို့ အနုဇီဝသက်ရှိကထုတ်တဲ့အင်ဇိုင်းကိုလည်းအသုံးချသလို အဆိပ်လည်းသင့်စေတဲ့ အခြေအနေပါ။
ပေါင်းသတ်ဆေးကို ဆက်တိုက်သုံးစွဲလာတဲ့အခါ မြေကိုတိုက်ရိုက်ပျက်စေတာမဟုတ်ပဲ မြေကိုအကျိုးပြုစေတဲ့ အနုဇီဝသက်ရှိဦးရေကို ထိခိုက်စေတာကြောင့် မြေရဲ့ဖွဲ့စည်းပုံပျက်၊ မြေဆီလွှာကျန်းမာရေးထိခိုက်ပြီး ကနဦးဖော်ပြခဲ့တဲ့ ဆိုးကျိုးရလဒ်တွေကို ဖြစ်စေတာပါ။
ဒါဆိုရင် ပေါင်းသတ်ဆေးတမျိုးဟာ အနုဇီဝသက်ရှိအားလုံးကို ထိခိုက်စေသလားလို့ ထင်စရာရှိပါတယ်။ ဆေးတိုင်းက ထိခိုက်စေနိုင်ပေမယ့် ဆေးအမျိုးအစားအလိုက် ပိုမိုထိခိုက်စေသော အနုဇီဝသက်ရှိအမျိုးအစားကွာခြားချက်ရှိပါတယ်။ ရွေးချယ်မဲ့အာနိသင်ရှိသောဆေးများကြောင့် Rhizobium, Pseudomonas ဘက်တီးရီးယာများထိခိုက်မှုပိုများပြီး အခြားဆေးအများစုကတော့ P နဲ့ K အပေါ် အရေးပါသော အနုဇီဝသက်ရှိကို သိသိသာသာထိခိုက်စေတယ်လို့ လေ့လာမှုများကဆိုပါတယ်။
N, P, K, Ca, Mg, S မမျှတမှုသည် အပင်ရောဂါပြင်းထန်မှုကို အားပေးစေနိုင်ပါတယ်။ အထူးသဖြင့် P, K, Ca နဲ့ Mg ချို့တဲ့ရင် သို့မဟုတ် မြေထဲမှာလုံလောက်သော်လည်း အပင်က မစားသုံးနိုင်လျှင် မြေဆောင်ရောဂါကျခဲ့ပါက ပြင်းထန်နိုင်ပါတယ်။ ဒီအာဟာရတွေကို အပင်က စားသုံးနိုင်အောင် ပျော်ဝင်စေဖို့ ကူညီတာက အနုဇီဝသက်ရှိတွေပါ။ ပေါင်းသတ်ဆေးကြောင့် အနုဇီဝသက်ရှိဦးရေ နည်းသွားရင် P,K, Ca,Mg ကို အပင်က စားသုံးဖို့ခက်ပါမယ်။ အပင်က အာဟာရလုံလောက်မျှတစွာမစားရရင် ရောဂါကျရောက်မှုပြင်းထန်ပါမယ်။ ပေါင်းသတ်ဆေးမပျော်ဝင်တာကြောင့် မြေထဲမှာ ဓာတ်ကြွင်းများပါမယ်၊ သီးနှံဖြစ်ထွန်းမှုထိခိုက်ပါမယ်၊ မြေသားဖွဲ့စည်းပုံပျက်ပါမယ်၊ မြေကြပ်ပါမယ်၊ အမြစ်ကမြေသားကို ကုပ်တွယ်နိုင်စွမ်းနည်းပါမယ်၊ အမြစ်အင်အားနည်းပါမယ်၊ အပင်ယိုင်လဲလွယ်ပါမယ်။
ဒါတွေကို ခြုံငုံလိုက်ရင်
အဓိက ပေါင်းသတ်ဆေးကို စနစ်တကျမသုံးတာက အရင်းအမြစ်ဖြစ်ပါတယ်။ ဒါကြောင့် ယခုနှစ်မိုးရာသီမှာ သတိပေးလိုပါတယ်။
စပါးမှာ ပေါင်းသတ်ဆေးကို စနစ်တကျသုံးမှ၊ ယခင်က သုံးခဲ့တာကို ဆက်တိုက်မသုံးမှ ပဲမှာ အခြေအနေကောင်းမှာပါ။ မြေဆီလွှာကျန်းမာမှာပါ။
အနုဇီဝသက်ရှိဦးရေလျော့နည်းတာကို ချက်ခြင်းပြန်ဖြည့်ဖို့ နည်းလမ်းမရှိပါဘူး။ အချိန်ကာလအတိုင်းအတာတစ်ခုယူပြီး ဖြေးဖြေးခြင်းပြန်လည်အားယူရပါတယ်။ ဒီကာလထဲမှာ သီးနှံအထွက်လျော့တာ၊ ဓာတုဆေးတွေကို ဆက်မသုံးပဲ နေလို့မရတာကြောင့် ရေရှည်နိုင်ပါတယ်။
စနစ်တကျနဲ့ အသိပညာ၊ လိုက်နာဆောင်ရွက်မှု အလွန်အရေးကြီးပါတယ်။
Dr. DaDa
Ph. D Entomology
သီးနှံကာကွယ်ရေးဆိုင်ရာ အထွေထွေဗဟုသုတများ Page မှ ကူးယူဖော်ပြပါသည်။
crd