17/08/2025
💰လုပ်ငန်းရှင်တိုင်း နားလည်ထားရမဲ့ emotional service
လုပ်ငန်းရှင်တိုင်း သိထားကြတဲ့ customer serviceနဲ့ တူသလိုလို ဆိုပေမဲ့ မတူပါဘူးနော်။ အခုနောက်ပိုင်း onlineဖြစ်စေ ၊ offline ဖြစ်စေ emotional service မပေးနိုင်ရင် ရပ်နားရတဲ့အထိ ဖြစ်နေတာတွေ အများကြီးပါ။ လုပ်ငန်းရှင်တို့ သတိမထားမိသေးလို့သာ အရေးမပါဘူးလို့ ထင်နေရတာပါ။
ကျွန်မတို့ အပြင်မှာ လက်ဖက်သုပ်တစ်ပွဲ ဝယ်စားတဲ့အခါမှာ တစ်ပွဲ 1,500 ရောင်းတဲ့ ဆိုင်လေးလည်း ရှိမယ် ။ တစ်ပွဲကိုပဲ 3,500 ရောင်းတဲ့ ဆိုင်လေးလည်း ရှိမယ်။ နောက် ဒီလက်ဖက်သုပ်လေးကိုပဲ 10,000 ရောင်းတဲ့ ဆိုင်လေးလည်း ရှိသေးတယ်။
စပြီနော် ဒီနေရာမှာ တွေးမိတာ ရှိမယ်။ လက်ဖက်သုပ်တစ်ပွဲ ရူးလို့ 10,000ပေးစားရမှာလားလို့ တွေးတဲ့သူတွေလည်း ရှိသလို၊ 10,000တန် လက်ဖက်သုပ်က ဘယ်လိုလေးများပါလိမ့်ဆိုပြီး တွေးနေတဲ့ သူတွေလည်း ရှိမယ်။
1,500တန် လက်ဖက်သုပ် တစ်ပွဲပေးပါ အစ်မရေ ဆိုရင် ဆိုင်ရှင်က သုပ်ပြီး ချပေးလိုက်မယ်။ ပန်းကန်လေး ညစ်နေရင် ညစ်နေလိမ့်မယ်။ ဇွန်းကလည်း ကောင်းချင်မှကောင်းမယ်။ဒါပေမဲ့ စားလိုက်တယ်။ ငန်နေတယ်၊ပေါ့နေတယ်၊အကြော်ဆံတွေ မှိုတက်နေတယ်။ ပြောလိုက်တယ် အစ်မရေ ဒါလေး ဒီလိုနော် ဆိုရင် 1,500တန် လာစားပြီး ဘာရချင်တာလဲ ဆိုတဲ့ မျက်နှာပေးနဲ့ ကြည့်ပြီး ဆက်ဆံလိမ့်မယ်။
3,500တန် လက်ဖက်သုပ်လေးကတော့ ပိုကောင်းမှာပဲ ဆိုပြီး တွေးပြီး စားကြည့်ချင်လာတယ်။ emotion ပါလာပြီ ၊ ကောင်းကောင်းမွန်မွန် သန့်သန့်ပြန့်ပြန့်လေး စားချင်လာတဲ့စိတ်။ စားချင်တဲ့အချိန်မှာ အရသာရှိရှိလေး စားချင်နေတဲ့စိတ်လေး ဖြစ်လာပြီ ဒီတော့ သူဆိုင်ပြောင်း စားပြီ။
3,500 လက်ဖက်သုပ်လေးကတော့ ကြွေပန်းကန်အဖြူလေးနဲ့ ချပေးတယ် ၊ ပန်းကန်တွေ ပဲ့မနေဘူး။ စတီးဇွန်းလေးကလည်း တောင့်တောင့်တင်းတင်း။ ကြက်သွန်ဖြူ နဲ့ ငရုတ်စိမ်းခွက်လေး ချပေးတယ် ။ ခပ်နွမ်းနွမ်း ရေနွေးအကြမ်းအိုးလေးရောပေါ့။ သူ့အရသာကလည်း မဆိုးပါဘူး ။1,500တန် ဆိုင်ထက်တော့ အများကြီးသာတယ် ။
သူ့အနေနဲ့ ဒီဆိုင်ကို rating ပေးရရင် 10 မှာ 7 လောက်တော့ ရလိမ့်မယ်။ အကုန်ပြည့်စုံရဲ့သားနဲ့ 10 ဘာကြောင့် မရလဲဆိုရင် လာချပေးတဲ့ ရေနွေးခွက်တွေဟာ ရေနွေးချိုးတွေ ကပ်နေတယ် ၊ ညှီနံ့လေးတွေလည်း ရတယ် ၊ ပြန်လဲပေးဖို့ လူရှာပေမဲ့ ယားလို့တောင် မကုတ်အားတဲ့ သူ့ဆိုင်လေးမှာ ပြောပြစရာ လူမရှိဘူး ဖြစ်နေတယ်။ ကောင်းတော့ကောင်းတယ် ဒါပေမဲ့ မကောင်းဘူး ဖြစ်နေတယ်။
နောက်ဆုံးအနေနဲ့ 10,000တန် လက်ဖက်သုပ်ဆိုင်လေးကို ဈေးကြီးပေး စားကြည့်ချင်မိလာတယ် ။ သူမရခဲ့တဲ့ စိတ်အစာအာဟာရကို ဒီဆိုင်မှာများ ဖြည့်တင်းနိုင်မလား။ ကျေနပ်မှုရှိမလား။ ရနိုင်မလားပေါ့။
ဆိုင်ထဲ ဝင်လိုက်တာနဲ့ စားပွဲထိုးမလေးက လာမေးတယ် ။ ကောင်းသော နေ့ခင်းလေးပါအစ်ကို ဘာလေးများ သုံးဆောင်မလဲရှင်။ လက်ဖက်ကိုမှ အညွန့်သုပ် ၊ အနှပ်သုပ်၊ အသားသုပ်၊ လူကြီးသုပ် ဆိုပြီး ရှိပါတယ် တခြားအသုပ်မျိုးစုံလည်း ရပါတယ်ရှင်တဲ့။
လက်ဖက်အသားသုပ် ဆီအရမ်းမများနဲ့နော် ဆိုပြီး မှာလိုက်တယ် 7မိနစ်လောက်ပဲ ကြာမယ်ထင်တယ် ။ တခြားစားပွဲထိုးမလေး လာချပေးတယ် ။ အရင်တစ်ယောက် ဘာလို့ လာမချတာပါလိမ့်ဆိုပြီး ပတ်ကြည့်တော့ တခြားcustomerကို service ပေးနေတာ တွေ့ရတယ်။
လာချပေးတဲ့ အသုပ်လေးက ဆီမများပဲ ဆီအိသလိုဖြစ်နေတဲ့ လက်ဖက်အသားလေးတွေပေါ်မှာ ကြွပ်ရွနေတဲ့ နှစ်ပြန်ကြော်စိမ်းဖန့်ဖန့်လေးတွေ ၊ မြေပဲကြော်၊နှမ်းလှော်နဲ့အတူ ကြက်သွန်ကြော်လေးရော ပါသေးတယ်ရှင် ။အထူးခြားဆုံးကတော့ ရေချိုပုစွန်အချိုခြောက်လေးတွေ တင်ထားပေးတာပဲ ။ တစ်လုတ်စားကြည့်တယ် ကောင်းလိုက်တာပေါ့။
ဘေးနားက လက်ဖက်အစ်လေး ချထားပေးတော့ လိုက်ပွဲများ ပေးတာလားလို့ ဖွင့်ကြည့်မိတယ်။ အထဲမှာ အခွံနွှာပြီးသား ကြက်သွန်ဖြူလေးက တစ်ကန့် ၊ အညှာခြွေထားတဲ့ ငရုတ်စိမ်းတောင့်လေးက တစ်ကန့် ၊ ချင်းပါးပါးလေးတွေက တစ်ကန့် ၊ ခရမ်းချဉ်သီး အစေ့ထုတ်ပါးလျလျလေးတွေက တစ်ကန့် (4)ကန့်တောင် ပါတယ် ကြိုက်တာနဲ့ တွဲစားပေါ့နော်။
အကြမ်းအိုးလေးက လက်တစ်ကိုင်စာလောက်ရှိတဲ့ ကြွေအိုးလေး လာချပေးတယ် ။ အကြမ်းပန်းကန်လုံးလေးတွေကလည်း သန့်ရှင်းပြီး အနံ့အသက်ကင်းလို့ ။ အေးစိမ့်နေတဲ့ ဆိုင်အတွင်းထဲမှာ ဆူညံမှုမရှိ ၊ သက်သောင့်သက်သာ အေးအေးချမ်းချမ်းလေးနဲ့ စားရတဲ့ အရသာက ဘာနဲ့မှ မတူဘူး ။ စားပွဲ ဘေးမှာလည်း စာအုပ်စင်လေးတွေ ထားပေးထားသေးတယ် ။ စားရင်းနဲ့ စာဖတ်ချင်သူဆို ကွက်တိပါပဲ ။ ဒါပါလား ငါလိုချင်နေတာ ဒါပါလားပေါ့။
Emotional Service ဆိုတာ အဲ့တာပဲ ကိုယ်လိုချင်၊ ရချင်တဲ့ အရာတစ်ခုကို ကောင်းကောင်းမွန်မွန် ရအောင် လုပ်ပေးထားမယ်ဆိုရင် 10,000လည်း စားမှာပဲ ၊ 100,000လည်း စားမှာပဲ ။ ကျေနပ်တယ် ၊ ကြိုက်တယ်လေ ၊ စိတ်ချမ်းသာတယ် ။
ဒီတော့ လုပ်ငန်းရှင်တို့က အခုနောက်ပိုင်းဆို emotional service ကိုပါ ထည့်ရောင်းရ ပါတော့မယ်။ လုပ်ငန်းကြီးရင်လည်း ကြီးသလောက်နဲ့ တူတဲ့ တန်ဖိုးထည့်ပေးထားပြီး emotional serviceကိုပါ ထည့်ရောင်းပေးပါ။
လုပ်ငန်းသေးရင်လည်း သေးသလိုမျိုး တူညီတဲ့ တန်ဖိုးထည့်ပေးထားပြီး emotional service ထည့်ရောင်းပေးပါ။
ဈေးကြီးမှတော့ ကောင်းမှာပေါ့ ဆိုတဲ့ အမြင်ကို ပေးချင်တာ မဟုတ်ပဲ ဈေးနည်းနည်းများများ emotional service ဆိုတာလေးကိုသာ သေချာထည့်ရောင်းပေးနိုင်ရင် လုပ်ငန်းက တိုးတက်လာမှာပါ။
ကိုယ့်ပိုက်ဆံနဲ့ကိုယ်ဝယ်ကြတာ ဖြစ်တဲ့အတွက် ကိုယ်စိတ်အဆင်ပြေမဲ့နေရာကိုသာ ဝယ်ယူကြမှာပါ။ ဒါကြောင့် လုပ်ငန်းရှင်တို့က လုပ်ငန်းအကြီးအသေး မခွဲဘဲ emotional service ကိုသာ ထည့်ရောင်းပေးရင် လုံးဝ ပိုကောင်းလာမှာ အသေအချာပါပဲနော် ။
ကျွန်မတို့ Idea digital marketing မှာ လာအပ်တဲ့ clients များအတွက်လည်း လုပ်ငန်းအကြီးအသေးမဆို
emotional service ထည့်ပေါင်း ဆောင်ရွက်ပေးနေတယ်ဆိုတဲ့အကြောင်း သတင်းကောင်းလေး ပါးပါရစေ။