
14/08/2024
အရက် ကို ဘယ်လို ဖြတ်မလဲ?
🔸🔸🔸🔸🔸🔸🔸🔸🔸🔸
🧡 အရက်ဘယ်လိုဖြတ်မလဲ? ဆိုတာကိုမပြောမီ.. ကိုယ်ဟာ အရက်ဖြတ်ဖို့ လိုနေတဲ့ သူ ထဲ က တစ်ယောက် ဟုတ်/ မဟုတ် ဘယ်လို သိနိုင်မလဲ? ဆိုတာကို အရင်ပြောပြချင်ပါတယ်.
• မကြာခဏ အရက်သောက်ချင်စိတ်ဖြစ်ပေါ်ခြင်း သို့ မဟုတ် အရက်သောက်ဖို့ လိုအပ်နေသလို ခံစားရခြင်း
• အရက်သောက်ပြီး မူးတာကြောင့် ပြဿနာ တက်တတ်ခြင်း
• ကိုယ့်မိသားစုဝင် / ရင်းနှီးသူတွေက အရက်သောက်တာများလို့ စိုးရိမ်ပူပန်ပြီး သတိပေးတားမြစ်တာခံရခြင်း
• ကိုယ်ကိုယ်တိုင် က..အရက်သောက်ခြင်း ဟာ ကိုယ့်ရဲ့ ပြဿနာ တစ်ခုဆိုတာကို သတိထား မိခြင်း…ဆိုတဲ့ အချက်တွေထဲက တစ်ခုခု ရှိနေပြီ ဆိုရင်တော့ အရက် ဖြတ်ဖို့ လိုအပ်နေသူ တစ်ယောက်လို့ ပြောလို့ရပါတယ်…
လူဆိုတာမျိုးက ကိုယ့်ရဲ့ အားနည်းချက် သို့ မဟုတ် ချို့ယွင်းချက်ကို.. လက်ခံနိုင်ဖို့ ခက်ခဲကြတာ သဘာဝတရား တစ်ခုပါဘဲ…ဒါကြောင့် အရက်စွဲနေပါပြီ ဆိုတဲ့အချက် ကို ကိုယ့်ဖာသာကိုယ် လက်ခံ နိုင်တဲ့ အဆင့် ကို Acceptance / အရှိကို အရှိအတိုင်း လက်ခံနိုင်ခြင်း လို့ခေါ်ရပါလိမ့်မယ်..
အများစုက..Denial လို့ခေါ်တဲ့ ကိုယ့်ကိုယ်ကို အရှိအတိုင်း လက်မခံနိုင်ဘဲ..အကြောင်းပြချက်များစွာနဲ့ ငြင်းဆန်ပြီး နေတတ်ကြပါတယ်..
ဉပမာ…အလုပ်ပင်ပန်း လို့ သောက်တာပါ..
စိတ်ပင်ပန်း လို့ စိတ်သက်သာရာ ထွက်ပေါက် လိုအပ်လို့ပါ..
ငါက အမြဲမသောက်ပါဘူး…
ငါက အရက်စွဲနေတာမဟုတ်ပါဘူး..ငါရပ်ချင်တာနဲ့ ချက်ချင်းရပ်လို့.ရပါတယ်..
စသဖြင့်..စသဖြင့်ပေါ့….
ဒါကြောင့် အရှိကို အရှိအတိုင်း လက်ခံနိုင်ခြင်း ( Acceptance) ဆိုတဲ့ အဆင့်ကို ရောက်ရှိဖို့က..ပထမဦးဆုံး နဲ့ အလိုအပ်ဆုံး ဖြစ်သလို..လူအများစုအတွက် အခက်ခဲ ဆုံး အဆင့်လည်း ဖြစ်ပါလိမ့်မယ်…
အဲ့ ဒီအဆင့်ကို ကိုယ့်သဘောနဲ့ကိုယ် တကယ် နားလည် လက်ခံ နိုင်သွားပြီ ဆိုရင်..ကျန်တဲ့ အဆင့်တွေကို အောင်မြင်စွာကျော်ဖြတ်နိုင်ဖို့ ရာခိုင်နှုန်းက တော်တော်များသွားပါပြီ..
💜 အရက်ဖြတ်ဖို့ လို/ မလို ဆိုတာ သိသွားပြီ..ကိုယ့်ကိုယ်ကိုလည်း လက်ခံနိုင်ပြီ ဆိုရင်..နောက်တစ်ဆင့် က ဘာတွေကို ကြိုတင်မျှော်လင့် ပြင်ဆင်ထားရမလဲ ? ဆိုတာကို သိရှိနားလည်ထားဖို့ လိုအပ်ပြန်ပါတယ်..
အရက်ကိုဖြတ်လိုက်တဲ့ အခါမှာ ကိုယ်ခန္ဓာက မှီခိုနေတဲ့ အရာတစ်ခုကို ရရှိနေကျ အချိန်မှာ မရရှိတော့တာကြောင့်..ကိုယ်ခန္ဓာက အဲ့ဒီအရာကို တောင်းဆိုတဲ့ အနေနဲ့..စိတ်ခံစားမှု ကိုယ်ခံစားမှု မကောင်းစေတဲ့ လက္ခဏာတွေ ပြလေ့ရှိပါတယ်..
ဘယ်လို လက္ခဏာတွေကြုံတွေ့ရပြီး ဘယ်လောက် ဆိုးရွားနိုင်သလဲ? ဆိုတာကတော့..
• အရက်ကို တစ်ခါသောက်ရင် ဘယ်လောက်များများသောက်တတ်သလဲ?
• တစ်ပတ်ကို ဘယ်နှစ်ကြိမ်လောက်သောက်လေ့ရှိသလဲ?
• အဲ့ဒီလိုသောက်ခဲ့တာ ဘယ်လောက်ကြာပြီလဲ? ဆိုတဲ့ အချက်တွေအပြင်..တစ်ဦးတစ်ယောက်ချင်းရဲ့ ခန္ဓာဖွဲ့စည်းပုံ..နဲ့ ကျန်းမာရေးအခြေခံ အကြောင်းအချက်တွေပေါ်မှာလည်း မူတည်ပါတယ်..
အရက်အများကြီး သောက်လေ့ရှိသူမဟုတ်ပေမယ့်လည်း..အရက်မသောက်တော့တဲ့ အခါ..
• စိတ်မရှည်ခြင်း/ စိတ်တိုလွယ်ခြင်း
• ခေါင်းကိုက်ခြင်း
• ကတုန်ကယင်ဖြစ်ခြင်း
• ပင်ပန်းနုံးနယ်ခြင်း
• အာရံစူးစိုက်လို့ မရခြင်း
• အိပ်မပျော်ခြင်း
• အိပ်မက်ဆိုးတွေမက်ခြင်း ..ဆိုတဲ့ လက္ခဏာတွေကို ပထမ ၄-၅ ရက်လောက်မှာ ခံစားရလေ့ရှိပါတယ်..
အရက်နည်းနည်း ဘဲသောက်လေ့ ရှိသူတွေမှာတော့.. ဒီလက္ခဏာတွေဟာ တစ်ပတ်လောက်ဆို သက်သာလာပြီး.. နောက်ပိုင်းမှာ..အရက်ဖြတ်လိုက်တဲ့ အတွက်ပိုပြီးနေလို့ကောင်းတဲ့ စိတ်ခံစားမှုနဲ့ ကိုယ်ခံစားမှု အကျိုးကျေးဇူးတွေကို ခံစားရရှိလာတတ်ပါတယ်..
၅-၆ ရက်လောက်နေလို့မှ ဒီလက္ခဏာတွေ မသက်သာလာရင်သော်လည်းကောင်း..အောက်ပါ လက္ခဏာတွေ ခံစားနေရရင်သော်လည်းကောင်း ..ဆေးဝါးနဲ့ ကုသဖို့ လိုအပ်နိုင်တာမို့..ဆရာဝန်ပြသင့်ပါတယ်..
ဆေးဝါးကုသမှု လိုအပ်နိုင်တဲ့ လက္ခဏာတွေကတော့..
• စိုးရိမ်စိတ်/ ကြောက်စိတ်များနှင့် အိပ်ယာက နိုးခြင်း
• ချွေးစည်းများထွက်ပြီး လက်များအနည်းငယ်တုန်ရင်ခြင်း
• မနက်တိုင်း လေချဉ်များအော့အန်ခြင်း
• အစာများပြန်အန်ထွက်ခြင်း
🚩🚩ဒီလက္ခဏာတွေထက် ပိုမို ဆိုးရွားတဲ့ လက္ခဏာတွေ ဖြစ်တဲ့.
• Hallucination လို့ခေါ်တဲ့ တကယ် မရှိတဲ့ အရာတွေကို ရှိနေသယောင် မြင်ခြင်း၊ တကယ်မဟုတ်တဲ့ အသံတွေကိုကြားခြင်း
• လက်ခြေ တုန်ရင်လှုပ်ခါမှု သိသာဆိုးရွားခြင်း
• တက်ခြင်း
ဆိုတာတွေဖြစ်လာပြီဆိုရင်တော့ အန္တရာယ် ကြီးတာကြောင့် အမြန်ဆုံး ဆေးရုံ ဆေးခန်းသွားရောက် ကုသမှု ခံယူဖို့ လိုအပ်ပါတယ်…
🚩အရက်ကို အချိန်ကြာမြင့်စွာ စွဲသောက်နေခဲ့ သူတွေ..နဲ့ ..တစ်ခါသောက်ရင် ပမာဏ အများကြီး သောက်သူတွေမှာ ရုတ်တရက်ချက်ချင်း လုံးဝ မသောက်တော့ရင် ပိုမိုဆိုးရွားတဲ့လက္ခဏာတွေခံစားရနိုင်သလို..မိမိရဲ့ ကိုယ်ခန္ဓာကလည်း အန္တရာယ် ရှိတဲ့ တုန့်ပြန်မှုတွေနဲ့ တုန့်ပြန်တာမျိုး ဖြစ်စေနိုင်ပါတယ်..
🚩 ဒါကြောင့်..အဲ့ဒီလို လူမျိုးတွေမှာ အရက် ကို ရုတ်တရက် ချက်ချင်း ဖြတ်ချင်တယ် ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြီး မှ ဆရာဝန်ရဲ့ ညွှန်ကြားချက်အတိုင်းသာ..ဖြတ်သင့်ပါတယ်…
💙 ကိုယ့်ဖာသာကိုယ် ဖြတ်နိုင်မယ်…လို့ ယုံကြည်သူများအတွက်ကတော့.. တဖြည်းဖြည်းချင်းလျှော့သောက်သွားတာက ပိုပြီး..အဆင်ပြေအောင်မြင်မှုရတတ်ကြပါတယ်..
အရက်ဖြတ်သူအများစုမှာ သင့်တော် အသုံးဝင်ပြီး အောင်မြင်မှု ရစေ တဲ့ နည်း လမ်း လေးတွေ ကို မျှဝေ ပေးလိုက်ပါတယ်..
✅ အရက်ပြတ်သွားခြင်းကြောင့် ရရှိလာမယ့် အကျိုးကျေးဇူးတွေကို နေ့တိုင်း နှလုံးသွင်းပါ..
အရက်ပြတ်သွားသူတွေဟာ..အရက်ပြတ်သွားပြီးနောက်ပိုင်းမှာ..
⁃ စားဝင်ခြင်း၊
⁃ မူးပြီးအိပ်ပျော်တာမျိုးမဟုတ်တဲ့ ကျန်းမာစွာအိပ်စက်ခြင်းမျိုးနဲ့ အိပ်ပျော်တာကြောင့် ကိုယ်စိတ်နှစ်ဖြာကျန်းမာရေးကို ရေရှည် မှာ အကျိုးရှိစေခြင်း
⁃ အလုပ်မှာ အာရုံစူးစိုက်အား ပိုမို အားကောင်း လာခြင်း
⁃ အရက်စွဲနေသူများမှာ ကိုယ်ခံစွမ်းအား ကျဆင်းစေပြီး ကူးစက်ရောဂါအများအပြား ကို သူများ ထက် ပိုမို ကူးစက်လွယ်ခြင်း ဆိုတဲ့ ဆိုးကျိုး ကို လျော့ချ နိုင်ခြင်း
⁃ အရက်ကြောင့် သို့မဟုတ် အရက်ရဲ့ နောက်ဆက်တွဲ အနေနဲ့ ဖြစ်တတ်တဲ့ ဆိုးကျိုးတွေနဲ့ ကင်ဆာ အပါအဝင် ရောဂါ များစွာရဲ့ ဖြစ်ပေါ်နိုင်ချေကို လျော့ချ နိုင်ခြင်း…( 👉 ..အသေးစိတ်ကို လင့်ခ် နှိပ်ပြီး ဖတ်ကြည့်လို့ ရပါတယ်..
https://www.facebook.com/share/p/ivuofMjWtqgx4rcV/)
⁃ မိသားစုဝင်များနဲ့ ပိုမိုအဆင်ပြေမှုရရှိလာခြင်း
⁃ အရက်အတွက်ကုန်ကျမယ့် ပိုက်ဆံ ကို တခြားအကျိုးရှိတဲ့နေရာမှာ အသုံးချနိုင်ခြင်း
✅ ကိုယ်ဘာကြောင့် အရက်သောက်သလဲ? ဆိုတဲ့ အကြောင်းရင်းကို ရှာကြည့်ပါ…
အကြောင်းရင်းကိုသိရင် အဲ့ဒီအကြောင်းရင်းရဲ့ ထွက်ပေါက်ကို အရက်မဟုတ်တဲ့ အခြားတစ်ခုနဲ့ ဖြေရှင်းလို့ရလေ့ရှိပါတယ်..
ဉပမာ…အလုပ်ပင်ပန်းလို့ အလုပ်က ပြန်အရောက်မှာ အရက်သောက်ဖြစ်တယ် ..ဆိုရင်.အန္တရာယ်မရှိဘဲ ကိုယ့်ကိုလည်း အပန်းပြေစေမယ့် အခြားအရာများနဲ့ အစားထိုး အပန်းဖြေပါ..
သီချင်းနားထောင်ခြင်း၊ ဂစ်တာတီးသီချင်းဆိုခြင်း၊ ရေကူးခြင်း၊ တရားမှတ်ခြင်း..စသဖြင့် ကိုယ်အဆင်ပြေရာ..ကိုယ်သန်ရာပေါ့..
တချို့က အထီးကျန် လို့ အရက်သောက်တာ ဆိုရင်..ကိုယ့်ရဲ့ စိတ်ကို အထီးကျန်တဲ့ ခံစားချက်ခံစားဖို့ မအားလပ်ရလေအောင်တစ်နေ့တာအချိန်တွေကို အကျိုးရှိတဲ့ လုပ်ဆောင်ချက်တွေနဲ့ ပြည့်နေအောင် အချိန်စာရင်းဆွဲပြီး လုပ်ဆောင်ပါ..
ဉပမာ.. ကျန်းမာရေးလေ့ကျင့်ခန်းလုပ်ခြင်း၊ ပန်းချီဆွဲခြင်း၊ ပညာရပ်တစ်ခုခုကို တစ်စိုက်မတ်မတ်လေ့လာခြင်း..စသဖြင့်ပေါ့…
✅ ကိုယ်သောက်နေကျ အရက်အမျိုးအစားနဲ့ ပမာဏ ကို..သိရှိ အောင်လုပ်ပါ..
ဉပမာ..ကိုယ်က တစ်ပတ်ကို ၁၄ ယူနစ် ထက် ပို သောက်တယ်..ဒါမှမဟုတ် ..ဘယ်အမျိုးအစားကို ဘယ် နှစ်ခွက်..ဘယ် နှစ်ပုလင်းသောက်တယ်..စသဖြင့်ပေါ့..
✅ ပြီးရင်..ကိုယ်လျော့သောက်မယ့် ပမာဏ ကို အစီအစဉ် ဆွဲပါ..
ဉပမာ..တစ်ပတ်ကို ၁၆ ယူနစ်သောက်သုံးသူတစ်ယောက်က ..ပထမ တစ်ပတ်မှာ ၁၄ ယူနစ်..ဒုတိယ ပတ်မှာ ၁၂ ယူနစ်..စသဖြင့်ပေါ့..ကိုယ်လုပ်နိုင်တဲ့ အတိုင်းအတာပေါ့
အရက်အမျိုးအစား တစ်မျိုးထက်ပိုသောက်သူတွေက..ကိုယ်သောက်တတ်တဲ့ အရက်အမျိုးအစားထဲမှာ အရက်ပါဝင်မှုရာခိုင်နှုန်းကို ပုလင်းမှာရှာဖတ်ကြည့်ပါ..
အဲ့ ဒီရာခိုင်နှုန်းထက်နည်းတဲ့ ..အမျိုးအစားနဲ့ တဖြည်းဖြည်းချင်း အစားထိုးသွားပါ..( တနည်းအားဖြင့်..ပိုအားပျော့တဲ့ အမျိုးအစားပေါ့..)
ဖြစ်နိုင်ရင် ဘီယာကို ပိုင့်ခွက်နဲ့ သောက်မယ့်အစား ပုလင်းအသေးနဲ့ အမျိုးအစားကိုပြောင်းသောက်ပါ..
ဝိုင်ကို ခွက်အကြီးနဲ့ သောက်မယ့် အစား ခွက်အသေးနဲ့ သောက်ပါ..
တစ်နည်းအားဖြင့်..သောက်သုံးတဲ့ ပမာဏရော..ပြင်းအားကိုပါလျှော့ချသွားပါ..
ဒီအစီအစဉ်ရဲ့ အချိန်အတိုင်းအတာကိုတော့..အတိအကျ သတ်မှတ်ပြီး အသေအချာ လိုက်လုပ်ပါ..
✅ ကိုယ် အရက်ဖြတ်မယ့် အစီအစဉ်ကို ကိုယ်ကချစ်သူ/ ကိုယ့်ကို ချစ်သူ မိသားစု..မိတ်ဆွေ အပေါင်းအသင်းတွေကို အသိပေးပါ..
ဒီလို လုပ်ခြင်းအားဖြင့်..အရက်ဖြတ်တဲ့ အချိန်မှာ ဖြစ်ပေါ်လာတဲ့ ကိုယ်စိတ်ပြောင်းလဲ လက္ခဏာတွေကို သူတို့ က နားလည်ပေးနိုင်မှာဖြစ်သလို..သူတို့ရဲ့ ပံ့ပိုးမှုကိုလည်း ရရှိစေမှာ ဖြစ်ပါတယ်..
ဒီလိုအသိပေးရတဲ့ အကြောင်းရင်း နောက်တစ်ခုကတော့..လူသိရှင်ကြား ကြေငြာပြီးသွားရင် လူ့စိတ်သဘောသဘာဝအရ..အောင်မြင်အောင် လုပ်ဆောင်ဖို့ အတွက်..ကိုယ့်ဖာသာကိုယ်..တွန်းအားပိုမို ဖြစ်ပေါ်စေပြီး အောင်မြင်မှု ပိုမိုရရှိလေ့ ရှိကြပါတယ်..
✅ အရက်သောက်ဖြစ်မယ့် တွေ့ဆုံပွဲမျိုးကို အရက်မပြတ်မချင်းရှောင်ကျဉ်ပါ..အရက်ဆိုင်မှာ တွေ့ဆုံမယ့်အစား..လက်ဖက်ရည်ဆိုင်၊ မုန့်ဆိုင်၊ကော်ဖီဆိုင်တို့မှာ မိတ်ဆွေများနဲ့ တွေ့ဆုံတဲ့အလေ့အကျင့်ဘက်ကို ပြောင်းလဲယူပါ၊
✅ အလွယ်တကူ မသောက်ဖြစ်အောင်..ကိုယ့်အိမ်မှာ အရက်ပုလင်းများ ဝယ်ယူထားရှိခြင်း ကို ရှောင်ကျဉ်ပါ..
✅ အရက်သောက်တိုင်း မသောက်ခင်မှာ ရေခွက်ကြီးကြီးနဲ့ ရေကို တစ်ခွက် အရင်သောက်ပါ..
အရက် တစ်ခွက် နဲ့ တစ်ခွက်ကြားမှာ ရေ သို့မဟုတ် အချိုရည် တစ်မျိုးမျိုး ကြားညှပ်သောက်ပါ..
ဘီယာ သောက်သူများ Non- alcoholic Beer ကို ကြားညှပ်သောက်လို့ရပါတယ်.. တဖြည်းဖြည်းနဲ့ အရက်မပါတဲ့ ဘီယာ / Non- alcoholic beer ကိုဘဲပြောင်းသောက်သွားပါ..
✅ တဖြည်းဖြည်းချင်း အရက် နေရာမှာ အရက်မပါတဲ့ အရည် တစ်မျိုးမျိုးနဲ့ အစားထိုးသွားပါ၊
✅ တဖြည်းဖြည်းချင်း Alcohol-free week / အရက် လုံးဝ မသောက်တဲ့ ရက်သတ္တပတ် တွေအဖြစ် ရရှိအောင် လုပ်ဆောင်ပါ၊
အရက်လုံးဝ မသောက်တဲ့ ရက်သတ္တပတ် ၁ ပတ်- ကနေ..၂ ပတ်..
၂ ပတ်ကနေ..၃ ပတ် တိုးသွားပြီး..
Alcohol- free month / အရက်ကင်းလွတ် သော လ အဖြစ်သို့ ရောက်ရှိ အောင်မြင်လာအောင်ဦးတည်ပါ..
အရက်ကင်းလွတ်သော ကာလများကို တဖြည်းဖြည်းချင်းဆွဲဆန့်သွားပြီး အကျိုးရှိစေသော အလုပ်၊ ကျန်းမာသော အစားအစာ၊ ကောင်းမွန်သော အလေ့အကျင့်များနဲ့ အစားထိုးသွားပါ၊
✅ ကိုယ့်ရဲ့ Plan / အစီအစဉ် ကို စတင် ဆွဲ ကတည်း က ကိုယ့်အတွက် လက်တွေ့ကျတဲ့ အပြင်..ကိုယ်လိုက်နာလုပ်ဆောင်နိုင်မယ့် အစီအစဉ်ဖြစ်အောင်ဆွဲပါ..
အစီအစဉ်ဆွဲပြီးရင်တော့. အဲ့ဒီအစီအစဉ် အတိုင်း အသေအချာ တသွေမတိမ်း လုပ်ဆောင်ပါ..
✅ အချိန်မှန်မှန် အိပ်ရေးဝဝ အိပ်ပါ..ကျန်းမာပြီး အာဟာရမျှတတဲ့ အစားအစာများကို ပုံမှန်စားပါ..ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ၊
✅ ကိုယ့်ဖာသာကိုယ် ဖြတ်လို့ မအောင်မြင်ရင် သို့မဟုတ် အပေါ်မှာ ပြောထားတဲ့ လက္ခဏာတွေ ပြင်းထန်စွာခံစားနေရတယ် ဆိုရင်..ဆေးကုသမှုခံယူဖို့ လိုအပ်နိုင်တာမို့ ဆရာဝန်နဲ့ ပြသ တိုင်ပင်ပါ၊
တချို့ဒေသတွေမှာ အရက်ဖြတ်တဲဲ့ အုပ်စုအဖွဲ့အစည်း တွေရှိတတ်ပါတယ်.. အဲ့ လို အဖွဲ့အစည်းတွေရှိခဲ့ရင်..အဲ့ဒီအဖွဲ့အစည်း တွေက အထောက်အကူ အများကြီး ဖြစ်စေနိုင်တာမို့..သူတို့ဆီက အကူအညီယူဖို့ မတွန့်ဆုတ်စေချင်ပါဘူး..
🩷 အရက်ဖြတ်တယ်ဆိုတာ လွယ်ကူတဲ့ ကိစ္စ မဟုတ်တာကြောင့်..ကိုယ်လုပ်နိုင်တဲ့ အတိုင်းအတာအတွက် ကိုယ့်ကိုယ်ကို ဂုဏ်ယူပါ..
မလုပ်နိုင်သေးတဲ့ အတိုင်းအတာအတွက် ..ကိုယ့်ကိုယ်ကို အပြစ်မတင်ပါနဲ့...မျှော်မှန်းထားတဲ့ ပန်းတိုင်ရောက်ဖို့..အားမလျှော့ဘဲ တစိုက်မတ်မတ်နဲ့ ပိုပို တိုးပြီး လျှောက်လှမ်းနေဖို့သာ အဓိက လိုအပ်ပါတယ်..
တစ်နေ့တစ်လံ ..ပုဂံဘယ်ရွေ့မလဲ..ဆိုတဲ့ စကား..နှလုံးမူပြီး..
မဆုတ်မနစ်သောဇွဲလုံ့လ နဲ့ ပန်းတိုင်အရောက် အောင်မြင်စွာ..လျှောက်လှမ်းနိုင်ကြပါစေ….😊🙏💪💪💪
Helping Hands, Caring Heart
ဒေါက်တာမျိုးနန္ဒာ
သားဖွား နှင့် မီးယပ်/ အမျိုးသမီးရောဂါ အထူးကု ( UK )
https://t.me/myanmarogdoctor