15/11/2025
မှန်ကန်စွာသနားပါ
တခြားသူကိုသနားတယ်ဆိုတဲ့စိတ်ကတစ်ခါတစ်လေ စစ်မှန်တဲ့ကိုယ်ချင်းစာနာမှု (Empathy) တစ်ကယ်ရှိလို့လည်းဖြစ်နိုင်သလို တစ်ဖက်လူကိုသနားလိုက်လို့ ကိုယ့်ဂုဏ်ကို မြှင့်ပြီး မေတ္တာရှင်တစ်ယောက်လို အသာစီးနေရာ (Position of Superiority) မှာ ထားပြီးမှ ဖြစ်ပေါ်လာတတ်တဲ့ ခံစားချက်ကြောင့်ဖြစ်တာလည်းရှိတယ်။
ဒါပေမဲ့ ဘာနေနေ တစ်ဖက်လူကိုမသနားခင် သူ့ခံယူချက်ဘယ်လိုဆိုတာအရင်ဆန်းစစ်သင့်တယ်။ ကိုယ်တိုင်နဲ့တစ်ဖက်လူမှာ အခြေနေ၂မျိုးကမတူနိုင်ဘူး။ တစ်ဖက်လူကိုသနားနေတဲ့အရာက ကိုယ့်မှာရှိပြီး သူ့မှာမရှိလို့သနားနေတာမျိုးလည်းဖြစ်နိုင်တယ်။
ဒါပေမဲ့ အဲ့ဒီတစ်ဖက်လူမှာကျ အဲ့ဒီအရာကမရှိလည်းဖြစ်တယ်ဆိုတဲ့အခြေမျိုးလည်းရှိနိုင်တယ်။ ဥပမာ-ခင်ဗျားကပိုက်ဆံရှိတယ် ချမ်းသာတယ် ပြည့်ပြည့်စုံစုံနေရတယ်။ ဒါပေမဲ့ ခင်ဗျားသူငယ်ချင်းကသိပ်မရှိရှာဘူး။ တစ်နေ့စာတစ်နေ့လောက်ငအောင်စားပြီး ဘဝဆက်နေရတယ်။ စီးပွါးရေးလည်းခင်ဗျားတို့လောက်မကောင်းဘူး။
အဲ့တာကိုခင်ဗျားကသနားနေနိုင်တယ်။ ကိုယ့်သူငယ်ချင်းလည်းဖြစ်တော့။ ဒါပေမဲ့ ခင်ဗျားသူငယ်ချင်းက အဲ့ဒီပိုက်ဆံရှိပြည့်စုံနေတဲ့အခြေနေကြီးကိုမျှော်မှန်းပြီးနေနေတာလည်း ဟုတ်ချင်မှဟုတ်မယ်။ သူဒီအခြေနေမှာရောင့်ရဲတင်းတိမ်နေမယ် အေးချမ်းနေမယ် လိုချင်တပ်မက်စိတ်မရှိတာလည်းဖြစ်နေနိုင်တယ်။
ဒါကိုခင်ဗျားသွားပြီးသနားနေလည်းအပိုပဲ။ အဲ့ဒီအခြေနေမှာ ခင်ဗျားကိုယ်တိုင်က ပိုက်ဆံကြောင့်ပူလောင်ကြောင့်ကြနေမယ် ဒီထက်ပိုတိုးပွါးဖို့လောဘတွေနဲ့ ပင်ပင်ပန်းပန်းရှာနေရမယ်။ ဒါဆို ခင်ဗျား သူငယ်ချင်းကိုမသနားခင် ခင်ဗျားဘာသာအရင်သနား။
အဲ့လိုပဲပိုက်ဆံမှမဟုတ်ဘူး။ အခြေနေတိုင်းကိုတွေးလို့ရတယ်။ ကိုယ့်မှာရှိတဲ့အရာကို သူ့မှာ မရှိတိုင်း မသနားပါနဲ့။ သူ့အတွက်အဲ့ဒီအရာကလိုအပ်ချင်မှလိုအပ်နေလိမ့်မယ်။ အဲ့ဒီအစား ခင်ဗျားမှာရှိတဲ့အရာက ခင်ဗျားအတွက် ဘယ်လောက်ထိစိတ်အေးချမ်းမှုပေးလဲ ခင်ဗျားအဲ့ဒီအရာကိုရှိနေလို့ရော တကယ်ပဲပျော်ရွှင်စိတ်ချမ်းသာမှုရရဲ့လားတွေးပါ။ သူများတွေထက် ကိုယ့်ကိုကိုယ် ပိုစိတ်ဝင်စားကြည့်ပါ။
Find joy in your 'more' before pitying their 'less'.🍀
Admin -EMP