30/09/2023
#ထိတ်လန့်ဖွယ်_သံဝေဂ
***********************
တစ်ခါက သဲအင်းဂူဆရာတော်ကြီးနှင့် ဒကာ၊ ဒကာမ တို့ဟာ ပုပ္ပါးတောင်ကို ရောက်လာကြတယ်။
ရောက်တယ် ဆို ကားတံခါးအဖုံး ဖွင့်ပြီးတော့ ငှက်ပျောသီးတွေ ယူလိုက်တာနဲ့ တစ်ပြိုင်နက် မျောက်တွေက ဆင်းလာတာကိုး။
မျောက်တွေ ဆင်းလာပြီးတော့ မျောက်တွေကို ကျွေးလိုက်ကြတော့ မျောက်တွေကလည်း စားလိုက်ကြတာ။ ငုတ်တုတ်လေးတွေ တဲ့။
သဲအင်းဂူဆရာတော်ကြီးက စဉ်းစားတယ်။
" အော် ! ဒီမျောက်တွေဟာ တော်တော်လည်း ဒါနကောင်းခဲ့တဲ့ မျောက်တွေပါလား။ ငါတို့က ရှမ်းပြည်ကနေ မှော်ဘီပြန်တာ၊ ခု မပြန်ဖြစ်သေးဘဲ ဒီမျောက်တွေကို အစာ လာကျွေးရတယ်။
မျောက်တွေရဲ့ ဒါန၊ တော်တော် ကောင်းခဲ့တာ ပါလား။ ဒါနရဲ့ အကျိုးတွေ ပါလား။ ( ဒါနသည် ဖြစ်လေရာ ဘ၀တိုင်းမှာ အကျိုးပေးတာကို ရည်ရွယ်ပါတယ်။ )
ဒကာကြီးတို့လည်း ကိုယ့်ရှိတာနဲ့ လှူကြပါ၊ ဒါန ပြုကြပါ။ လှူခဲ့ရင် ဖြစ်လေရာ ဘဝတွေမှာ ဥစ္စာပစ္စည်း ပေါများမယ် ဗျ။
ဒီမျောက်တွေ တော်တော် ဒါနကောင်းခဲ့တဲ့ မျောက်တွေပဲ။ ဘယ်ဒါနတွေ ပြုခဲ့ကြလို့ ကျုပ်တို့ ကျွေးရတာလဲ၊ ဘယ်က ပုဂ္ဂိုလ်တွေလဲ လို့ ကျုပ် သိချင်လာတယ်။
သိချင်လာတာနဲ့ ပုပ္ပါးတောင်ကလပ်ပေါ် တက်သွားပြီးတော့ အဘိညာဉ်နဲ့ ကြည့်လိုက်တယ်ဗျာ " တဲ့။
" ကြည့်လိုက်တော့ ဗျို့ !!
လက်စသတ်တော့ ကျုပ်တို့ ရန်ကုန်သူ၊ ရန်ကုန်သားတွေဗျ တဲ့။ ဒီမှာ လာပြီး မျောက်ဖြစ်နေတာ။ " အဲ့ဒီလို မိန့်တယ်။
" ရန်ကုန်သူ၊ ရန်ကုန်သားတွေက လှူတယ်။
လေး၊ ငါးသိန်း ဆိုလည်း မနှမြောဘူး။ ဆယ်သိန်းဆိုလည်း မနှမြောဘူး။ သိန်းတစ်ရာ ဆိုလည်း လှူချ လိုက်တာပဲ။ အဲ့ဒီလို လှူတာပါ။
အဲဒီ ဒါနတွေက အကျိုးပေးတာပေါ့။
ဒါနရဲ့တန်ခိုးက ဘယ်လောက်ထိ အကျိုးပေးလည်း ဆိုရင် မတော်လို့ ခွေးဖြစ်တာတောင် ခွေးဝဲစား မဖြစ်ဘူး။ အယ်ဇေးရှင်း ခွေးမျိုး လေ၊ မာစီဒီးကားကြီး စီးပြီး အပေါ်က ကတ္တီပါကြီး ခြုံလို့ဗျာ။
ဒါနကောင်းရင် ဖြစ်လေရာဘ၀မှာ ဥစ္စာ ပေါတယ်ဗျ။ "
အဲ့ဒါနဲ့ပဲ ဆရာတော်ကြီးက ..
" ဒါန ကောင်းခဲ့ရဲ့သားနဲ့ ဒီမှာ ဘာလို့ မျောက်လာဖြစ်ရတာလဲ လို့ ထပ်ပြီးတော့ ဆင်ခြင် ကြည့်လိုက်တယ်ဗျာ " တဲ့။
" ကျုပ်လည်း ပုပ္ပါးတောင် ဆိုလို့ အရင်က ရောက်ဖူးတာ မဟုတ်ဘူး။ ခုမှ ရောက်ဖူးတာ။ မျောက်တွေ အစာပေါတာ ဘယ်က ပြုခဲ့တဲ့ ဒါနလဲလို့ သိချင်လို့ တောင်ကလပ်ပေါ် တက်လာတာ၊ အောက်လည်း သေချာ မကြည့်မိပါဘူးဗျာ " တဲ့။
" ဟိုး !! တောင်ခြေမှာ မင်းကြီး၊ မင်းလေး သွားတွေ့တယ်ဗျာ။ အောက်မှာ ဓါးလေးထမ်းလို့၊ အရုပ် ကလေးတွေပဲ။ ပြီးတော့ ဘာရှိသေးလဲ ထပ်ကြည့်လိုက်တော့ ကျုပ်ထိုင်တဲ့အောက်မှာ မိန်းမကြီးတစ်ယောက်လည်း တွေ့တယ်ဗျ။ ပန်းစားဘီလူးမ နေပါလိမ့်မယ်။
ဟယ် !!
ဒီကျောက်ရုပ်တွေနဲ့ ဒီ သစ်သားရုပ်တွေနဲ့ ဘာဆိုင်သတုန်း၊ ထပ်ပြီး ဆင်ခြင်ပြန်တယ်။
အော် !!
ရန်ကုန်သူ၊ ရန်ကုန်သားတွေက ဂုဏ်ပကာသနနောက် လိုက်တယ်၊ သူဋ္ဌေး ဖြစ်ချင်တယ်၊ ရာထူးတွေ ကြီးချင်တော့ ကိုယ်တော်ကြီး၊ ကိုယ်တော်လေးက လုပ်ပေးနိုင်တယ် ဆိုပြီးတော့ ဒီ ပုပ္ပါးလာပြီးတော့ ဒီ မင်းကြီး၊ မင်းလေး ကိုးကွယ်တာကိုး ဗျ။ အားကိုး မှားတာ " တဲ့။
" ကိုးကွယ် ရမှာက...
--------------------
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ - မြတ်စွာဘုရားကို ကိုးကွယ်ရာ
ဟူ၍ ဆည်းကပ်ပါ၏။
ဓမ္မံ သရဏံ ဂစ္ဆာမိ - တရားတော်မြတ်ကို ကိုးကွယ်ရာ
ဟူ၍ ဆည်းကပ်ပါ၏။
သံဃံ သရဏံ ဂစ္ဆာမိ - သံဃာတော်မြတ်ကို ကိုးကွယ်ရာ
ဟူ၍ ဆည်းကပ်ပါ၏။
ဟူ၍ ဘုရား၊ တရား၊ သံဃာ ရတနာ ၃-ပါးသာလျှင် ကိုးကွယ်ရာ အစစ် ဖြစ်သည် ဟု သိမှတ်ရိုသေပြီး မိမိ၏ သန္တာန်၌ တည်အောင် ပြုရမှာ ဖြစ်တယ်။
ကိုးကွယ် မှားတော့ ..
--------------------
ကျန်းမာရေး မကောင်းလည်း မင်းကြီး၊ မင်းလေးဆီသွား၊ အိမ်မှာလည်း ကိုးကွယ်၊ ကန်တော့ပွဲတွေ တင်ပြီးတော့ ကိုးကွယ်တာပေါ့။
ကံ, ကံ၏ အကျိုးကြောင့် သူ့ဘာသာ သူ ချမ်းသာတာကို မင်းကြီး၊ မင်းလေး မ, တယ် ဖြစ်ပြန်ရော " တဲ့။
" ကမ္မသကတ သမာဒိဋ္ဌိဥာဏ် မရှိတော့ ကံ, ကံ၏ အကျိုးကိုလည်း မသိဘူး။ အတိတ်က ကံကြောင့် ခု စားနေရတာ။
အဲ့ဒီတော့ မင်းကြီး၊ မင်းလေး ကိုးကွယ်တဲ့ အချိန်နဲ့ ထီက ထပေါက်တဲ့ အချိန်နဲ့ တိုးတော့ သူတို့က မ, တယ်ပေါ့ ဗျာ။ တိုက်ဆိုင် သွားတာကိုး " တဲ့။
" အဲ့ဒီတော့ မ, တယ် ဆိုပြီး မင်းကြီး၊ မင်းလေး ရှိတဲ့ ဒီပုပ္ပါးဆီလာ၊ လာတော့ ဒီ မျောက်တွေကို တွေ့တော့ အစာကျွေးတယ်ဗျ။
ငှက်ပျောသီးလေး ကျွေးလိုက်..
မင်းကြီး၊ မင်းလေးဆီ သွားပြီးတော့ ဆုတောင်းလိုက်ပေါ့ဗျာ။ တစ်ဆိတ်ရှိ မင်းကြီး၊ မင်းလေးပဲ အားကိုး နေတာပဲ " တဲ့။
" သေခါနီးတော့ ဒီရုပ်က ရောဂါဖြစ်လာတော့ နောက်ဆုံးမှာ ဆရာ၀န်လည်း မကယ်နိုင်တော့ဘူး ဗျ။ ဆရာ၀န်ကလည်း လက်လျှော့ပြီ။
သူ ဘာအားကိုးတာလဲ ဆိုတော့ မင်းကြီး၊ မင်းလေး အားကိုးတယ်။ ကိုယ်တော်ကြီး၊ ကိုယ်တော်လေးတို့ အားကိုးပါရစေ ပေါ့။
ဝေဒနာတွေ တက်တော့..
အောင်မလေး !
ကိုယ်တော်ကြီး ကယ်ပါ၊ ကိုယ်တော်လေး ကယ်ပါ။
ပါးစပ်ကကို ထုတ်ပြောနေတာ။
သူအားကိုးတာ မင်းကြီး၊ မင်းလေး အားကိုးနေတာဗျာ " တဲ့။
" ဝေဒနာတွေချုပ်အောင် တရားတွေ အားမထုတ်ဘူးတော့ ဓမ္မံ သရဏံ ဂစ္ဆာမိ ကို အားမကိုးဘူး ဗျာ။ တရားမသိတော့ သူ အားကိုး မှားသွားတယ်။
သေခါနီး ဇောကျလို့ ဝေဒနာတွေက တက်တော့ မင်းကြီး၊ မင်းလေးဆီ အာရုံပြုရော။ မင်းကြီး၊ မင်းလေး တရော။
မင်းကြီး၊ မင်းလေးတတော့ စိတ်က ဘယ်ကို ရောက်မလဲ..
သစ်သားရုပ်လေးတွေကိုဗျ " တဲ့။
" သူ့အာရုံက တစ်ချိန်တုန်းက ရောက်ဘူးခဲ့တော့ သူ့အာရုံက ပုပ္ပါးကို ရောက်သွားပြီဗျာ။
ရောက်သွားပြီးတော့ သူလုပ်ခဲ့တာက ဘာလုပ်ခဲ့သလဲ၊ မျောက်တွေကို အစာ ကျွေးခဲ့တာကိုး။
မျောက်တွေနဲ့ တွေ့တော့ မျောက်တွေကို အစာကျွေးနေတယ်၊ ဒီ ရုပ်ကြီးကတော့ ရန်ကုန်မှာ ရောဂါတွေ ဖြစ်နေပြီး ရုပ်ကြီးကတော့ သတိလစ်နေတယ်။
ခေါ်လို့၊ ပြောလို့ မရတော့ဘူး။
ဒါပေမယ့် သူ့ရဲ့ နာမ်က ပုပ္ပါးမှာ ပျော်နေပြီ။ မျောက်တွေကို အစာ ကျွေးနေတာ။ ရုပ်ကြီးကသာ မသေသေးတာ။
ခန္ဓာ လှုပ်လိုက်တော့ ဒီမှာ ပြန် သတိရ လာတယ်။ ရောက်လာပြန်တော့ ဒီ ဝေဒနာတွေကို မခံနိုင်ပြန်ဘူး။
မခံနိုင်တော့ မင်းကြီး၊ မင်းလေးဆီ ပြန်ပြေးရ ပြန်ရော။
ပုပ္ပါးပြန်ပြေး၊ ပြန်ပြေးတော့ ဟိုမှာ မျောက်တွေနဲ့ တွေ့၊
တွေ့တော့ အစာကျွေးတော့ ဝေဒနာက သက်သာပြန်ရော။
ဒီရုပ်ကို ကယ်နိုင်သေးရဲ့ လား.
သံတွေခဲ၊ မီးရဲရဲကို ယင်ကောင် မကပ်နိုင်သလို ဖြစ်ပြီ။
နာမ်စိတ် မကပ်နိုင်တော့ဘူး။
အဲ့ဒီတော့ ဒီရုပ်က ဓာတ်ကြီး(၄)ပါးလည်း ချုပ်ရော၊ ပုပ္ပါးမှာ လာပြီး မျောက်ဖြစ်တာပဲ ဒကာကြီးတို့။ "
" အဲ့ဒီ မျောက်တွေကို ကျုပ်တို့က သူတို့ အတိတ်က ပြုခဲ့ဘူးတဲ့ ဒါနကုသိုလ်တွေကြောင့် အစာ ပြန်ကျွေးနေကြတာ " တဲ့။
#မှန်ကန်စွာ_ဆင်ခြင်_နှလုံးသွင်း_နိုင်ကြပါစေ။
Credit #