
24/06/2025
လူတစ်ယောက်မှာ စိတ်ထားတတ်မှုဟာ အရေးကြီးတယ်။ ပျော်ရွှင်ချင်ရင် ကိုယ့်ရဲ့ စိတ်ကို အရင်ပြင်ဖို့ လိုအပ်ပါတယ်။ ပျော်ရွှင်မှုဟာ နေရာတိုင်း၊ နေ့ရက်တိုင်း၊ အချိန်တိုင်းမှာ ရှိနေပေမဲ့ ပျော်ရွှင်မှုကို မြင်အောင်မကြည့်တတ်ဘူး၊ လက်ခံမယူတတ်ဘူး ၊ စိတ်မထားတတ်ဘူးဆိုရင် ပျော်ရွှင်မှု မရဘဲ ပူလောင်လေးလံမှုတွေကိုပဲ ရရှိလာပါလိမ့်မယ်။
ဒါကြောင့် ဘဝမှာ စစ်မှန်တဲ့ ပျော်ရွှင်မှုကို ရချင်ရင်
ပျော်ရွှင်ဖို့အတွက် စွန့်လွှတ်ရမဲ့ အရာတွေ ရှိတယ်။
အဲ့ဒီအရာတွေက ....
၁။ အတ်တ
၂။ မာန
၃။ မနာလိုမှု
၄။ စိုးရိမ်မှု
၅။ မုန်းတီးမှုတို့ ဖြစ်ပါတယ်။
၁။ အတ်တ
လူတွေ မပျော်နိုင်ရခြင်းရဲ့ အဓိက တရားခံတွေမှာ
အတ္တက ထိပ်ဆုံးကနေပါတယ်။ ' ငါ ' မှ 'ငါ ' ဆိုတဲ့စိတ် ၊ မိမိကိုယ်မိမိ ရှေ့တန်းတင်ချင်တဲ့ စိတ်၊ အခွင့်ထူးခံချင်တဲ့ စိတ်တွေဟာ ပျော်ရွှင်မှုကို ဆိတ်သုဉ်းစေနိုင်ပါတယ်။ မိမိကိုယ်မိမိ အမြဲပျော်နေသင့်တယ်၊ အဆင်ပြေနေသင့်တယ်ဆိုတဲ့ အခွင့်ထူးခံချင် စိတ်တွေဟာ လက်တွေ့ဘဝနဲ့ ကင်းကွာစေတတ်ပါတယ်။ ကိုယ် အဆင်ပြေဖို့အရေး၊ ပျော်ရွှင်ဖို့အရေးပဲ ဦးစားပေးတယ်။ အခြားသူတွေ ဘာဖြစ်ဖြစ် ကိုယ်နဲ့ မဆိုင်သလို တွေးပြီး
တစ်ကိုယ်ကောင်းဆန်မယ်။ အတ္တရဲ့ သဘောအရ ကိုယ့်ရဲ့ စိတ်ကို ပစ္စုပ္ပန်မှာ မထားနိုင်ဘဲ အတိတ်ကိုပြန်သွားပြီး နာကျင်ခံစားလိုက် ၊ အနာဂတ်ကို သွားပြီး ပုံဖော်ဖန်တီးလိုက်နဲ့ စိတ်ရဲ့ငြိမ်းချမ်းမှုဟာ ပျောက်ဆုံးနေတတ်ပါတယ်။
ဒါကြောင့်မို့လို့ ဘဝမှာ စစ်မှန်တဲ့ ပျော်ရွှင်မှုကို ရချင်တယ်ဆိုရင် မိမိရဲ့ အတ္တတွေကို လျှော့ချပြီး နည်းသထက်နည်းအောင်နေပါ။ လူဆိုတာကတော့ ဘယ်သူမှ အတ္တနဲ့ မကင်းနိုင်ကြဘူးဆိုပေမဲ့ အတ္တနည်းလေ ပျော်ရွှင်ရလေ ဆိုတာကိုတော့ သတိပြုစေချင်ပါတယ်။
၂ ။ မာန
မာနတရား ကြီးစိုးမှုများလွန်းတဲ့သူတွေဟာ ဘဝမှာ မပျော်ရွှင်ရတဲ့သူတွေဖြစ်ပါတယ်။ မိမိကိုယ် မိမိကလွဲပြီး အခြားသူတွေဟာ မိမိလောက် မတော်ဘူး၊ မတတ်ဘူး၊ မကောင်းဘူးလို့ တွေးမယ်။ ကိုယ်နဲ့မတူရင် မတူသလိုဆက်ဆံမယ်။ ဥစ္စာမာန၊ ပညာမာနတွေထားမယ်။ ကိုယ်က စပြီး ဘယ်သူ့ကိုမှ စကားမပြောချင်ဘူး ။ ကိုယ်နဲ့အဆင့်အတန်း မတူရင် မပေါင်းချင်ဘူး။ ကိုယ် သိထားတဲ့ အရာတွေကို သူတစ်ပါးကို မမျှဝေချင်ဘူး။ ကိုယ် မှားရင်တောင် မတောင်းပန်ချင်ဘူး စသဖြင့်ပေါ့။ ဒီလိုမျိုး တလွဲမာနတွေ ထားတတ်ခြင်းဟာ ပျော်ရွှင်မှုတွေကို အလှမ်းဝေးစေတယ်။ ပတ်ဝန်းကျင်နဲ့ အလှမ်းဝေးစေတယ်။ စစ်မှန်တဲ့ အရာတွေနဲ့ အလှမ်းဝေးစေပါတယ်။
တကယ်တော့ မာနဆိုတဲ့အရာဟာ လူကို ဖျက်ဆီးနိုင်တဲ့အရာ တစ်ခုပါပဲ။ ရှိသင့်တဲ့နေရာ ၊ ထားသင့်တဲ့နေရာမှာ မာနထားတာက ပြဿနာမဟုတ်ပေမဲ့ တလွဲဆံပင်ကောင်းတဲ့ မာနတရားတွေကတော့ ဆိုးကျိုးသာ ဖြစ်စေပါလိမ့်မယ်။ မာနကြီးတယ်ဆိုတာဟာ ဂုဏ်ပုဒ်တစ်ခုမဟုတ်ပါဘူး။ ပညာတွေ ဘယ်လောက်တော်တော်၊ ပိုက်ဆံတွေ ဘယ်လောက်ချမ်းသာ ချမ်းသာ မိမိကိုယ်မိမိ နှိမ့်ချဆက်ဆံတတ်ခြင်းဟာ အရည်အချင်းတစ်ခုဖြစ်ပါတယ်။ ဘယ်သူ့ကိုမှ ငါနဲ့မတူဘူး၊ ငါနဲ့ မတန်ဘူး၊ ငါ့လောက် မတတ်ဘူးဆိုတဲ့ မာနတရာတွေ မထားပါနဲ့။ ဘဝမှာလေ ... လူကိုလူလို့မြင်နိုင်မှ ၊ လူကိုလူလိုဆက်ဆံနိုင်မှ ၊ သူတစ်ပါးအပေါ်လေးစားတတ်မှ ဘဝရဲ့ ချိုမြိန်သာယာမှုတွေကို မြင်တွေ့ ခံစားနိုင်မှာပါ။
၃။ မနာလိုမှု
သူတစ်ပါးကို မနာလို ဖြစ်လိုက်တာနဲ့ ကိုယ့်မှာ ရှိတဲ့ ပျော်ရွှင်မှုတွေကို တစ်ပြိုင်နက်ဆုံးရှုံးလိုက်ရစေပါတယ်။ ဒါကြောင့်မို့လို့ မုဒိတာ တရားဆိုတာ ထားတတ်ရင် အေးချမ်းပြည့်ဝစေသလို ၊ မထားတတ်ရင် လူကိုပူလောင်စေတဲ့ အရာဖြစ်ပါတယ်။ ကိုယ့်ထက် သာရင် မနာလိုဖြစ်မယ်။ သူတစ်ပါး ကောင်းစားရင်
မနာလိုဖြစ်မယ်။ ကိုယ့်ထက် သူများက တော်သွားမှာစိုးလို့ ၊ ပိုပြီးချမ်းသာသွားမှာစိုးလို့ ကိုယ့်မှာရှိတဲ့အရာတွေကို မဝေမျှပဲ နေမယ်။ ကောင်းတာတွေ့ရင် ချီးကျူးဖို့ကို ဝန်လေးတယ်။ သူတစ်ပါးကို မအောင်မြင်စေချင်တဲ့ စိတ်၊ မကြီးပွားစေချင်တဲ့ စိတ်တွေဟာ ' ဣသာမစ္ဆရိယ ' လို့ခေါ်တဲ့ မနာလိုစိတ်တွေ ဖြစ်ပါတယ်။
သူတစ်ပါးကို မနာလိုဖြစ်ပြီ ဆိုတာနဲ့ ကိုယ့်ရဲ့စိတ်မှာ ပူလောင်လာတယ်။ မောပန်းလာပါတယ်။ သူတစ်ပါးကို မနာလိုတာနဲ့ တစ်ပြိုင်နက် ကိုယ့်မှာ ရှိပြီးသာ ရှိရင်းစွဲ ပျော်ရွှင်မှုတွေတောင်မှ ပျောက်ဆုံးသွားပါတယ်။ ဒါကြောင့် ဘဝမှာ ပျော်ရွှင်ချင်တယ်၊ ပြည့်ဝချင်တယ်၊ အောင်မြင်ချင်တယ်ဆိုရင် ဘယ်သူ့ကိုမှ မနာလိုစိတ် မထားပါနဲ့။ ကိုယ့်ရဲ့မျက်စိရှေ့မှာ ကောင်းတာတွေ့ရင်၊ တော်တာတွေ့ရင် ချီးမွမ်းပေးပါ။ ဂုဏ်ပြုပေးပါ။ သူတစ်ပါးရဲ့ ပျော်ရွှင်မှု ၊ အောင်မြင်မှုတွေအတွက် ဝမ်းသာအားရ လက်ခုပ်တီးပေးပါ။ တစ်ချိန်ကျရင် အဲ့ဒီလက်ခုပ်သံတွေဟာ ကိုယ့်ဆီကိုလဲ ပြန်လည်ရောက်ရှိလာပါလိမ့်မယ်။
၄။ စိုးရိမ်မှု
ဘဝအပေါ် ကြောင့်ကြ စိုးရိမ်မှုတွေက ပျော်ရွှင်မှုတွေကို ဝါးမျိုစားသောက်နေတဲ့ မကောင်းဆိုးဝါးတစ်ကောင်နဲ့ တူပါတယ်။အရာရာကို စိုးရိမ်ကြောင့်ကြနေတဲ့စိတ်ကြောင့် ပျော်ရွှင်မှုတွေ မခံစားနိုင်ဘဲ ပူပန်နေတတ်တယ်။ ဒီနေ့ အဆင်ပြေမှာလား၊ မနက်ဖြန် ဘာဖြစ်မှာလဲ၊ ဟိုလိုဖြစ်ရင် ဘယ်လိုလုပ်မလဲ၊ ဒီလိုဖြစ်ရင် ဘယ်လိုလုပ်မလဲဆိုပြီး ဖြစ်မလာသေးတဲ့ ပြဿနာတွေ ၊ မရှိသေးတဲ့ ပြဿနာတွေကို
ပုံဖော်တွေးပူနေမယ်ဆိုရင် ပျော်ရွှင်မှုတွေနဲ့ ဝေးသထက်ဝေးလာပါလိမ့်မယ်။ အဲဒီအစား စိတ်ပင်ပန်း လေးလံမှုတွေကိုသာ အချိန်နဲ့အမျှ ထမ်းပိုးထားရပါလိမ့်မယ်။
စိုးရိမ်ပူပန်တတ်တဲ့စိတ်ကို လျှော့ချတတ်အောင် ကြိုးစားကြည့်ပါ။ တစ်ခုခုကို စိုးရိမ်လာတဲ့ အခါတိုင်း မျက်စိကလေးကိုမှိတ်ပြီး အသက်ကလေးကို ဝအောင်ရှူပါ။ နေ့တိုင်း နေ့တိုင်း စိတ်ကိုစုစည်းတဲ့ အလေ့အကျင့်ဖြစ်အောင် ဝင်လေ ထွက်လေမှတ်ရင်း တရားလေးထိုင်ကြည့်ပါ။မိမိရဲ့စိတ်တွေ တဖြည်းဖြည်းနဲ့ အေးချမ်းလာတာကို ခံစားရပါလိမ့်မယ်။
ဖြစ်မလာသေးတဲ့ အရာတွေကို ကြိုတွေးပြီးတော့ စိတ်ညစ်မခံပါနဲ့။ မနက်ဖြန်မှာ ဘာတွေ ဖြစ်လာမှာလဲဆိုတာကို ကျွန်တော်တို့ ဘယ်သူမှ ကြိုမသိနိုင်ပါဘူး။ မနက်ဖြန်မှာ ဘာဖြစ်မလဲ ကြိုမသိနိုင်ပေမဲ့ ဒီနေ့ကတော့ ကျွန်တော်တို့ရဲ့ လက်ထဲမှာ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ဖို့ လိုတယ်။ ဒီနေ့မှာတော့ စိတ်အေးချမ်းသာစွာ ရှိဖို့လိုတယ်။ မနက်ဖြန်တွေကို မျှော်တွေးပြီး ရင်မောနေမဲ့အစား ဒီနေ့လေးကိုပဲ အကောင်းဆုံးနေထိုင်လိုက်ဖို့
လိုပါတယ်။
၅။ မုန်းတီးမှု
လူတစ်ယောက်ကို မုန်းရတဲ့ အလုပ်ဟာ ပျော်စရာကောင်းလို့လား။ ချစ်နေတာမှ မဟုတ်ဘဲ မုန်းနေရတာ ဘယ်လိုလုပ် ပျော်စရာကောင်းမှာလဲ။ အတိတ်မှာ ကိုယ့်အပေါ် မကောင်းခဲ့တဲ့သူတွေ ၊ သစ္စာဖောက်သွားတဲ့ သူတွေကို စိတ်နာလို့ နာကြည်းမုန်းတီးရင်း ကျော်ဖြတ်နေရတဲ့ နေ့ရက်တွေက ပူလောင်လွန်းလှပါတယ်။ ကိုယ့်ကို နာကျင်စေခဲ့တဲ့ သူတွေကို မုန်းတီးမယ်၊ အဲ့ဒီ အမုန်းတွေကတစ်ဆင့် ကိုယ်တိုင် နာကျင်ရမယ်။ ဒီလိုမျိုး နာကျင်အောင် ခွင့်ပြုမိထားတဲ့ မိမိကိုယ်မိမိလဲ မုန်းတီးမယ်၊ အပြစ်ရှာမယ် စသဖြင့်ပေါ့။ သူတစ်ပါးကိုလဲ မုန်း၊ မိမိကိုယ်မိမိလဲ မုန်းတီးရင်းက ဘဝမှာ ပျော်ရွှင်မှုတွေက ကင်းမဲ့နေတတ်ပါတယ်။
မကောင်းတဲ့ ကိစ္စတွေ၊ မကောင်းတဲ့ လူတွေနဲ့ ကြုံတွေတဲ့အခါ စိတ်ဆိုးဒေါသ ထွက်မယ်။ နာကြည်းမယ်ပေါ့။ ဒါဟာ သဘာဝပါပဲ။ ဒါပေမဲ့ အဲ့ဒီအမုန်းတရားတွေ၊ နာကြည်းမှုတွေကို ကိုယ့်ရဲ့ ရင်ဘတ်ထဲမှာ အချိန်အကြာကြီး ထည့်မထားဖို့လိုတယ်။ သူတစ်ပါးကိုရော၊ မိမိကိုယ်မိမိပါ ခွင့်လွတ်ပေးနိုင်အောင် ကြိုးစားပါ။ အမုန်းတရားကို သိမ်းဆည်းထားမဲ့အစား ပျော်ရွှင်ခဲ့ရတဲ့ အမှတ်တရတွေကိုသာ သိမ်းဆည်းထားနိုင်အောင်ကြိုးစားပါ။
ဘဝမှာ နောက်တစ်ကြိမ်ပြန်ပြီး ပျော်ရွှင်ခွင့် ရဖို့ဆိုတာက မိမိကိုယ်ရော ၊ သူတစ်ပါးကိုပါ လွတ်မြောက်ခွင့်ပေးမှရတာပါ။ ခွင့်လွှတ်နိုင်ခြင်းဟာ မိမိရဲ့ ပျော်ရွှင်မှုအတွက် ဘယ်လောက်အထိ ကြိုးစားအားထုတ်ရသလဲ ဆိုတာနဲ့ ညီမျှပါတယ်။