
29/07/2023
ဒီလမ်း
———-
ဒီလမ်းကို ကျနော်ပျော်လို့ လျှောက်နေတယ်ထင်တာလား
မတော်တရော်တွေကို လက်မခံနိုင်လို့ လျှောက်ခဲ့တာ။
ဒီနေရာ
ဒီမြေ
ဒီတောင်တန်းမှာ ကျနော့အသက်အန္တရယ်အတွက်
ကျနော်ကာကွယ်လို့ရတယ်။
ဒီမြေမှာ အဲယားကွန်းမရှိပေမယ့်
ကာဘွန်ဒိုင်အောက်ဆိုက်မပါတဲ့ လေသန့်သန့်လေးတွေ
ရှူခွင့်ရတယ်။
ယုံကြည်ချက်အတွက် အိုးအိမ် ဘဝ အနာဂတ်စွန့်သူတွေ
အချင်းချင်း ကူညီလို့ရတယ်။
မပြည့်စုံတဲ့ကလေးတွေအတွက် ပညာမျှဝေလို့ရတယ်
တနပ်စားဉာဏ်နဲ့အသင်းအဖွဲ့နာမည်ကို ခုတုံးလုပ်ပြီး
လူလည်လုပ်နေသူတွေ တချို့ရှ်ိပေမယ့်
တချို့က တကယ်ကူညီတယ်။
တချို့ကကျ မျှော်လင့်ချက်နဲ့ လာပေါင်းတယ်။
တချို့က မျက်စိမှိတ်ပြီး ရင်ဘတ်ရှင်းရှင်းကြီးတွေနဲ့
မျှဝေတယ်။
တချို့က တော်လှန်ရေးကာလ ကာမအမြတ်ထုပ်တယ်။
တချို့က မပျက်မယွန်း သစ္စာစောင့်တယ်။
တချို့က တော်လှန်ရေးငွေကို ကိုယ်ကျိုးရှာတယ်။
တချို့က အိတ်စိုက်တယ်။
တချို့က
တချို့က……
ဒီနယ်မှာ
လျှပ်စစ်မီးမရှိပေမယ့် နေပူရင် ဆိုလာက မီးရတယ်။
ဒီမြေမှာ
ဂျိုးဖြူရေမရှိပေမယ့်
တောင်ကျချောင်းကသွယ်တန်းလို့ရတဲ့
ရေက အမြဲစိီးတယ်။
တနေရာက နေရာသွားဖို့ဝေးတယ်ဆိုပေမယ့်
ကားမရှိ ဆ်ိုင်ကယ် မရှိလို့ ကားကြုံလိုက်စီးတဲ့အခါ
ပိုက်ဆံတပြားမှ မပေးရဘူး။
ဆေးက အလကားကုလို့ ရတယ်။
အသက်တွေတော့လောင်းကြေးထပ်ထားရပေမယ့်
ယုံကြည်ချက်အတွက်
အသက်ပေးဖို့ အသင့်တဲ့။
အဆင်မပြေတာတွေ မပြောပြချင်ဘူး။
အဆင်ပြေသလားဆိုတော့လည်း
မေးတဲ့သူစိတ်ချမ်းသာအောင်
ကျနော် အဆင်ပြေပါတယ်ပဲ ဖြေပါတယ်။
တကယ် ပြေမပြေဆိုတာတော့
မန်းလေးမှာ စျေးချိုညစျေးက
ထိုးမုန့်တန်းသွားသလိုပေါ့၊
မြည်းစရာတွေ ထည့်ထားပေးပါတယ်။
မြည်းပါ။
ကြိုက်မှဝယ်ပါ။
မဝယ်ဘဲ မြည်းသွားလည်း စိတ်မဆိုးပါဘူး။
ကိုပေါက်
ခေတ္တ လွတ်မြောက်နယ်မြေ