
27/12/2023
ကောင်းတုံခေါ်သံ ဘဝဂ်ညံခဲ့တဲ့ ... နမ့်ဆန်
“ကောင်းတုံ” ဆိုတာ မိမိ တပ်အပေါ်ကို အမြောက်တွေပစ်ခတ်စေပြီး ရန်သူရော ကိုယ်ရော အသေခံရန်အတွက် စိတ်ပိုင်းဖြတ်ပြီး ပြောကြားသည့် စကားဝှက်ပင်။ ကွမ်းလုံ မြို့သိမ်းရန်အတွက် ဟိုက်ကမ်းပါးကိုညတွင်းချင်း ဗကပ အင်အား အမြောက်အမြားဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အင်အားချင်းမမျှတော့သည့်အဆုံး စခန်းပေါ်မှ အရာရှိ/စစ်သည် တွေအားလုံးမှာ အသေခံဖို့ သံဓိဌာန်ချပြီး အမြောက်တွေကို စခန်းကုန်းပေါ်ကိုပစ်ကာ ရန်သူကို တတ်နိုင်သမျှ သေရွာကိုစွဲခေါ်သွားဖို့အတွက် ဆောင်ရွက်စေတာ တော်ရုံ သတ္တိတော့မဟုတ်။ လူဆိုသည်မှာ မိမိ အသက်ကို မိမိနှမြောသူများဖြစ်သည်မို့ အသေခံဖို့ ဆိုသည့် ဆုံးဖြတ်သည့် ထို လူသားတွေကိုကား ဆယ်ခါပြန် လက်တင်အလေးပြုရမည့် ရဲစွမ်းသတ္တိရှိသည့် လူတွေလို့ ပြောရမည်ဖြစ်သည်။
ထို ကောင်းတုံ ဆိုသည့် စကားဝှက် ကား တပ်မတော်မှာ မကြာခဏအသုံးပြုနေ ကျဖြစ်သည်။ ယခု ရမခ စစ်ဆင်ရေးမှာလဲ ထို ကောင်းတုံ ဆိုသည့် ခေါ်သံတွေ ဘဝဂ် ညံ ခဲ့သည့် တစ်နေရာရှိသည်။ ဘယ်နေရာလဲဆိုတော့ .... နမ့်ဆန်ပင်။
နမ့်ဆန် ရှိ ရှေ့တန်းတပ်မဌာနချုပ်သည် ရန်သူ လာရောက်တိုက်ခိုက်မည်ဆိုတာ ကို ကြိုတင်တွက်ဆထားသဖြင့် ပြင်ဆင်မှုများကို ဆောင်ရွက်ထားနိုင်ခဲ့သည်။ ပါရဂူ ဘွဲ့ရ အမြောက် တပ်စုမှူး အရာရှိဆိုလျှင် ရန်သူလာရာလမ်းကြောင်းတွေကို လက်နက်ကြီးနှင့် ပစ်ခတ် နိုင်ရန်အတွက် အမြဲတိုက်ပွဲဝင်အသင့်ပြင်ထားပြီး တိုက်ပွဲအတွက် စစ်သည် တွေနှင့် အသင့်အနေအထား ရှိခဲ့သည်။
တကယ့်တိုက်ပွဲနေ့တွင်တော့ ရန်သူသည် Drone အမြောက်အများနှင့် အင်အား အများအပြားကို အသုံးပြုကာ တိုက်ခိုက်ခဲ့ရာတွင် မိမိ အရာရှိ/စစ်သည်များ စွမ်းစွမ်း တမံ ခုခံခဲ့ကြသည်။ နောက်ဆုံး မိမိဘက်မှ ဒဏ်ရာရ အရာရှိ/စစ်သည် များကိုပဲ ဆုတ်ခွာစေ ပြီး ရန်သူရော မိမိ ပါအသေခံမည့် “ကောင်းတုံ” စကားဝှက်အတိုင်း အမြောက်ပြောင်း တွေကို ၉၀ ဒီဂရီ ထောင်ပစ်ရင်း ခုခံတိုက်ပွဲဝင်ခဲ့ကြသည်။ တပ်ရင်းမှူး ဆိုလျှင် တပ်ရေး ဗိုလ်ကြီးထံ ဖုန်းဆက်ပြီး အိမ်မှာနာရေးအခမ်းအနား ပြင်ဆင်ဖို့ ဖုန်းဆက်ပြောပြီး တည်တည်ငြိမ်ငြိမ်နှင့် နောက်ဆုံးထွက်သက်အထိ ကောင်းတုံ ခေါ်သံနှင့်အတူ ရန်သူ တွေကို အမြောက်အမြား သူနှင့်အတူ သေရွာသို့ ဆွဲခေါ်သွားခဲ့သည်တဲ့။
မယုံရင် ပုံက အမြောက်ပြောင်းကိုကြည့်ပါလေ။ ဒါကား သက်သေပင်ဖြစ်သည်။ နမ့်ဆန်မှာ ကောင်းတုံ ခေါ်သံတွေ ဆူညံခဲ့သလို ရမခ ၏ နေရာအနှံ့အပြား စစ်တိုက်ရဲသည့် အရာရှိ/စစ်သည် တွေ ရှိရာနေရာတွေမှာလဲ ခေါ်သံတွေ ဆူညံခဲ့သည်။
ဒါသည် မိမိ တပ်မတော်၏ သမိုင်းဖြစ်သည်။ လက်ရှိ ရမခ နယ်မြေတွင် မိမိ တို့ တပ်မတော်သည် ရန်သူ့ တိုက်စစ်လှိုင်းလုံးကို ကြံ့ကြံ့ခံခုခံဆဲရှိသည်။ လူ/လက်နက်/ ခဲယမ်း သာလွန်အင်အားဖြင့် ဘယ်လိုပဲ တိုက်တိုက် ရဲစွမ်းသတ္တိအရာမှာတော့ မိမိတို့ တပ်မတော်သား အရာရှိ/စစ်သည် တွေကို ဘယ်လိုမှ မယှဉ်နိုင်တာတော့ ယုံကြည်သည်။ တချို့ သူရဲပေါကြောင်စွာ လက်နက်ချ အဖမ်းခံခဲ့ရသည့် အရာရှိ/စစ်သည် တွေကို မီဒီယာ မှာချပြပြီး အခြား အရာရှိ/စစ်သည် များ၏ စိတ်ဓာတ်ကို ဘယ်လိုပဲ စစ်ဆင်ပါစေ ... မယိုင်လဲသည့် စိတ်နှင့် တိုက်ပွဲဝင်နေသည်ကတော့ သက်သေပါပင်။
လက်ရှိအနေဖြင့် မိမိ တို့ တပ်မတော် သံလွင်အရှေ့ခြမ်း၏ နောက်ဆုံး ခံစစ် ဖြစ်သော လောက်ကိုင် မှာလဲ ရှိသမျှ အင်အားများဖြင့် ခုခံတိုက်ပွဲဝင်လျှက်ရှိသည်။
“ကောင်းတုံ” စိတ်ဓာတ်တွေဖြင့် တိုက်ပွဲဝင်နေသည့် တပ်မတော် အောင်မြင်ပါစေ။ ကျဆုံးလေပြီးသော တပ်မတော်သားတို့၏ သစ္စာကို စောင့်သိတဲ့အနေနဲ့ အောင်မြင်တဲ့ အထိ တိုက်ပွဲဝင်ပါစေ ဟု ဆုတောင်းရင်း......
မင်းထက်ကျော်ဇော