EPN News

EPN News Kachin Media

တစ်ရက်အတွင်း လူ ၅‌ သောင်းနီးပါးနယ်စပ်ကို အစုလိုက်အပြုံလိုက် ဖြတ်ကျော်စဉ် လူ ၅၀ ကျော် သေဆုံးခဲ့ရပြီးနောက် စပိန်နှင့် မော်...
02/08/2026

တစ်ရက်အတွင်း လူ ၅‌ သောင်းနီးပါးနယ်စပ်ကို အစုလိုက်အပြုံလိုက် ဖြတ်ကျော်စဉ် လူ ၅၀ ကျော် သေဆုံးခဲ့ရပြီးနောက် စပိန်နှင့် မော်ရိုကိုကို အာဏာပိုင်များ အခြေအနေကို ပြန်လည်ထိန်းချုပ်

EPN
နိုင်ငံတကာ၊ ဩဂုတ်-၂ (၂၀၂၆)

စပိန်နိုင်ငံ၏ မြောက်အာဖရိကနယ်မြေတစ်ခုဖြစ်သည့် မယ်လီလာ (Melilla) သို့ မော်ရိုကိုနိုင်ငံဘက်မှ ရွှေ့ပြောင်းအခြေချသူ ၄၉,၀၀၀ ကျော်သည် တစ်ရက်တည်းဖြင့် အစုလိုက်အပြုံလိုက် အတင်းအဓမ္မ တိုးဝှေ့ဝင်ရောက်ရန် ကြိုးပမ်းခဲ့ရာ လူ ၅၀ ကျော် သေဆုံးခဲ့ရပြီးနောက် စပိန်နှင့် မော်ရောကို လုံခြုံရေးတပ်ဖွဲ့များက အခြေအနေကို ပူးပေါင်းထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။

အဆိုပါ ဖြစ်စဉ်သည် အာဖရိကတိုက်မှ ဥရောပသမဂ္ဂ (EU) နယ်မြေအတွင်းသို့ တရားမဝင် ဝင်ရောက်ရန် ကြိုးပမ်းကြသည့် ဖြစ်စဉ်များအနက် သမိုင်းတွင် အကြီးမားဆုံးနှင့် စိုးရိမ်စရာ အကောင်းဆုံး ဖြစ်စဉ်တစ်ခု ဖြစ်လာခဲ့သည်။

နယ်စပ်စည်းရိုးများကို အတင်းအဓမ္မ ကျော်လွှားရန် ကြိုးပမ်းစဉ် ဖြစ်ပေါ်ခဲ့သည့် ရုတ်ရုတ်သဲသဲ တိုးဝှေ့မှုများနှင့် လုံခြုံရေးတပ်ဖွဲ့များနှင့် ထိတွေ့မှုများကြောင့် ထိခိုက်သေဆုံးသူ များပြားခဲ့ရခြင်း ဖြစ်သည်။

ဒေသတွင်း သတင်းဖော်ပြချက်များအရ ရွှေ့ပြောင်းနေထိုင်ရန် ကြိုးပမ်းသူ အများအပြားသည် Facebook ၊ WhatsApp နှင့် TikTok စသည့် လူမှုကွန်ရက် အုပ်စုများတွင် ဖုန်းနံပါတ်များ၊ နယ်စပ်ဖြတ်ကျော်ရေး မြေပုံများနှင့် ခြံစည်းရိုး ကျော်တက်နည်း လမ်းညွှန်ချက်များကို လျှို့ဝှက် မျှဝေခဲ့ကြခြင်းဖြစ်သည်။

အစော်ပိုင်းက မော်ရိုကိုနိုင်ငံ၏ ဖနီးဒက်ခ် (Fnideq) မြို့အနီးတွင် လူအများအပြား စုဝေးခဲ့ကြပြီး အုပ်စုလိုက် စပိန်ပိုင်နက်သို့ ဝင်ရောက်ရန်နှင့် ပင်မစပိန်မြေပြင်သို့ တိုက်ရိုက်သွားရောက်ကာ ခိုလှုံခွင့် (Asylum) တောင်းခံရန် ရည်ရွယ်ခဲ့ကြသည်။

စပိန် အတိုက်အခံ ကွန်ဆာဗေးတစ် ပါတီများဖြစ်သည့် People's Party (PP) နှင့် လက်ယာစွန်း Vox ပါတီ၊ ထို့ပြင် ဒေသခံ ပြည်သူအများအပြားက ယခုဖြစ်စဉ်သည် ဝန်ကြီးချုပ် ပက်ဒရို ဆန်းချက်ဇ်၏ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများအပေါ် လျှော့ပေါ့ပေးလွန်းသည့် မူဝါဒများကြောင့်ဟု စွပ်စွဲပြစ်တင်နေကြသည်။

ဆန်းချက်ဇ် အစိုးရသည် မကြာသေးမီက စပိန်အတွင်း ရောက်ရှိနေသည့် အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူ ၅ သိန်းနီးပါးအား တရားဝင် နေထိုင်ခွင့် (Amnesty Program/Legalization) ခွင့်ပြုပေးခဲ့ရာ အဆိုပါ မူဝါဒက အာဖရိကဘက်မှ ရွှေ့ပြောင်းနေထိုင်သူများအား စပိန်သို့ ပိုမို ဆွဲဆောင်သကဲ့သို့ ဖြစ်စေခဲ့သည်ဟု အတိုက်အခံ ခေါင်းဆောင် Alberto Núñez Feijóo က ဝေဖန်ခဲ့သည်။

လက်ရှိတွင်စပိန်နှင့် မော်ရိုကို အစိုးရ နှစ်ဘက်စလုံးမှ တာဝန်ရှိသူများ အရေးပေါ် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပြီး နယ်စပ်လုံခြုံရေးကို တင်းကျပ်စွာ ပြန်လည်မြှင့်တင်ရန်နှင့် ဖြစ်စဉ်ဖြစ်ပွားရသည့် အကြောင်းရင်းကို ပူးတွဲစုံစမ်းစစ်ဆေးရန် သဘောတူညီခဲ့ကြသည်။

လက်ရှိတွင် နယ်စပ်ဖြတ်ကျော်ရေး စခန်းများကို ယာယီပိတ်ပင်ထားပြီး အခြေအနေများကို ပြန်လည်ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း စပိန် ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ကိုးကား- Reuters

ကချင်ပြည်နယ် အားကစားအဆင့်မြှင့်တင်ရေး ဆပ်ကော်မတီများနှင့် လူမှုရေးဝန်ကြီး တွေ့ဆုံEPNမြစ်ကြီးနား၊ ဩဂုတ်-၂ (၂၀၂၆)ကချင်ပြည်...
02/08/2026

ကချင်ပြည်နယ် အားကစားအဆင့်မြှင့်တင်ရေး ဆပ်ကော်မတီများနှင့် လူမှုရေးဝန်ကြီး တွေ့ဆုံ

EPN
မြစ်ကြီးနား၊ ဩဂုတ်-၂ (၂၀၂၆)

ကချင်ပြည်နယ် အားကစားနည်းအလိုက် ဆပ်ကော်မတီများကို အသစ်ပြန်လည်ဖွဲ့စည်းပြီး သက်တမ်းကို (၂) နှစ် သတ်မှတ်နိုင်ရေးအပါအဝင် လာမည့် ပြည်နယ်နှင့် တိုင်းဒေသကြီး အားကစားပြိုင်ပွဲများအတွက် ကြိုတင်ပြင်ဆင်ရေးကိစ္စရပ်များကို ကချင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က ဩဂုတ် ၁ ရက်တွင် အားကစားနည်းအလိုက် ဆပ်ကော်မတီများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

တွေ့ဆုံပွဲတွင် ကချင်ပြည်နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖြစ်သည့် လူမှုရေးရာဝန်ကြီးက လာမည့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွင်း ကျင်းပမည့် ပြည်နယ်နှင့် တိုင်းဒေသကြီး အားကစားပြိုင်ပွဲများ၌ ကချင်ပြည်နယ်အသင်းများ အောင်မြင်မှုရရှိစေရေးအတွက် အားကစားသမားရွေးချယ်ရေး၊ လေ့ကျင့်ပြင်ဆင်ရေးနှင့် လိုအပ်ချက်များကို ကြိုတင်ညှိနှိုင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် ပြည်နယ်လက်ရွေးစင် အားကစားသမားများကို ရွေးချယ်ရာတွင် အရည်အချင်းကိုသာ အခြေခံရန်၊ "သူ့လူ၊ ကိုယ့်လူ၊ သူ့တပည့်၊ ကိုယ့်တပည့်" ဆိုသည့် အစွဲများကို ပယ်ဖျက်ကာ ပြည်နယ်ဂုဏ်ဆောင်နိုင်မည့် အားကစားသမားများကို ဦးစားပေးရွေးချယ်ကြရန်နှင့် ဆပ်ကော်မတီများအနေဖြင့် ပြည်နယ်ဘတ်ဂျက်ကိုသာ အလုံးစုံအားမကိုးဘဲ သက်ဆိုင်ရာကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းခဲ့သည်။

ယင်းနောက် ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသီဟအောင်က လာမည့် အားကစားပြိုင်ပွဲများအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများ၊ ဆပ်ကော်မတီများ၏ တာဝန်နှင့် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခဲ့သည်။

အဆိုပါတွေ့ဆုံပွဲသို့ အားကစားနည်းအလိုက် ဆပ်ကော်မတီ (၂၆) ဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ဆပ်ကော်မတီတစ်ဖွဲ့ချင်းစီက လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းများ၊ လိုအပ်ချက်များနှင့် ဆပ်ကော်မတီများကို အသစ်ပြန်လည်ဖွဲ့စည်းရေး၊ သက်တမ်း (၂) နှစ် သတ်မှတ်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးတင်ပြခဲ့ကြကြောင်း သိရသည်။

ကသစ်

ဝိုင်းမော် ယာယီတိမ်းရှောင်စခန်း ၂၁ ခုရှိ ပြည်သူ ၁၁,၉၂၇ ဦးအတွက် ဆန်အိတ် ၂,၃၄၅ အိတ် ထောက်ပံ့EPNမြစ်ကြီးနား၊ ဩဂုတ်-၁ (၂၀၂၆)...
01/08/2026

ဝိုင်းမော် ယာယီတိမ်းရှောင်စခန်း ၂၁ ခုရှိ ပြည်သူ ၁၁,၉၂၇ ဦးအတွက် ဆန်အိတ် ၂,၃၄၅ အိတ် ထောက်ပံ့

EPN
မြစ်ကြီးနား၊ ဩဂုတ်-၁ (၂၀၂၆)

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်းရှိ ယာယီတိမ်းရှောင်စခန်း ၂၁ ခုတွင် နေထိုင်လျက်ရှိသော တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု ၂,၃၄၅ စု၊ လူဦးရေ ၁၁,၉၂၇ ဦးအတွက် ဆန်အိတ် ၂,၃၄၅ အိတ်ကို ကချင်ပြည်နယ်အစိုးရအဖွဲ့က ဩဂုတ် ၁ ရက်တွင် ထောက်ပံ့ပေးအပ်ခဲ့သည်။

ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို မြစ်ကြီးနားမြို့ရှိ မနောရွှေပြည်ခန်းမတွင် ကျင်းပခဲ့ပြီး ကချင်ပြည် နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က တိုက်ပွဲရှောင်ပြည်သူများကို ဆန်အိတ်များ လွှဲပြောင်းပေးအပ်ခဲ့သည်။

အခမ်းအနားတွင် ဝန်ကြီးချုပ်က တိုက်ပွဲရှောင်ပြည်သူများ၏ အခြေခံစားဝတ်နေရေး အခက်အခဲများ လျော့ပါးစေရန် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် တတ်နိုင်သမျှ ဆက်လက်ကူညီပံ့ပိုးပေးသွားမည်ဖြစ်ပြီး လိုအပ်ချက်များကိုလည်း သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဖြည့်ဆည်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယခုထောက်ပံ့မှုသည် ဝိုင်းမော်မြို့ အမှတ်(၃)၊ အမှတ်(၄)၊ အမှတ်(၅) ရပ်ကွက်များနှင့် မုတ်လွဲ၊ ခတ်ချို၊ မိုင်းနား၊ နောင်တာလော၊ ဝူယန်ကျေးရွာအုပ်စုများရှိ ယာယီတိမ်းရှောင်စခန်းများတွင် ခိုလှုံနေသည့် ဝူယန်၊လမြန်၊ မဒိန်၊ ရွှေညောင်ပင်၊ မုတ်လွဲ(ဆာဒေးကျေးရွာ)၊အောင်မြေ(၁)(၂)၊နောင်စီပေါ၊ ဂါးရာယန်၊ကဇူး၊နမ့်ဆန်ယန်၊ ဒဘတ်ယန်၊ မလန်းယန်၊ ဝါးရှောင်၊ နန့်ဝါ၊ ဒိန်ဂျန်ယန်၊ ချီဖွေ၊ ဆော့လော်၊ ဗန်းမော်၊ အင်ဂျန်းယန်နှင့်ဆဒုံးဒေသများမှ တိုက်ပွဲရှောင်ပြည်သူများအတွက်ဖြစ်ကြောင်း သိရသည်။

ထောက်ပံ့မှုတွင် အိမ်ထောင်စုတစ်စုလျှင် ၂၄ ပြည်ဝင် ဆန်တစ်အိတ်နှုန်းဖြင့် စုစုပေါင်း ဆန်အိတ် ၂,၃၄၅ အိတ်ကို ပေးအပ်ခဲ့ပြီး၊ စုစုပေါင်းတန်ဖိုးမှာ ကျပ်ငွေ ၂၂၂,၇၇၅,၀၀၀ ရှိပြီး ထို့နောက် တိုက်ပွဲရှောင်ပြည်သူများကိုယ်စား ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

ကချင်ပြည်နယ်အစိုးရအဖွဲ့သည် ဝိုင်းမော်မြို့နယ်အတွင်းရှိ ယာယီတိမ်းရှောင်စခန်းများသို့ ယခင်ကလည်း ဆန်၊ ဆီ၊ ကြက်ဥနှင့် ခေါက်ဆွဲခြောက် စသည့် အခြေခံစားသောက်ကုန်များကို အနည်းဆုံး နှစ်ကြိမ်မှ အများဆုံး ငါးကြိမ်အထိ ထောက်ပံ့ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ကသစ်

လေးမျက်နှာမြို့နယ်တွင် ရေကာတာကျိုးပေါက်မှုကြောင့် ရေကြီးရေလျှံမှုဖြစ်၊ ဒေသခံများအရေးပေါ်ရွှေ့ပြောင်းနေရEPNလေးမျက်နှာ၊ ဇူ...
31/07/2026

လေးမျက်နှာမြို့နယ်တွင် ရေကာတာကျိုးပေါက်မှုကြောင့် ရေကြီးရေလျှံမှုဖြစ်၊ ဒေသခံများအရေးပေါ်ရွှေ့ပြောင်းနေရ

EPN
လေးမျက်နှာ၊ ဇူလိုင်-၃၁ (၂၀၂၆)

ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် ငဝန်ရေကာတာကျိုးပေါက်မှုကြောင့်ရေကြီးရေလျှံမှုဖြစ်ကာနေအိမ်များရေနစ်မြုပ်လာသဖြင့်ဒေသများကိုအရေး ပေါ်ရွှေ့ပြောင်းပေးနေရကြောင်းကူညီကယ်ဆယ်ရေးအဖွဲ့များထံမှသိရသည်။

ဇူလိုင်လ ၂၈ ရက်ကစတင်ပြီး မိုးသည်းထန်စ္စာရွာသွန်းမှုကြောင့် လေးမျက်နှာမြို့နယ်၊ သခွက်ချောင်းကျေးရွာအုပ်စု၊ မြစ်ကျိုးကျေးရွာရှိ၊ တာမိုင်အမှတ်၂၅/၃ အနီးက ငဝန်ရေကာတာသည်ဇူလိုင်လ ၃၁ ရက်မနက်အစောပိုင်းက အလျားပေ ၅၀ အထိကျိုးပေါက်မှုကြောင့် ရပ်ကွက်၊ကျေးရွာ ၇ ခုထက်မနည်း ရေကြီးရေလျှံနစ်မြှုပ်မှုဖြစ်ပေါ်ကာ ဒေသခံထောင်ချီအရေးပေါ်ပြောင်းရွှေ့ပေးနေရကြောင်း သိရသည်။

''ဘုန်းတော်ကြီးကျောင်းနဲ့ ကုန်းမြင့်ဒေသရေလွတ်နေရာတွေကို ပြောင်းရွှေ့ပေးထားပါတယ်။ ရေကြီးတဲ့ဒေသတွေမှာ ပိတ်မိနေတဲ့သူတွေလည်း ရှိနေပါတယ်။ ဆက်လက်ရှာဖွေကူညီကယ်ဆယ်ရေးတွေ လုပ်နေရပါတယ်''ဟု ကူညီကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်နေသူက ပြောသည်။

အဆိုပါ ရေကာတာကျိုးပေါက်မှုကြောင့် လေးမျက်နှာမြို့နယ်ရှိ အမှတ် ၃ ရပ်ကွက်၊ ဂျမ်းကုန်းကျေးရွာ အမှတ် ၄ ရပ်ကွက်၊ ကျွန်းတဲကျေးရွာ အမှတ် ၅ ရပ်ကွက်၊ ကွမ်းခြံကုန်းကျေးရွာများက နေအိမ်များ အဓိကရေကြီးရေလျှံနစ်မြုပ်မှုဖြစ်ပေါ်နေကြောင်း သိရသည်။

လက်ရှိ အရေးပေါ်ကူညီပြောင်းရွှေ့ရသည့်လုပ်ငန်းများကို မီးသတ်တပ်ဖွဲ့၊ ကူညီကယ်ဆယ်ရေးအသင်းအဖွဲ့များက ပူးပေါင်းရှာဖွေကူညီလုပ်ဆောင်နေကြောင်း သိရသည်။

ခေတ်ကောင်း
#လေးမျက်နှာ #ရေကာတာကျိုး #ရေကြီးရေလျှံ #အရေးပေါ်ရွှေ့ပြောင်း #သဘာဝဘေး

ပွဲစားများနှင့် ဝန်ထမ်းများ၏ပါဝင်ပတ်သက်မှုများကင်းဝေးစေရန် သြဂုတ် ၁၅ ရက်မှစတင်ပြီး လျှပ်စစ်မီတာအသစ်များကို Website မှလျှ...
31/07/2026

ပွဲစားများနှင့် ဝန်ထမ်းများ၏ပါဝင်ပတ်သက်မှုများကင်းဝေးစေရန် သြဂုတ် ၁၅ ရက်မှစတင်ပြီး လျှပ်စစ်မီတာအသစ်များကို Website မှလျှောက်ထားနိုင်ပြီဖြစ်

EPN
ရန်ကုန်၊ ဇူလိုင်-၃၁ (၂၀၂၆)

ပွဲစားများနှင့် ဝန်ထမ်းများ၏ပါဝင်ပတ်သက်မှုများကင်းဝေးစေရန် သြဂုတ် ၁၅ ရက်မှစတင်ပြီး လျှပ်စစ်မီတာအသစ်များကို Website မှလျှောက်ထားနိုင်ပြီဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက အသိပေးခဲ့သည်။

လျှပ်စစ်ဓာတ်အားသုံးစွဲလိုပြီး မီတာမရှိသူများ အိမ်သုံးနှင့် စီးပွားရေး/စက်မှုလုပ်ငန်းများအတွက်လိုအပ်သော လျှပ်စစ်မီတာအသစ်များကို Website မှတစ်ဆင့် ရုံးချုပ်သို့လျှောက်ထားနိုင်မည်ဖြစ်သည်။

ထို့ပြင် လျှပ်စစ်မီတာအသစ်လျှောက်ထားမှုများအတွက် သတ်မှတ်ထားသောအခကြေးငွေကိုလည်း သတ်မှတ် Account သို့ Online မှ ငွေပေးသွင်းရမည်ဖြစ်ကာ လျှောက်လွှာများအား www.moee.gov.mm သို့ပေးပို့လျှောက်ထားရမည်ဖြစ်ပြီး ဝန်ကြီးဌာန၏သတ်မှတ်ချက်များနှင့်ကိုက်ညီပါက အမြန်ဆုံးမီတာတပ်ဆင်ပေးသွားမည်ဟု အသိပေးထားသည်။

အဆိုပါ အစီအစဥ်ကို မီတာအသစ်များအား နိုင်ငံတော်အစိုးရထံမှ ငှားရမ်းအသုံးပြုရာတွင် လျင်မြန်စွာရရှိနိုင်ရန်နှင့် တစ်ဆင့်ခံပွဲစားများ၊ ဝန်ထမ်းများပါဝင်ပတ်သက်မှုများကင်းဝေးပြီး အချိန်နှင့် စရိတ်စကများ သက်သာစေရန်ရည်ရွယ်ပြုလုပ်ခြင်းဖြစ်သည်။

ရွှေလက်

မြစ်ကြီးနားတွင် ယာဉ်အန္တာရယ်ကင်းစေရန် ဆိုင်ကယ်စီးဦးထုပ်များ အခမဲ့ဖြန့်ဝေခြင်းနှင့် ယာဉ်စည်းကမ်းအသိပညာပေးEPNမြစ်ကြီးနား၊ ...
31/07/2026

မြစ်ကြီးနားတွင် ယာဉ်အန္တာရယ်ကင်းစေရန် ဆိုင်ကယ်စီးဦးထုပ်များ အခမဲ့ဖြန့်ဝေခြင်းနှင့် ယာဉ်စည်းကမ်းအသိပညာပေး

EPN
မြစ်ကြီးနား၊ ဇူလိုင်-၃၁ (၂၀၂၆)

ကချင်ပြည်နယ်အတွင်း ယာဉ်မတော်တဆမှုများ လျော့နည်းကျဆင်းစေရေးနှင့် ဆိုင်ကယ်စီးနင်းသူများ ယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် ဆိုင်ကယ်စီးဦးထုပ်များ အခမဲ့ဖြန့်ဝေခြင်းနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်းကို ယနေ့ ဇူလိုင် ၃၁ ရက်က မြစ်ကြီးနားမြို့ အထက(၈) ကျောင်းရှေ့၊ ကျောက်စိမ်းတုံးမီးပွိုင့်နှင့် အံတော်ရှင်မီးပွိုင့်ကြား၌ ပြုလုပ်ခဲ့သည်။

အဆိုပါ Campaign တွင် ဆိုင်ကယ်စီးနင်းသူ ပြည်သူများအား ဆိုင်ကယ်စီးဦးထုပ်များ အခမဲ့ပေးဝေခဲ့ပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များလည်း ဖြန့်ဝေပေးခဲ့သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ်က ဆိုင်ကယ်စီးနင်းသူများအနေဖြင့် မိမိအသက်အန္တရာယ်ကာကွယ်ရေးအတွက် အရည်အသွေးပြည့်မီသည့် ဆိုင်ကယ်စီးဦးထုပ်များကို မေးသိုင်းကြိုးမြဲမြံစွာ တပ်ဆင်အသုံးပြုရန်နှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို တိကျစွာလိုက်နာရန် တိုက်တွန်းပြောကြားသည်။

“ဆိုင်ကယ်စီးဦးထုပ်ဆောင်းခြင်းဟာ မိမိအသက်အန္တရာယ်ကို ကာကွယ်ခြင်းဖြစ်တဲ့အတွက် ဆိုင်ကယ်စီးတိုင်း အရည်အသွေးကောင်းမွန်တဲ့ Helmet ကို ဆောင်းကြဖို့ တိုက်တွန်းပါတယ်” ဟု ပြည်နယ်ဝန်ကြီးချုပ်က ပြောကြားသည်။

အမှတ်(၁၅) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူး ရဲမှူး မင်းရန်ထွန်းကလည်း ဆိုင်ကယ်စီးဦးထုပ်ကို စနစ်တကျဆောင်းခြင်းသည် ယာဉ်မတော်တဆမှုဖြစ်ပွားချိန်တွင် ဦးခေါင်းထိခိုက်ဒဏ်ရာရရှိမှုကို လျော့နည်းစေနိုင်သဖြင့် ဆိုင်ကယ်စီးသူတိုင်း Helmet ဆောင်းသည့် အလေ့အကျင့်ရရှိစေရေး အသိပညာပေး၊ စစ်ဆေးနှင့် လိုအပ်ပါက အရေးယူမှုများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ကချင်ပြည်နယ်ဝန်ကြီးချုပ်နှင့်အတူ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာ၀န်ရှိသူများက ဆိုင်ကယ်စီးနင်းသူ ပြည်သူများအား ဆိုင်ကယ်စီးဦးထုပ်များ အခမဲ့ပေးဝေခဲ့ကြောင်း သိရသည်။

ကသစ်

အမေရိကန်နှင့် စစ်ပွဲအတွက် အီရန်က ဝယ်ယူထားသည့် တရုတ်လုပ် MANPADS ဒုံးကျည်များ ပထမဆုံးတင်ပို့မှု မကြာမီရောက်ရှိနိုင်ဟု သတင...
30/07/2026

အမေရိကန်နှင့် စစ်ပွဲအတွက် အီရန်က ဝယ်ယူထားသည့် တရုတ်လုပ် MANPADS ဒုံးကျည်များ ပထမဆုံးတင်ပို့မှု မကြာမီရောက်ရှိနိုင်ဟု သတင်းထွက်ပေါ်၊ တရုတ်အစိုးရ ငြင်းဆိုထား

EPN
နိုင်ငံတကာ၊ ဇူလိုင်-၃၀ (၂၀၂၆)

အမေရိကန်နဲ့ ဖြစ်ပွားနေတဲ့ စစ်ပွဲအတွင်း လေကြောင်းကာကွယ်ရေးစွမ်းရည် မြှင့်တင်နိုင်ဖို့ တရုတ်နိုင်ငံထံက ဝယ်ယူထားတဲ့ ပခုံးတင်ပစ် လေကြောင်းရန်ကာကွယ်ရေးဒုံးကျည် (MANPADS) တွေရဲ့ ပထမဆုံးတင်ပို့မှုကို မကြာခင် လက်ခံရရှိမယ်လို့ မျှော်လင့်ရကြောင်း သတင်းရင်းမြစ် သုံးဦးကို ကိုးကားပြီး Reuters က ဖော်ပြထားပါတယ်။

သတင်းရင်းမြစ်တွေအရ အီရန်ဟာ အမေရိကန်ဒေါ်လာ သန်း ၆၀ မှ ၇၀ ခန့် တန်ဖိုးရှိတဲ့ အဆိုပါဝယ်ယူမှုကို ပြုလုပ်ထားပြီး၊ အမေရိကန်နဲ့ ဖြစ်ပွားနေတဲ့ စစ်ပွဲအတွင်း ပေါ်ပေါက်လာတဲ့ စစ်ဘက်ဆိုင်ရာ အားနည်းချက်တွေကို ဖြည့်ဆည်းဖို့ ရည်ရွယ်ထားတဲ့ အကြီးမားဆုံး ကာကွယ်ရေးဝယ်ယူမှုတွေထဲက တစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုပါ သဘောတူညီချက်မှာ တရုတ်နိုင်ငံထုတ် QW-12 နဲ့ FN-16 MANPADS စနစ် အစုံ ၃၀၀ မှ ၄၀၀ ကြား ပါဝင်ပြီး၊ အီရန်ဘက်နဲ့ တရုတ်ဘက်က ထောက်ပံ့ရောင်းချသူတို့အကြား ကြားခံအဖြစ် ဟောင်ကောင်အခြေစိုက် Zhongqing Baoshang International Investment ကုမ္ပဏီက ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။

QW-12 နဲ့ FN-16 တို့ဟာ အနီအောက်ရောင်ခြည် ချိန်ရွယ်မှုစနစ်သုံး ပခုံးထမ်း လေကြောင်းကာကွယ်ရေး ဒုံးကျည်တွေဖြစ်ပြီး ခပ်နိမ့်နိမ့် ပျံသန်းတဲ့ လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေနဲ့ ဒရုန်းတွေကို ပစ်ချဖို့ အဓိက ရည်ရွယ် ထုတ်လုပ်ထားပါတယ်။ အလွယ်တကူ သယ်ယူ ရွှေ့ပြောင်းနိုင်တဲ့ လက်နက်စနစ်တွေ ဖြစ်တာကြောင့်လည်း အီရန်ရဲ့ တပ်စခန်းတွေ၊ စွမ်းအင်ဆိုင်ရာ အခြေခံ အဆောက်အအုံတွေနဲ့ တခြား မဟာဗျူဟာ တည်နေရာတွေမှာ ခပ်မြန်မြန် ဖြန့်ကျက်နိုင်မှာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ အဆိုပါသတင်းကို ငြင်းဆိုထားပြီး၊ တရုတ်နိုင်ငံအနေနဲ့ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို အမြဲတမ်း ထောက်ခံအားပေးနေကြောင်း ပြောကြားခဲ့ပါတယ်။ အဆိုပါကုမ္ပဏီရဲ့ မိခင်လုပ်ငန်းဖြစ်တဲ့ Zhong Qing Bao Shang Group ကလည်း Reuters ရဲ့ မေးမြန်းမှုအပေါ် မှတ်ချက်ပေးရန် ငြင်းဆိုထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ကို သတင်းထောက်တွေက မေးမြန်းရာမှာ “တကယ်ဖြစ်ရင် စိတ်ပျက်မိမှာပါ။ ဒါပေမဲ့ အဲဒီလို ဖြစ်မယ်လို့တော့ မထင်ဘူး” လို့ ပြောကြားခဲ့ပြီး၊ တရုတ်သမ္မတ ရှီကျင့်ဖျင်က အီရန်ကို လက်နက်မပို့ဘူးလို့ မိမိကို အာမခံထားကြောင်းလည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ကိုးကား- Reuters

ပုသိမ်တွင် မိုးသည်းထန်ပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပေါ်သစ်ပင်လဲကျကာ အိမ်ပျက်စီးမှုဖြစ်EPNပုသိမ်၊ ဇူလိုင်-၃၀ (၂၀၂...
30/07/2026

ပုသိမ်တွင် မိုးသည်းထန်ပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပေါ်သစ်ပင်လဲကျကာ အိမ်ပျက်စီးမှုဖြစ်

EPN
ပုသိမ်၊ ဇူလိုင်-၃၀ (၂၀၂၆)

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုနှင့် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပေါ် သစ်ပင်လဲကျမှုဖြစ်ပေါ်ခဲ့ပြီး နေအိမ်ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဇူလိုင်လ ၂၉ ရက်မနက်ပိုင်းက မိုးသည်ထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ်-၅ ရပ်ကွက်ရှိ ဦးဇော်မျိုးထွန်း နေအိမ်ပေါ်သို့ သက်တမ်းရင့် မန်ကျီးပင်နှင့် ဆေးရိုးပင်တို့ ရုတ်တရက်လဲကျခဲ့ပြီး နေအိမ်ပျက်စီးသွားခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

''သစ်ပင်က အိမ်ပေါ်ကို ရုတ်တရက်လဲကျသွားတာ။ လူတွေထိခိုက်တာမရှိဘူး။ အိမ်ပဲပျက်စီးသွားတာ။ ကံကောင်းတယ်လို့ပဲပြောရမယ်။ အိမ်က သစ်အိမ်၊ သွပ်မိုး၊ ပျဉ်ကာအိမ်''ဟု အထက်ပါဒေသခံက ဆက်ပြောသည်။

ယခုကဲ့သို့ သစ်ပင်လဲကျမှုများသည် မိုးသည်းထန်မှုကြောင့် မြေသားများအိကျကာ ဖြစ်ပေါ်ရခြင်းဖြစ်ပြီး နေအိမ်အနီး သစ်ပင်များကို ခုတ်ထွင်ရှင်းလင်းထားရန် ကူညီကယ်ဆယ် ရေးအဖွဲ့များက အကြံပြုထားချက်အရသိရသည်။

အဆိုပါ သစ်ပင်လဲကျမှုကို တိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဇော်မျိုး ဦးစီး၍ သန္ဓေ(၁၅)ဦးတို့ကမီးငြှိမ်းသတ်ယာဥ်(၁)စီးအသုံးပြုပြီး ကူညီရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ခေတ်ကောင်း
#ဧရာဝတီတိုင်း #မိုးသည်းထန် #လေပြင်းတိုက်ခတ်
#နေအိမ်ပေါ် သစ်ပင်လဲကျ #သဘာဝဘေး

ကမ္ဘာ့အကြီးဆုံး ဆော်ဒီ ရေနံချက်စက်ရုံ ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီး မီးလောင်ကျွမ်းEPNနိုင်ငံတကာ၊ ဇူလိုင်-၂၈ (၂၀၂၆)ဆော်ဒီ...
28/07/2026

ကမ္ဘာ့အကြီးဆုံး ဆော်ဒီ ရေနံချက်စက်ရုံ ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီး မီးလောင်ကျွမ်း

EPN
နိုင်ငံတကာ၊ ဇူလိုင်-၂၈ (၂၀၂၆)

ဆော်ဒီအာရေးဗီးယားနိုင်ငံ၏ စွမ်းအင်ကဏ္ဍတွင် အရေးပါဆုံးနှင့် ကမ္ဘာ့အကြီးဆုံး ရေနံစိမ်းသန့်စင်ပြုပြင်ရေး စက်ရုံကြီးဖြစ်တဲ့ ဆော်ဒီအာရမ်ကို (Saudi Aramco) ရဲ့ အဘ်ကေး (Abqaiq) စက်ရုံနဲ့အရှေ့-အနောက် ရေနံပိုက်လိုင်း ပန်းပန့်စခန်း (East-West Pumping Station) တို့မှာ ဒရုန်းနဲ့တိုက်ခိုက်ခံခဲ့ရပြီး စက်ရုံအတွင်း မီးအကြီးအကျယ် လောင်ကျွမ်းမှုများ ဖြစ်ပွားခဲ့ပါတယ်။

NASA FIRMS အပါအဝင် ဂြိုဟ်တုဓာတ်ပုံများ၏ အချက်အလက်များအရ အဆိုပါ ရေနံချက်စက်ရုံဝန်းနှင့် အဓိက ရေနံပို့ဆောင်ရေး အဆောက်အအုံများအတွင်း မီးလောင်ကျွမ်းနေမှုနှင့် မီးခိုးလုံးကြီးများကို စိစစ်အတည်ပြုထားပြီးအဆိုပါ တိုက်ခိုက်မှုကို အီရတ်နိုင်ငံအတွင်း လှုပ်ရှားနေသည့် အီရန်ကျောထောက်နောက်ခံပြု လက်နက်ကိုင်အဖွဲ့များက ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ဆော်ဒီအာရေးဗီးယားအစိုးရက စွပ်စွဲထားပါတယ်။

တိုက်ခိုက်ခံရမှုကြောင့် ဖြစ်ပေါ်လာသည့် အရေးပေါ်အခြေအနေအရ ဆော်ဒီအာရမ်ကို ကုမ္ပဏီဟာ ဘေးအန္တရာယ် ကင်းဝေးစေရန်အတွက် ရေနံထုတ်လုပ်ရေး စခန်းအများအပြားမှာ ဘေးထွက်ဓာတ်ငွေ့များကို အရေးပေါ် မီးရှို့စွန့်ထုတ်ခြင်း (emergency flaring) စနစ်များကို စတင်ကျင့်သုံးနေရတယ်လို့ ဖော်ပြထားပါတယ်။

(Abqaiq) စက်ရုံဟာ ကမ္ဘာ့ရေနံ ထောက်ပံ့မှု စုစုပေါင်း၏ ၅ ရာခိုင်နှုန်းမှ ၇ ရာခိုင်နှုန်းအထိ (တစ်ရက်လျှင် ရေနံစည်ပေါင်း ၇ သန်းခန့်) ကို ပြုပြင်သန့်စင် ထိန်းညှိပေးနေသည့် ဗဟိုချက်မ စက်ရုံကြီး ဖြစ်ပြီးတိုက်ခိုက်မှုကြောင့်ရေနံစက်ရုံအပြင် ပင်လယ်ကွေ့ဒေသမှ (Red Sea) ရှိ ရေနံတင်ပို့သည့် ဆိပ်ကမ်းများသို့ ချိတ်ဆက်ပို့ဆောင်ပေးထားတဲ့အရှေ့-အနောက် ရေနံပိုက်လိုင်းရဲ့ အဓိက ပန်းပန့်စခန်းကိုပါ ထိမှန်ခဲ့တာဖြစ်ပါတယ်။

ဆော်ဒီအာရေးဗီးယား ကာကွယ်ရေးဝန်ကြီးဌာနက အဆိုပါ တိုက်ခိုက်မှုကို ပြင်းထန်စွာ ရှုတ်ချထားပြီး မိမိတို့၏ အခြေခံအဆောက်အအုံများကို ကာကွယ်ရန် သင့်တော်သည့် အချိန်နှင့် နေရာတွင် ပြန်လည်တုံ့ပြန်ပိုင်ခွင့်ရှိတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ကိုးကား - The time of Israel

ပမ္မတီးခရမ်းကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဝါယမ မဟာထေရ်မြတ်ကြီး၏ အန္တိမအဂ္ဂိဈာပန တေဇောဓာတ်ပူဇော်သဘင်အား စည်ကားခမ်းနားစွာ ကျင...
27/07/2026

ပမ္မတီးခရမ်းကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဝါယမ မဟာထေရ်မြတ်ကြီး၏ အန္တိမအဂ္ဂိဈာပန တေဇောဓာတ်ပူဇော်သဘင်အား စည်ကားခမ်းနားစွာ ကျင်းပ

EPN
မြစ်ကြီးနား၊ ဇူလိုင်-၂၇ (၂၀၂၆)

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ပမ္မတီးရပ်ကွက်ရှိ ခရမ်းကျောင်းတိုက်ကြီး၏ ဦးစီးပဓာနနာယက၊ မြစ်ကြီးနားမြို့နယ် သံဃာဝန်ဆောင်ဆရာတော် ဘဒ္ဒန္တဝါယမ မဟာထေရ်မြတ်ကြီး၏ ရုပ်ကလာပ်တော်အား အန္တိမအဂ္ဂိဈာပန တေဇောဓာတ်ပူဇော်သဘင်ကို ဇူလိုင် ၂၆ ရက်တွင် စည်ကားခမ်းနားစွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အန္တိမအဂ္ဂိဈာပန တေဇောဓာတ်ပူဇော်သဘင်သို့ သံဃာတော်အရှင်သူမြတ်များ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ကချင်ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဈာပနကော်မတီဝင်များ၊ ဆရာတော်ကြီး၏ တပည့်သံဃာတော်များ၊ ဆွေမျိုးတော်စပ်သူများ၊ ဒါယကာ၊ ဒါယိကာမများ၊ လူမှုရေးနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များအပြင် ဒေသခံပြည်သူများကလည်း တက်ရောက်ပူဇော်ခဲ့ကြသည်။

အခမ်းအနားတွင် မြစ်ကြီးနားမြို့နယ် သံဃာ့နာယကအဖွဲ့က ဆရာတော်ကြီး ပျံလွန်တော်မူခြင်းအပေါ် သံဝေဂပွားတော်မူကြောင်း မှတ်တမ်းသဝဏ်လွှာ ဖတ်ကြားခြင်း၊ ဓမ္မသံဝေဂါထာနှင့် ပစ္ဆိမဝန္ဒာဂါထာများဖြင့် ဖတ်ကြားပူဇော်ခြင်း၊ ဆရာတော်ကြီးအား ပြစ်မှားမိခဲ့သည်များရှိပါက ခွင့်လွှတ်ပေးတော်မူပါရန် တောင်းပန်ကန်တော့လွှာ ဖတ်ကြားလျှောက်ထားခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

ယင်းနောက် ဆရာတော်ကြီး၏ ရုပ်ကလာပ်တော်အား ကရဝိတ်ပြဿဒ်ပေါ်သို့ ကြွချီတော်မူပါရန် အဘိယာစန နိမန္တနဂါထာများဖြင့် ရိုသေလေးမြတ်စွာ တောင်းပန်လျှောက်ထားပြီး မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ကချင်ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ ဦးဆောင်၍ တပည့်သံဃာတော်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဈာပနကော်မတီဝင်များ၊ ဆွေမျိုးတော်စပ်သူများ၊ ဒါယကာ၊ ဒါယိကာမများနှင့် လူမှုရေးအသင်းအဖွဲ့များက ခရမ်းကျောင်းတိုက်မှ ရွှေပြည်သာရပ်ကွက်ရှိ အန္တိမအဂ္ဂိဈာပန တေဇောဓာတ်ပူဇော်ရာဌာန စံကျောင်းတော်အထိ လမ်းတစ်လျှောက် ခြေလျင်ပင့်ဆောင်ပူဇော်၍ နောက်ဆုံးအရိုအသေပြု ပို့ဆောင်ခဲ့ကြသည်။

ဆရာတော်ကြီး၏ ရုပ်ကလာပ်တော်အား ပင့်ဆောင်ပူဇော်ရာ လမ်းတစ်လျှောက်တွင်လည်း အထက(၄) ဘင်ခရာအဖွဲ့၊ ရှမ်းတိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့များ၊ ရှမ်းအိုးစည်အဖွဲ့၊ ဂေါ်ရခါးဗုဒ္ဓဘာသာအဖွဲ့နှင့် အခြားလူမှုရေး၊ ယဉ်ကျေးမှုအသင်းအဖွဲ့များက ပါဝင်လိုက်ပါပို့ဆောင်ခဲ့ကြပြီး ဆရာတော်ကြီး၏ အန္တိမအဂ္ဂိဈာပန တေဇောဓာတ်ပူဇော်သဘင်မှာ စည်ကားခမ်းနားခဲ့ကြောင်း သိရသည်။

ဘဒ္ဒန္တဝါယမ မဟာထေရ်မြတ်ကြီးသည် သက်တော် ၇၀၊ ဝါတော် ၅၀ ရှိ သာသနာ့အကျိုးကို ထမ်းဆောင်တော်မူခဲ့သည့် မဟာထေရ်မြတ်ကြီးဖြစ်ပြီး ၁၃၈၈ ခုနှစ်၊ ဒုတိယဝါဆိုလဆန်း ၁ ရက်နေ့ ညနေ ၄ နာရီ ၁၅ မိနစ်တွင် ခန္ဓာဝန်ချ၍ ဘဝနတ်ကျောင်းသို့ ပြောင်းရွှေ့စံမြန်းတော်မူခဲ့ကြောင်း သိရသည်။

ဆရာတော်ကြီးသည် ပမ္မတီးရပ်ကွက်၊ ခရမ်းကျောင်းတိုက်ကြီး၏ ဦးစီးပဓာနနာယကအဖြစ်သာမက မြစ်ကြီးနားမြို့နယ်အတွင်း သာသနာရေးနှင့် လူမှုရေးကဏ္ဍများတွင် တာဝန်ယူဆောင်ရွက်ခဲ့သူဖြစ်သဖြင့် ဆရာတော်ကြီး၏ အန္တိမအဂ္ဂိဈာပနသို့ သံဃာတော်များနှင့် ဒေသခံပြည်သူများက စုပေါင်းပါဝင်၍ ရိုသေလေးမြတ်စွာ နောက်ဆုံးအရိုအသေပြု ပူဇော်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ကသစ်

Address

Myitkyina

Alerts

Be the first to know and let us send you an email when EPN News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share