23/04/2026
အမေရိကန်သံရုံးက သမ္မတဦးဝင်းမြင့်ကို ဦးဝင်းမြင့်ဟု သုံးနှုန်းသော်လည်း ကနေဒါသံရုံးက သမ္မတအဖြစ်သတ်မှတ်ခေါ်ဝေါ်
YOMA PRESS / April 23 2026
အာဏာသိမ်းစစ်အုပ်စု၏ ဖမ်းဆီး၊ ချုပ်နှောင်မှုကို ခံခဲ့ရသော မြန်မာနိုင်ငံသမ္မတ ဦးဝင်းမြင့်လွတ်မြောက်လာမှုအား အမေရိကန်သံရုံးမှ ထုတ်ပြန်ချက်တွင် ဦးဝင်းမြင့်ဟု သုံးနှုန်းခဲ့သော်လည်း ကနေဒါသံရုံးကမူ သမ္မတဦးဝင်းမြင့်ဟု သုံးနှုန်းထားသည်ကို တွေ့ရသည်။
အမေရိကန်၏ ယခုကဲ့သို့ အသုံးအနှုန်းအပေါ် မြန်မာပြည်သူများက ဆန့်ကျင်ကန့်ကွက်ခဲ့ကြပြီး “ဦးဝင်းမြင့်သည်သာ မြန်မာနိုင်ငံ၏ သမ္မတအစစ်အမှန်ဖြစ်သည်”ဟု ပြောဆိုကြသည်။
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၂၀၂၅ နှစ်ကုန်ပိုင်းတွင် တရားမဝင်သော အတုအယောင်ရွေးကောက်ပွဲကို ကျင်းပကာ သမ္မတရာထူးကို ရယူခဲ့သည့်အပေါ် နိုင်ငံတကာအနေဖြင့် တရားဝင်မှုပေးကာ သတ်မှတ်ပါက စစ်အုပ်စုကျူးလွန်ထားသော စစ်ရာဇဝတ်မှုများနှင့် နိုင်ငံတော်အာဏာသိမ်းမှုကို အားပေးအားမြှောက်ပြုရာကျသည်ဟု နိုင်ငံရေးသမားတစ်ဦးက YMP ကို ပြောသည်။
“ကမ္ဘာသိ၊ တိုင်းသိပြည်သိ၊ နာမည်ကျော်စစ်ရာဇဝတ်မှုတွေ၊ ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်မှုတွေ၊ အိုးအိမ်စည်းစိမ်တွေကို မီးရှို့သတ်ဖြတ်မှုတွေ၊ ပြည်သူမဲပေးထောက်ခံထားတဲ့ ပြည်သူ့အစိုးရကို ရဲရဲတင်းတင်းဖမ်းဆီး အာဏာသိမ်း၊ သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်တွေကို ဖမ်းဆီးထားတဲ့ စစ်အုပ်စုကို ထောက်ခံအားပေးသူတွေဟာ ကိုယ်ကျိုးစီးပွားကိုသာ ရှေးရှုသူတွေဖြစ်ပါတယ်”လို့ သူကပြောသည်။
သမ္မတဦးဝင်းမြင့်ကို အာဏာသိမ်းစစ်ခေါင်းဆောင်က ပြန်လွှတ်ပေးပြီးနောက် တင်းကျပ်သော စောင့်ကြည့်မှုများထားရှိထားပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်မပေးသေးဘဲ ဆက်လက်ဖမ်းဆီးထားသည်။
ကနေဒါသံရုံးအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေ၊ ပြည်တွင်းတော်လှန်ရေး၊ နိုင်ငံရေးအဖွဲ့အစည်းများက ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးခံထားရသော ပြည်သူ၊ နိုင်ငံရေးအကျဉ်းသားများအားလုံးကို ပြန်လွှတ်ပေးဖို့ အာဏာသိမ်းစစ်အုပ်စုကို ဖိအားပေးနေဆဲဖြစ်သည်။
အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် တော်လှန်ရေးအဖွဲ့အစည်းများကလည်း ဦးဝင်းမြင့်သည် နိုင်ငံတော်သမ္မတဖြစ်ကြောင်း၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် တရားမဝင်ကြောင်း ထုတ်ဖော်ပြောဆိုထားကြသည်။
ဓါတ်ပုံ - သမ္မတဦးဝင်းမြင့်တာဝန်ထမ်းဆောင်စဉ်ကာလတွင်တွေ့ရစဉ်/Supplied