
30/09/2024
■ သံတွဲမှာ စားနပ်ရိက္ခာနှင့်အတူ လေကြောင်း အန္တရာယ်ကို အလွန်စိုးရိမ်နေရ
BN| စက်တင်ဘာ ၃၀
ရခိုင်ပြည် သံတွဲမြို့နယ်မှာ ဒေသခံပြည်သူအပါအဝင် စစ်ရှောင်ပြည်သူတွေဟာ စားနပ်ရိက္ခာနဲ့အတူ လေကြောင်းအန္တရာယ်ကို အလွန်စိုးရိမ်နေရတယ်လို့ ဒေသခံပြည်သူတွေနဲ့ စစ်ရှောင်ကူညီထောက်ပံ့သူတွေက ပြောဆိုကြပါတယ်။
ဒေသတွင်း စီးပွားရေးလုပ်ငန်းတွေ ပျက်စီးသွားတာ၊ နေရပ်မပြန်နိုင်သေးတာတွေကြောင့် စစ်ရှောင်တွေနဲ့ ဒေသခံပြည်သူတွေမှာ ငွေသားရှားပါးပြီး စားဝတ်နေရေး ခက်ခဲနေကြတယ်လို့ စစ်ရှောင်ကူညီထောက်ပံ့နေသူတွေက ပြောပါတယ်။
အလုပ်အကိုင်မရှိလို့ ဝင်ငွေမရှိတာကြောင့် ဒေသခံပြည်သူတွေ စားဝတ်နေရေး ခက်ခဲနေတဲ့အပြင် ကူညီထောက်ပံ့မှုကလည်း ပြည့်ပြည့်စုံစုံမထောက်ပံ့နိုင်တာကြောင့် စားဝတ်နေရေး အရမ်းအခက်အခဲ ဖြစ်နေကြတယ်လို့ စစ်ရှောင်ကူညီသူတစ်ဦးက ဆိုပါတယ်။
စားရေးသောက်ရေးအပြင် ကျန်းမာရေးစောင့်ရှောက်မှုကလည်း လိုအပ်နေပြီး ယခုကာလမှာ ဆေးရုံးဆေးခန်း မဖွင့်လှစ်နိုင်လို့ ဒေသခံပြည်သူတွေ အိမ်တွင်းဖြစ်ဆေးနဲ့ ဖြစ်သလို ကုသ နေရတယ်လို့ သိရပါတယ်။
ငပလီမြို့ အပါအဝင် သံတွဲမြို့နယ်မှာ စစ်ရှောင်ပြည်သူ တစ်သောင်းကျော်ရှိပြီး အများစုက ငပလီကမ်းရိုးတန်းတစ်လျှောက်ရှိနေကာ နေရပ်မပြန်နိုင်သေးဘူးလို့ သိရပါတယ်။
စားနပ်ရိက္ခာနဲ့အတူ အထူးစိုးရိမ်နေရတာက လေကြောင်းအန္တရာယ်ဖြစ်ပြီး နေ့တိုင်းလိုလို သံတွဲဒေသကို စစ်ကောင်စီက ဂျက်တိုက်လေယာဉ်တွေ စေလွှတ်နေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၆ ရက် နံနက် ၈ နာရီလောက်က သံတွဲမြို့ပေါ်ကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ခဲ့လို့ အပြစ်မဲ့အရပ်သား ၁၄ ဦးသေဆုံးပြီး ၂၅ ဦးထက်မနည်း ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြပါတယ်။
တိုက်ပွဲဖြစ်ပွားတာမရှိဘဲ အရပ်သားပြည်သူတွေနေထိုင်တဲ့ မြို့ပေါ်ကို စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးနဲ့ တိုက်ခိုက်ခဲ့တာပါ။
စက်တင်ဘာ ၂၄, ၂၅, ၂၆ သုံးရက်အတွင်း တောင်ကုတ်၊ မြေပုံနဲ့ သံတွဲမြို့ကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သားပြည်သူ ၁၈ ဦး အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရပြီး ၃၆ ဦးထက်မနည်း ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြပါတယ်။
အာရက္ခတပ်တော် AA က စစ်ကောင်စီ အနေနဲ့ စစ်ကိုစစ်နှင့်တူအောင် တိုက်ဖို့ သတိပေးထားပြီး အရပ်သားတွေရှိတဲ့ မြို့ရွာတွေ ဘာသာရေးအဆောက်အဦး အပါအဝင် စာသင်ကျောင်း၊ ဆေးရုံးဆေးခန်းတွေကို မတိုက်ခိုက်ဖို့ ပြောဆိုထားပါတယ်။