Arakan Bay News-ABN

Arakan Bay News-ABN Arakan Bay News is an independence Arakan (Rakhine) local media company. Seek truth and Report it! For more information visit/ www.arakanbaynews.com/
(2)

Arakan Bay News is an independent and Arakan ake Rakhine local base news media company.

စစ်တွေမှ ထွက်ပြေး တိမ်းရှောင်စဉ် မူဆလင် မိသားစုဝင် ၆ ဦး အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်ခံရAB News - ဇွန် ၆၊ ၂၀၂၆ရက္ခိုင်ပြည်၊ စစ...
06/06/2026

စစ်တွေမှ ထွက်ပြေး တိမ်းရှောင်စဉ် မူဆလင် မိသားစုဝင် ၆ ဦး အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်ခံရ

AB News - ဇွန် ၆၊ ၂၀၂၆

ရက္ခိုင်ပြည်၊ စစ်တွေမြို့မှ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်ရန် ကြိုးပမ်းစဉ် မူဆလင်မိသားစုဝင် ခြောက်ဦး သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်ခံခဲ့ရကြောင်း ကျန်ရစ်သူများ နှင့် နီးစပ်သူများ၏ ပြောကြားချက်အရ သိရသည်။

သေဆုံးခဲ့ရသူများမှာ ရသေ့တောင်မြို့နယ်၊ စေတီပြင်ကျေးရွာ ရဲစခန်းတွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် အရာခံဗိုလ် (စာရေး) နုမောင်၏ သားဖြစ်သူ မောင်လှမြင့်၏ မိသားစုဝင်များဖြစ်ကြောင်း သိရသည်။

မောင်လှမြင့်နှင့် မိသားစုဝင် ၇ ဦးသည် သားသမီးများ၏ ကျန်းမာရေးအခြေအနေကြောင့် ၂၀၂၃ ခုနှစ်ခန့်ကတည်းက ဘူးသီးတောင်မြို့နယ်၊ ဘုရားပြင်အောင်ပဒေသမှ စစ်တွေမြို့သို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြပြီး ရန်ကုန်နှင့် စစ်တွေမြို့ရှိ ဆေးရုံများတွင် ဆေးကုသမှုခံယူခဲ့ကြသော်လည်း ကျန်းမာရေးအခြေအနေမှာ တိုးတက်ကောင်းမွန်လာခြင်း မရှိခဲ့ကြောင်း မိသားစုဝင်များက ပြောသည်။

စစ်တွေဒေသအတွင်း တိုက်ပွဲများ ပြင်းထန်လာပြီးနောက် ဘေးလွတ်ရာသို့ ထွက်ခွာရန် ပြောဆိုမှုများရှိခဲ့သော်လည်း စစ်​ရေးအခြေအနေကြောင့် မိသားစုဝင်များမှာ ဆက်လက် နေထိုင်ခဲ့ရကြောင်း သိရသည်။

၂၀၂၆ ခုနှစ် မေလ ၂၃ ရက် ည ၁၀ နာရီခန့်တွင် လူမမာဖြစ်နေသည့် သမီးကြီးကို ထမ်းပိုးကာ လှေရှိရာသို့ သွားရောက်နေစဉ် မိုးခြိမ်းလျှပ်စီးလက်၍ အလင်းရောင် ထွက်ပေါ်လာရာမှ စစ်ကော်မရှင် တပ်ဖွဲ့ဝင်များက တွေ့ရှိပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း မိသားစုဝင်များ က ပြောသည်။

နောက်တစ်နေ့တွင် အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိခဲ့သူများက အသက် ၄ နှစ်အရွယ် အငယ်ဆုံး သားငယ်တစ်ဦး အသက်ရှင်လျက်ရှိနေသည်ကို တွေ့ရှိခဲ့ကြောင်း သိရသည်။

မိသားစုနှင့် နီးစပ်သူတစ်ဦးက "မူဆလင်ပြည်သူ့စစ်နဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေ အဲဒီနေရာကို သွားကြည့်ရာမှာ အငယ်ဆုံးကလေးငယ်တစ်ယောက်က သူ့အဖေရဲ့ ခန္ဓာကိုယ်ကို ပွေ့ဖက်ပြီး အသက်ရှင်လျက်ရှိနေတာ တွေ့ခဲ့ရတယ်။ အဲ့ဒီကလေးကို အသက်ရှင်ခွင့်ပေးဖို့ မူဆလင် ပြည်သူ့စစ်တွေက တောင်းပန်ခဲ့ကြပေမယ့် စစ်ကော်မရှင် တပ်ဖွဲ့ဝင်တွေက ဒီကောင်ဟာ ရန်သူ၊ ဒီကောင်ကြောင့် ပြဿနာဖြစ်လာနိုင်တယ် လို့ ပြောပြီး သေဆုံးနေတဲ့ သူ့ဖခင်ရဲ့ ရင်ခွင်ပေါ်မှာပဲ သေနတ်နဲ့ နှစ်ကြိမ် ပစ်ခတ်သတ်ဖြတ်ခဲ့တယ်" ဟု ဆိုသည်။

၎င်းက ဆက်လက်၍ "သူတို့မှာ ရောဂါသည်တွေများပြီး ဝင်ငွေလည်း မရှိတော့ဘူး။ စစ်တွေမှာ အခြေအနေ ပိုဆိုးလာလို့ အသက်ရှင်နိုင်ဖို့ ထွက်ပြေးဖို့ပဲ စဉ်းစားခဲ့ကြတာပါ။ ဘယ်သူကမှ မိသားစုတစ်ခုလုံး ဒီလိုဆုံးရှုံးသွားလိမ့်မယ်လို့ မထင်ထားခဲ့ကြဘူး" ဟု ဆိုသည်။

ထို့နောက် သေဆုံးသူ ခြောက်ဦး၏ ရုပ်အလောင်းများကို တွင်းတစ်ခုအတွင်း မြှုပ်နှံခဲ့ပြီး မိသားစုထံတွင် ပါရှိသည့် ငွေသား ကျပ်သိန်း ၄၀ ကျော်၊ ရွှေလက်ဝတ်ရတနာများနှင့် အခြားပစ္စည်းများကိုလည်း ယူဆောင်သွားခဲ့ကြောင်း နီးစပ်သူများ၏ ပြောကြားချက်အရ သိရသည်။

လူမမာဖြစ်နေသည့် သမီးကြီးနှင့် လှေသမားများမှာ ကံကောင်းစွာဖြင့် လွတ်မြောက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ပွဲစားများက စစ်ကော်မရှင်၏ စစ်ဆေးရေးဂိတ်များကို ဖြတ်သန်းနိုင်ရေးအတွက် စီစဉ်ပေးမည်ဟုဆိုကာ ငွေကြေးများ ရယူခဲ့ပြီး လှေခနှင့် အခြားကုန်ကျစရိတ်များအပါအဝင် ငွေကျပ် ၁၇ သိန်းခန့် ရယူထားကြောင်း သိရသည်။

နောက်တွင် လူမမာဖြစ်နေသည့် သမီးဖြစ်သူကို ပြန်လည် ခေါ်ဆောင်ရန်အတွက် ထပ်မံ၍ ငွေကျပ် ၇ သိန်း တောင်းခံခဲ့ကြောင်း မိသားစုဝင်များက ဆိုသည်။

စစ်ဆေးရေးဂိတ်များကို ရှင်းလင်းပေးမည်ဟု လူပွဲစားများက ကတိပြုခဲ့သော်လည်း ယင်းကတိအတိုင်း ဆောင်ရွက်ခြင်းမရှိခဲ့သဖြင့် မိသားစုတစ်ခုလုံး အသက်ဆုံးရှုံးရသည့် အကြောင်းရင်းတစ်ရပ် ဖြစ်နိုင်ကြောင်း နီးစပ်သူများက စွပ်စွဲပြောဆိုထားသည်။

ကျန်ရစ်သူ မိသားစုဝင်တစ်ဦးက "လူပွဲစားတွေက စစ်ဆေးရေးဂိတ်တွေကို အဆင်ပြေအောင် လုပ်ပေးမယ်ဆိုပြီး ငွေယူခဲ့ကြတယ်။ အားလုံးက အသက်ရှင်ဖို့ မျှော်လင့်ချက်နဲ့ ထွက်ခဲ့ကြတာ။ အခုတော့ မိသားစုတစ်ခုလုံး ဆုံးရှုံးသွားရတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး အမှန်တရား ပေါ်ပေါက်စေချင်ပါတယ်" ဟု ဆိုသည်။

လက်ရှိတွင် မူဆလင်ပြည်သူ့စစ်အဖွဲ့များ နှင့် စစ်ကော်မရှင် တပ်ဖွဲ့ဝင်များသည် စစ်တွေမြို့မှ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရန် ကြိုးပမ်းနေသည့် ဒေသခံများအား သေနတ်ဖြင့် လိုက်လံပစ်ခတ်မှုများ ပြုလုပ်နေကြောင်း ဒေသခံများနှင့် နီးစပ်သူများက ပြောဆိုထားသည်။

ထို့ကြောင့် စစ်ဘေးတိမ်းရှောင်ရန် ကြိုးပမ်းနေသည့် အရပ်သားပြည်သူများ၏ လုံခြုံရေးအခြေအနေနှင့် ပတ်သက်၍ စိုးရိမ်မှုများ မြင့်တက်လျက်ရှိကြောင်း သိရသည်။

Photo - Hein Tun / AB News

နတ်မောက်-ကံပြားလမ်းတွင် စစ်ကော်မရှင် ဗိုလ်မှူးအပါအဝင် ၃ ဦးကို လက်နက်များနှင့်အတူ လက်ရဖမ်းဆီးAB News - ဇွန် ၆၊ ၂၀၂၆ မကွေး...
06/06/2026

နတ်မောက်-ကံပြားလမ်းတွင် စစ်ကော်မရှင် ဗိုလ်မှူးအပါအဝင် ၃ ဦးကို လက်နက်များနှင့်အတူ လက်ရဖမ်းဆီး

AB News - ဇွန် ၆၊ ၂၀၂၆

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နှင့် ကံပြားလမ်းပိုင်းတွင် စစ်ဆေးမှုများပြုလုပ်နေသည့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဇွန်လ ၁ ရက်နေ့ ညပိုင်းတွင် စစ်ကော်မရှင် ဗိုလ်မှူး၊ ဗိုလ်ကြီးနှင့် တပ်ကြပ်ကြီးတို့ကို လက်နက်များနှင့်အတူ အရှင်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၁ ရက်နေ့၊ ည ၇ နာရီ၊ ၄၀ မိနစ်အချိန်ခန့်တွင် နတ်မောက်-ကံပြား လမ်းပိုင်း၌ တော်လှန်ရေးတပ်ဖွဲ့များက ရှောင်တခင် စစ်ဆေးမှုများ ပြုလုပ်နေစဉ် သံသယဖြစ်ဖွယ် မော်တော်ယာဉ်တစ်စီးကို တွေ့ခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ဒေသခံတော်လှန်ရေးတပ်ဖွဲ့ဝင်များက ၎င်းယာဉ်ကို တားဆီးစစ်ဆေးရန် ကြိုးပမ်းစဉ် ယာဉ်ပေါ်ပါလာသည့် စစ်ကော်မရှင် ဗိုလ်မှူးဆိုသူက ၎င်း၏အိတ်အတွင်းမှ ပစ္စတိုအား ဆွဲထုတ်ခဲ့ပြီး တပ်ကြပ်ကြီးစာရေးဆိုသူကလည်း လက်ပစ်ဗုံးကို ကိုင်ဆောင်ကာ ခုခံရန် ကြိုးစားခဲ့ကြောင်း သိရသည်။

ထို့နောက် တော်လှန်ရေးတပ်ဖွဲ့ဝင်များက ယာဉ်ကို ဝိုင်းဝန်းပိတ်ဆို့ကာ ပစ်ခတ်ရန် အသင့်ချိန်ရွယ်၍ လျင်မြန်စွာ ထိန်းချုပ်နိုင်ခဲ့သဖြင့် ၎င်းတို့ ၃ ဦးလုံးကို ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ လက်ရအရှင် ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။

ဖမ်းဆီးရမိသည့် စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၃ ဦးမှာ အဖ ဦးမြင့်လွင်နှင့် မိခင် ဒေါ်တင်တင်ဝင်းတို့၏သား စစ်တက္ကသိုလ်အပတ်စဉ် - ၅၁ (DSA 51)မှ ကိုယ်ပိုင်နံပါတ် - ကြည်း ၅၃၃၇၆ ဗိုလ်မှူး အောင်ဖြိုးဝေ ဖြစ်ပြီး ၎င်းသည် ရဲမွန်အခြေစိုက် ခမရ (၂၁၅) မှ ဖြစ်သည်။

အဖ ဦးမြ နှင့် မိခင် ဒေါ်ညွန့်၏သား ကိုယ်ပိုင်နံပါတ် - ၉၉၇၂၅၂ တပ်ကြပ်ကြီးစာရေး မျိုးဦး မှာ ကျောက်ကြီးအခြေစိုက် ခမရ (၃၅၁) တပ်ရင်းဆင်းဖြစ်ပြီး လက်ရှိတွင် မုန်းမြို့အခြေစိုက် ခမရ ၅၉၉တွင် တာဝန်ကျနေသူဖြစ်သည်။

အဖ ဦးလှိုင်ဝင်းနှင့် မိခင်ဒေါ်လှလှထွေးတို့၏သား ကိုယ်ပိုင်နံပတ် ကြည်း- ၇၃၈၁၀ ဗိုလ်ကြီး ပြည့်စုံအောင်မှာ ဝန်းသိုအခြေစိုက် ခမရ (၁၂၀) တပ်ရင်းဆင်းဖြစ်ပြီး လက်ရှိတွင် မုန်းမြို့အခြေစိုက် ခမရ ၅၉၉ တွင် တာဝန်ထမ်းဆောင်နေသူဖြစ်သည်။

၎င်းတို့စီးနင်းလာသည့် မော်တော်ယာဉ် နောက်ဖုံးကို ဆက်လက်ရှာဖွေစစ်ဆေးရာတွင် ကပစ ထုတ် ပစ္စတိုသေနတ်အဟောင်း ၁၉ လက် ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ရှောင်တခင်စစ်ဆေးမှုနှင့် ဖမ်းဆီးမှု Mission ကို ဒေသခံတော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် Aung San's Land Natmauk နှင့် မဟာမိတ်တပ်ဖွဲ့ဖြစ်သော ငါးပြေမပြောက်ကျားတပ်ဖွဲ့ တို့က ပူးပေါင်းကာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရှိရသည်။

သို့သော်လည်း ဖမ်းဆီးရမိထားသည့် စစ်သုံ့ပန်းများနှင့် ပတ်သက်၍ ဆက်လက်လုပ်ဆောင်မည့် လုပ်ငန်းစဉ်များကိုမူ တော်လှန်ရေးတပ်ဖွဲ့များဘက်မှ အသေးစိတ် ထုတ်ပြန်ထားခြင်း မရှိသေးပေ။

Photo - Aung San's land Natmauk

ဘင်္ဂလားဒေ့ရှ်ရှိ မူဆလင်ဒုက္ခသည်စခန်းအတွင်း အမျိုးသား ၂ ဦးအား မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိAB News - ဇွန် ၆၊ ၂၀၂၆ဘ...
06/06/2026

ဘင်္ဂလားဒေ့ရှ်ရှိ မူဆလင်ဒုက္ခသည်စခန်းအတွင်း အမျိုးသား ၂ ဦးအား မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ

AB News - ဇွန် ၆၊ ၂၀၂၆

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အုခီးယားမြို့နယ်အတွင်းရှိ မူဆလင်ဒုက္ခသည်စခန်းမှ မူဆလင် အမျိုးသား ၂ ဦးကို ဇွန်လ ၅ ရက်နေ့က မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိကြောင်း သိရသည်။

ဖမ်းဆီးခံရသူ ၂ ဦးမှာ ဘိုတာလာ FDMN ဒုက္ခသည်စခန်း (Block-21၊ B-3) တွင် နေထိုင်သည့် အာမီယာဟူစိန်၏ သားဖြစ်သူ ကီဖာယက်အူလာ (၃၀)နှစ် နှင့် မာလ်ဗီ ရက်ဖီယာ၏ သား ဟိုဘာယက် (၁၈) နှစ် တို့ ဖြစ်ကြောင်း သိရသည်။

၎င်းတို့ ၂ ဦးသည် နယ်နိမိတ်မှတ်တိုင် BRM-18 အနီးရှိ BGB တပ်စခန်းအနီးသို့ ရောက်ရှိစဉ် တာဝန်ရှိသူများအား မြင်၍ ထွက်ပြေးရန် ကြိုးပမ်းခဲ့ကြရာမှ နယ်ခြားစောင့်တပ်ဖွဲ့၏ ဝိုင်းဝန်းဖမ်းဆီးခြင်းကို ခံခဲ့ရခြင်း ဖြစ်သည်။

၎င်းတို့အား အသေးစိတ် ရှာဖွေစစ်ဆေးခဲ့ရာ လေလုံစေရန် ထုပ်ပိုးထားသည့် အပြာရောင်အထုပ်ကြီး ၂ ထုပ်ကို တွေ့ရှိခဲ့ပြီး အဆိုပါအထုပ်များအတွင်းမှ ယာဘ (Yaba) မူးယစ်ဆေးပြား အရေအတွက် ၆၀,၀၀၀ ခန့်ကို သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ဖမ်းဆီးရမိသည့် ယာဘဆေးပြားများနှင့်အတူ ပြစ်မှုကျူးလွန်သူ ၂ ဦးအား အရေးယူဆောင်ရွက်နိုင်ရန်အတွက် တက္ကနက်ဖ် (Teknaf) ရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံပေးထားကြောင်း သိရသည်။

ဓာတ်ပုံ - Teknaf Today

လေးတောင်မြို့ကို စစ်ကော်မရှင်က လက်နက်ကြီးပစ်ခတ်မှုအပါအဝင် ဒရုန်းအသုံးပြု တိုက်ခိုက်မှုကြောင့် ရေနံလုပ်သားတစ်ဦး သေဆုံးAB ...
06/06/2026

လေးတောင်မြို့ကို စစ်ကော်မရှင်က လက်နက်ကြီးပစ်ခတ်မှုအပါအဝင် ဒရုန်းအသုံးပြု တိုက်ခိုက်မှုကြောင့် ရေနံလုပ်သားတစ်ဦး သေဆုံး

AB News - ဇွန် ၆ ၊ ၂၀၂၆

ရက္ခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ လေးတောင်မြို့ကို ယမန်နေ့ ဇွန်လ ၅ ရက်နေ့၊ ညနေပိုင်းအချိန်တွင် စစ်ကော်မရှင်တပ်က ဒရုန်းအပါအဝင် ရေတပ်နေဗီများမှ လက်နက်ကြီးပစ်ခတ် တိုက်ခိုက်မှုကြောင့် ရေနံလုပ်သားလူငယ်တစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

သေဆုံးသူမှာ လေးတောင်မြို့တွင် ရေနံလာရောက်လုပ်ကိုင်နေသည့် ကျောက်ဖြူမြို့နယ်၊ ကျောက်ပြောက်ရွာသား အသက် (၁၉) နှစ်အရွယ် မောင်ကြည်အေး ဖြစ်ကြောင်း သိရသည်။

စစ်ကော်မရှင်တပ်သည် လေးတောင်မြို့၊ အမှတ် (၂) ရပ်ကွက်၊ တောလယ်ရပ်ရှိ ရေနံထွက်ရာ တောတန်းဝန်းကျင်သို့ ယမန်နေ့ ညနေ ၅ နာရီကျော်အချိန်တွင် အသေခံဒရုန်းဖြင့် (၄) ကြိမ်တိုင်တိုင် ဗုံးကြဲခဲ့သည့်အပြင် ဆန်တက်မော်တံတားဝနှင့် ဇင်ချောင်းဘောင်လန်တောင်ကြားရှိ နေဗီသင်္ဘောများမှလည်း လက်နက်ကြီးများဖြင့် ၇ ကြိမ်ထက်မနည်း ထပ်မံပစ်ခတ်ခဲ့ကြောင်း သိရသည်။

ယင်းသို့ ပစ်ခတ်မှုကြောင့် ရေနံတွင်း၌ အလုပ်လုပ်ကိုင်နေသည့် မောင်ကြည်အေးတွင် ဘယ်ဘက်ရင်အုံတွင် ဒရုန်းစ ထိမှန်၍ ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသခံယူရန် သွားစဉ် လမ်းခုလတ်နေရာ၌ပင် သေဆုံးခဲ့ရသည်။

ပြီးခဲ့သည့် ဇွန်လ ၁ ရက်နှင့် ၄ ရက်နေ့တွင်လည်း စစ်ကော်မရှင်တပ်၏ လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ရမ်းဗြဲမြို့နယ်အတွင်းရှိ ကြောင်းချစစ်ဘေးရှောင်စခန်းနှင့် လေးတောင်မြို့နယ်၊ စပါးတုံရွာတို့မှ အရပ်သား ၂ ဦး သေဆုံးကာ ၅ ဦး ဒဏ်ရာရရှိခဲ့သည်။

Photo - GEM

_Town

ဘင်္ဂလားဒေ့ရှ်မှ ရက္ခိုင်ပြည်သို့ ဘိလပ်မြေအိတ် မှောင်ခိုတင်သွင်းလာသည့် မူဆလင် ၅၂ ဦး ဖမ်းဆီးခံရAB News - ဇွန် ၆ ၊ ၂၀၂၆ ဘင...
06/06/2026

ဘင်္ဂလားဒေ့ရှ်မှ ရက္ခိုင်ပြည်သို့ ဘိလပ်မြေအိတ် မှောင်ခိုတင်သွင်းလာသည့် မူဆလင် ၅၂ ဦး ဖမ်းဆီးခံရ

AB News - ဇွန် ၆ ၊ ၂၀၂၆

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားခရိုင်မှ ရက္ခိုင်ပြည်ဘက်သို့ ငါးဖမ်းစက်လှေများဖြင့် ဘိလပ်မြေအိတ် ၁,၄၀၀ ကျော် မှောင်ခိုတင်သွင်းလာသည့် မူဆလင် ၅၂ ဦးကို ဇွန်လ ၅ ရက်နေ့၊ ညနေပိုင်းအချိန်တွင် ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့်တပ် (BCG) က ဖမ်းဆီးလိုက်ကြောင်း ဒေသတွင်းသတင်းများအရ သိရှိရသည်။

ဘင်္ဂလားပင်လယ်အော်အတွင်းရှိ စိန့်မာတင်ကျွန်းအနီး ကင်းလှည့်နေသည့် ကမ်းခြေစောင့်တပ်ဖွဲ့သည် သံသယဖြစ်ဖွယ် ငါးဖမ်းစက်လှေများကို တားဆီးစစ်ဆေးရာမှ ဤကဲ့သို့ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဘိလပ်မြေအိတ်များ တင်ဆောင်လာသည့် ငါးဖမ်းလှေ ၂ စင်းနှင့်အတူ မူဆလင် ၂၂ ဦးကို ကနဦး ဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်အရ ဆက်လက်ရှာဖွေရာ နောက်ထပ် ဘိလပ်မြေတင်လှေ ၃ စင်းနှင့် မူဆလင် ၃၀ ဦးကို ထပ်မံဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ငါးဖမ်းစက်လှေ ၅ စင်း၊ ဘိလပ်မြေအိတ် ၁,၄၅၀ အိတ်နှင့်အတူ မူဆလင် ၅၂ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ကမ်းခြေစောင့်တပ်ဖွဲ့က ဆိုထားသည်။

ကမ်းခြေစောင့်တပ် မီဒီယာအရာရှိ Shabbir Alam Sujan ၏ ပြောကြားချက်အရ ရက္ခိုင်ပြည်ဘက်တွင် ဘိလပ်မြေအိတ်များ စျေးကောင်းရရှိပြီး အကျိုးအမြတ် ပိုမိုရရှိနေသည့်အတွက် ဤကဲ့သို့ မှောင်ခိုသယ်ဆောင်ခြင်းဖြစ်ကြောင်း ဆိုသည်။

လက်ရှိတွင် BCG က ဖမ်းဆီးရမိသည့် သက်သေခံပစ္စည်းများနှင့် တရားခံများကို ဥပဒေအရ အရေးယူနိုင်ရန် တက်နက်ဖ် (Teknaf) ရဲစခန်းသို့ လွှဲပြောင်းထားကြောင်း သိရပြီး ဘင်္ဂလားဒေ့ရှ်သတင်းများ၏ ဖော်ပြချက်အရ ပြီးခဲ့သည့် မေလ တတိယအပတ်မှ ဇွန်လ ၅ ရက်နေ့အထိ ဘင်္ဂလားဒေ့ရှ်-ရက္ခိုင်နယ်စပ် ပင်လယ်ပြင်အတွင်း ဘိလပ်မြေအိတ် ၅၀၀၀ နီးပါးနှင့်အတူ မှောင်ခိုကူးသူ မူဆလင် ၉၀ နီးပါးအထိ ဖမ်းဆီးရမိထားကြောင်း သိရသည်။

Photo - The Daily Times of Bangladesh

မြောက်ဦးမြို့နယ်တွင် သက်ကြီးပိုင်းအမျိုးသမီးတစ်ဦးအား အသက် ၁၆ နှစ်အရွယ် လူငယ်မှ လိင်ပိုင်းဆိုင်ရာစော်ကားရန် ကြံစည်မှုဖြစ်...
06/06/2026

မြောက်ဦးမြို့နယ်တွင် သက်ကြီးပိုင်းအမျိုးသမီးတစ်ဦးအား အသက် ၁၆ နှစ်အရွယ် လူငယ်မှ လိင်ပိုင်းဆိုင်ရာစော်ကားရန် ကြံစည်မှုဖြစ်ပွား

AB News - ဇွန် ၆၊ ၂၀၂၆

မြောက်ဦးမြို့နယ်တွင် အသက် ၅၈ အရွယ် အမျိုးသမီးကြီးအား အသက် ၁၆ နှစ်အရွယ် လူငယ်မှ လိင်ပိုင်းဆိုင်ရာစော်ကားရန် ကြံစည်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၂၇ ရက်နေ့၊ ညနေ ၄ နာရီခန့်အချိန်က မြောက်ဦးမြို့နယ်၊ ကျွဲတဲကျေးရွာတွင် အသက် ၅၈ နှစ်အရွယ် ဒေါ်အေးအေး(အမည်လွှဲ) အား အသက် (၁၆) နှစ် အရွယ် မောင်ငြိမ်းကျော် မှ လိင်ပိုင်းဆိုင်ရာစော်ကားရန် ကြိုးစားခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ ကျွဲတဲကျေးရွာမှ ဦးသိန်းမောင်၏ ကွမ်းသီးခြံတွင် ခြံစောင့်အဖြစ် လုပ်ကိုင်နေသော ဒေါ်အေးအေး အား အဆိုပါ ကျူးလွန်ရန်ကြံစဥ်သူ လူငယ်က ကျေးရွာမှ ကွမ်းသီးခြံသို့ အပြန်လမ်းတွင် ကြံစဥ်ခဲ့ခြင်းဖြစ်ကြောင်း ဒေါ်အေးအေး က ဆိုသည်။

ကျွဲတဲရွာအနီးရှိ တန်းပျင်းကြီးကျေးရွာတွင် နေမကောင်းဖြစ်နေသည့် သားဖြစ်သူထံသို့ လူနာသတင်းမေးရာမှ ပြန်လာချိန်တွင် လိင်ပိုင်းဆိုင်ရာ စော်ကားရန် ကြံစည်ခံခဲ့ရခြင်းဖြစ်ကြောင်း ဒေါ်အေးအေး က AB News သို့ ပြောသည်။

''တစ်ဖက်ရွာမှာရှိတဲ့ အဒေါ်ရဲ့ သားက ကိုယ်တခြမ်း လေဖြတ်နေတယ်ဆိုလို့ လူနာသတင်းသွားမေးတာပါ။ အဲ့ဒီကနေ ကွမ်းသီးခြံကို ပြန်အလာ ညနေ ၄ နာရီလောက်ရှိမယ် ထင်တယ်။ ရွာက အထွက်မှာ မိုးရွာလာလို့ နွားတင်းကုပ်မှာ အဒေါ်က မိုးခိုနေပါတယ်။ အဲ့ချိန်မှာ သူလည်းရောက်လာပြီး မိုးခိုတယ်။ ခဏကြာ မိုးနည်းနည်းတိတ်သွားတော့ ဆက်သွားမလို့အလုပ်မှာ နောက်ကနေ တကောက်ကောက်လိုက်လာပြီး ဆွဲလားရမ်းလားလုပ်ပြီးတော့ အဓမ္မပြုကျင့်ဖို့ကြံခဲတာ။ အဲ့ဒီအချိန်မှာ အ‌ဒေါ်က အော်လိုက်တော့ ထွက်ပြေးသွားတယ်” ဟု ဆိုသည်။

ဤကဲ့သို့ ကြံစဥ်မှု ဖြစ်ပွားပြီးနောက် ကွမ်းသီးခြံပိုင်ရှင်နှင့်အတူ ဒေါ်အေးအေးမှာ ရပ်ရွာအုပ်ချုပ်ရေးမှူးထံတွင် သွားရောက်တိုင်ကြားခဲ့ကြောင်း အသက် ၇၃ နှစ်အရွယ် ကွမ်းသီးခြံပိုင်ရှင် ဦးသိန်းမောင် က ဆိုသည်။

"သူက ကျနော့်ကို အခုလို့ဖြစ်ခဲ့တယ်ဆိုတာ ပြန်ပြောပြတယ်။ ကျနော်က ဒီကိစ္စဟာ အခုလိုမျိုး ထားလိုက်လို့မဖြစ်ဘူး။ အခုလိုထားလိုက်လို့ နောက်နှောင်ဖြစ်လာမှာကိုလည်း စိုးရိမ်ရတယ်။ ဒါ့ကြောင့် ရပ်ရွာအုပ်ချုပ်ရေးမှုဆီကို သွားတိုင်ရမယ်ဆိုပြီး သူနဲ့သွားတိုင်ခဲ့ကြပါတယ်” ဟု ဆိုသည်။

အဆိုပါ ဒေါ်အေးအေးမှာ ယောင်္ကျားဖြစ်သူနှင့်အတူ ယင်းကွမ်းသီးခြံတွင် တစ်နှစ်လျှင် စပါး တောင်း ၁၀၀ ခန့်ဖြင့် ခြံစောင့်အဖြစ် အငှားလုပ်ကိုင်နေခြင်းဖြစ်သည်။

လက်ရှိတွင် ၎င်းကြံစဥ်မှုကို ကျူးလွန်ရန် ကြံစဥ်သူ မောင်ငြိမ်းကျော် မှ ဒေါ်အေးအေး ထံသို့ မိဘများနှင့်အတူ လာရောက်ပြီး ဝန်ခံတောင်းပန်ခဲ့သောကြောင့် ကျေးရွာအုပ်ချုပ်ရေးမှုထံတွင် ခံဝန်လက်မှတ်ထိုးကာ ကျေအေးလိုက်ကြောင်း ဒေါ်အေးအေး က ပြောသည်။

ရက္ခိုင်တွင် လိင်ပိုင်းဆိုင်ရာစော်ကားခံရမှုမြင့်တက်နေမှုအပေါ် ဒေသခံများကြားတွင် စိုးရိမ်ပူပန်မှုများ မြင့်တက်နေကြောင်းနှင့် လိင်ပိုင်းဆိုင်ရာ အသိပညာပေးမှုများ ပြုလုပ်ပေးရန် အရေးတကြီးလိုအပ်နေကြောင်းကို အမည်မဖော်လိုသည့် ဒေသခံဆရာမတစ်ဦးက AB News သို့ ပြောသည်။

"အခုနောက်ပိုင်းမှာ လိင်ပိုင်းဆိုင်ရာ စော်ကားခံရတဲ့အကြောင်းတွေက တစ်လပြီး တစ်လ၊ တစ်မှုပြီး တစ်မှု များလာတယ်။ ပြီးတော့ ကျောင်းနေအရွယ်ကလေးတွေကလည်း အခုလိုကာလမှာ အခြေအနေတွေအမျိုးမျိုးကြောင့် ကျောင်းနဲ့ ဝေးနေတာတွေ၊ ကျောင်းနေတဲ့ကလေးတွေဆိုရင်လည်း ကျောင်းတက်ချိန်တွေမှာဆိုရင်တောင် ကျောင်းကိုမရောက်ပဲ starlink ဆိုင်တွေကို သွားပြီး အင်တာနက်သုံးနေတာတွေ၊ အင်တာနက်ပေါ်ကနေ သူတို့အသက်အရွယ်နဲ့ မသင်တော်တဲ့အရာတွေကို ကြည့်ကြတာတွေကြောင့်လည်း ပါမယ်ထင်ပါတယ်။ နောက်ပြီး ကျောင်းသင်ခန်းစာတွေမှာလည်း s*x education တွေကို အရေးတယူသင်ကြားပေးတာမျိုး၊ ရပ်ရွာတွေမှာလည်း လိင်ပိုင်းဆိုင်ရာ အသိပညာပေးမှုတွေကိုလည်း ဂရုတစိုက်နဲ့ လုပ်ဆောင်ပေးစေချင်ပါတယ်” ဟု ၎င်း ကဆိုသည်။

ပြီးခဲ့သည့် ဧပြီလ ၁၄ ရက်နေ့ကလည်း ကျောက်တော်မြို့နယ်၊ သရက်တပင်အုပ်စု၊ ကျောက်တလုံးကျေးရွာမှ အသက်မပြည့်သေးသော ညီအစ်မ ၂
နှစ်ဦးအား ယာခင်းပိုင်ရှင်မှ လိင်ပိုင်းဆိုင်ရာစော်ကားမှု ကျူးလွန်ခဲ့ကြောင်း သိရသည်။

ရက္ခိုင်တွင် ၂၀၂၆ ခုနှစ်၊ ၁ လပိုင်းမှ ၅ လပိုင်းအထိ မုဒိမ်းမှု ၈ မှုအထိ ဖြစ်ပွားခဲ့ပြီး ၇ မှုမှာ သက်ငယ်မုဒိမ်းမှုများ ဖြစ်နေသည်ကို တွေ့ရှိရသည်။

06/06/2026

ပေါက်မြို့နယ်အတွင်း စခန်းကျ ထွက်ပြေးသည့် ပျူစောထီးနှင့် မိသားစုဝင် ၇၀ ကျော် ဖမ်းဆီးထိန်းသိမ်းခံရ

AB News - ဇွန် ၆၊ ၂၀၂၆

မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်းရှိ စစ်ကော်မရှင်လက်အောက်ခံ ကုက္ကိုစု၊ ပျူစောထီးရွာ ကျဆုံးခဲ့ပြီးနောက် လက်နက်ချခြင်းမရှိဘဲ ထွက်ပြေးတိမ်းနေသော ပျူစောထီးအဖွဲ့ဝင်များနှင့် မိသားစုဝင် ၇၀ ကျော်ကို အညာမြေတပ်ပေါင်းစုက ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ယနေ့ ဇွန်လ ၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ပေါက်မြို့နယ်တွင်းရှိ စစ်ကော်မရှင် ကျောထောက်နောက်ခံ ပေါက်ကိုယ်တော်(ခေါ်) အာရိယာဝံသ အဓိက အားထားရာ အမာခံစခန်းဖြစ်သည့် ကုက္ကိုစု ပျူစောထီးရွာကို တော်လှန်ရေးတပ်ဖွဲ့များက ဇွန်လ ၄ ရက်နေ့တွင် အပြီးသတ်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။

ဖမ်းဆီးရမိသူများသည် အစောပိုင်းတွင် လက်နက်ချရန် ငြင်းဆန်ခြင်းနှင့် ပြန်လည်ခုခံမှုများ ရှိခဲသော်လည်း လက်ရှိတွင် ဂျီနီဗာကွန်ဗင်းရှင်း(Geneva Conventions)၊ နိုင်ငံတကာ စစ်သုံ့ပန်းဥပဒေများနှင့်အညီ ဘေးကင်းစွာ စောင့်ရှောက်ထိန်းသိမ်းထားကြောင်း အညာမြေတပ်ပေါင်းစုက ထုတ်ပြန်ထားသည်။

ကုက္ကိုစု၊ ပျူစောထီးရွာ ကျဆုံးခဲ့ပြီးနောက် ပျူစောထီးအဖွဲ့ဝင်များနှင့် ၎င်းတို့၏ မိသားစုဝင်များသည် မြိုင်မြို့နယ်အခြေစိုက် စစ်ကော်မရှင်၏ အမှတ် ၂ ကာကွယ်ရေးပစ္စည်းစက်ရုံ(မြိုင်စက်မှု-၂) ဘက်သို့ ထွက်ပြေးရန် ကြိုးစားခဲ့ကြောင်း သိရသည်။

ထို့ကြောင့် အညာမြေတပ်ပေါင်းစုအပါအဝင် ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့များက ကင်းထောက်ခြင်းနှင့် တောနင်းရှာဖွေမှု ပြုလုပ်ခဲ့ရာ ယမန်နေ့ ဇွန်လ ၅ ရက်၊ ည ၇ နာရီအချိန်ခန့်တွင် ပေါက်မြို့နယ်အတွင်း ထွက်ပြေးသူများကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရုပ်သံ - အညာမြေတပ်ပေါင်းစု

၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် အာရက္ခအမျိုးသားပညာရေး၏ အထက်တန်းအဆင့် Grade-12 စာမေးပွဲ အောင်စာရင်းထွက်ရှိAB News - ဇွန် ၅၊ ၂၀၂...
05/06/2026

၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် အာရက္ခအမျိုးသားပညာရေး၏ အထက်တန်းအဆင့် Grade-12 စာမေးပွဲ အောင်စာရင်းထွက်ရှိ

AB News - ဇွန် ၅၊ ၂၀၂၆

အာရက္ခအမျိုးသား ပညာရေးဌာန(ဗဟို)၊ အာရက္ခအမျိုးသားစာစစ်အဖွဲ့က ရက္ခိုင်ပြည်အတွင်း ကျင်းပခဲ့သည့်အထက်တန်းအဆင့် Grade-12 စာမေးပွဲအောင်စာရင်းသည် ယနေ့ ဇွန်လ ၅ ရက်တွင် ထွက်ရှိခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ကျောင်းတွင်းစစ်စာမေးပွဲ အောင်စာရင်းသည် ပြီးခဲ့သည့် အပတ်က ထွက်ရှိခဲ့ကြောင်း သိရပြီး ၂ဝ၂၅-၂ဝ၂၆ ပညာသင်နှစ်အတွက် အထက်တန်းအဆင့် Grade-12 စာမေးပွဲအောင်စာရင်းသည် ယနေ့တွင် ထွက်ရှိခဲ့ကြောင်း ကျောင်းသားမိဘများက အတည်ပြုပြောဆိုသည်။

"Grade 12 စာမေးပွဲကို အာရက္ခအမျိုးသားပညာရေးဌာန(ဗဟို)က ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ဒုတိယပတ်အတွင်း စစ်ဆေးခဲ့တာဖြစ်ပြီး KG ကနေ Grade 11 အထိ ကျောင်းတွင်းစစ်စာမေးပွဲကို ပြီးခဲ့တဲ့ မတ်လနောက်ဆုံးပတ်မှာ စစ်ဆေးခဲ့တာပါ။ တစ်မြို့နယ်လုံးအောင်ချက်၊ တစ်ပြည်လုံးအောင်ချက်ရာနှုန်းကိုတော့ မသိရသေးဘူး" ဟု Grade 12 ကျောင်းဆရာတစ်ဦးက ဆိုသည်။

လက်ရှိ ထုတ်ပြန်ခဲ့သည့် (Grade-12) အောင်စာရင်းများ၌ အောင်မြင်သော ကျောင်းသားဦးရေနည်းပါးကြောင်း သိရှိရပြီး တစ်ပြည်လုံးအတိုင်းအတာဖြင့် အောင်ချက်ရာခိုင်နှုန်းကိုမူ အတိကျမသိရှိရသေးပေ။

အကြမ်းဖက် စစ်ကော်မရှင်တပ်က စာသင်ကျောင်းများကိုပါ ဗုံးကြဲ တိုက်ခိုက်နေမှုကြောင့် ၂၀၂၃ ခုနှစ် မှစ၍ ရက္ခိုင်ပြည်တွင်း၌ ကျောင်းနေအရွယ် ကလေးငယ်များသည် စာသင်ကျောင်းအခြေပြုပညာသင်ကြားနိုင်ခြင်း မရှိတော့ဘဲ အဆင်ပြေသည့်ပုံစံဖြင့် သင်ကြားနေရခြင်းဖြစ်သည်။

ထို့ကြောင့် အာရက္ခတပ်တော် ထိန်းချုပ်နယ်မြေများတွင်၂၀၂၄-၂၀၂၅ ပညာသင်နှစ်မှစ၍ ကျောင်းတွင်းစစ်စာမေးပွဲနှင့် အထက်တန်းအဆင့် စာမေးပွဲများကို ကြီးမှူးကျင်းပပေးနေရခြင်းဖြစ်ကြောင်း သိရှိရသည်။

ပုံစာ - ၂၀၂၃ ခုနှစ်၊ ဇွန်လအတွင်း ပေါက်တောမြို့ အထကကျောင်းရှေ့မြင်ကွင်း။ (ဓာတ်ပုံ - MOI)

#အာရက္ခအမျိုးသားပညာရေး

ရက္ခိုင်တွင် ကျောင်းသုံးစာအုပ်နှင့် စာရေးကိရိယာများ စျေးမြင့်တက်နေမှုကြောင့် ကျောင်းသားအချို့ ကျောင်းထွက်ရမည့်အခြေအနေနှင...
05/06/2026

ရက္ခိုင်တွင် ကျောင်းသုံးစာအုပ်နှင့် စာရေးကိရိယာများ စျေးမြင့်တက်နေမှုကြောင့် ကျောင်းသားအချို့ ကျောင်းထွက်ရမည့်အခြေအနေနှင့် ရင်ဆိုင်နေရ

AB News - ဇွန် ၅၊ ၂၀၂၆

ရက္ခိုင်ပြည်၏ လက်ရှိ စစ်ရေး၊ နိုင်ငံရေးပဋိပက္ခနှင့် လမ်းပမ်းဆက်သွယ်ရေး အခက်အခဲများကြောင့် ကုန်စျေးနှုန်းများ အဆမတန် မြင့်တက်နေပြီး လက်လုပ်လက်စား မိသားစုများအနေဖြင့် ၎င်းတို့၏ သားသမီးများကို ကျောင်းဆက်မထားနိုင်ဘဲ ကျောင်းထုတ်လိုက်ရသည့် အခြေအနေများအထိ ကြုံတွေ့နေရကြောင်း သိရသည်။

“ကျမမှာက ပညာသင်အရွယ် ကျောင်းသား ၄ ယောက်ရှိတယ်။ ၇ တန်း ၂ ယောက်၊ ၉ တန်း ၁ ယောက်၊ ၁၂ တန်း ၁ ယောက်ပါ။ ဒါပေမဲ့ ကျောင်းသုံးစာအုပ်နဲ့ စာရေးကိရိယာတွေက အလွန်စျေးကြီးနေတော့ ၇ တန်း ၂ ယောက်ကို ကျူရှင်မထားဘဲ ခေတ္တရပ်နားထားရတယ်။ ကျောင်းကြီးဖွင့်ရင် စာအုပ်တွေ အကူအညီရမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ပေါ့။ ၉ တန်းနဲ့ ၁၂ တန်း ၂ ယောက်ကိုတော့ မနှစ်က တက်ထားတဲ့ သူတွေရဲ့ စာအုပ်တွေကို ဝယ်ပြီး ပေးတက်နေရတယ်။ အခက်အခဲဆိုတာကတော့ အကုန်လုံးပါပဲ။ ကျမက တစ်ကိုယ်တည်းသမားဆိုတော့ အစစအရာရာ ရုန်းကန်နေရတယ်။ ဒါကြောင့် ကျောင်းသုံးစာအုပ်တွေ၊ စာရေးကိရိယာပစ္စည်းကိရိယာတွေ ထောက်ပံ့ပေးမယ်ဆိုရင်တော့ နည်းနည်းအဆင်ပြေမယ်” ဟု မိခင်ဖြစ်သူ မပိုးဝါဖြူက AB News သို့ ပြောသည်။

လက်ရှိတွင် ပုံမှန်ကျောင်းဖွင့်ရာသီ ဇွန်လသို့ ရောက်ရှိနေပြီဖြစ်ပြီး ဈေးကွက်အတွင်း ကျောင်းသုံးစာအုပ်စျေးနှုန်းများမှာ KG တန်း ကျောင်းသုံးစာရေးစာအုပ် ၆ အုပ်ကို ၂၅,၀၀၀ ကျပ်အထိ ရှိနေသည်ကို တွေ့ရှိရသည်။

ထို့အပြင် မူလတန်းအဆင့် (Grade 1 မှ Grade 5) စာအုပ်အတွဲများမှာ ၃၀,၀၀၀ ကျပ်မှ ၅၀,၀၀၀ ကျပ်အထိ ရှိပြီး၊ အလယ်တန်းနှင့် အထက်တန်းအဆင့် (Grade 6 မှ Grade 12) ကျောင်းသုံးစာအုပ်အတွဲများမှာ အနည်းဆုံး ၅၅,၀၀၀ ကျပ်မှ အမြင့်ဆုံး ၈၀,၀၀၀ ကျပ်အထိ အသီးသီး စျေးနှုန်းမြင့်တက်လျက်ရှိနေသည်။

ဤကဲ့သို့ ကျောင်းသုံးစာအုပ်၊ ဗလာစာအုပ်နှင့် စာရေးကိရိယာများ၏ ဈေးနှုန်းများ အလွန်မြင့်တက်နေမှုကြောင့် ယခုနှစ်တွင် သားသမီး ၅ ဦးအနက် KG တန်းအရွယ်သမီးငယ်နှင့် ၃ တန်းအရွယ် သားငယ်တစ်ဦးကိုသာ ပညာသင်ကြားပေးနိုင်တော့မည်ဖြစ်ကြောင်း ကျပန်းအလုပ်လုပ်ကိုင်ရင်း မိသားစုဝမ်းရေးကို ဖြေရှင်းနေရသည့် ကိုခိုင်ဇော် က ဆိုသည်။

“ကျနော်က တွန်းလှည်းနဲ့ ရေတွန်းပြီး မိသားစုရဲ့ စားဝတ်နေရေးကို ဖြေရှင်းနေရသူပါ။ ဒီနှစ်မှာ သားသမီးတွေကို စာသင်ကြားပေးဖို့အတွက် စာအုပ်တွေလည်း မဝယ်နိုင်သေးပါဘူး။ ကျောင်းသုံးစာအုပ်နဲ့ စာရေးကိရိယာတွေကလည်း ဈေးကြီးနေတယ်။ ဒါကြောင့် ကလေး ၂ ယောက်ကိုပဲ ကျောင်းဆက်ထားနိုင်တော့ပါမယ်။ ကျန်တဲ့သူတွေကိုတော့ ကျောင်းထုတ်လိုက်ရတော့မယ်” ဟု ၎င်းက ဆိုသည်။

ကျောင်းသုံးပုံနှိပ်စာအုပ်များသာမက နေ့စဉ်သုံး စာရေးကိရိယာများနှင့် ဗလာစာအုပ် စျေးနှုန်းများမှာလည်း ယခင်ကထက် သိသိသာသာ မြင့်တက်နေကြောင်း ကျောင်းသားမိဘများက ဆိုကြသည်။

ယခုကဲ့သို့ စာရေးကိရိယာနှင့် ကျောင်းသုံးပစ္စည်း စျေးနှုန်းများ အလွန်အမင်း မြင့်တက်လာခြင်းသည် ဆင်းရဲနွမ်းပါးသည့် မိသားစုများမှ ကလေးငယ်များ၏ ပညာသင်ကြားခွင့် အခွင့်အလမ်းကို ထိခိုက်နေကြောင်း ပညာရေးအသိုင်းအဝိုင်းမှ မှတ်ချက်ပြု ပြောဆိုနေကြသည်။

ရက္ခိုင်တွင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရမှ အာရက္ခပညာရေးကို တစိုက်မတ်မတ် ဆောင်ရွက်နေသော်လည်း အကြမ်းဖက် စစ်ကော်မရှင်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် စာသင်ကျောင်းများကို လုံခြုံနိုင်ဖွယ်ရာ‌ နေရာများတွင်သာ ဖွင့်လှစ်နေရကြောင်း ဒေသခံများက ဆိုကြသည်။

ဓာတ်ပုံ - Arakan Bay News

လူသားချင်းစာနာမှုဖြင့် မိသားစုဝင် ၃ ဦးကို AA ပြန်လွှတ်AB News - ဇွန် ၅၊ ၂၀၂၆ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်မှ စစ်တွေမြို့သို့ ...
05/06/2026

လူသားချင်းစာနာမှုဖြင့် မိသားစုဝင် ၃ ဦးကို AA ပြန်လွှတ်

AB News - ဇွန် ၅၊ ၂၀၂၆

ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်မှ စစ်တွေမြို့သို့ မူးယစ်ဆေးဝါးများ တင်ဆောင်လာသည့် ဘုတ် ၂ စီးအား အာရက္ခတပ်တော် (AA) ၏ ကမ်းခြေစောင့်တပ်ဖွဲ့က ဖမ်းဆီးရမိပြီး ထိန်းသိမ်း စစ်ဆေးခဲ့ရာ မူးယစ်ဆေးဝါးများနှင့် ဆက်စပ် ပတ်သက်မှုမရှိကြောင်း တွေ့ရှိရသည့် မိသားစုဝင် ၃ ဦးကို လူသားချင်းစာနာထောက်ထားမှုအရ ဇွန်လ ၃ ရက်တွင် ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ မိသားစုဝင် ၃ ဦးမှာ ၂၀၂၄ ခုနှစ်အတွင်း မောင်တောမြို့မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကနာဒေသသို့ စစ်ဘေးတိမ်းရှောင် သွားရောက်နေထိုင်ခဲ့သူများဖြစ်ပြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှတစ်ဆင့် စစ်တွေမြို့သို့ ဆေးကုသမှု ခံယူရန် လာရောက်စဉ် မူးယစ်ဆေးဝါးများ တင်ဆောင်လာသည့် ဘုတ်ပေါ် ပါသူများနှင့်အတူ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနောက် အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရ၏ တရားဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများ နှင့်အညီ ရက်ပေါင်း ၄၀ ကြာ ထိန်းသိမ်းစစ်ဆေးခဲ့ပြီးနောက် မူးယစ်ဆေးဝါးများနှင့် ဆက်စပ် ပတ်သက်မှုမရှိကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် လူသားချင်းစာနာထောက်ထားမှုအရ ပြန်လည်လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း AA တာဝန်ရှိသူ တစ်ဦးက AB News သို့ ပြောသည်။

"အမှုနဲ့ပတ်သက်ပြီး ထိန်းသိမ်း စစ်ဆေးခဲ့ရာမှာ အဆိုပါ မိသားစုဝင် ၃ ဦးဟာ မူးယစ်ဆေးဝါးတွေနဲ့ ဆက်စပ် ပတ်သက်မှုမရှိတာ တွေ့ရှိရတဲ့အတွက် ကျနော်တို့ရဲ့ တရားဥပဒေဆိုင်ရာ လုပ်ထုံး လုပ်နည်းတွေနဲ့အညီ လူသားချင်းစာနာထောက်ထားမှုအရ ပြန်လည် လွှတ်ပေးခဲ့တာဖြစ်ပါတယ်။ ကျန်ရှိသူတွေကိုတော့ ဆက်လက်ထိန်းသိမ်း စစ်ဆေးလျက်ရှိပါတယ်" ဟု ဆိုသည်။

ပြန်လည် လွတ်မြောက်လာသူ ၃ ဦးအား အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရမှ တာဝန်ရှိသူများ၊ ဂျူရီအဖွဲ့ ဝင်များ နှင့် မူဆလင်ရေးရာ ကော်မတီဝင်များ၏ ရှေ့မှောက်တွင် မိသားစုဝင်များထံ စနစ်တကျ လွှဲပြောင်းအပ်နှံပေးခဲ့ပြီး၊ ဖမ်းဆီးစဉ် သိမ်းဆည်းရမိထားသည့် လက်ကိုင်ဖုန်းများနှင့် သက်ဆိုင်ရာပစ္စည်းများကိုလည်း ပြန်လည် အပ်နှံပေးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဧပြီလ ၂၄ ရက် နေ့လယ် ၁ နာရီ ၂၀ မိနစ်ခန့်တွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်မှ စစ်တွေမြို့သို့ မူးယစ်ဆေးဝါးများ တင်ဆောင်လာသည့် ဘုတ်တစ်စီးသည် ရသေ့တောင်မြို့နယ် ဒုံးပိုက်ကျေးရွာနှင့် ချိန်ခါလီကျေးရွာကြား ပင်လယ်ကမ်းစပ် အနီးတွင် စက်ချို့ယွင်း၍ ကျောက်ချရပ်နားထားစဉ် အာရက္ခတပ်တော်၏ ကမ်းခြေစောင့်တပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

အဆိုပါဘုတ်ပေါ်တွင် မိသားစုဝင် ၃ ဦးအပါအဝင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၇ ဦးကို ဖမ်းဆီးရမိခဲ့ပြီး၊ ဆေးခြောက် (3kg) ခန့် ၃ ထုပ်၊ (2kg) ခန့် ၃ ထုပ်၊ (1kg) ခန့် ၁၇ ထုပ်၊ စုစုပေါင်း (၂၃) ထုပ်နှင့် ယားနာလိမ်းဆေး ၂ အိတ်၊ သန္ဓေတားဆေး ၂ အိတ်၊ လက်ကိုင်ဖုန်း ၄ လုံးနှင့် ဘင်္ဂလားဒေ့ရှ် တာကာငွေ ၅၀၀ တို့ကို သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

ယင်းနောက် စက်ချို့ယွင်း၍ ရပ်နားထားသည့် ဘုတ်ကို လာရောက်ယူဆောင်ရန် ရောက်ရှိလာသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၄ ဦးလိုက်ပါလာသည့် ဒုတိယမြောက် ဘုတ်တစ်စီးကိုလည်း အာရက္ခတပ်တော်၏ ကမ်းခြေစောင့်တပ်ဖွဲ့ဝင်များက ထပ်မံဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်တွင် ဘုတ် ၂ စီးပေါ်မှ လူ ၁၁ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး၊ ယင်းအနက် မူးယစ်ဆေးဝါးများနှင့် ဆက်စပ် ပတ်သက်မှုမရှိကြောင်း စစ်ဆေးတွေ့ရှိရသည့် မိသားစုဝင် ၃ ဦးကို အာရက္ခတပ်တော်က လူသားချင်းစာနာထောက်ထားမှုဖြင့် ပြန်လည်လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ကျန်ရှိသူများကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ တရားဥပဒေဆိုင်ရာ လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆက်လက်ထိန်းသိမ်း စစ်ဆေးလျက်ရှိပြီး၊ စစ်ဆေးတွေ့ရှိချက်များ အပေါ်မူတည်၍ ဥပဒေနှင့်အညီ ဆက်လက် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Photo - Hein Tun/ AB News

Address

Lam Ma Gree
Sittwe
07011

Alerts

Be the first to know and let us send you an email when Arakan Bay News-ABN posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Arakan Bay News-ABN:

Share