15/10/2022
လက်ပံတန်းတွင် PDFနှင့်NUGအား အားပေးထောက်ခံသည်ဟု သံသယဖြင့် ရဲစခန်းတွင် ဖမ်းဆီးခံထားရသည့် အမျိုးသားတစ်ဦး နှိပ်စက်ခံရသည့်ဒဏ်ရာများဖြင့်သေဆုံး
လက်ပံတန်း အောက်တိုဘာ ၁၅ ၂၀၂၂ Tharyarwaddy 8 City
ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၌ PDFနှင့်NUGအား အားပေးထောက်ခံသည်ဟု သံသယဖြင့် ရဲစခန်းတွင်ဖမ်းဆီးခံထားရသည့် အမျိုးသားတစ်ဦး နှိပ်စက်ခံရသည့်ဒဏ်ရာများဖြင့် မနေ့ကမနက်ပိုင်းက သေဆုံးသွားကြောင်း သိရသည်။
သေဆုံးသူမှာ မြို့မရပ်ကွက် လက်ပံတန်းမီးပွိုင့်အဝိုင်းအနီးတွင် ဂစ်တာနှင့်မျက်မှန်ဆိုင်ဖွင့်လှစ်ရောင်းချသည့် ကိုအောင်ဇော်မင်းဆိုသူဖြစ်ပြီး ပြီးခဲ့သည့် စက်တင်ဘာလ ၇ရက်နေ့က ဖမ်းဆီးခံရကာ လက်ပံတန်းရဲစခန်းမှာ ထိန်းသိမ်းခံထားရသူဖြစ်သည်။
"ပြီးခဲ့တဲ့လ၇ရက်နေ့က မြို့မအဝိုင်းက ဂစ်တာတွေ မျက်မှန်ရောင်းတဲ့ ကိုအောင်ဇော်မင်းဆိုင်ကို မက်တူးကားစီးလာတဲ့အရပ်ဝတ် စစ်ကောင်စီတပ်က အရာရှိတွေက ဂစ်တာဝယ်ချင်လို့ဆိုပြီးဝင်လာကြတယ် ခဏနေရော ဆိုင်ထဲမှာဈေးရောင်းနေတဲ့ သူ့ကို ဟိုလူတွေက သေနတ်နဲ့ထောက်ပြီး မလှုပ်နဲ့ဆိုပြီး လက်ထိပ်ခက်ပြီးကားပေါ်တင်သွားပြီး မောင်းထွက်သွားကြတယ် ဒါကိုသူ့သားလေးက သူ့အဖေကိုဖမ်းခေါ်သွားခံရတာမြင်ပြီး ဆိုင်ကယ်နဲ့လိုက်တော့ အဲ့ကားပေါ်က လူတွေကို မင်းအဖေနဲ့အတူမင်းပါသေချင်နေတာလား ပစ်ထည့်လိုက်ရမလားဆိုပြီး ခြိမ်းခြောက်ကြလို့ ဟိုကောင်လေးလည်း ဆက်မလိုက်ဘဲနေကျန်ခဲ့ရတာ"ဟု အဆိုပါဖြစ်စဉ်ကို မျက်မြင်တွေ့ရှိသူတစ်ဦးမှ Tharyarwaddy 8 Cityကို ပြောပါတယ်။
ထိုနေ့၌ပင် အကြမ်းဖက်စစ်အရာရှိများသည် ကိုအောင်ဇော်မင်းနှင့်အတူ လက်ပံတန်းမြို့ပေါ်က Ensure ရုံးဝန်ထမ်းများဖြစ်ကြသည့် ကိုပြည့်ဖြိုးဦး၊ ကိုခန့်ဖြိုးနှင့် အခြားလင်မယားနှစ်ဦးအပါအဝင် စုစုပေါင်း၅ဦးဖမ်းဆီးခဲ့ကာ သူတို့အားပုဆိုးခေါင်းစွပ်ကာထိုးကြိတ်ရိုက်နှက်ပြီး ခလရ(၃၅)တပ်ကို စစ်ကြောရန်ခေါ်ဆောင်ခဲ့ပါသည်။ ထိုသို့စစ်ကြောရေးပို့ဆောင်ပြီးနောက်
ဖမ်းဆီးခံရသူများအနက် ကိုအောင်ဇော်မင်း ကိုပြည့်ဖြိုးဦးနှင့်ကိုခန့်ဖြိုးကိုအား ဆက်လက်ချုပ်နှောင်ထားပြီး လင်မယားနှစ်ဦးအား နောက်တစ်ရက်တွင်ပြန်လည်လွှတ်ပေးခဲ့သည်။ထို့နောက် ဖမ်းဆီးခံရသူ၃ဦးတို့အား လက်ပံတန်းမြို့မရဲစခန်းသို့ ပို့ဆောင်ကာ အကြမ်းဖက်မှု PDF/NUGအား အားပေးကူညီမှု နိုင်ငံတော်ပုန်ကန်မှုစသည့် မတရားသည့် ပုဒ်မများစွာဖြင့် တရားစွဲဆိုခဲ့သည်။
ရဲစခန်းမှာ ဖမ်းဆီးခံထားရစဉ် ကိုအောင်ဇော်မင်းပါသုံးဦးအား စခန်းရှိရဲများမှ အမှုစစ်ခန်းအတွင်းစစ်ကြောနှိပ်စက်သဖြင့်ဒဏ်ရာများရရှိခဲ့သည်။ကိုအောင်ဇော်မင်းမှာဆီးချိုရောဂါအခံရှိသဖြင့် ဒဏ်ရာများမှာဆိုးရွားလာပြီး ပြီးခဲ့သည့်ရက်ပိုင်းမှစ၍ ကျန်းမာရေးအခြေအနေမှာ သိသိသာသာထိခိုက်ဆိုးရွားလာပြီး လက်ပံတန်းပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသရာမှ မသက်သာသဖြင့် သာယာဝတီဆေးရုံကြီးသို့ အောက်တိုဘာ ၁၃ရက် တမြန်နေ့ကပို့ဆောင်ကုသသော်လည်း လုံးဝမသက်သာပဲ အောက်တိုဘာ၁၄ရက် ယမန်နေ့မနက်အစောပိုင်း၌ ကွယ်လွန်သွားကြောင်း ဒေသခံတစ်ဦးမှ ဆိုပါတယ်။
"လက်ပံတန်းရဲစခန်းမှာ အဖမ်းခံရတဲ့ ကိုအောင်ဇော်မင်း
မနေ့က မနက်အစောပိုင်းက ရဲခွေးတွေနှိပ်စက်တဲ့ဒဏ်ရာတွေကြောင့် ဆုံးသွားပါပြီ မနေ့ကနေ့လည်ကမှ သူ့မိသားစုကို အကြောင်းကြားလို့ သာယာဝတီကို လိုက်သွားကြတယ် ဟိုရောက်တော့ အလောင်းကြည့်တာတောင် ဖုန်းနဲ့ပုံရိုက်မှာစိုးလို့ ဖုန်းယူခွင့်မပေးဘူး ရဲတွေနှိပ်စက်လို့သေတာလူသိမှာစိုးလို့ဗျ ကိုအောင်ဇော်မင်းကို လက်ပံတန်းဆေးရုံပို့ကတည်းက ခေါင်းမှာဒဏ်ရာရထားတာ ရွှေဖရုံသီးလို ဖူးရောင်နေတာလေ သူသေရတာမှာ တာဝန်ရှိတဲ့လူက မြို့မစခန်းမှူး ဒုရဲမှူးမိုးခိုင်ပဲ ကိုအောင်ဇော်မင်းကိုဖမ်းတာ ဘာမှသက်သေမှမရှိဘူး သံသယနဲ့ မတရားဖမ်းခံရပြီး နှိပ်စက်ခံရလို့သေတာဗျ သူ့ကိုသတ်တဲ့လူတွေလည်း ဝဋ်တွေပြန်လည်မှာပါ"ဟု ကိုအောင်ဇော်မင်း၏ မိတ်ဆွေဖြစ်သည့် အမည်မဖော်လိုသူမှ နာကြည်းစွာဖြင့် ပြောဆိုပါတယ်။
လက်ပံတန်းမြို့နယ်အတွင်းရှိ ရဲများသည် လုယက်ဓားပြတိုက်မှု၊ ခိုးမှု၊ မုဒိန်းမှု၊ လောင်းကစားမှုစသည့် အမှုများကို ဖော်ထုတ်ဖမ်းဆီးခြင်းမရှိဘဲ ပြည်သူလူထုကို ဖိနှိပ်ကာ စစ်ကောင်စီအလိုကျ လုပ်ဆောင်နေခြင်းသာရှိကြောင်း သိရပါသည်။ လက်ပံတန်းမြို့မစခန်းမှ ရဲများနှိပ်စက်၍ သေဆုံးသွားသူ ကိုအောင်ဇော်မင်းကို ယနေ့မွန်းလွဲ၂နာရီတွင် သဂြိုလ်မည်ဟုသိရပြီး ၎င်းတွင် ဇနီးဖြစ်သူနှင့် သားသမီး၃ဦးရှိကြောင်းသိရကာ ရဲစခန်းတွင်ဖမ်းဆီးခံထားရသည့် ကိုပြည့်ဖြိုးဦး ကိုခန့်ဖြိုးတို့နှစ်ဦးကို အောက်တိုဘာ၁၇ရက်နေ့တွင် သာယာဝတီခရိုင်တရားရုံးသို့အမှုလွှဲပြောင်းစေပြီး ထောင်တွင်းမှ ဆက်လက်တရားရင်ဆိုင်ရမည်ဖြစ်ကြောင်း ၎င်းတို့နှင့်နီးစပ်သူများထံမှသိရသည်။
ဓာတ်ပုံ- ရဲများနှိပ်စက်သည့် ဒဏ်ရာများကြောင့် သေဆုံးသွားသူ ကိုအောင်ဇော်မင်း
============================
Tharyarwaddy 8 Cityမှ ရေးသားတင်ပြနေသည့် သတင်းများအား အောက်ပါတယ်လီဂရမ်ချန်နယ်တွင်လည်း ဖက်ရူနိုင်ပါသည်။ တယ်လီဂရမ်လင့်👉👇👈
https://t.me/tharyarwaddy8city