15/03/2023
တောင်ငူခရိုင်၏ ဒေသဆိုင်ရာအချက်အလက်များ
====================
တောင်ငူခရိုင် သည် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်တစ်ခုဖြစ်သည်။ ခရိုင်ရုံးစိုက်ရာမြို့မှာ တောင်ငူမြို့ ဖြစ်သည်။ တောင်ငူခရိုင်တွင်း၌ လူဦးရေ၁၂သိန်းကျော် ရှိပါသည်။
ဒေသသမိုင်းအကျဉ်း
တောင်ငူခရိုင်သည် အင်္ဂလိပ်ခေတ်မှစတင်၍ ပေါ်ပေါက်လာခဲ့ပြီး ၁၉၅၇-ခုနှစ် ပါလီမန်ခေတ် တွင် ခရိုင်အဖြစ် ဆက်လက်တည်ရှိခဲ့ပါသည်။ ၁၉၇၄-ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုပြီး နောက်ပိုင်းတွင် ခရိုင်အနေဖြင့် မရှိတော့ဘဲ မြို့နယ်များဖြင့်သာ ဖွဲ့စည်းဆောင်ရွက်ခဲ့ပါသည်။ ၁၉၈၈-ခုနှစ် အရေးအခင်းဖြစ်ပွားပြီးနောက်ပိုင်းတွင် မြို့နယ်စုအဖြစ် လည်းကောင်း ဖွဲ့စည်းခဲ့ပြီး နောက်ပိုင်းတွင် ခရိုင်အဖြစ် ရေတာရှည်၊ တောင်ငူ၊ အုတ်တွင်း၊ ဖြူး၊ ကျောက်ကြီး၊ စုစုပေါင်း(၆)မြို့နယ်ဖြင့် ဖွဲ့စည်းခဲ့ပါသည်။ တောင်ငူခရိုင် အား ပြည်ထဲရေးဝန်ကြီးဌာန၏ ၁၉၉၂-ခုနှစ်၊ အောက်တိုဘာလ အမိန့် ကြော်ငြာစာအရ ဖွဲ့စည်းခဲ့ပါသည်။ ရေတာရှည်နှင့် တောင်ငူမြို့နယ်တို့အား ပြည်ထဲရေးနှင့် သာသနာ ရေးဝန်ကြီးဌာန၏ (၃၀-၆-၁၉၇၂)ရက်စွဲပါ အမိန့် ကြော်ငြာစာအရ လည်းကောင်း၊ ထန်းတပင်၊ အုတ်တွင်း၊ ဖြူးနှင့် ကျောက်ကြီးမြို့နယ်တို့အား ၁၉၇၂-ခုနှစ် အမိန့်ကြော်ငြာစာများအရ ဖွဲ့စည်းခဲ့ပါသည်။
တည်နေရာ
တောင်ငူခရိုင်သည် ပဲခူးတိုင်းဒေသကြီးအတွင်းတွင် တည်ရှိပြီး မြောက်လတ္တီတွဒ် (၁၈)ဒီဂရီ (၁၈)မိနစ်နှင့် (၁၉)ဒီဂရီ (၂၀)မိနစ်အကြား အရှေ့ လောင်ဂျီတွဒ် (၉၅)ဒီဂရီ (၅၀)မိနစ်နှင့် (၉၆) ဒီဂရီ (၄၅)မိနစ် အကြားတွင် တည်ရှိပါသည်။
အကျယ်အဝန်း
တောင်ငူခရိုင်သည် ဧရိယာစတုရန်းမိုင်ပေါင်း (၄၀၉၅.၀၃၃)မိုင် ကျယ်ဝန်းပြီး အရှေ့မှအနောက်သို့ (၇၈)မိုင် (၆)ဖာလုံနှင့် တောင်မှမြောက် သို့(၁၁၂)မိုင် (၁)ဖာလုံရှည်လျားပါသည်။
နယ်နမိတ်
တောင်ငူခရိုင်၏ အရှေ့ဘက်တွင် ကရင်ပြည်နယ်၊ သံတောင်မြို့နယ်နှင့် တောင်ဘက်တွင် ပဲခူးတိုင်းဒေသကြီး၊ ကျောက်တခါးမြို့နယ်တို့နှင့် ထိစပ်လျက်ရှိပါသည်။ အနောက်ဘက်တွင် ပဲခူးတိုင်း ဒေသကြီး၊ ပေါက်ခေါင်း မြို့နယ်နှင့် ထိစပ်လျက်ရှိပြီး မြောက်ဘက်တွင် နေပြည်တော်ခရိုင်၊ လယ်ဝေး မြို့နယ်တို့နှင့် နယ်နိမိတ်ထိစပ်လျက်ရှိပါသည်။
မြေမျက်နှာသွင်ပြင်
တောင်ငူခရိုင်သည် အရှေ့ဘက်တွင် အရှေ့ရိုးမတောင်တန်းနှင့် အနောက်ဘက်တွင် ပဲခူးရိုးမ တောင်တန်းကြားရှိ စစ်တောင်းမြစ်ဝှမ်းလွင်ပြင် ဖြစ်ပါသည်။
ရေဆင်း
တောင်ငူခရိုင် စစ်တောင်းမြစ်ဝှမ်းကို အခြေခံ၍ ရေတာရှည်မြို့နယ်တွင် အင်ဒိုင်းမြစ်ရေတင် လုပ်ငန်း၊ တောင်ငူမြို့နယ်တွင် ပသိဆည်၊ကမ်းနီရေလွှဲဆည်၊ ပန်းပဲရေတံခါး၊ အရှေ့ဆင်တမံ၊ အနောက်ဆင့်တမံ၊ မိုးကောင်း၊ ကမ်းနီတာတမံ၊ သဖန်းပင်တာတမံ၊ ကံရိုးဇီးဖြူပင်ရေတာတမံ၊ အုတ်တွင်းမြို့နယ်တွင် စစ်တောင်းမြစ်၊ ခပေါင်းချောင်း၊ မှော်ယောချောင်း၊ မင်းရဲချောင်း၊ ကျွဲမသေ ချောင်း၊ ဝါးတီး၊ ဘန့်ဘွေးပင်၊ လေးအိမ်စု မြစ်ရေတင် လုပ်ငန်း၊ ဖြူးမြို့နယ်တွင် ကျောက်ကြီးချောင်း၊ ဖြူးချောင်း၊ ဇဟားချောင်း၊ သစ်ပါတ်ချောင်း၊ ကွင်းချောင်း နှင့် ကွင်းချောင်းရေလှောင်တမံစီမံကိန်း၊ ဖြူးချောင်း ရေလှောင်တမံစီမံကိန်း၊ ကျောက်ကြီးမြို့နယ်တွင် စစ်တောင်းမြစ်၊ ကျောက်ကြီးချောင်း၊ မုန်းချောင်း၊ အင်း (၃၄)အင်းတို့ ဖြစ်ပါသည်။
ပင်လယ်ရေမျက်နှာပြင်အထက်အမြင့်
တောင်ငူခရိုင်၏ပျမ်းမျှ ပင်လယ်ရေမျက်နှာပြင် အထက်အမြင့်ပေ၂၀၀ခန့်တွင် တည်ရှိပါသည်။တောင်ငူခရိုင်အတွင်းရှိမြို့နယ်များ၏ ပင်လယ်ရေမျက်နှာပြင်အမြင့်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
၁။တောင်ငူ (၁၆၂)ပေ
၂။ရေတာရှည် (၂၀၀)ပေ
၃။ထန်းတပင် (၁၈၅)ပေ
၎။အုတ်တွင်း (၂၀၀)ပေ
၅။ဖြူး (၁၀၀)ပေ
၆။ကျောက်ကြီး (၁၉၅)ပေ
ရာသီဥတု
တောင်ငူခရိုင်သည် ပူအိုက်စိုစွတ်သောရာသီဥတုရှိပြီး၊ အမြင့်ဆုံး အပူချိန် (၄၀.၃.c)နှင့် အနိမ့်ဆုံးအပူချိန်မှာ (၁၁.၆.c) ဖြစ်ပါသည်။
အုပ်ချုပ်ရေးနယ်မြေဖွဲ့စည်းမှု
တောင်ငူခရိုင်၌ တောင်ငူမြို့နယ်၊ ရေတာရှည်မြို့နယ်၊ ထန်းတပင်မြို့နယ်၊ အုတ်တွင်းမြို့နယ်၊ ဖြူးမြို့နယ်နှင့် ကျောက်ကြီးမြို့နယ်ဟူ၍ မြို့နယ်(၆)မြို့နယ်ရှိပြီး မြို့ (၁၁)မြို့၊ ရပ်ကွက် (၇၇)ရပ်ကွက်၊ ကျေးရွာအုပ်စု (၂၆၁)အုပ်စုနှင့် ကျေးရွာစုစုပေါင်း (၁၄၁၈)ရွာဖြင့် ဖွဲ့စည်းထားပါသည်။
၁။ တောင်ငူမြို့နယ်တွင် ရပ်ကွက်(၂၇)ရပ်ကွက်၊ ကျေးရွာအုပ်စု(၃၇)အုပ်စု၊ ရွာပေါင်း(၂၆၁)ရွာဖြင့် ဖွဲ့စည်းထားပါသည်။
၂။ ရေတာရှည်မြို့နယ်တွင် ရပ်ကွက် (၈) ရပ်ကွက် ကျေးရွာအုပ်စု (၅၁) အုပ်စု ကျေးရွာ (၃၃၉)ရွာဖြင့် ဖွဲ့စည်းထားပါသည်။
၃။ ထန်းတပင်မြို့နယ်တွင် ရပ်ကွက် (၆)ရပ်ကွက် ကျေးရွာအုပ်စု (၂၉)အုပ်စု ကျေးရွာပေါင်း (၁၁၄)ရွာဖြင့် ဖွဲ့စည်းထားပါသည်။
၎။ အုတ်တွင်းမြို့နယ်တွင် ရပ်ကွက် (၆)ရပ်ကွက် ကျေးရွာအုပ်စု (၄၁)အုပ်စု ကျေးရွာပေါင်း (၂၃၈)ရွာဖြင့် ဖွဲ့စည်းထားပါသည်။
၅။ ဖြူးမြို့နယ်တွင် ရပ်ကွက် (၁၈)ရပ်ကွက် ကျေးရွာအုပ်စု (၅၈)အုပ်စု ကျေးရွာ (၃၅၁)ရွာဖြင့် ဖွဲ့စည်းထားပါသည်။
၆။ ကျောက်ကြီးမြို့နယ်တွင် ရပ်ကွက် (၇)ရပ်ကွက်၊ ကျေးရွာအုပ်စု (၃၅)အုပ်စု၊ ကျေးရွာစုစုပေါင်း (၂၄၂)ရွာဖြင့် ဖွဲ့စည်းထားပါသည်။
လူဦးရေ
တောင်ငူခရိုင်၌ ၂၀၁၄သန်းခေါင်စာရင်းအရ အမျိုးသား (၅၃၄၅၆၄)ဦး၊ အမျိုးသမီး (၅၈၈၇၉၁)ဦး၊ လူဦးရေစုစုပေါင်း (၁၁၂၃၃၅၅)ဦး ရှိပါသည်။
၁။ တောင်ငူမြို့နယ်တွင် အမျိုးသား(၁၂၅၁၄၂)ဦး၊ အမျိုးသမီး(၁၃၆၉၁၄)ဦး လူဦးရေစုစုပေါင်း(၂၆၂၀၅၆)ဦး
၂။ ရေတာရှည်မြို့နယ်၌ အမျိုးသား (၁၀၃၂၉၈)ဦး၊ အမျိုးသမီး (၁၁၀၂၉၅)ဦး၊ လူဦးရေစုစုပေါင်း (၂၁၃၅၉၃)ဦး
၃။ ထန်းတပင်မြို့နယ်တွင် အမျိုးသား (၅၅၃၃၃)ဦး၊ အမျိုးသမီး (၆၁၉၄၃)ဦး၊ လူဦးရေစုစုပေါင်း (၁၁၇၂၇၆)ဦး၊
၎။ အုတ်တွင်းမြို့နယ်တွင် အမျိုးသား (၇၅၃၈၁)ဦး၊ အမျိုးသမီး (၈၄၄၄၇)ဦး၊ လူဦးရေစုစုပေါင်း (၁၅၉၈၂၈)ဦး
၅။ ဖြူးမြို့နယ်တွင် အမျိုးသား (၁၂၁၁၂၃)ဦး၊ အမျိုးသမီး (၁၃၆၁၅၀)ဦး၊ လူဦးရေစုစုပေါင်း (၂၅၇၂၇၃)ဦး
၆။ ကျောက်ကြီးမြို့နယ်တွင် အမျိုးသား (၅၄၂၈၇)ဦး၊ အမျိုးသမီး (၅၉၀၄၂)ဦး၊ လူဦးရေ (၁၁၃၃၂၉)ဦး
စီးပွားရေးခြုံငုံသုံးသပ်ချက်
တောင်ငူခရိုင်သည် မြန်မာနိုင်ငံ၏ အောက်ပိုင်းတွင် တည်ရှိပြီး စီးပွားရေးအရ အချက်အချာ ကျသော ဒေသတစ်ခုဖြစ်ပါသည်။ ခရိုင်အတွင်းရှိ ဒေသခံများသည် စိုက်ပျိုးရေးလုပ်ငန်း၊ ကုန်သွယ်မှု လုပ်ငန်းများကို အဓိက ထား လုပ်ကိုင်ကြပါသည်။ တောင်ငူခရိုင် အတွင်းရှိ ရေတာရှည်၊ တောင်ငူ၊ အုတ်တွင်း၊ ဖြူးမြို့များမှာ ရန်ကုန်-မန္တလေး ပြည်ထောင်စုလမ်းမကြီး ပေါ်တွင် တည်ရှိသဖြင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ပြီး စီးပွားရေး အသင့်အတင့် ကောင်းမွန်သော ဒေသများ ဖြစ်ပါသည်။ ကျောက်ကြီးမြို့နယ်နှင့် ထန်းတပင်မြို့နယ်တို့မှာ လမ်းပန်းဆက်သွယ်မှု အနည်းငယ် ခက်ခဲသဖြင့် ကုန်စည်စီးဆင်းမှု နှေးကွေးပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နှေးကွေးသော မြို့နယ်များ ဖြစ်ပါသည်။ တောင်ငူခရိုင်၏ အဓိက ထွက်ကုန်မှာ ဆန်၊ စပါး ဖြစ်ပြီး မြန်မာနိုင်ငံအနှံ့အပြားသို့ ဖြန့်ဖြူးတင်ပို့ ရောင်းချလျှက်ရှိပါသည်။