14/01/2026
စိတ်ချမ်းသာတဲ့ ဘဝနေနည်း
🙏🌺🙏🌺🙏🌺🙏🌺🙏
ဘဝမှာ
နေတတ်ထိုင်တတ်ဖို့လည်း…
သိပ်အရေးကြီးတယ်။
မနေတတ်ရင်
အနေလည်း မမြတ်ဘူး
အသေလည်း မမြတ်ဘူး။
ဗုဒ္ဓဘာသာဝင်တွေအတွက်
ဗုဒ္ဓအလိုကျ ဘဝနေနည်းနဲ့
နေနိုင်ရင် အကောင်းဆုံးပဲ။
ဘုရားရှင်တိုင်းက
ဘဝနေနည်း (၃)မျိုးကို
လမ်းညွှန်ပေးတယ်…။
(၁) အပြစ်ကင်းအောင်_နေရမယ်။
(၂) အကျိုးရှိအောင်နေရမယ်။
(၃) စိတ်ချမ်းသာအောင်နေရမယ်တဲ့။
အပြစ်ကင်းအောင်နေဖို့ဆိုရင်…
အကုသိုလ်ကို ရှောင်ရမယ်တဲ့။
အကုသိုလ်ရဲ့ သဘောကိုက
အပြစ်နဲ့တကွဖြစ်ခြင်း၊
မကောင်းတဲ့အကျိုးကို ပေးခြင်း
လက္ခဏာရှိတာ ဖြစ်တဲ့အတွက် …
အကုသိုလ်တွေ လုပ်မိနေရင်
အပြစ်တွေရှိနေမှာဖြစ်ပြီး
အပြစ်ကင်းချင်ရင် အရင်ဆုံး
အကုသိုလ်မဖြစ်အောင် နေတတ်ဖို့ပဲ။
အကျိုးရှိအောင်နေဖို့ဆိုရင်…
ကုသိုလ်ရအောင် နေရမယ်တဲ့။
ပစ္စည်းဥစ္စာတွေ ဘယ်လောက်ရှိရှိ
ကုသိုလ်မရှိရင် ဘဝအတွက်
အကျိုးမရှိဘူး။
ကုသိုလ်မရတဲ့ ဘဝ
ရာထူး၊ ဂုဏ်ပကာသနတွေဆိုတာလည်း
ဘယ်လောက်ပဲမြင်မြင့်
ဘဝမတင့်ဘူး။
စီးပွားရှာရင်း ကုသိုလ်ရှာနိုင်မှ
ဘဝဟာ ပိုပြီးအကျိုးသာတယ်။
စိတ်ချမ်းသာအောင်နေဖို့ဆိုရင်…
ကိလေသာမဖြစ်အောင် နေရမယ်တဲ့။
ကိလေသာဆိုတာ
စိတ်ကို ညစ်ညူးစေတတ်၊
ညစ်နွမ်းစေတတ်တဲ့ သဘောရှိတယ်။
လောဘရှိတဲ့စိတ်ဟာ ညစ်တဲ့စိတ်၊
ဒေါသရှိတဲ့စိတ်ဟာ ညစ်တဲ့စိတ်၊
မောဟ၊ မာန စတာတွေ
ရှိနေတဲ့စိတ်ဟာ ညစ်နေတဲ့စိတ်၊
မသန့်ရှင်းတဲ့စိတ်ပဲ။
စိတ်မညစ်ချင်ရင်…
ကိလေသာ အဖြစ်မခံနဲ့။
ကိလေသာ မဖြစ်ဖို့ဆိုရင်
သတိရှိရမယ်။
သတိရှိနေတဲ့စိတ်ဟာ
အညစ်အကြေးကင်းပြီး
သန့်ရှင်းနေတဲ့စိတ်ပဲ။
စိတ်သန့်ပြီး မညစ်တော့ဘူးဆိုရင်
ဘယ်မှာပဲနေနေ စိတ်ချမ်းသာတဲ့
ဘဝနေနည်းပဲပေါ့…။
ကျေးဇူးတော်ရှင်
ပါမောက္ခချုပ်ဆရာတော်ဘုရားကြီးဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ🙏🙏🙏