15/07/2023
'ဂျူဗီသမိုင်းမှာ အမှတ်ရဆုံး နေ့ရက်'
လွန်ခဲ့တဲ့ (၁၇)နှစ် ဒီလိုနေ့မျိုးမှာ ဂျူဗင်တပ်စ်အသင်းဟာ လုပ်ပွဲအရှုပ်တော်ကြောင့် စီးရီးအေဆုဖလား(၂)လုံး ရုပ်သိမ်းခံရပြီး တန်းဆင်းသွားတယ်။ သူတို့ဟာ စီးရီးဘီမှာတောင် (၉)မှတ်လျှော့ပြစ်ဒဏ်နဲ့ ပြိုင်ပွဲဝင်ခဲ့ရတာပါ။
ထိုနည်းတူ စီးရီးအေမှာကျန်ရစ်ခဲ့တဲ့ အေစီမီလန်၊ ဖီအိုရင်တီးနား၊ လာဇီယိုနဲ့ ရက်ဂျီးနားတို့လည်း ဒဏ်ကြေးပြစ်ဒဏ်၊ အမှတ်လျှော့ပြစ်ဒဏ်တွေ ချမှတ်ခံခဲ့ရသေးတယ်။ ဂျူဗင်တပ်စ် တန်းဆင်းသွားတဲ့နောက်မှာ အဓိကကစားသမားများစွာဟာ အသင်းကို စွန့်ခွာသွားတယ်။
ကင်နာဗာရိုနဲ့ အီမာဆန်က ရီးယဲလ်မက်ဒရစ်၊ ဗီအဲရာနဲ့ ဇလာတန်က အင်တာမီလန်၊ သူရမ်နဲ့ ဇမ်ဘရော့တာက ဘာစီလိုနာ၊ မူတူးက ဖီအိုရင်တီးနားစသဖြင့် ထောက်တိုင်တွေ ပြုတ်ထွက်ကုန်တယ်။ တစ်ဖက်မှာ ဒယ်ပီယာရို၊ ဘူဖွန်၊ ချီရယ်လီနီ၊ နတ်ဗတ်၊ ထရာဇီဂေး၊ ဇလာယယ်တာနဲ့ ကာမိုရာနက်စီတို့ကတော့ ဂျူဗီကို မထားရစ်ခဲ့ကြပါဘူး။
ဤသို့ဖြင့် (၉)မှတ်လျော့အနေအထားနဲ့ စတင်ခဲ့ရပေမယ့် တူရင်ကလပ်ဟာ နည်းပြကြီးဒီဒီယာဒက်စ်ချမ့်ရဲ့ ဦးဆောင်မှုအောက်မှာ စီးရီးဘီချန်ပီယံအဖြစ် ရမှတ် (၈၅)မှတ်နဲ့ ပြန်လာနိုင်ခဲ့ပါတယ်။ အသင်းရဲ့ သစ္စာတော်ခံတိုက်စစ်မှူး ဒယ်ပီယာရိုကလည်း သွင်းဂိုး (၂၁)ဂိုးသွင်းယူကာ ဂိုးသွင်းဘုရင်ဆု ရရှိခဲ့ပါသေးတယ်။
ဂျူဗီဟာ စီးရီးအေဖလားဆွတ်ခူးနိုင်ဖို့ နောက်ထပ် (၄)ရာသီ ထပ်မံစောင့်ဆိုင်းခဲ့ရပေမယ့် ချန်ပီယံဖြစ်မယ့်ဖြစ်တော့လည်း (၉)ရာသီဆက် အောင်ပွဲခံနိုင်ခဲ့ပါတယ်။ ဒါကြောင့်မို့ ဒီနေ့ဟာ သူတို့တွေဖီးနစ်ငှက်အဖြစ် ပြန်လည်ရှင်သန်ခဲ့ပုံကို အမှတ်ရစေမယ့် နေ့ရက်ပါပဲ။
ဂျူဗီရဲ့အဖြစ်အပျက်ဟာ ဘဝမှာ အမှားအယွင်းတွေရှိခဲ့ဖူးရင်တောင် 'ပျက်အစဉ်ပြင်ခဏ'ဆိုတဲ့အတိုင်း လမ်းကြောင်းမှန်ပေါ်ပြန်ရောက်အောင် ကြိုးစားလို့ရကြောင်း ဘောလုံးပရိသတ်တွေကို သင်ခန်းစာပေးခဲ့တာပါ။ ဒါဟာ စိတ်ဓါတ်ခွန်အား တစ်ခုပါပဲ။
ထိုနည်းတူ မိမိရဲ့အမှောင်မိုက်ဆုံးအချိန်ကာလတွေအတွင်း ဘေးနားကနေ တစ်ဖဝါးမှမခွာပေးခဲ့သူများသာ မိတ်ဆွေစစ်ဖြစ်ကြောင်းပါ အသိပညာပေး message တစ်ခု ရရှိစေပါတယ်။