Ngaputaw DOA

Ngaputaw DOA Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ngaputaw DOA, Digital creator, Arzarni, .

18/11/2025

#ရေသွင်းနှမ်းအထွက်တိုးစိုက်နည်းပညာ
===========================
မြန်မာနိုင်ငံရှိ ဆီထွက် သီးနှံများ အနက် နှမ်းသည် စိုက်ဧက အများဆုံး ဖြစ်သည်။ ဆီထွက် သီးနှံ စုစုပေါင်း စိုက်ဧက၏ ၅၁ ဒသမ ၃သန်းနှုန်း ရှိသည်။
နှမ်းကို အထွက်တိုး အောင်ဆောင်ရွက် နိုင်လျှင် စားသုံးဆီ အတွက် ရတက်အေး ရမည်။ နှမ်းကို နှမ်းကြီး နှမ်းလျင်ခွဲထား သည်။ စိုက်ချိန်ပေါ်မူတည်၍
မိုးနှမ်း၊ဆောင်းနှမ်း၊မိုးကြိုရေသွင်းနှမ်းဟုလည်း ခွဲခြားထားသည်။ ဒေသအလိုက်၊ မြေအမျိုးအစားအလိုက်စနစ်အမျိုးမျိုးဖြင့်မြေယာပြုပြင်ထွန်ယက်
စိုက်ပျိုးကြသည်ကို တွေ့ရ သည်။မည်သည့်စနစ်ဖြင့်
စိုက်စိုက် အပင်၏ဇီ၀ကမ္မဖြစ်စဉ်အရအထွက်တိုးအောင်ပြုစုစောင့်ရှောက်ရမည့်သဘောတရား အတူတူပင်ဖြစ်သည်။တစ်ဧက တင်း ၂၀ ကျော်ထွက်ရန် မျှော်မှန်းဆောင်ရွက်လျက် ရှိသည်။ နှမ်း တစ်တင်းတွင် အစေ့ပေါင်း သိန်းရာကျော် ခန့်ရှိသည်။ နှမ်းတင်း ၂၀ ထွက်ရှိရန် တစ်ဧက နှမ်းစေ့ပေါင်း သိန်း ၂ç၀၀၀ ကျော်ရရှိ ရန်မှာ ပထမ အဆင့်တစ်ဧက နှမ်းရိတ်သိမ်းနိုင်သည့် အပင် တစ်သိန်း ရရှိအောင် စိုက်ပျိုး ရမည်။
နှမ်းတစ်ပင်မှ အနည်းဆုံး နှမ်း သီး ၃၅ သီး ရရှိပြီး တစ်ဧက နှမ်းသီး ၃၅ သိန်း ရရှိအောင် ပြုစုစောင့်ရှောက် ရမည်။ နှမ်း တစ်သီးလျှင် အောင်စေ့ ၆၀ စေ့မှ ၇၀ စေ့အောင်မြင်အောင် ဂရုစိုက်ရမည်။ နှမ်း စေ့ ၁ç၀၀၀ ၏ အလေးချိန် ၂ ဒသမ ၅ ဂရမ် မှ သုံးဂရမ်ရရှိအောင် ဆောင်ရွက်ရမည်။
ဤသို့ဆောင်ရွက်နိုင်ရန် ကောင်းမွန် သည့်မြေ၊ အထွက်နှုန်းကောင်းသည့် မျိုး၊ မှန်ကန်သော စိုက်စနစ်များဖြစ်ရန် အဓိက အရေးကြီးသည်။ လယ်မြေ၊ နုန်းမြေ၊
နုန်းသမမြေ၊သဲနုန်းမြေ၊ကိုင်းကျွန်းမြေများ တွင် နှမ်းအထွက်ကောင်းသည်။ မြေချဉ် ငန်ဓာတ် ၅ ဒသမ ၅ မှ ရှစ်အတွင်း နှစ် သက်သည်။ ရေဝပ်သောမြေကို မကြိုက်ပေ။ မျိုးအနေဖြင့် ရေဆင်း စိုက်ပျိုးရေး သုတေသနက ဖြန့်ဝေထားသော ဆင်း ရတနာ ၃၊ ၄၊ ၅ စသည့်မျိုးများသည် အထွက် ကောင်း၍ စိတ်ချရသည်။ တစ်ဧက အပင် တစ်သိန်းပြည့်စေရန် အပင်ပေါက်ကောင်း ပြီး၊ မျိုးသန့်ရန် လိုအပ်သည်။ မိုးကြိုရေ သွင်းနှမ်းစိုက်ပျိုးလျှင် တစ်ပင်တိုင်နှမ်းမျိုး ကိုစိုက်ပျိုးသင့်သည်။ စိုက်စနစ်အနေဖြင့် တစ်ဧက အပင် တစ်သိန်းရအောင် စိုက်ပျိုးရန် အဓိကကျ သည်။ အပင်တစ်သိန်းရရှိရန် ပထမအချက် အပင်ပေါက် ၈၀ ရာခိုင်နှုန်းကျော်ရှိသည့် မျိုးကို စိုက်ရမည်။ ဒုတိယအချက် အပင် ပေါက်စုံရန်ဖြစ်သည်။ အပင်ပေါက်စုံစေရန် အစိုဓာတ်မိအောင် စိုက်ပျိုးရန် လိုအပ်သည်။
နှမ်းသည် စိုက်ပြီးလျှင် ၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်း အပင်အသေအပျောက်ရှိသည်။အပင်တစ်သိန်းတင်းတင်း ကျန်အောင် စိုက်ချိန်ကတည်းက မျိုးကို ကာမိအောင်
အသုံးပြုလေ့ရှိသည်။ လယ်သမားကြီးများ က စိုက်စဉ်ကတည်းက “ထူမမှား- ပါးမရ” ဆိုပြီး ထူထူကျဲပြီး အပင်ပေါက်လာမှသာ လူဖြင့် လက်ကြားခွဲခြင်း၊ ထွန်ဖြင့် ထွန်စိပ် တိုက်၍ မှုန်းပစ်ခြင်းများပြုလုပ်ကြသည်။
အပင် တစ်သိန်း ထက်လျော့လျှင် အထွက်လည်း လျော့သွားမည်။ မိုးကြိုရေသွင်းနှမ်း စိုက်ပျိုးရန် အတွက် မိုးစပါးကို အောက်ခြေပြတ်ရိတ် ရမည်။ သို့မဟုတ်လျှင် ရိုးပြတ်ကို မီးရှို့ရ မည်။ တချို့ရေရနိုင်သည့် ယာမြေများတွင် လည်း ရေသွင်းနှမ်းစိုက်ပျိုးကြသည်ကို တွေ့ ရသည်။ မြေယာ မပြုပြင်
မီ နွားချေးလှည်း ၁၀ စီးခန့် နေရာနှံ့အောင် ချပြီး၊ နွားထယ်၊ သို့မဟုတ် ထွန်စက်ကြီးဖြင့် မိုးနှောင်းထယ်ရေးနှစ်စပ်ထိုးရမည်။ ထယ်စာ ထိပ်ခေါင်း ဖွေးသည်အထိ မြေလှန်ထားရမည်။ ဇန်နဝါရီလ တတိယပတ်အအေးဓာတ်ပေါ့သွားချိန်တွင် တစ်ဧက ယူရီးယား ၈၄ ပေါင်၊တီစူပါ ၅၆ ပေါင်၊ ပိုတက် ၂၈ ပေါင်၊ ဂျစ်ပဆန်ပေါင် ၁၀၀ ကို မိုးနှောင်း ထယ်ရေးပြင်ထားသော အကွက်ထယ်စာခဲ ကြားသို့ ညီညာအောင် ကြဲပက်ရမည်။
၎င်း အကွက်ထဲသို့ အပေါ်ရေနှင့် အောက်အစို ဓာတ် ဆက်မိစေရန် ထယ်စာခဲမြုပ်သည်အထိရေသွင်း
ပေးရမည်။ ထယ်စာခေါင်း ဖွေးသည်အထိ နေလှန်း
အခြောက်ခံပြန်လုပ် ရမည်။ အစိုဓာတ်အနေတော်ပါက ထယ်ရေး နက်နက်ညက်ညက်ရရန်နှင့် မြေသား သိပ်သည်းကျစ်လျစ်ပြီး အပေါ်မြေလွှာနှင့် အောက်မြေလွှာ ဆက်စပ်မိစေရန်အတွက် ထယ်ထိုးလိုက်၊ ထွန်မွှေလိုက် တလိမ့်ကြမ်း တုံးဖြင့် ပြန်အုပ်ပေးလိုက်
သုံးကြိမ်ခန့် ပြု လုပ်ပေးရမည်။ နောက်ဆုံးအကြိမ် တလိမ့် ကြမ်းတုံးဖြင့် အုပ်ပြီး ညနေပိုင်းတွင် အသွား တို၊
အသွား သေးထွန်နှင့် တစ်တန်းနှင့် တစ်တန်း ၁၂ လက်မခြားစိုက်ကြောင်း ဆွဲရမည်။ စိုက်ကြောင်းအနက်ကိုတစ်လက်မမှ တစ်လက်မခွဲခန့်ရှိအောင် ဂရုစိုက်ရမည်။စိုက်ကြောင်းနက်လွန်းလျှင်၊တိမ်လွန်းလျှင် အပင်ပေါက်ကြဲသွားမည်။ နှမ်းစိုက်ပျိုးလျှင် အထွက်ကောင်းစေ ရန် အတန်းလိုက်စိုက်ပျိုးသင့်သည်။
အတန်းလိုက်မျိုးစေ့ချကိရိယာသုံးနိုင်လျှင် ပိုကောင်းသည်။ ဒေသတွင် လွယ်လွယ်လုပ် နိုင်သော နည်းမှာ နို့ဆီဗူးခွံအောက်ခြေ အလယ်တည့်တည့်ကို သုံးလက်မသံဖြင့် အပေါက်တစ်ပေါက်ဖောက်ရမည်။
၎င်းနို့ ဆီဗူးခွံကို လက်ကိုင်ဒုတ်တပ်ဆင်ရမည်။ နှမ်းစေ့များကို နို့ဆီဗူးခွံတွင်ထည့်ပြီး လူ ဖြင့် လေးလက်မမှ ငါးလက်မခြားတစ်ကြိမ်
စိုက်ကြောင်း အတွင်း လက်ကိုင်တုတ်ကို လှုပ်ခါပါက လေးလက်မမှငါးလက်မခြားနှမ်းစေ့လေးငါးစေ့ခန့်ကျမည်။ မျိုးစေ့ချပြီး လျှင် ကြမ်းတုံးဖြင့် ခေါင်းဖြတ်ကြမ်း နှစ်ပြန်အုပ်ပေးရမည်။ သို့မှသာ အစိုဓာတ် မိရန် စိတ်ချရမည်။ နှမ်းမြစ်သည် မြေထဲသို့ နက်နက်ထိုးဝင်နိုင်
သည်။ အပင် ငယ်စဉ် ၁၀ ရက်မှ ၂၀ ရက်သားတွင် အမြစ်ဖြာထွက်မှုရော မြေတွင်းထိုးဖောက်ဝင်ရောက်မှုပါ အား ကောင်းချိန် ဖြစ်သည်။ရေစုပ်အားလည်း ကောင်းသည်။ အပင်သက် ၄၅ ရက်သား တွင် အမြစ်ထိုးဖောက်ဝင်ရောက်မှု အား အကောင်းဆုံးအချိန်ဖြစ်သည်။အပင်သက် ၇၀ မှ ၈၀ ရက်သားခန့်တွင် အမြစ်ဖြာထွက် မှုရော မြေတွင်းထိုးဖောက်ဝင်ရောက်မှုပါ ရပ်တန့်သွားသည်။ ရေစုပ်ယူမှု အားလည်းနည်းသွားသည်။သို့အတွက် နှမ်းပင်ကြီးထွားဖွံ့ဖြိုးစေ
ရန် ထယ်ရေးနက်ရန် ညက်ရန်လိုသည်။ အပင်ငယ်စဉ် အမြစ် ဖွံ့ဖြိုးမှုအားကောင်း နေချိန်တွင် အစိုဓာတ်မပြတ်စေရန် အာဟာရမချို့တဲ့စေရန် ပေါင်းမြက်ကင်း ရှင်းရန် ပိုးမွှားရောဂါမကျရောက်စေရန် အထူးဂရုပြု ဆောင်ရွက်ရန် လိုအပ်သည်။ အပင် နှစ်ပတ် သားမှ ပန်းမပွင့်မီအချိန်ထိ သုံးကြိမ်ခန့် ကြားပေါင်းလိုက်၊ ပေါင်းရှင်း၊ ပိုးမွှား ရောဂါကာကွယ်နှိမ်နင်းခြင်းများ
ဆောင်ရွက်ပေးရန် လိုအပ်သည်။ နှမ်တစ်ဧက အောင်သီး ၃၅ သိန်း၊ တစ်ပင်အောင်သီး ပျမ်းမျှ ၃၅ သီးရရှိအောင် ဂရုစိုက်ပြုစုရမည်။ ၃၀ ရက်သားတွင် ပန်း စပွင့်သည်။ ၄၅ ရက်သားကျော်လျှင် ပန်းဖြိုင်ဖြိုင်ပွင့်သည်။ ပန်းပွင့်သည် အောက်ခြေမှသည်
အပေါ်သို့ တဖြည်းဖြည်းပွင့်သွား သည်။
တစ်ပင်တိုင်မျိုးဖြစ်လျှင် အောက်ခြေ နှစ်ဆစ်၊ သုံးဆစ်မှ စပွင့်သည်။ ပန်းပွင့် ကာလ ရက် ၆၀ ခန့်အထိ ဖြစ်သည်။ ပန်း ပွင့်ပြီး ငါးရက်တွင် သန္ဓေစအောင်သည်။
သန္ဓေအောင်ပြီးအသီးဖြစ်တည်မှုဆက်လက်ဖြစ်ပွားသည်။ ပန်းပွင့်ခြင်းသည် အသီးဖြစ်ပေါ်ရန်အခြေခံအဆင့်ဖြစ်သည်။ နှမ်းပွင့်ကောင်းကောင်းပွင့်ရန်နှင့် ဝတ်မှုန် ကူးသန္ဓေအောင်စေရန် အစိုဓာတ်လိုအပ် သည်။ ၎င်းအချိန်တွင် စုစုပေါင်းရေလိုအပ် ချက်၏ သုံးပုံတစ်ပုံလိုအပ်သည်။ သို့ အတွက် ပန်းဖြိုင်ဖြိုင်ပွင့်ချိန်တွင် ရေတစ် ကြိမ်မှုတ်ရေ (စိမ့်ရေ) သွင်းပေးရန် လိုအပ်သည်။ ပန်းပွင့်ပြီး တစ်လအတွင်း အသီး အဆင့်ဆင့်ဖြစ်ပေါ်သည်။ ပထမအဆင့် အစေ့ခွံဖြစ်ပေါ်သည်။ ဒုတိယအဆင့် အစေ့ ခွံထဲတွင်
နှမ်းစေ့များ တဖြည်းဖြည်းဖြစ် ပေါ်ကြီးထွားသည်။ ပန်းပွင့်ပြီး ရက် ၂၀ မှ ၂၅ရက်သားတွင်အသီးအလေးချိန် တိုးတက် လာသည်။
အသီးစတင်ကြီးထွားပြီး အသီး အတွင်း
အစေ့တဖြည်းဖြည်း ဖြည်တည်ကြီး ထွားချိန်သည် အောင်သီးနှင့် အောင်စေ့ဖြစ် ရန် အရေးကြီး
ဆုံး အချိန်ဖြစ်သည်။ ၎င်း အချိန်သည် အစာအလိုအပ်ဆုံးအချိန်ဖြစ် သည်။ ၎င်းအချိန်တွင် အရွက်အားလုံး ချက်လုပ်သောအစာ၏ ၆၀ ရာခိုင်နှုန်းကို အသီးကြီးထွားရန်နှင့် အစေ့ဖြစ်တည်ရန် အတွက် အသုံးချသည်။ အစာအာဟာရ မချို့တဲ့ရန်နှင့် အစိုဓာတ်မပြတ်စေရန် အထူး ဂရုစိုက်ရန် လိုအပ်သည်။ အသီးကြီးထွားချိန်နှင့် အစေ့ဖြစ်တည်ကြီးထွားနေချိန်တွင် စုစုပေါင်းရေလိုအပ်ချက်၏ သုံးပုံနှစ်ပုံလို အပ်သည်။ ၎င်းအချိန် ရေတစ်ကြိမ်သွင်းပေး ရန် လိုအပ်သည်။ ရေသွင်းပေးပါက အောင် သီးများ၊ အောင်စေ့များပြီး အထွက်လည်း တိုးပွားလာမည်။ ရေသွင်းသည့်အခါ စပါး ခင်းရေသွင်းသကဲ့သို့ လျှံနေအောင် မသွင်း မိစေရန် ဂရုပြုသင့်ပေသည်။
နှမ်းအောင်စေ့ဖြစ်လာလျှင် နှမ်းစေ့ အလေးချိန် တိုးတက်လာသည်။ နှမ်းစေ့ ၁ç၀၀၀ အလေးချိန် တစ်ဂရမ်တိုးလျှင် ၄၀ ရာခိုင်နှုန်း အထွက် ပိုမိုကြောင်း
ရေဆင်း စိုက်ပျိုးရေး သုတေသနက ထောက်ပြထားသည်။ နှမ်းစေ့ ၁,၀၀၀ အလေးချိန် ၂ ဒသမ ၅ ဂရမ်မှ သုံးဂရမ်ရရှိလျှင် စံချိန်မီသည်။
နှမ်းပင်သက်တမ်းတစ်လျှောက် နှမ်း ဖိုရောဂါ၊ ဖြုတ်ညို၊ ရွက်လိပ်နှင့် နှမ်းစုတ် ဂျပိုးများ ကျရောက်ပါက ပင်လုံး
ပြန့် အာနိသင်ရှိ ပိုးသတ်ဆေးတစ်မျိုးမျိုးဖြင့် ကာကွယ်နှိမ်နင်းနိုင်သည်။ နှမ်းရိုးမဲနှင့် ပင်ညှိုးရောဂါကျရောက်ပါက ပင်လုံးပြန့် မှိုသတ်ဆေးတစ်မျိုးမျိုးဖြင့် ကာကွယ်နှိမ် နင်းနိုင်သည်။ နှမ်းရိတ်သိမ်းချိန် စောစောရိတ်မိပါ က နှမ်းသီးနှံများ ဆုံးရှုံးနိုင်ပြီး နောက်ကျ နုတ်မိပါကအောက်ခြေသီးများ
ကွဲအက် ဆုံးရှုံးနိုင်သည်။ တစ်ပင်မှ နှမ်းသီး ၁၀ သီးဆုံးရှုံးလျှင် တစ်ဧက ခြောက်တင်းခန့် အထွက်ကျ သွားနိုင်သည်။ သို့အတွက် နှမ်း အောက်ခြေသီးများနှင့် အောက်အရွက်များ ဝါလာပါက ရိတ်သိမ်းသင့်သည်။
ရိတ်သိမ်း ပြီးပါက နှမ်းပုံ၊ နှမ်းထောင်၊ နှမ်းခါခြင်း များကို အချိန်မီ စနစ်တကျ ဆောင်ရွက် သင့်သည်။ ၎င်း အဆင့်တွင်စနစ်မကျပါကလေလွင့်ဆုံးရှုံးမှုပိုများနိုင်သည်။
နှမ်းပုံ၊ နှမ်းထောင်ချိန်တွင် နှမ်းရိုးမဲရောဂါ နှင့် နှမ်းစေ့စုပ်ကြမ်းပိုးများ ကျရောက်တတ်သည့် အတွက်
ဂရုတစိုက်ကာကွယ်နှိမ်နင်း ရန် လိုအပ်သည်။ သို့အတွက် တောင်သူလယ်သမား ကြီးများအနေဖြင့် စားသုံးဆီအတွက် ရတက်အေးရပြီး မိုးကြိုရေသွင်းနှမ်းကို အထွက်တိုးစေရန် အထက်ပါနည်းပညာ များအတိုင်း တိတိကျကျလိုက်နာဆောင် ရွက်ကြရန် လိုအပ်ပါကြောင်း ရေးသား လိုက်ရပါသည်။

Credit.
အောင်ဆန်း (စိုက်ပျိုးရေး)

13/11/2025
13/11/2025
11/11/2025

“ဧရာဝတီတိုင်းဂုဏ်တောက် ဓနိဖူးခြောက်” လုပ်ငန်း

ဓနိပင်လို့ ဆိုလိုက် သည်နှင့် အများစုသည် ဓနိရွက်ကို အိမ်မိုးတယ်၊ ဓနိရည်ကို အရက်ချက်တယ်၊ ဓနိဖူးကိုစားရင် သွားကိုက်ပျောက်တယ်လို့ဘဲ သိထားကြတာများပါတယ်။ တစ်ကယ်တော့ ဓနိပင်တစ်ပင်လုံး သည် လူသားများအတွက်များစွာ အသုံးဝင်သော အထောက်အကူပြု အပင်တစ်မျိုး ဖြစ်ပါတယ်။

ရခိုင်လို “ရီအုန်းပင်” လို့ခေါပြီး မြန်မာလို “ဓနိပင်” လို့ခေါ်တဲ့ ဒီရေတောပင်များသည် များသောအားဖြင့် မြန်မာနိုင်ငံ ပင်လယ်ကမ်းရိုးတန်းဒေသနှင့် မြစ်ကန်းရိုးဒီရေတောများပေါများသည့် ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ်နှင့် ပဲခူးမြစ်ကမ်းဘေးရှိ ဒီရေတောများတွင်အများဆုံးပေါက်ရောက်လေ့ရှိကြပါတယ်။ ဓနိပင်သည် အခြားသီးနှံများကဲ့သို့ မြေဩဇာ ကျွေးမွေးရခြင်း၊ ပေါင်းမြက်ရှင်းလင်းနှုတ်ဖယ်ရခြင်းတို့ကို ပြုလုပ်စရာ မလိုသောအပင်ဖြစ်ကာ ဒီရေများနှင့် ပါလာသော နုန်းမြေများသည် ဓနိခြံတွင် တင်ကျန်ခဲ့ပြီး သဘာဝမြေဩဇာအဖြစ်နှင့် ဓနိပင်များကို ကြီးထွားစေသောကြောင့် ဓနိမှထွက်သော အစားအစာမှန်သမျှ သဘာဝစစ်စစ် ဖြစ်ပြီးလူသားတို့အတွက် များစွာအကျိုးပြုနေသော အပင်များဘဲ ဖြစ်ပါတယ်။ ဓနိပင်လို့ ဆိုလိုက် သည်နှင့် အများစုသည် ဓနိရွက်ကို အိမ်မိုးတယ်၊ ဓနိရည်ကို အရက်ချက်တယ်၊ ဓနိဖူးကိုစားရင် သွားကိုက်ပျောက်တယ်လို့ဘဲ သိထားကြတာများပါတယ်။ တစ်ကယ်တော့ ဓနိပင်တစ်ပင်လုံး သည် လူသားများအတွက်များစွာ အသုံးဝင်သော အထောက်အကူပြု အပင်တစ်မျိုး ဖြစ်ပါတယ်။

ဓနိပင်တစ်ပင်လုံး၏ အသုံးဝင်ပုံကို ရှင်းပြရရင်တော့ ဓနိပင်၏အရွက်ကို အိမ်အမိုးအကာ မိုးရန်အတွက်လည်းကောင်း၊ အရိုးကိုခြံစည်းရိုးကာရန်အတွက် လည်းကောင်း၊ ဓနိပင်၏ အရွက်နု သည် သင်းပျံ့သောရနံ့ရှိသဖြင့် မြန်မာမုန့်များထုပ်ပိုးရာတွင် ဖက်အဖြစ်လည်းကောင်း၊ ဓနိပင်မှရရှိသောဓနိသီးမှာ ထန်းသီးနှင့်ပုံသဏ္ဍာန်ဆင်၍ အလွန်စားကောင်းလှသော အသီးတစ်မျိုး ဖြစ်ပြီး အစိမ်းစား၍ရသည့်အပြင် ဖျော်ရည်နှင့် ရေခဲမုန့်များ ပြုလုပ်ရာတွင်လည်းကောင်း၊ ဓနိ အရည်ကိုထန်းရည်ကဲ့သို့သောက်နိုင်သကဲ့သို့ ဓနိရည်ကိုကျိုချက်၍ ဓနိအရက်၊ ဓနိသကြား၊ ပအုန်းရည်နှင့် ဓနိဝိုင်တို့ ထုတ်လုပ်ရာတွင် လည်းကောင်း အသုံးပြုကြပါတယ်။ သို့သော် ဓနိဖူးနှင့်ပတ်သက်သည့် ထုတ်ကုန်များတော့ ထုတ်လုပ်နိုင်ခြင်း မရှိသေးသော်လည်း ၂၀၁၂ ခုနှစ် လောက်တွင် ဓနိပင်မှ “ဓနိဖူးကိုအခြောက်ပြုလုပ်ကာဓနိဖူးခြောက်” များအဖြစ်ကို နောက် ထပ် Value Added ပြုလုပ်လာကြပါတယ်။

ဒီရေတောများ ပေါများလှသည့် ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာတော့ ဓနိပင်များကို အများဆုံးတွေ့ရှိရပြီး ဓနိပင်မှ ဓနိဖူးသည် ဆောင်းရာသီအကုန်တွင် စတင်ဖူးပြီး နွေရာသီ ကာလအထိ ပေါများစွာဖူးပွင့်လေ့ရှိသည်။ ဓနိဖူးခြောက်များ ထုတ်လုပ်နိုင်ရန်အတွက် ကိုယ်ပိုင်ဓနိခြံများ စိုက်ပျိုးလာသည်အထိ ဓနိဖူးခြောက်လုပ်ငန်းများအား လုပ်ကိုင်လာကြပါတယ်။ ဓနိပင်မှဓနိဖူးသည် ဆောင်းရာသီအကုန်ဖြစ်သည့် ဒီဇင်ဘာလတွင် စတင်ဖူးပြီး နွေရာသီ ကာလ ဖြစ်သော ဧပြီကာလအထိ ပေါများစွာ ဖူးပွင့်လေ့ရှိပါသည်။ ဓနိဖူးသည် ဂျင်ဆင်းထက် Antioxidant အဆပေါင်း ၄၄ ဆပိုမို ပါဝင်သော အင်မတန်မှ ဆေးဖက်ဝင်လှသည့် အဖိုးတန် ရတနာတစ်ပါးဖြစ်သည့်အတွက် ဓနိဖူးသည်ဓနိပင်တစ်ပင်လုံး၏ အသက်လို့ပင် တင်စားလို့ရပါတယ်။

ဓနိဖူးကို ခြောက်သွေ့အောင် နေလှန်းရတဲ့အတွက် နွေရာသီမှာရောက်မှသာလျှင် ဓနိဖူးများကို ခုတ်ယူကာ အထပ်ထပ်ဆေးပြီး ရေစစ်ထားရပါတယ်။ ထို့နောက် ပွင့်ဖတ်၊ ရိုးတံစသည်ဖြင့် အမျိုးအစားခွဲကာ ကွမ်းညှပ်ဖြင့်ပါးပါးဖြတ်၍ ခြောက်သွေ့ပြီး စိုထိုင်းဆမကျန်အောင် ချက်ချင်းနေလှန်းရပါတယ်။ နေလှန်းနောက်ကျပါက အရောင်ပြောင်းပြီး လေလွင့်ခြင်း၊ အာနိသင် ပျက်ခြင်း ဖြစ်ပေါ်တတ်သဖြင့် အထူးဂရုထားကာနေလှန်းခြင်းများကို ဆောင်ရွက်ပြီးမှသာ ဓနိဖူးခြောက်များအား ထုပ်ပိုးသိမ်းဆည်းခြင်းများ ဆောင်ရွက်ကြပါသည်။ ဓနိဖူးခြောက်၏ အနံ့မှာလွန်စွာသင်းပျံ့လှသည့်အတွက် ရေနွေးကြမ်းသဖွယ် သောက်ရလွယ်ကူ သကဲ့သို့ သဘာဝ ဓနိဖူးခြောက်အထုပ်ကလေးတစ်ထုပ်ကို ရေတစ်လီတာစိမ်ပြီး သောက်သုံးပါကသွေးတိုး၊ ဆီးချို နှင့် သွေးတွင်း အဆီဓာတ်တွေကို ချေဖျက်နိုင်တယ်၊ အစာအိမ်သမား၊ ကင်ဆာ ဖြစ်နေသူများအတွက် သက်သာစေတယ်လို့ သိရပါတယ်။

Source: https://www.doca.gov.mm

------

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပတ်သတ်ပြီး တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။

Address

Arzarni

14011

Alerts

Be the first to know and let us send you an email when Ngaputaw DOA posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Ngaputaw DOA:

  • Want your business to be the top-listed Media Company?

Share