Kaung Thaw

Kaung Thaw “ကောင်းသော”သည် လူမှုဝန်းကျင်ရှိ စိတ်ဝင်စားဖွယ် အကြောင်းအရာများနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆောင်းပါးများကို တင်ဆက်ပေးနေသည့် မီဒီယာဖြစ်သည်။

“ရသစာအုပ်များကို နှစ်ခြိုက်တတ်သော နှလုံးသားလှတဲ့ သီလရှင်လေးများ”သုတ၊ ရသ နဲ့ ရုပ်ပြစာအုပ် အစုံတင်ဆောင်လာတဲ့ Walking Book ...
13/09/2025

“ရသစာအုပ်များကို နှစ်ခြိုက်တတ်သော နှလုံးသားလှတဲ့ သီလရှင်လေးများ”

သုတ၊ ရသ နဲ့ ရုပ်ပြစာအုပ် အစုံတင်ဆောင်လာတဲ့ Walking Book ရွေ့လျားစာကြည့်တိုက်ရဲ့ စာအုပ်စက်ဘီးလေးရောက်လာတိုင်း ဖတ်ချင်တဲ့ စာအုပ်တွေကို စိတ်တိုင်းကျ ရွေးချယ်ခွင့်ရတဲ့ သီလရှင်ဆရာလေးတွေရဲ့ အပျော်ဟာ တပါးသူကို ကူးစက်စေပါတယ်။

သီလရှင်အပါး၃၀ ဝန်းကျင်ခန့် သတင်းသုံးနေတဲ့ စစ်ကိုင်းတိုင်း၊ ရေဦးမြို့က အောင်ဇမ္ဗူကျော် သီလရှင်စာသင်တိုက်ကို Walking Book ရွေ့လျားစာကြည့်တိုက်လေးဟာ အပတ်စဉ်ဥပုသ်နေ့တိုင်း စာအုပ်တွေ သွားရောက် ငှားရမ်းပေးနေတာပါ။

Walking Book ရွေ့လျားစာကြည့်တိုက်ကို စာပေအကျိုးသယ်ပိုးလိုတဲ့ ရေဦးမြို့ခံ ဦးစိုးဝေဟန်က ပျိုးထောင်ထားတာဖြစ်ပြီး အိမ်မှာနေရင်း စာအုပ်တွေဖတ်နိုင်ဖို့ ရပ်ကွက်တွေထဲအထိ စာအုပ်များစွာကို စက်ဘီးနဲ့ အပတ်စဉ် ငှားရမ်းပေးနေတာ ဖြစ်ပါတယ်။ သီလရှင်စာသင်တိုက်ထိ စာအုပ်တွေငှားရမ်းပေးဖို့ အကြောင်းဖန်လာပုံက ရပ်ကွက်ထဲမှာ ဆွမ်းဆန်စိမ်း အလှူခံကြွလာတဲ့ စာဂျပိုးသီလရှင်လေးတစ်ပါးကနေ အစပြုခဲ့တာပဲ ဖြစ်ပါတယ်။

“လွန်ခဲ့တဲ့ နှစ်နှစ်ကျော်လောက်က ရပ်ကွက်ထဲကို ရွေးလျားစာကြည့်တိုက်က စက်ဘီးတစ်စီးနဲ့ လှည့်နေတုန်း ဆွမ်းဆန်စိမ်းအလှူခံကြွလာတဲ့ ဆရာလေးတစ်ပါးက မြင်သွားတယ်။ ဆရာလေးက အသက်အရွယ်အားဖြင့် ၂၀ ကျော် ပတ်ဝန်းကျင်လောက်ရှိပါပြီ။ စာလည်းတော်တော်ဖတ်တယ်။ ပညာတတ်လေးလည်း ဖြစ်တယ်။ သူလည်း စာဖတ်တဲ့အကြောင်း၊ စာအုပ်တွေငှားဖတ်ချင်ကြောင်း ပြောရာကနေ ဆန်ခံရင်း စာအုပ်ငှားဖို့ မလွယ်တာကြောင့် သူနေတဲ့ သီလင်ရှင်စာသင်တိုက်ထိ စာအုပ်တွေကို အပတ်စဉ် ငှားပေးဖြစ်သွားတာပါ” လို့ ရေဦးမြို့မှာ Walking Book ရွေ့လျားစာကြည့်တိုက်ကို တည်ထောင်ထားတဲ့ ဦးစိုးဝေဟန်က ပြောပါတယ်။

စာဖတ်ဝါသနာပါတဲ့ သီလရှင်လေးဟာ Walking Book ရွေ့လျားစာကြည့်တိုက်နဲ့ သိပ်မဝေးလှတဲ့ အောင်ဇမ္ဗူကျော်သီလရှင်စာသင်တိုက်က ဖြစ်ပါတယ်။ စာကြည့်တိုက် တည်ထောင်သူ ဦးစိုးဝေဟန်ဟာ သီလရှင်ဆရာလေးတွေ သတင်းသုံးရာနေရာမှာ စာအုပ်တွေ မငှားပေးခင် စာသင်တိုက်က သီလရှင်ဆရာကြီးနဲ့ အရင်တွေ့ပြီး လျောက်ထားတဲ့အခါမှာတော့ ဝမ်းပန်းတသာပဲ ခွင့်ပြုခဲ့ပါတယ်။

“သီလရှင် စာသင်တိုက်ကိုသွားပြီး ဆရာလေးတစ်ပါးရဲ့တောင်းဆိုချက်ကြောင့် တပည့်တော် ဒီမှာလာပြီး စာအုပ်လေးတွေ ငှားပေးချင်တယ်၊ ခွင့်ပြုနိုင်မလားလို့ မေးကြည့်တယ်။ ဆရာလေးက နည်းနည်းစဉ်းစားပြီး စာဝါလည်းမပျက်ဘူး၊ ကျန်တဲ့အလုပ်ကိုင်လည်း မပျက်ရင် ဖတ်ခွင့်ပြုပါတယ်လို့ ပြောပါတယ်။ အဲဒီအချိန်က သီလရှင်ဆရာကြီး ပြောတဲ့စကားတစ်ခွန်း ကျွန်တော်မှတ်မိလိုက်သေးတယ်။ သီလရှင်လေးတွေကို ခေတ်နဲ့အညီ သိစေချင်တယ်။ ကျောင်းတွင်းမှာ ပိတ်မိမနေစေချင်ဘူး။ ဒီလိုသိဖို့ဆို ဖုန်းတွေနဲ့ပဲ အချိန်ကုန်မနေစေဘဲ စာအုပ်တွေ ဖတ်ဖို့လိုကြောင်းပြောတော့ ကျွန်တော်လည်း ပီတိဖြစ်သွားတယ်။ ဒီလိုနဲ့ပဲ သူတို့တွေအားတဲ့ဥပုသ်နေ့တိုင်း တစ်ပတ်တစ်ခါ သူတို့ကြိုက်တဲ့ စာအုပ်တွေ သွားငှားပေးဖြစ်ခဲ့ပါတယ်” လို့ ဦးစိုးဝေဟန်က ပြောပါတယ်။

Walking Book ရွေ့လျားစာကြည့်တိုက်ကို၂၀၂၁ခုနှစ်
နိုဝင်ဘာလမှာ ရေဦးမြို့၊ အောင်မင်္ဂလာရပ်ကွက်က ဦးစိုးဝေဟန်ရဲ့ အိမ်မှာပဲ
ကိုယ်ထူကိုယ်ထဖွင့်ထားတာ ဖြစ်ပါတယ်။ ကလေးတွေကို စာဖတ်စေချင်တဲ့ ဆန္ဒတစ်ခုတည်းနဲ့ သူ့အိမ်ကစာအုပ်တွေကို ငှားရမ်းဖတ်ရှုစေရာကနေ လေးနှစ်အတွင်းမှာ စာဖတ်သူတွေ အားထားရတဲ့ အောင်မြင်သော စာကြည့်တိုက်လေး ဖြစ်တည်လာခဲ့တာပါ။ ခုဆိုရင် စာကြည့်တိုက်မှာ စာအုပ် ၅၀၀၀ ကျော်ထိ တိုးပွားလာခဲ့ပါပြီ။

အောင်ဇမ္ဗူကျော်သီလရှင်စာသင်တိုက်က သီလရှင်ငယ်လေးတွေဟာ ရုပ်ပြစာအုပ်တွေကို နှစ်ခြိုက်ကြပြီး၊ စာဖတ်အားကောင်းတဲ့ ဆယ်ကျော်သက်အရွယ် သီလရှင်လေးတွေကတော့ မိုးမိုး (အင်းလျား)၊ မင်းလူ၊ စိုးထိုက် (ဖဒို) အပါအဝင် နာမည်ကျော် စာရေးဆရာတွေရဲ့ စာအုပ်ကောင်းတွေကို ငှားရမ်းဖတ်ရှုကြပါတယ်။ စာချ သီလရှင်ဆရာကြီးတွေကတော့ ပါချုပ်ဆရာတော်ကြီးနဲ့ ဆရာတော်ဦးဇောတိကတို့ရဲ့စာအုပ်တွေကို ဖတ်ရှုကြပါတယ်။

“စာအုပ်တွေဖတ်ကြတော့ ဆရာလေးတို့မှာ ဖုန်းကိုင်ချိန် နည်းသွားတယ်။ စာအုပ်ကိုယ်စီနဲ့ဆိုတော့ ဆရာကြီးတွေက ထိန်းရတာ လွယ်ကူသွားတယ်။ စာသင်ကြားရေးကအစ ချောမွေ့လာတယ်လို့ သိရပါတယ်” လို့ ဦးစိုးဝေဟန်က ပြောပါတယ်။

တစ်ပတ်တစ်မျိုး မရိုးရအောင် ဖတ်ချင်စရာ စာအုပ်တွေနဲ့ ရုပ်ပြအသစ်တွေပါလာတတ်တဲ့ စာအုပ်စက်ဘီးလေး အလာကို မျှော်ရတာကိုလည်း သီလရှင်လေးတွေက သဘောကျ နှစ်ခြိုက်လို့နေပါပြီ။

(ပုံစာ- ရေဦးမြို့က အောင်ဇမ္ဗူကျော်သီလရှင်စာသင်တိုက်ကို စာအုပ်စက်ဘီးလေးရောက်လာတဲ့အချိန် သီလရှင်လေးများ တိုးဝှေ့ငှားရမ်းနေကြပုံ။ ဓာတ်ပုံများကို Walking Book ရွေ့လျားစာကြည့်တိုက်က ကျေးဇူးပြုပါတယ်။)

“ရိုးရာမြေထည်ကိုမှ လက်ရာဆန်းသစ်ဖန်တီးချင်သူ”မန္တလေးတိုင်း အမရပူရက ကိုလှမျိုးမင်းဟာ ကြွေထည်မြေထည်လက်မှုပစ္စည်းတွေကို ရွှံ...
06/09/2025

“ရိုးရာမြေထည်ကိုမှ လက်ရာဆန်းသစ်ဖန်တီးချင်သူ”

မန္တလေးတိုင်း အမရပူရက ကိုလှမျိုးမင်းဟာ ကြွေထည်မြေထည်လက်မှုပစ္စည်းတွေကို ရွှံ့မြေနဲ့ ဆန်းသစ်စွာ ဖန်တီးထုတ်လုပ်ရတာကို ဝါသနာထုံသူတစ်ဦးဖြစ်ပါတယ်။

သူ့ခြံဝိုင်းထဲမှာတည်ဆောက်ထားတဲ့ ကိုယ်ပိုင်အိုးဖိုကြီးတွေနဲ့ လှပညက်ညောတဲ့ မြေထည်လက်မှုပုံစံမျိုးစုံကို ပုံဖော်နေသူတစ်ဦးဖြစ်ပါတယ်။ ဘွန်ဇိုင်းစိုက်ပျိုးရတာကို ဝါသနာပါလာတာကလည်း သူ့ကို ဘဏ်ဝန်ထမ်းဘဝကနေ ကြွေထည်မြေထည်လုပ်ငန်းထဲကို ခြေစုံပစ်ဝင်ဖို့ အကြောင်းဖြစ်ပေါ်လာစေခဲ့ပါတယ်။ ဘွန်ဇိုင်းထည့်စိုက်ရတဲ့ မြေအိုးမျိုးဝယ်ဖို့ အခက်အခဲ ကြုံတွေ့ရာကနေ မြေအိုးလေးတွေ ကိုယ်တိုင် ဖန်တီးလုပ်ကိုင်တတ်လာခဲ့တာပါ။ သူပထမဆုံး ပြုလုပ်ဖြစ်တဲ့ မြေထည်ဟာလည်း ဘွန်ဇိုင်းထည့်စိုက်ပျိုးရတဲ့ မြေထည်ပန်းအိုးလေးပဲ ဖြစ်ပါတယ်။

“၂၀၁၅ခုနှစ် ဝန်းကျင်လောက်က ဘွန်ဇိုင်းအိုးတွေက ရှားတယ်။ ငွေရှိရင်တောင် ဝယ်ဖို့မလွယ်ဘူး။ တရုတ်နဲ့ထိုင်းကလာတဲ့ အိုးတွေကလည်း ဈေးကြီးတယ်။ ကျွန်တော့် အမျိုးသမီးဘက်က ဆီမီးခွက်၊ အိုးပုတ်နဲ့ ညောင်ရေအိုးစတဲ့ ရိုးရာအိုးလုပ်ငန်း လုပ်ကိုင်တယ်။ အဲဒီက ရွှံ့လေးတွေယူပြီး ကျွန်တော်လုပ်ကြည့်တယ်။ ကျွန်တော့် သူငယ်ချင်းတစ်ယောက်က တွေ့သွားပြီးဝယ်ရင်းနဲ့ အမှာလေးတွေ များလာတော့ ဝန်ထမ်းဘဝကနေ ထွက်လိုက်တယ်။ မြေထည်တွေကို လုပ်ရင်းကိုင်ရင်းနဲ့ ဝါသနာပါသွားတာ” လို့ ကိုလှမျိုးမင်းက ဆိုပါတယ်။

ဒီလိုနဲ့ ကိုလှမျိုးမင်းရဲ့ အိမ်တွင်းမှု မြေထည်လုပ်ငန်းလေးဟာ အမရပူရမြို့မှာ စတင် ပေါ်ပေါက်လာခဲ့ပါတယ်။ ကိုလှမျိုးမင်းကတော့ ရိုးရာကို အခြေခံပြီး ဆန်းပြားတဲ့ဒီဇိုင်းတွေကို ထုတ်လုပ်ဖို့ အမြဲတစေ စိတ်အားထက်သန်နေသူပါ။ ဒါကြောင့် အင်တာနက်နဲ့ စာအုပ်တွေကတစ်ဆင့် လေ့လာဆည်းပူးပြီး လက်တွေ့နဲ့ပေါင်းစပ်လို့ ကြွေထည်မြေထည် လက်မှုပညာကို တက်မြောက်လာခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအနှံ့က မြေထည်ကို တန်ဖိုးထားသူတွေရဲ့ အာရုံစိုက်မှုကို ရလာသူလည်း ဖြစ်ပါတယ်။

“မြေထမင်းပန်းကန်တို့ ရေနွေးကရားတို့ဆိုတာက ကျွန်တော်တို့ နိုင်ငံမှာမသုံးကြပေမယ့် တခြားနိုင်ငံမှာ သုံးလာတာကြာပါပြီ။ သဘာဝကိုကြိုက်တဲ့ သူတွေက သုံးတာပေါ့။ မြေဆိုရင် လူတွေက ရိုးရိုးမြေသားကိုပဲ သွားပြေးမြင် လိုက်ကြတာ။ မြေသားဆိုတဲ့ နေရာမှာလည်း ထမင်းဟင်း ထည့်စားလို့ရတဲ့ အဆင့်ထိ လုပ်ထားတာပါ။ ရိုးရိုးမြေသားနဲ့ မတူဘူးပေါ့” လို့ သူကပြောပါတယ်။

လက်မှုမြတ်နိုးတဲ့သူတွေနဲ့ နိုင်ငံခြားသား ဧည့်သည်တွေ လာတတ်တဲ့ စားသောက်ဆိုင်တွေက သူ့ဆီမှာ မြေထည် အသုံးအဆောင်တွေ မှာယူကြပါတယ်။

လက်မှုလုပ်ငန်းကို ဝါသနာပါတဲ့သူတွေက သူ့အိမ်လာပြီး လုပ်ကြည့်ပါရစေလို့ ပြောတတ်တာကြောင့် ရွှံ့ကနေ မီးဖုတ်တဲ့အဆင့်အထိ သူကသင်ပေးလေ့ ရှိပါတယ်။

မတ်လ၂၈ရက်နေ့မှာ ပြင်းထန်ငလျင်လှုပ်တဲ့အခါ သူ့ရဲ့အိမ်နဲ့ အိုးဖိုတို့ ထိခိုက်ပျက်စီးခဲ့ရပါတယ်။ ဒါပေမယ့် သူက ဝါသနာကို ရပ်တန့်မထားပါဘူး။

"ဟိုးအရင် ဘုရင်ခေတ်တုန်းက မြေထည်စဉ့်ထည်တွေက တော်တော် အဆင့်မီခဲ့တယ်။ ခုဆို မြန်မာနိုင်ငံက ဒီပညာမှာ တိမ်ကောတဲ့ အဆင့်ရောက်နေပြီလို့ ပြောလို့ရပါတယ်။ ဒါလေးကို ငါတို့မြန်မာနိုင်ငံမှာလည်း လုပ်နိုင်တယ်ဆိုတာ ကိုယ်ကိုယ်တိုင် ပြချင်တယ်။ တကယ်လုပ်ချင်တဲ့ သူတွေကိုလည်း သင်ပေးချင်တယ်” လို့ ကိုလှမျိုးမင်းက ပြောပါတယ်။

(ကိုလှမျိုးမင်းရဲ့ ကြွေထည်မြေထည်တွေကို စိတ်ဝင်စားပါက ဖော်ပြပါ link မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။ https://www.facebook.com/hla.myo.min.potter.2025)

ရုပ်ပြစာမြည်းပါစီပိုလီ (Persepolis) လွန်ခဲ့တဲ့ ၁၀နှစ်ကျော်ခန့်က နိုင်ငံတကာရုပ်ပြစာအုပ်တွေကို မြန်မာဘာသာပြန်ပြီး ထုတ်ဝေတဲ...
03/09/2025

ရုပ်ပြစာမြည်း

ပါစီပိုလီ (Persepolis)

လွန်ခဲ့တဲ့ ၁၀နှစ်ကျော်ခန့်က နိုင်ငံတကာရုပ်ပြစာအုပ်တွေကို မြန်မာဘာသာပြန်ပြီး ထုတ်ဝေတဲ့ ကာလတစ်ခုကို သတိရလွမ်းဆွတ်မိလိုက်ပါတယ်။ ပြည်တွင်းမှာ အင်္ဂလိပ်၊ ဂျပန် စတဲ့ ရသဝတ္ထုကောင်းတွေကို ဘာသာပြန်ဆိုထုတ်ဝေကြတဲ့ အစဉ်အလာရှိကြပေမယ့် နိုင်ငံတကာရုပ်ပြစာအုပ်တွေကို ဘာသာပြန်ဆိုကြတာ အတော်လေးရှားပါးလှပါတယ်။

အဲဒီလို ရုပ်ပြစာအုပ်တွေကို ဘာသာပြန်ဆိုမှုတွေကြောင့် နိုင်ငံခြားသား ကာတွန်းဆရာတွေကို သိခွင့်၊ သူတို့ရဲ့ လက်ရာကောင်းတွေကို ဖတ်ရှုလေ့လာခွင့်ရခဲ့ကြသလို တခြားသော ကာတွန်းဆရာတွေရဲ့ ဖန်တီးမှုတွေကိုပါ စူးစမ်းလိုစိတ် ဖြစ်လာစေပါတယ်။

ဒီလိုနဲ့ ပြည်တွင်းမှာ အထွက်ကျဲလှတဲ့ ဘာသာပြန်ရုပ်ပြတွေကို အားမရတော့ဘဲ ဟိုရှာဒီရှာလေ့လာကြည့်ရာမှာ အဖြူအမည်းနဲ့ ဆွဲထားတဲ့ ရုပ်ပြဝတ္ထုတစ်အုပ်ကို စိတ်ဝင်စားသွားမိပါတယ်။ အီရန်အမျိုးသမီး ကာတွန်းဆရာ Marjane Satrapi ရဲ့ “Persepolis” ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိရုပ်ပြပါပဲ။

မြိုင်ရာဇာတွက်ပီနဲ့ သူခိုးကြီးငတက်ပြားတို့လို အဖြူအမည်းကာတွန်းတွေနဲ့ ကြီးပြင်းလာတဲ့ မြန်မာတစ်ယောက်အနေနဲ့ အရောင်မပါတဲ့ Persepolis ရုပ်ပြကို ပျင်းစရာလို့ မထင်မိပါဘူး။ ကမ္ဘာတစ်ဝှမ်းမှာ အုပ်ရေ၂သန်းကျော် ရောင်းချထားခဲ့တဲ့ ရုပ်ပြဖြစ်တယ်လို့ ဖတ်ရပါတယ်။ ဒီစာအုပ်ကို ရန်ကုန်က အွန်လိုင်းစာအုပ်ဆိုင်တစ်ဆိုင်ကနေ ရောင်းချတာတွေ့လို ဝယ်ဖတ်ခွင့်ရခဲ့ပါတယ်။

Persepolis ဟာ ၁၉၈၀ ဝန်းကျင်က ဆယ်နှစ်သမီးအရွယ် ဇာတ်ကောင် Marjane တစ်ယောက် အစ္စလာမ်မစ်တော်လှန်ရေးကာလအတွင်း အီရန်နိုင်ငံမှာ ကြီးပြင်းလာရတဲ့ သူမရဲ့ အတွေ့အကြုံတွေကို ရုပ်ပုံများများ၊ စာကြောင်းနည်းနည်းနဲ့ သရုပ်ဖော်ထားပါတယ်။ ရုပ်ပြဟာ အီရန်နိုင်ငံသားတွေ အထူးသဖြင့် လွတ်လပ်ခွင့်တွေ ပြင်းထန်စွာ ကန့်သတ်ခံထားရတဲ့ အမျိုးသမီးတွေ ကြုံရတဲ့စိန်ခေါ်မှုတွေကို ထိထိမိမိ သရုပ်ဖော်ထားပါတယ်။ Persepolis ရဲ့ ထူးခြားချက်က အီရန်နိုင်ငံရဲ့ ရှုပ်ထွေးလှတဲ့ နိုင်ငံရေးနှင့် လူမှုရေးပြဿနာများကို အရွယ်သုံးပါး စာဖတ်သူတိုင်း နားလည်လွယ်အောင် သရုပ်ဖော်နိုင်စွမ်းရှိတာပါ။

Satrapi ရဲ့ ဟာသဥာဏ်ကွန့်မြူးမှုက ခက်ခဲကြမ်းတမ်းတဲ့ အခြေအနေတွေကို သရုပ်ဖော်ရာမှာတောင် စာဖတ်သူကို ပြုံးစေနိုင်ပါတယ်။

ဇာတ်ကောင်တွေရေးဆွဲရာမှာလည်း ပြည်တွင်းမှာ ထင်ရှားတဲ့ ဘားမားခရိုနီကယ်ရုပ်ပြကို ဖန်တီးသူ Guy Delisle ရဲ့ ဟန်အတိုင်း ရိုးရိုးရှင်းရှင်းပါပဲ။

Persepolis ဟာ စာအုပ်စင်တိုင်းမှာ နေရာရထိုက်တဲ့ ထူးထူးခြားခြား ရုပ်ပြဝတ္ထုတစ်ပုဒ်ဖြစ်ပါတယ်။ ရုပ်ပြဝတ္ထုများကို နှစ်သက်သူဖြစ်စေ သို့မဟုတ် အတွေးအခေါ်ကို လှုံ့ဆော်ပေးမယ့် စာအုပ်မျိုး ရှာဖွေနေရင်တော့ Persepolis ကို ညွှန်းပါရစေ။ စာအုပ်ကို အွန်လိုင်းကနေ download ဆွဲပြီးဖတ်ရှုနိုင်ပါတယ်။

(ဓာတ်ပုံ - ကောင်းသောမီဒီယာ)

ပန်းပုပညာရပ်ကို မြတ်နိုးတန်ဖိုးထားသူမေဦးခင်တဖြည်းဖြည်း ပုံဖော်နေတဲ့ ဘုရားရုပ်တုကို ကြည့်လိုက်၊ လိုအပ်တဲ့နေရာတွေမှာ ထုဆစ်...
29/08/2025

ပန်းပုပညာရပ်ကို မြတ်နိုးတန်ဖိုးထားသူ
မေဦးခင်

တဖြည်းဖြည်း ပုံဖော်နေတဲ့ ဘုရားရုပ်တုကို ကြည့်လိုက်၊ လိုအပ်တဲ့နေရာတွေမှာ ထုဆစ်လိုက်နဲ့ ဦးဖိုးဇော်တစ်ယောက် ဘေးဘီဝဲယာကို မကြည့်နိုင်ကာ အလုပ်ရှုပ်နေပါတယ်။ ဦးဖိုးဇော်တို့နေတဲ့ ဝေဇယန္တာ ၁၆လမ်းက သစ်ပန်းပု၊ ကျောက်ပန်းပုအလုပ်ရုံတွေ ရှိနေတဲ့ မြန်မာ့လက်မှုတို့ စုံညီရာ လမ်းလေးဖြစ်နေပါတယ်။

ပန်းပုပညာရပ်ဟာ ပန်းဆယ်မျိုးထဲမှာ ပါဝင်တဲ့ လက်မှုပညာရပ် တစ်မျိုးပါ။ သစ်သား၊ ကျောက်သား အစရှိတဲ့ အကြမ်းထည်ပစ္စည်းအသားတွေကို ထွင်းထုပြီး လိုရာပုံသွင်းကြတာ ဖြစ်ပါတယ်။ ထူးခြား ပြောင်မြောက်တဲ့ လက်ရာတွေ ဖန်တီးတဲ့ ပန်းပုဆရာတွေက မြန်မာပြည်မှာ များစွာရှိနေပါတယ်။ အဲဒီ အထဲမှာ ပန်းပုဆရာ ဦးဖိုးဇော်တစ်ယောက်လည်း ပါဝင်ပါတယ်။

“ပန်းပုပညာက မြန်မာနိုင်ငံမှာ တော်တော်လေးကို ကောင်းခဲ့တာ။ ရှေးခေတ်ကတည်းက ပန်းပုပညာရှင်တွေ တောက်လျှောက် ထွန်းကားခဲ့တယ်။ အိမ်နီးချင်း တရုတ်နိုင်ငံ ဆိုရင် ကိုယ်တွေဆီက လာဝယ်ရတာ။ အရင်တုန်းက တရုတ်နိုင်ငံကိုသွင်းရတာ။ ဆင်ရုပ်၊ မြင်းရုပ်တွေကို တရုတ်တွေက အများကြီးဝယ်ခဲ့လို့ တောက်လျှောက်ပို့ခဲ့ရတာရှိတယ် ” လို့ ပန်းပုဆရာက ဦးဖိုးဇော်က ရှင်းပြပါတယ်။

ဦးဖိုးဇော်က ပန်းပုပညာပေါ်မှာ ငယ်စဉ်ကတည်းက ဝါသနာပါပြီး ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ် ၊ ၆ ရပ်ကွက်ထဲမှာ နေထိုင်ကာ လေ့လာသင်ယူခဲ့တဲ့သူတစ်ဦး ဖြစ်ပါတယ်။ အဲဒီပညာနဲ့ အသက်မွေးဝမ်းကျောင်း အဖြစ်ရပ်တည်ခဲ့တာ အနှစ် ၂၀ ကျော်ရှိပြီလို့ ဆိုပါတယ်။

“ ခုနှစ်တန်း၊ရှစ်တန်းလောက်အချိန်ကတည်းက အားတဲ့အချိန်မှာ ဆင်ရုပ်လေးတွေထုတဲ့ ဆရာဆီမှာ သွားသင်တယ်။ ပန်းပုပညာကို နှစ်သက်မြတ်နိုးတယ်။ တန်ဖိုးထားတယ်” လို့ သူကပြောပါတယ်။

တစ်ချိန်က ပြုလုပ်ခဲ့ရတဲ့ ပန်းပုပညာရပ်ထက် အခုခေတ်မှာ ပြုလုပ်ရတဲ့ ပန်းပုပညာတွေက ပိုပြီး နည်းပညာမြင့်လာသလို လက်ရာတွေများစွာ တိုးတက်လာတဲ့ခေတ်ဖြစ်ပါတယ်။

“ဟိုဘက်ခေတ်တုန်းက စက်တွေဘာတွေ မပေါ်သေးဘူးပေါ့နော်။ လက်နဲ့ အစအဆုံး လုပ်ရတာပေါ့။ အခုကျတော့ လူလည်းမပါလို့ မရသလို စက်တွေက တစ်ဝက်ကျော်ကျော်လောက် ပါနေပြီ” လို့ ဦးဖိုးဇော်က ပြောပါတယ်။
ပန်းပုပညာရပ်ပိုင်းဆိုင်ရာ တိုးတက်လာပေမယ့် သစ်ကုန်ကြမ်းရရှိမှု အခြေအနေ ခက်ခဲလာတယ်လို့ ဆိုပါတယ်။ တစ်ချိန်က အိန္ဒိယနံ့သာဖြူ ၊တောင်နံကြီး၊ ရင်းတိုက်၊ သင်းဝင် အစရှိတဲ့ သစ်ပင်အမျိုးအစား သစ်သားတွေ ခေတ်စားခဲ့ပြီး အခုခေတ်မှာတော့ ကျွန်းနက်က ခေတ်စားတယ်လို့ ဆိုပါတယ်။

“ပန်းပုသမားတွေအတွက်ကတော့ အဆင်ပြေတဲ့အသား တစ်ခုတစ်ခုကတော့ ပေါ်ပေါက်လာပါတယ်။ အခုဆိုရင် ကျွန်းနက်ခေတ် ၊ သူ့ဟာနဲ့သူ အဆင့်ဆင့်ရှိတယ်။ ကျွန်းနက်ထွက်တဲ့ နယ်ဘက်ကနေ ပို့ပေးတာပေါ့နော်။ ဒီဘက်က နယ်ဘက်ဆီက တစ်ဆင့်ခံဝယ်ရတယ်။ ပုတီးသမားတွေက အများကြီးဝယ်တယ်။ ပန်းပုသမားတွေကိုလည်း ပြန်မျှပေးတယ်။ ဈေးလေးနည်းနည်း ကွာတာတော့ ရှိတယ်” လို့ ဦးဖိုးဇော်က ပြောပါတယ်။

အွန်လိုင်းစီးပွားရေးတွေ တွင်တွင်ကျယ်ကျယ် လုပ်နိုင်တဲ့ နည်းပညာခေတ်ထဲမှာ မြန်မာ့ပန်းပု လုပ်ငန်းဈေးကွက်လည်း ပိုပြီးအမြင်ကျယ်ကျယ်နဲ့ တွင်ကျယ်လာခဲ့ပါတယ်။

“အရင်က ပန်းပုတစ်ရုံမှာ ပန်းပုသမား အယောက် ၂၀ လောက်ရှိမယ်။ အခုက နားမျက်စိပွင့်လာတဲ့အခါ ကျတော့ ကိုယ်တိုင် page လေးထောင်ပြီး အွန်လိုင်းဈေးကွက်မှာ အရောင်းအဝယ် လုပ်လို့ရတယ်။ အရင်တုန်းက မျက်စိပိတ်၊ နားပိတ်ရှိတယ်။ အရင်ကတော့ ပန်းပုမထုတတ်တဲ့ လုပ်ငန်းရှင်က ဈေးကွက်ကို သူကထိန်းချုပ်ပြီး ပန်းပုပညာရှင်တွေကို ခိုင်းတာပေါ့။ အခုကတော့ ကိုယ့်ပါကိုယ် ကိုယ့်ဈေးကွက်ကို ကိုယ်ဖောက်လို့ရပြီ။ ပြောမယ်ဆိုရင် လုပ်ငန်းရှင်တွေလည်း ဈေးတွေ ဘာတွေ မနှိမ်ရဲတော့ဘူးပေါ့” လို့ ဦးဖိုးဇော်က ရှင်းပြပါတယ်။

အခုအချိန်မှာ ပန်းပုလုပ်ငန်းတွေက ပြည်ပထက် ပြည်တွင်းမှာ တွင်တွင်ကျယ်ကျယ်ရှိနေပါတယ်။ ဘာသာရေးပိုင်းဆိုင်ရာ ရုပ်တုတွေ၊ အဆောင်အယောင်တွေ ပုံစံအမျိုးမျိုး လုပ်ရတယ်လို့ ဆိုပါတယ်။

ပန်းပုပညာရပ်ကို မျိုးဆက်သစ်တွေ စိတ်ဝင်စားမှုတော့ ရှိကြပေမယ့် စီးပွားရေးအရ ထဲထဲဝင်ဝင် သင်ယူလေ့လာမယ့်သူတော့ နည်းလာတယ်လို့ ဆိုပါတယ်။ ‘’ကျွန်တော်တို့အရင်ခေတ်က ပန်းပုဆရာတစ်ယောက်ဆီမှာ သွားသင်ပြီဆိုရင် သုံးနှစ်သုံးမိုးလည်း ဖြစ်ချင်ဖြစ်မယ်။ အဆင့်ဆင့် သင်ယူတယ်။ အဆင့်ဆင့်မှာဆရာက တစ်ပြားမှမပေးဘူး။ သူတို့ကို ဝေယျာဝစ္စကအစ လုပ်ပေးရတယ်။ အခုကျတော့ တပည့်မွေးမယ်ဆိုရင်တောင် သင်မယ့်ကလေးကို ထိုက်သင့်သ လောက်ပေးရတယ်။ အရင်တုန်းက မိဘတွေက ထောက်ပံ့ထားတဲ့အတွက်ကြောင့် သင်ယူနိုင်ကြတယ်။ အခုကတော့ ပန်းပုပညာရပ်ကို သီးသန့်မသင်ယူနိုင်ကြဘူး” လို့ ဦးဖိုးဇော်က ပြောပါတယ်။

ပန်းပုပညာရပ်က အသက်မွေးဝမ်းကျောင်းလုပ်ငန်းအနေနဲ့ အများကြီး အထောက်အကူပြုပြီး တစ်မျိုး၊ နှစ်မျိုးပဲ သင်ယူတတ်မြောက်တာထက် စွယ်စုံထုလုပ်တတ်ရင် အလုပ်မရှားဘူးလို့ ဆိုပါတယ်။

ပန်းပုပညာရပ်ကို သင်ယူတဲ့နေရာမှာ ဥာဏ်ကောင်းရင်ကောင်းသလို သင်ယူတတ်မြောက်နိုင်ပြီး ပန်းချီပညာရပ် အခြေခံရှိသူက ပိုပြီးတော့ သင်ယူတတ်မြောက်လွယ်တယ်လို့ ဆိုပါတယ်။

“ပန်းပုပညာတတ်ခြင်းအားဖြင့် ကိုယ်ပိုင်အလုပ်လိုဖြစ်သွားတယ်။ အချိန်အကန့်အသတ်မရှိဘူး။ စိတ်နဲ့လည်းဆိုင်တယ်။ စိတ်မဝင်စားရင် နားလို့ရတယ်။ ပညာရှင်ဖြစ်သွားတဲ့အတွက် အလုပ်ဖိအား မရှိဘူး” လို့ ဦးဖိုးဇော်က ရှင်းပြပါတယ်။

အခုအခါမှာ ပန်းပုပညာရပ်ကို လူငယ်ပိုင်းရဲ့ စိတ်ဝင်စားမှုက အရင်ကလောက် မရှိတော့ဘူးလို့ ဆိုပါတယ်။ မြန်မာ့ပန်းပုပညာရပ်ဟာ နိုင်ငံတကာက ပညာရှင်တွေနဲ့ယှဉ်ပြိုင်နိုင်တဲ့ ပညာအရည်အသွေး ပိုင်းဆိုင်ရာ များစွာ ကြွယ်ဝတယ်လို့ ဆိုပါတယ်။

“ နိုင်ငံခြားက ပန်းပုပညာရှင်တွေကို ယှဉ်နိုင်မယ့် မြန်မာ့ပန်းပုဆရာတွေ ပြည်တွင်းမှာ အများကြီးရှိတယ်။ ဒါးပိန်က ပန်းပုပညာရှင်တွေကို သိမှာပါ” လို့ ဦးဖိုးဇော်က ပြောပါတယ်။

ပန်းပုပညာရပ်တွေကို လူအများ စိတ်ဝင်တစားနဲ့ လုပ်ကိုင်လာနိုင်အောင် သက်ဆိုင်ရာတွေက မြေတောင်မြှောက်ပေးနိုင်ရင် ပိုပြီးအောင်မြင်နိုင်တယ်လို့ ဆိုပါတယ်။

“ပန်းပုဆရာတွေကလည်း နိုင်ငံခြားဝင်ငွေ ရှာဖွေတဲ့သူတွေပေါ့။ သူတို့အတွက် တတ်နိုင်သလောက် မြှင့်တင်ပေးစေချင်တယ်။ မျိုးဆက်ပြတ်သွားနိုင်တယ်” လို့ ဦးဖိုးဇော်က ပြောပါတယ်။

အခုအချိန်မှာတော့ ကုန်ကြမ်းအခက်အခဲတွေလည်းရှိသလို စားဝတ်နေရေးကို ပိုပြီးဦးစားပေး လုပ်ကိုင်နေရတဲ့ ပန်းပုဆရာတွေများတဲ့အတွက် လုပ်ခပိုများမယ့် ရေကြည်ရာ မြက်နုရာတွေဆီ လှည့်လည် သွားလာလုပ်ကိုင်နေရင်း ရှင်သန်နေကြရတာပဲ ဖြစ်ပါတယ်။

ပန်းပုဆရာ ဦးဖိုးဇော်လည်း ခေတ်တွေအလိုက် ပန်းပုလုပ်ငန်းတွေ ထွန်းကားခြင်း၊ မထွန်းကားခြင်း ဘယ်လိုအခြေအနေမျိုးပဲဖြစ်ဖြစ် သူမြတ်နိုးစွာ သင်ယူတတ်မြောက်ထားတဲ့ ပန်းပုပညာရပ်နဲ့ပဲ ဆက်လက် လျှောက်လှမ်းနေပါတယ်။

“ပေ၂၀နက်တဲ့ ရေတွင်းထဲကနေ ကြောင်ကလေးနှစ်ကောင်ရဲ့ အသက်ကို ကယ်ဆယ်ပေးခဲ့တဲ့ ပရဟိတအဖွဲ့”ပေ၂၀ ဝန်းကျင်နက်တဲ့ ရေတွင်းထဲကို မတော...
27/08/2025

“ပေ၂၀နက်တဲ့ ရေတွင်းထဲကနေ ကြောင်ကလေးနှစ်ကောင်ရဲ့ အသက်ကို ကယ်ဆယ်ပေးခဲ့တဲ့ ပရဟိတအဖွဲ့”

ပေ၂၀ ဝန်းကျင်နက်တဲ့ ရေတွင်းထဲကို မတော်တဆ ပြုတ်ကျသွားတဲ့ အိမ်မွေးကြောင်လေးနှစ်ကောင်ကို မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ မုံရွာမြို့ရဲ့ ပရဟိတ လူငယ်လေးတွေက အသက်ရှင်လျက် ကယ်ဆယ်ပေးနိုင်ခဲ့ပါတယ်။

ဩဂုတ်လ ၂၇ရက်နေ့ မနက်၄နာရီခန့်က မုံရွာမြို့၊ သလ္လာရပ်ကွက်၊ လူနေအိမ်တစ်အိမ်က ရေတွင်းထဲကို ပြေးရင်းလွှားရင်း ပြုတ်ကျသွားတဲ့ ကြောင်ကလေးနှစ်ကောင်ကို ကယ်ဆယ်ပေးဖို့ သူတို့အဖွဲ့ကို ဖုန်းဆက်အကြောင်းကြားလာတာပဲ ဖြစ်ပါတယ်။

“မနက်၄နာရီမှာ ကြောင်လေးနှစ်ကောင် ရေတွင်းထဲကျနေတယ်ဆိုပြီး ကျွန်တော်တို့အဖွဲ့ကို လာဆယ်ပေးဖို့ ဖုန်းဆက်လာပါတယ်။ ကျွန်တော်တို့က သက်ရှိသတ္တဝါတွေ အားလုံးကို ကူညီကယ်ဆယ်ပေးချင်တာ။ သူလည်း အသက်တစ်ချောင်းနဲ့ ဖြစ်လာတာပဲ။ အသက်တစ်ချောင်းကို တန်ဖိုးထားတယ်။ ဒါ့ကြောင့် ချက်ချင်းသွားကယ်ပေးခဲ့တာပါ” လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ မုံရွာမြို့က ပရဟိတ လူငယ်တစ်ဦးဖြစ်တဲ့ ကိုပြည့်ဖြိုးကျော်က ပြောပါတယ်။

မနက်၄နာရီဟာ မှောင်လွန်း၊ စောလွန်းသေးတာကြောင့် မနက်လင်းတဲ့အထိ စောင့်ဆိုင်းနေခဲ့ရင် ကြောင်ကလေးနှစ်ကောင်က အသက်ရှင်သန်ဖို့ အခွင့်အလမ်း နည်းသွားမှာပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် လူရယ်၊ တိရစ္ဆာန်ရယ် မခွဲခြားပဲ အသက်တစ်ချောင်း ကယ်တင်ဖို့အတွက် ဒီပရဟိတ လူငယ်လေးတွေက မဆိုင်းမတွ သွားရောက် ကယ်ဆယ်ပေးခဲ့ ကြတာ ဖြစ်ပါတယ်။

ရေတွင်းထဲ ဆင်းတဲ့အခါ လိုအပ်တဲ့အောက်ဆီဂျင် ကိရိယာတွေ တပ်ဆင်ထားရပြီး ရေတွင်းဟာ ကျဉ်းမြောင်းတာကြောင့် ကယ်ဆယ်ပေးခဲ့တဲ့ ပရဟိတ လူငယ်လေးရဲ့ ခြေထောက်နဲ့လက်တွေမှာ ပွန်းပဲ့ဒဏ်ရာ ဖြစ်ခဲ့ရပါတယ်။

“အသက်က တစ်ချောင်းတောင်မဟုတ်ဘူး။ နှစ်ချောင်းပါ။ အသက်နှစ်ချောင်းကို ကယ်တင်ခွင့်ရလို့ ပျော်ပါတယ်” လို့ ကိုပြည့်ဖြိးကျော်က ပြောပါတယ်။
တိရိစ္ဆာန်လေးတွေကို မေတ္တာထားပြီး ကိုယ်ကျိုးစွန့်ကယ်တင်ပေးတဲ့ သူတို့ပရဟိတ အဖွဲ့ကိုလည်း ပြည်သူတွေက ဆုမွန်ကောင်းတောင်းပေးနေကြပါတယ်။

(ဓာတ်ပုံများကို မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ မုံရွာမြို့က ကျေးဇူးပြုပါတယ်။)

“ပန်းချီအနုပညာကို ထူးကဲဖန်တီးတတ်သူ ဥာဏ်ရည်မသန်စွမ်းလူငယ်တစ်ဦး”ဉာဏ်ရည်မသန်စွမ်းသူတွေဟာ သာမန်လူတွေလို သင်ယူတတ်မြောက်ဖို့ ခ...
26/08/2025

“ပန်းချီအနုပညာကို ထူးကဲဖန်တီးတတ်သူ ဥာဏ်ရည်မသန်စွမ်းလူငယ်တစ်ဦး”

ဉာဏ်ရည်မသန်စွမ်းသူတွေဟာ သာမန်လူတွေလို သင်ယူတတ်မြောက်ဖို့ ခက်ခဲကြပေမယ့် မေတ္တာဖြင့် အချိန်ယူ လေ့ကျင့်သင်ကြားပေးရင် စိတ်ကူးဉာဏ်စွမ်းတို့နဲ့ တီထွင်ကြံဆ ဖန်တီးရသော အနုပညာကိုပင် လိုက်စားနိုင်ကြောင်းကို အသက်၃၂နှစ်အရွယ် ဥာဏ်ရည်မသန်စွမ်းလူငယ်တစ်ဦးဖြစ်တဲ့ မဝင့်နန္ဒာမော်က သက်သေပြခဲ့ပါတယ်။

သူဟာ မွေးရာပါ ဥာဏ်ရည်မသန်စွမ်းသူ ဖြစ်သလို ကျောက်ကပ်တစ်ခြမ်း မပါဘဲ မွေးဖွားလာခဲ့သူ ဖြစ်ပါတယ်။ ရေဆေးကို အသုံးပြုပြီး မော်ဒန်ဆန်ဆန် ဖန်တီးထားတဲ့ ပိတောက်ပန်းပွင့်ပုံတွေ၊ စက္ကူပေါ်မှာ ငါးရုပ်တွေကပ်ပြီး ရေမြောင်းထဲကို အမှိုက်မပစ်ဖို့ အသိပေးထားတဲ့ ‘ရှင်သန်ခွင့်ပေးပါ’ အမည်ရ ပန်းချီကားတွေဟာ သူ့ရဲ့သဘာဝကိုချစ်ခင်မြတ်နိုးတတ်တဲ့ စိတ်သဘောထားကို သွယ်ဝိုက်ဖော်ကျုးလို့လည်း နေပြန်ပါတယ်။

“သူက ပန်းချီမဆွဲတတ်ဘူး။ ဒါပေမယ့် ပန်းချီဆွဲတတ်ချင်တယ်။ သူ့မှာ စိတ်ကူးလေးတွေရှိတယ်။ စီးတီးမတ်နဲ့ ဆေးဆိုင်တွေကပေးတဲ့ လက်ကမ်းစာစောင်တွေပေါ်က ရုပ်ပုံတွေကို သူက ကပ်ကြေးနဲ့ညှပ်ပြီး ပုံးထဲမှာ စနစ်တကျ ထားတယ်။ သူက စာရွက်ပေါ်မှာ ညှပ်ထားတဲ့ ရုပ်ပုံတွေကို အနုပညာတစ်ခု ဖြစ်လာအောင် အံ့ဝင်ခွင်ကျ ဖန်တီးနိုင်ခဲ့ပါတယ်” လို့ မိခင်ဖြစ်သူ ဒေါ်စိုးစန္ဒာလွင်က ပြောြပပါတယ်။

မဝင့်နန္ဒာမော်ဟာ ရေဆေးနဲ့ ပန်းချီကားတွေ ဆက်လက် ဖန်တီးချင်နေပေမယ့် ပန်းချီပစ္စည်းတွေ ဈေးကြီးတာကြောင့် ရေဆေးပညာကိုတော့ မလိုက်စားနိုင်သေးပါဘူး။

“သူ့အစ်ကိုဝမ်းကွဲက အိမ်လာလည်တော့ ဆေးလိပ်တွေ သောက်ပြီး ခြံထဲပစ်တယ်။ အဲဒါကိုမြင်ပြီး ဆေးလိပ်တိုတွေ လိုက်ကောက်တယ်။ အဲဒါတွေကို စာရွက်ပေါ်မှာ ကပ်ပြီး ရေဆေးအနီရောင်နဲ့ ဆေးခြယ်တယ်။ ပြီးတော့ စာရွက်ပေါ်မှာ ‘မီးသတိပြု’ဆိုတဲ့ စာလုံးလေး ရေးခိုင်းတယ်။ သူကသူ့စိတ်ကူးတွေကို အဲဒီလို အကောင်အထည်ဖော်လိုက်နိုင်တယ်” လို့ သူကပြောပါတယ်။

မဝင့်နန္ဒာမော်ဟာ မိခင်နဲ့အတူ ခရီးထွက်ရင်း စာခြောက်ရုပ်တွေကို မြင်တွေ့ခဲ့ရပြီး စက္ကူပေါ်မှာ စာကလေးတွေကိုကျွေးတဲ့ စပါးတွဲကိုကပ်၊ စာခြောက်ရုပ်ကို ပြောင်းဖူးဖက်နဲ့ သူတတ်သလို လုပ်ထားပြီး ‘မြန်မာ့လယ်တော’ ဆိုတဲ့ ပန်းချီကားလေးကိုလည်း ဖန်တီးထားပါသေးတယ်။

တူခြင်းမတူခြင်းဆိုတဲ့ ဘောင်ထဲကမနေဘဲ စိတ်အတွင်းမှာခံစားရမှုကို အနုပညာနဲ့ ဖော်ထုတ်နိုင်စွမ်းရှိတာဟာ မိသားစုဝင်တွေရဲ့ စိတ်ရှည်စွာ ပျိုးထောင်ပေးနိုင်မှုကြောင့်လည်း ဖြစ်ပါတယ်။

(ဓာတ်ပုံများ - ‘ကောင်းသော’ မီဒီယာ)

“ရွှေတိဂုံဘုရားမြောက်ဘက်မုခ် စျေးတော်ရုံက ပန်းပုဆရာများ''ပုဆိုးအကွက်နွမ်းကိုဆင်ကာ သစ်သားလက်ကိုင်ရိုးတပ် စူးဆောက် တန်ဆာပလ...
21/08/2025

“ရွှေတိဂုံဘုရားမြောက်ဘက်မုခ် စျေးတော်ရုံက ပန်းပုဆရာများ''

ပုဆိုးအကွက်နွမ်းကိုဆင်ကာ သစ်သားလက်ကိုင်ရိုးတပ် စူးဆောက် တန်ဆာပလာကို လက်နှစ်ဖက်မှာ ကိုင်လို့ သစ်သားတုံးကြီးတစ်တုံးကို ပုံပေါ်လာတဲ့အထိ အရုပ်ထွင်းနေသော ပန်းပုဆရာတွေကို ရွှေတိဂုံစေတီတော်၊ မြောက်ဘက်မုခ်က စျေးတော်ရုံရဲ့ ဆိုင်အမိုးများအောက်မှာ တွေ့မြင်နိုင်ပါတယ်။

ရွှေတိဂုံဘုရားမြောက်ဘက်မုခ် စျေးရုံ (အများက ပန်းပုတန်းလို့လည်းခေါ်ကြပါတယ်) ဟာ နှစ်ပရိစ္ဆေဒကြာမြင့်ပြီ ဖြစ်ပါတယ်။

သဘာဝလိုင်း၊ အရုပ်လိုင်း၊ ဘုရားလိုင်း၊ ပုံတူလိုင်း နဲ့ ရုပ်ကြွလိုင်းတွေမှာ ရုပ်ဖြစ်ရုံနဲ့ သဘာဝမကျသေး။ ပုံတူတစ်ခုကို သဘာဝကျအောင် စိတ်ရှည်လက်ရှည် ထုဆစ်ရတဲ့ စွယ်စုံရပန်းပုဆရာများကိုလည်း တွေ့ရပါတယ်။ ပန်းပုထုချိန်တိုင်းမှာ ဆေးလိပ်ကို ဖွာရှိုက်ရင်း စျာန်ယူလေ့ရှိသူတွေလည်း ရှိကြပါတယ်။

ဈေးရုံထဲက ပန်းပုဆရာတွေထံမှာ ဘိုးဘိုးအောင်၊ ဘိုးမင်းခေါင်နဲ့ ရှင်သီဝလိတို့ရဲ့ ပုံတူရုပ်တုများလည်း လာရောက်အပ်နှံကြပါတယ်။ အများတကာ ကိုးကွယ်တာကို ထုဆစ်ရတာဖြစ်တော့ ရိုသေသမှုနဲ့ ထုဆစ်ကြရပါတယ်။

ဟိုးယခင်က ရွှေတိဂုံဘုရားရဲ့ အရှေ့၊အနောက်၊ တောင်၊မြောက် စောင်းတန်းလေးသွယ်ထဲမှာ ပန်းပုဆရာများကို ပန်းပုထုခွင့်ပေးထားပါတယ်။ ပန်းပုသမားတွေရှိရင် သစ်တုံးတွေရှိမယ်။ သစ်တုံးတွေရှိရင် ထုတာ၊ ထောင်းတာ၊ ခွဲတာ စိတ်တာရှိမယ်။ သစ်ထွင်းစတွေကနေ အမှိုက်တွေထွက်လာမယ်။ ဘုရားစောင်းတန်းတွေမှာ ခင်းကျင်းထားတဲ့ ကြွေပြားတွေ အက်ကွဲလာနိုင်ပါတယ်။ ဒါ့ကြောင့် ပန်းပုဆရာများအတွက် စျေးတော်ရုံကြီး ပေါ်လာခဲ့ပါတယ်။ နိဗာန်ကုန်ရောင်း သူတွေပဲ စောင်းတန်းလေးသွယ်မှာ ကျန်ရစ်ခဲ့ကြပါတယ်။

ထိုပန်းပုဆရာများဟာ ရွှေတိဂုံဘုရား မြောက်ဘက်မုခ် စျေးတော်ရုံအပြင် အရှေ့ဘက်မုခ် အဆင်းက ဆိုင်ခန်းတွေမှာလည်း အားရုံစူးစိုက် ထုဆစ်နေတာကို တွေ့ရပါတယ်။ ရွှေတိဂုံဘုရား ပတ်ပတ်လည်မှာ ပန်းပုဆရာတစ်ရာ ဝန်းကျင်ခန့်ရှိမယ်လို့ ခန့်မှန်းရပါတယ်။ အများစုကတော့ သက်လတ်ပိုင်းအရွယ်တွေပါ။

ပန်းပုဆရာများဟာ ဒဂုံမြို့သစ်၊ လှိုင်သာယာနဲ့ ရွှေပြည်သာတို့လို့ မြို့စွန်များကနေ မနက်စောစော လုပ်ငန်းခွင်ကိုလာပြီး ညနေမှာ ပြန်ကြပါတယ်။ အော်ဒါရရင် ဒါးပိန်က ပန်းပုဆရာတွေပါ ရောက်လာတတ်ကြပါတယ်။

ပန်းပုလောကမှာ အမျိုးသမီး ပန်းပုဆရာ အတော်လေးရှားပါတယ်။ ဒါးပိန် နဲ့ မန္တလေးက မိသားစုပန်းပုလုပ်ငန်းတွေမှာ အမျိုးသားက အကြမ်းထုပြီး အမျိုးသမီးက အနုစိတ် အချောကိုင်တာတွေရှိပါတယ်။ မန္တလေး ကျောက်ဆစ်တန်းတွေမှာလည်း အမျိုးသမီးတွေ အချောကိုင်ပေးတာတွေရှိပါတယ်။ ရွှေတိဂုံဘုရားကြီးမှာ အရုပ်ဆေးသုတ်တာနဲ့ ရွှေချတာကို အမျိုးသမီးတစ်ချို့ လုပ်ကိုင်ကြပါတယ်။

ဘုရားကြီးကို အမှီပြုလျက် သမ္မာအာဇီဝကျကျ ဝမ်းစာရှာမှီးနေတဲ့ ပန်းပုဆရာတွေရဲ့ လက်ထဲမှာ သစ်သားရုပ်တုတွေဟာ တဖြည်းဖြည်း ရုပ်လုံးကြွကာ ပီပြင်လာလာကြတော့မှာ ဖြစ်ပါတယ်။

(ပုံစာ - ရွှေတိဂုံဘုရားမြောက်ဘက်မုခ် စျေးရုံက ပန်းပုဆရာတစ်ဦး သစ်သားဆင်ရုပ်ကလေးပေါ်မှာ ခဲဖြင့်ကောက်ကြောင်း ကောက်နေပုံ (ဓာတ်ပုံ-ကောင်းသောမီဒီယာ)

“ငယ်ဘဝကို ပြန်ခေါ်သွားမယ့် ဗိုလ်အုန်းသီးစက်ဘီး”တစ်ခေတ်တစ်ခါက ကလေးစီး သံစက်ဘီးခိုင်ခိုင်ခံ့ခံ့တွေမှာ Made in Burma ရယ်လို...
18/08/2025

“ငယ်ဘဝကို ပြန်ခေါ်သွားမယ့် ဗိုလ်အုန်းသီးစက်ဘီး”

တစ်ခေတ်တစ်ခါက ကလေးစီး သံစက်ဘီးခိုင်ခိုင်ခံ့ခံ့တွေမှာ Made in Burma ရယ်လို့ ဂုဏ်ယူဝံ့ကြွားစွာ ရေးထွင်းထုတ်လုပ်နိုင်ခဲ့တဲ့ ‘ဗိုလ်အုန်းသီး’ အမှတ်တံဆိပ် စက်ဘီးလက်ကျန်တွေဟာ နှစ်သက်မြတ်နိုးသူတွေရဲ့လက်ထဲမှာ ထိန်းသိမ်းဖွယ်ရာ အမှတ်တရ ပစ္စည်းတစ်ခုအဖြစ် ကျန်ရစ်နေပါသေးတယ်။

‘ဗိုလ်အုန်းသီး’ ကလေးစီး စက်ဘီးတွေကို ထုတ်လုပ်ခဲ့သူရဲ့ စိတ်ဝင်စားဖွယ်သမိုင်းကြောင်းကို ဂူဂဲလ်နဲ့ စာအုပ်စာတမ်းတွေမှာ တိတိပပ ဖွေရှာလို့ မရခဲ့ပါဘူး။ ဒါပေမယ့် လူတွေရဲ့ နှလုံးသားထဲမှာတော့ သုံးဘီး ကလေးစီး ‘ဗိုလ်အုန်းသီး’တွေကတော့ ကိန်းအောင်းနေဆဲဖြစ်ပါတယ်။ တစ်ချို့တွေဆို ငယ်ငယ်က ဗိုလ်အုန်းသီး စက်ဘီးနဲ့ တွဲရိုက်ထားတဲ့ အမှတ်တရ ဓာတ်ပုံတွေကိုတောင် သူတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာ တခုတ်တရ တင်လို့ ဂုဏ်ယူခဲ့ကြပါတယ်။

“ကျွန်တော်သိသလောက် ပြောပြရရင် ‘ဗိုလ်အုန်းသီး’ က ကလေးစီး နှစ်ဘီး၊ သုံးဘီးစက်ဘီး၊ သုံးဘီးကားနဲ့ ဂျစ်ကားတွေကို ၁၉၆၀ ဝန်းကျင်မှာ ထုတ်လုပ်ခဲ့ပါတယ်။ အဲဒီခေတ်က ဗိုလ်အုန်းသီး’ တစ်ဘီးကို ၂၄ကျပ်လောက်က စရောင်းတော့ တတ်နိုင်သူတွေလောက်ပဲ စီးနိုင်ကြတယ်။ အခုနောက်ပိုင်းမှာတော့ ကလေးစီး သုံးဘီးနဲ့ ဂျစ်ကားတွေကတော့ ရှားသွားပါပြီ။ စက်ဘီးတွေကတော့ တွေ့နိုင်သေးတယ်။ တစ်ချို့တွေကတော့ သူတို့ငယ်ငယ်တုန်းက စီးဖူးတဲ့ ‘ဗိုလ်အုန်းသီး’ စက်ဘီးတွေကို အမှတ်တရအဖြစ် ပြန်ဝယ်သိမ်းဆည်း ကြတာမျိုးလည်း ရှိတယ်။ အခုနောက်ပိုင်း ကော်ဖီဆိုင်နဲ့ ဘားတွေမှာလည်း ‘ဗိုလ်အုန်းသီး’ စက်ဘီးတွေကို အလှဆင်ပစ္စည်းအဖြစ် အသုံးပြုလာကြပါတယ်” လို့ ခေတ်ဟောင်းက အသုံးအဆောင်ပစ္စည်းတွေကို စုဆောင်းသူလည်းဖြစ်၊ လိုချင်သူတွေအတွက် ပြန်လည်ရောင်းချပေးနေသူလည်းဖြစ်တဲ့ တောင်ဒဂုံက Mo Ae Narr အသုံးအဆောင်ပစ္စည်းဆိုင်ကို တည်ထောင်သူကိုလွင်က ပြောပါတယ်။ ကိုလွင့်ဆိုင်မှာလည်း လက်ကျန် ‘ဗိုလ်အုန်းသီး’ ကလေးစီးစက်ဘီးတစ်ချို့ တွေ့နိုင်ပါသေးတယ်။

မြန်မာပြည်မှာထုတ်တဲ့ ‘ဗိုလ်အုန်းသီး’ စက်ဘီးဟာ နိုင်ငံရပ်ခြားသို့တိုင်အောင် တင်ပို့နိုင်ခဲ့တဲ့အထိ အောင်မြင်ခဲ့ပါတယ်။ ‘ဗိုလ်အုန်းသီး’ စက်ဘီးကြော်ငြာ စာရွက်ဟောင်းတစ်ခုမှာတော့ “ဗိုလ်အုန်းသီး ဘရားသား၊ နိုင်ငံခြားလုပ် ပစ္စည်းထက် စျေးနှုံးသက်သာပြီး ပိုခိုင်ပိုလှမှ ဝယ်ပါ။

ကရိုမီယန်အရောင်။ ထိုင်ခုံမှာ စပလိန်ပါသည်။ ချိန်းကြိုးပါသည်။ ပင်ရင်းဌာနကတော့ (ဗိုလ်အုန်းသီး ဘရားသား ) ၂၇၃ဘိုလိန်းလမ်း။ အမြို့မြို့ဆိုင်တိုင်းတွင် မရှိနိုင်သဖြင့် အမှတ်တံဆိပ်ကို အထူးသတိပြုဝယ်ပါ။
ဆက်သွယ်ရန်-ဗိုလ်ချုပ်ကုမ္ပဏီ ၃၈၃ ဗိုလ်ချုပ်လမ်းနှင့် ၂၉ လမ်းဒေါင့် ရန်ကုန်မြို့။ဖုန်းနံပါတ်-အော်တို ( ၁၅၁၅၀ )” လို့ ရေးသားထားတာကို ဖတ်ရှုရပါတယ်။

“ရှေးလူကြီးတွေပြောစကားအရ ‘ဗိုလ်အုန်းသီး’ စက်ဘီးစက်ရုံဟာ တောင်ဥက္ကာပမြို့နယ်ထဲမှာရှိခဲ့ဖူးပြီး ဝေဇယန္တာလမ်းနဲ့ မေတ္တာလမ်းထောင့်ကို ဗိုလ်အုန်းသီးကွေ့ ခေါ်တယ်လို့ ကြားဖူးပါတယ်။ ကျွန်တော်ကြားဖူးသလောက် ‘ဗိုလ်အုန်းသီး’ ကုမ္ပဏီပိုင်ရှင်က သူ့ရဲ့ သားသမီးတွေကို ချစ်စနိုးနဲ့ ‘အုန်းသီး’ ‘ပန်းသီး’ လို့ခေါ်ရာက ဒီနာမည်တွင်လာခဲ့တာ ဖြစ်ပါတယ်” လို့ ကိုလွင်က ပြောပါတယ်။

နှစ်၆၀ကျော်သက်တမ်းတစ်ခုကို ဖြတ်သန်းလာခဲ့တဲ့ ‘ဗိုလ်အုန်းသီး’ သံစက်ဘီးတွေဟာ သံချေးအလိမ်းလိမ်းနဲ့ပါ။ ဒါပေမယ့် ‘ဗိုလ်အုန်းသီး’ ချစ်သူတွေကတော့ သူတို့အကြိုက်ပုံစံ ဆေးပြန်မှုတ်တာ၊ စီးလို့ရအောင် ပြန်လည်မွမ်းမံတာမျိုးတွေ လုပ်ကြပြီး ‘ဗိုလ်အုန်းသီး’ စက်ဘီးတွေကို နောင်နှစ်ပေါင်းများစွာတိုင် မပျောက်ပျက်သွားအောင် ထိန်းသိမ်းနေကြပါတယ်။ ‘ဗိုလ်အုန်းသီး’ စက်ဘီးတွေကို အခုနောက်ပိုင်း ဘုရားပွဲတွေက ကလေးအပျော်စီး ချားရဟတ်တွေမှာ ထည့်သွင်းတပ်ဆင် အသုံးပြုလာကြတာကိုလည်း တွေ့ရပါတယ်။

‘ဗိုလ်အုန်းသီး’ တံဆိပ် ကလေးစီး စက်ဘီးတွေဟာ ငယ်ဘဝကို ပြန်လည်ခေါ်ဆောင်သွားမယ့် အမှတ်တရ ပစ္စည်းတစ်ခုအဖြစ်သာမကဘဲ တစ်ခေတ်တစ်ခါက ထွန်းပြောင်ခဲ့တဲ့ မြန်မာ့စက်မှုလုပ်ငန်းရဲ့ ပြယုဂ်တစ်ခုလည်း ဖြစ်နေပြန်ပါတယ်။

(ဓာတ်ပုံများကို Mo Ae Narr ခေတ်ဟောင်းအသုံးအဆောင်ပစ္စည်းဆိုင်က ကျေးဇူးပြုပါတယ်။)

(‘ဗိုလ်အုန်းသီး’ စက်ဘီးလေးတွေကို ပြန်လည်သိမ်းဆည်းချင်သူတွေ ဖော်ပြပါ Mo Ae Narr အသုံးအဆောင်ပစ္စည်းဆိုင်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။ https://www.facebook.com/mo.ae.narr)

အကျွမ်းကျင်ဆုံး အသိုက်ဆောက်သူများလို့ တင်စားကြတဲ့ ငှက်ကလေးတွေရဲ့ ရိုးရိုးရှင်းရှင်း ပုံစံမှသည် လှပဆန်းပြားသော ပန်းဆွဲပုံ...
12/08/2025

အကျွမ်းကျင်ဆုံး အသိုက်ဆောက်သူများလို့ တင်စားကြတဲ့ ငှက်ကလေးတွေရဲ့ ရိုးရိုးရှင်းရှင်း ပုံစံမှသည် လှပဆန်းပြားသော ပန်းဆွဲပုံ အသိုက်ဟောင်းတွေဟာ မြေပြင်ပေါ်ပြုတ်ကျလာတဲ့အခါ မြေဆီလွှာထဲမှာပဲ မသိမသာ ဆွေးမြေ့ပျောက်ကွယ်သွားတတ်ကြပါတယ်။

သဘာဝကိုချစ်မြတ်နိုးတဲ့ လက်မှုပညာရှင် ဒေါ်စိုးစန္ဒာလွင်အတွက်တော့ ငှက်ကလေးတွေ စွန့်ပစ်ထားခဲ့တဲ့ အသိုက်ဟောင်းတွေဟာ အနုပညာတစ်ခုသဖွယ် ဖြစ်လို့နေပါတယ်။

ဒေါ်စိုးစန္ဒာလွင်ဟာ သူ့ခြံထဲက အပင်ကြီး နဲ့ အပင်ငယ်တွေမှာ အသိုက်လာဆောက်ကြတဲ့ စွေ့၊ ဗွတ်ကလုံ၊ စာကလေး၊ အောင်စာ စတဲ့ငှက်ကလေးတွေ နေရာပြောင်းရွှေ့စွန့်ခွာသွားကြတဲ့အခါ ကျန်ရစ်ခဲ့တဲ့ အသိုက်ဟောင်းတွေကို အမြတ်တနိုး သိမ်းဆည်းထားလေ့ရှိပါတယ်။

ငှက်ကလေးတွေဟာ မြက်ပင်တွေကို အထုံးထုံးပြီး အသိုက်ကို ကျကျနန ဆောက်တတ်ကြသလို ရွှံ့၊ သစ်ကိုင်းနှင့် အရွက်ခြောက်တွေကို ပေါင်းစပ်လို့ ချစ်စဖွယ် တည်ဆောက်ထားတတ်ကြပါတယ်။

ဒေါ်စိုးစန္ဒလွင်ဟာ ဂျုံရုပ်ပြုလုပ်ရာမှာ အသုံးပြုတဲ့ ကုန်ကြမ်းနဲ့ ငှက်ရုပ်ကလေးတွေကို ပုံဖော်ထုလုပ်ပြီး ငှက်ကလေးတွေကိုယ်တိုင် အသေးစိတ်ရက်လုပ်ထားခဲ့တဲ့ ငှက်အသိုက်ဟောင်းတွေနဲ့ အသိုက်အမြုံထဲက ငှက်မိသားစုဘဝကို သဘာဝကျကျ ပြန်လည်ဖန်တီးခဲ့တာပဲ ဖြစ်ပါတယ်။ သူ့ရဲ့ သမီးကြီးဟာ ရုံးကနေ မလိုအပ်တော့လို့ စွန့်ပစ်ထားတဲ့ ကော်ဖီမှုန့်ပုလင်းလွတ်တွေကို ယူလာတတ်ပြီး ငှက်အသိုက်ဟောင်းနဲ့ ငှက်ရုပ်ကလေးတွေကို ပုလင်းထဲမှာ ထည့်သွင်းအလှဆင်သိမ်းဆည်းထားတာ ဖြစ်ပါတယ်။

ငှက်ကလေးတွေက စွန့်ပစ်ခဲ့တဲ့ အသိုက်တွေနဲ့ ပုံဖော်ထားတဲ့ ဒေါ်စိုးစန္ဒာလွင်ရဲ့ လှပတဲ့အနုပညာဟာ ကိုယ်နေထိုင်ရာကမ္ဘာမြေကို ဂရုတစိုက် ထိန်းသိမ်းတတ်ဖို့ မီးမောင်းထိုးပြရာလည်း ရောက်ပါတယ်။

(ဒေါ်စိုးစန္ဒာလွင်ဟာ Nature Family ဆိုတဲ့ ကိုယ်ပိုင်အမှတ်တံဆိပ်နဲ့ Eco printing လို့ခေါ်တဲ့ သဘာဝပွင့်ရိုက်ချည်ပုဝါ နဲ့ အထည်တွေကို ဥာဏ်ရည်မသန်စွမ်းသမီးလေးနဲ့အတူတူ တစ်နိုင်တစ်ပိုင် ထုတ်လုပ်နေသူဖြစ်ပါတယ်။ သူဟာ စွန့်ပစ်ကော်ဖီမစ်အိတ်ခွံတွေနဲ့လည်း လူသုံးကုန်ပစ္စည်းတွေ ထုတ်လုပ်ရင်း သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းနေသူတစ်ဦးဖြစ်ပါတယ်။)

(လက်မှုပညာရှင် ဒေါ်စိုးစန္ဒာလွင်နဲ့ ဥာဏ်ရည်မသန်စွမ်းသူ သမီး မဝင့်နန္ဒာမော်တို့ရဲ့ ဖန်တီးမှုလေးတွေကို ဖော်ပြပါ link မှာ ဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။ https://www.facebook.com/permalink.php?story_fbid=pfbid02s8tQiHFWDcmgfpZRh1dAZBv2L9BAaYbKuLx299B6cUXpH4E12rnXjuxvehQbPxibl&id=61577719468992)

(ဓာတ်ပုံများ - ကောင်းသောမီဒီယာ)

အသက်၃၂နှစ်အရွယ်ရှိပြီဖြစ်တဲ့ မဝင့်နန္ဒာမော်ဟာ မွေးရာပါဥာဏ်ရည်မသန်စွမ်းသူတစ်ဦးဖြစ်ပေမယ့် ပုံသေကားကျပုံစံကနေ ခွဲထွက်ပြီး အ...
09/08/2025

အသက်၃၂နှစ်အရွယ်ရှိပြီဖြစ်တဲ့ မဝင့်နန္ဒာမော်ဟာ မွေးရာပါဥာဏ်ရည်မသန်စွမ်းသူတစ်ဦးဖြစ်ပေမယ့် ပုံသေကားကျပုံစံကနေ ခွဲထွက်ပြီး အတွေးအခေါ်ကို နှိုးဆွပေးနိုင်တဲ့ ခေတ်ပြိုင်ပန်းချီကားတွေကို ဖန်တီးနိုင်သူတစ်ဦး ဖြစ်ပါတယ်။

ပန်းချီကားတွေတင်မကသေးပါဘူး။ မိခင်နဲ့အတူတူ Eco printing လို့ခေါ်တဲ့ သဘာဝချည်ထည်တွေပေါ်မှာ သစ်ရွက်နဲ့ ပန်းပွင့်တွေကို လှပစွာ ရိုက်နှိပ်ပုံဖော်ထားတဲ့ ပုဝါလေးတွေနဲ့ ပိတ်အုတ်တွေကို မြောက်ဒဂုံက သူ့နေအိမ်မှာ တစ်နိုင်တစ်ပိုင် ထုတ်လုပ်နေသူတစ်ဦးဖြစ်ပါတယ်။ ဥာဏ်ရည်မသန်စွမ်းသူလူငယ်လေး မဝင့်နန္ဒာမော်ရဲ့ Nature Family သဘာဝပွင့်ရိုက်ထည်လုပ်ငန်းလေး ဖြစ်ပေါ်လာပုံအကြောင်းကို အောက်ဖော်ပြပါ ဆောင်းပါးမှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

“ဥာဏ်ရည်မသန်စွမ်းသူလူငယ်လေးရဲ့ လက်မှုပညာ”

သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းလိုစိတ်ရှိပြီး လက်မှုပညာကိုလည်း ဝါသနာထုံတဲ့ ဒေါ်စိုးစန္ဒာလွင်ဟာ ဥာဏ်ရည်မသန်စွမ်းဖြစ်နေတဲ့ သမီးငယ်လေးကို အမြဲတစေ သစ်ပင်၊ ပန်းမန်ကအစ လူ့အသိုက်အဝန်းထဲ ထိတွေ့တိုးဝင်ခွင့်ပေးပြီး သဘာဝကို ချစ်ခင်မြတ်နိုးစိတ်တစ်ခုကို ထုံကူးစေခဲ့ပါတယ်။ အခုဆိုရင် လက်မှုစိတ်ဝင်စားတဲ့ သူမဟာ သမီးလေးနဲ့အတူတူ လှပတဲ့ သဘာဝပွင့်ရိုက်ထည်ထုတ်ကုန်တွေကို အတူတကွ ဖန်တီး နေကြပါပြီ။

ဒေါ်စိုးစန္ဒာလွင်ဟာ အိမ်ထဲမှာပဲ အထီးကျန် ကြီးပြင်းရတဲ့ သမီးငယ်လေးကို ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေဖြစ်ဖို့ အပြင်သွားတိုင်း ခေါ်သွားလေ့ရှိပါတယ်။ အိမ်မှာတော့ ယုယုလို့ ချစ်စနိုးခေါ်ကြတဲ့ ဥာဏ်ရည်မသန်စွမ်းသမီးလေး မဝင့်နန္ဒာမော်ဟာ ပြင်ပက စိမ်းလန်းတဲ့ ပန်းမန်တွေကို တွယ်တာစိတ်ဖြစ်လာခဲ့ရပါတယ်။ ဒါ့အပြင် မိခင်ဟာ Eco printing လို့ခေါ်တဲ့ သစ်ခေါက်၊ သစ်စေ့နဲ့ ပန်းပွင့်တွေကို ပိတ်စပေါ်မှာ အရောင်နဲ့အရုပ်ထင်အောင် ဖန်တီးတိုင်း သူကထဲထဲဝင်ဝင် ကူညီလုပ်ကိုင်လာနိုင်ခဲ့ပါတယ်။

သူတို့နှစ်ဦးဟာ နွေးထွေးသောမေတ္တာဟာ မိသားစုဆီကသာလာဆိုတဲ့ အဓိပါယ်ကို ဖော်ညွှန်းထားတဲ့ Nature Family ဆိုတဲ့ ကိုယ်ပိုင်အမှတ်တံဆိပ်နဲ့ သဘာဝပွင့်ရိုက်ချည်ပုဝါ နဲ့ အထည်တွေကို တစ်နိုင်တစ်ပိုင် ထုတ်လုပ်နေကြပါပြီ။

“သမီးလေးဟာ အခုဆို ရပ်ကွက်ထဲက အပင်တွေရဲ့အမည်ကိုတောင် ကောင်းကောင်းမှတ်မိသွားပါပြီ။ အပင်တစ်ပင်တွေ့တာနဲ့ ဒါက မဲဇလီ၊ ဒါကကြောင်လျှာ စသဖြင့် ဘယ်နားမှာ ဘာပင်ရှိတယ်ဆိုတာကအစ သိသွားတယ်။ အဲဒါက သူ့အတွက် ကြီးမားတဲ့တိုးတက်မှုတစ်ခုပါ။ Ecoprint ပုဝါတစ်ထည် အတွက် လိုအပ်သလောက်သာ သစ်ရွက်တွေခူးတဲ့အခါ သူက တော်တော်ပျော်တာ။ ပိတ်စပေါ်မှာ အရွက်တွေခင်းတဲ့အခါလည်း သူက လှလှပပ ခင်းနိုင်တယ်။ Ecoprint ဖန်တီးတဲ့တောက်လျှောက်မှာ လည်း ကျွန်မကို လိုတာတွေ အကုန်ကူတယ်” လို့ မိခင်ဖြစ်သူ ဒေါ်စိုးစန္ဒာလွင် က ပြောပါတယ်။

သမီးလေးက ဥာဏ်ရည်မသန်စွမ်းတစ်ဦးဖြစ်တဲ့အတွက် စီးပွားမရှာနိုင်ပါဘူး။ ဒါကြောင့်သူဟာ ဒီလက်မှုလုပ်ငန်းလေးကို ဥာဏ်ရည်မသန်စွမ်းသူ သမီးလေးနဲ့ မိသားစု တစ်နိုင်တစ်ပိုင်လုပ်မယ်လို့ စိတ်ကူးထားတာပါ။

သဘာဝပတ်ဝန်းကျင်ကို စောင့်ရှောက်ချင်စိတ်ရှိတဲ့ ဒေါ်စိုးစန္ဒာလွင်ဟာ Eco printing သဘာဝပွင့်ရိုက်ထည်တွေကို မပြုလုပ်ခင်က စွန့်ပစ်ကော်ဖီမစ်အိတ်ခွံတွေနဲ့ အသုံးအဆောင်တွေကို ထုတ်လုပ်ရင်း လက်မှုပညာကို အစပျိုးခဲ့ပါတယ်။ အဲဒီအချိန်ကတည်းက မဝင့်နန္ဒာမော်ဟာ မိခင်ဖြစ်သူရဲ့ လက်မှုလုပ်ငန်းကို သူနိုင်သလောက် အမြဲတစေ ကူညီပေးလေ့ရှိပါတယ်။

“သမီးကို ဈေးခေါ်သွားတိုင်း သူက ဈေးမှာတွေ့တဲ့သူတိုင်းကို နှုတ်ခွန်းဆက်စကားဆိုပြီး မေမေနဲ့ အတူ စွန့်ပစ်ပလက်စတစ် အိတ်ခွံတွေနဲ့ လက်မှုတွေဖန်တီးတဲ့အကြောင်း ပြောပြတတ်တယ်။ ဈေးဆိုင်တစ်ဆိုင်ကဆို ကော်ဖီမစ်အိတ်ခွံတွေကို တခုတ်တရ စုပေးထားတတ်တာကြောင့် တစ်ပတ်တစ်ခါ သွားယူကြရပါတယ်။ သူက အိတ်ခွံတစ်ခုချင်းစီရဲ့ ထိပ်ကို ကတ်ကြေးနဲ့ကိုက်တာ၊ တူညီတဲ့ အမျိုးအစားနဲ့ အရောင်တွေကို ခွဲခြားပေးပြီး ကျွန်မကို ကူညီပေးပါတယ်။ ကျွန်မက အိတ်ခွံတွေကို လက်မှုတစ်ခုဖြစ်လာဖို့ ဖန်တီးတဲ့အခါတိုင်း သူက စိတ်ဝင်တစားနဲ့ ငြိမ်ပြီးထိုင်ကြည့်နေတတ်တယ်။ ကျွန်မမှာ လက်မှုပညာကို ဗီဇရှိခဲ့ပုံပါပဲ။ ဒါပေမယ့် သမီးဖြစ်သူကြောင့်သာ ဒီဝါသနာကို အစပျိုးနိုင်ခဲ့တာပါ။” လို့ ဒေါ်စိုးစန္ဒာလွင်က ပြောပါတယ်။

အဲဒီအချိန်ကတော့ သမီးနဲ့အတူတကွ ဖန်တီးတဲ့ လက်မှုပစ္စည်းတွေကို သူကမရောင်းချခဲ့ပါဘူး။ သမီးအတွက် ကုသိုလ်ရအောင် ကော်ဖီမစ်အိတ်ခွံတွေနဲ့ဖန်တီးထားတဲ့ တရားထိုင်ဖျာတွေကို နယ်ဘက်က တောရဘုန်းကြီးကျောင်းတစ်ကျောင်းမှာ ဆက်တိုက် လှူဒါန်းပေးနေခဲ့ပါတယ်။ သမီးလေးနဲ့အတူတူဖန်တီးတဲ့ တရားထိုင်ဖျာတွေကို ဘုန်းကြီးကျောင်းရဲ့ ဧည့်ရိပ်သာနဲ့ ဇောင်းတန်းတွေမှာ ခင်းကျင်းထားတဲ့အခါ အနယ်နယ်အရပ်ရပ်က တရားလာထိုင်သူတွေက မြင်ပြီး နှစ်သက်ချီးမွမ်းမှုကိုလည်း ခံခဲ့ရပါတယ်။

“သူ့အတွက်က နောင်ဘဝအတွက်ပါ ကုသိုလ်တွေရသွားတာပေါ့။ ကျွန်မ အသက်ရှင်နေသရွေ့ အမြဲလှူနေမှာ” လို့ သူကပြောပါတယ်။

စွန့်ပစ်ကော်ဖီမစ်အိတ်ခွံတွေသာမကဘဲ မိခင်ရဲ့ အကူအညီနဲ့ ချင်းပုတီးတွေကိုလည်း ဖန်တီးခဲ့တဲ့ မဝင့်နန္ဒာမော်ဟာ လက်မှုပညာနဲ့ ရင်းနှီးကျွမ်းဝင်လာခဲ့ပါတယ်။

“သူက အပ်ကြိုးလည်းကောင်းကောင်းထိုးတတ်တယ်။ ကျွန်မက ဘေးနားကထိုင်ပြီး ပုတီးစေ့ဘယ်အရောင်ကို ဘယ်နှလုံးထည့် စသဖြင့် ပြောပေးတယ်။ သူက တစ်၊နှစ်၊သုံး၊လေးလည်း ရေတွက်တတ်တော့ ပုတီးစေ့လေးတွေကို သူကိုယ်တိုင် ကြိုးထဲထည့်သီတာပဲ။ ဒါပေမယ့် ဒီပုတီးစေ့လေးတွေက ဈေးကွက်လည်း သိပ်မရှိသေးတော့ အများကြီး မလုပ်ဖြစ်ခဲ့ပါဘူး။ ဒါပေမယ့် သူ့ရဲ့လုပ်ဆောင်မှုမှတ်တမ်းအနေနဲ့ ပုတီးအကုံး၂၀လောက် အိမ်မှာသိမ်းဆည်းထားပါတယ်။” လို့ သူကပြောပါတယ်။

အသက်၃၂နှစ်အရွယ် ဥာဏ်ရည်မသန်စွမ်းသမီးလေးဟာ ကျောင်းစာကို မသင်ယူနိုင်ခဲ့ပေမယ့် ပုံစံတစ်မျိုးနဲ့ ပန်းချီအနုပညာကိုပါ ဖော်ထုတ် ဖန်တီးနိုင်ခဲ့တဲ့အထိ မိခင်ဖြစ်သူက အားထုတ်နိုင်ခဲ့ပါတယ်။ သူမကို အွန်လိုင်းက သဘာဝပတ်ဝန်းကျင် ပညာပေးအစီအစဉ်တွေ နားထောင်ခိုင်းတာ၊ သဘာဝနဲ့ ထိတွေ့ခိုင်းတာဟာလည်း မိခင်တစ်ယောက်ရဲ့ အမြော်အမြင်ကြီးမားမှုကို ပြသနေခဲ့တာပါ။

မိခင်နဲ့အတူ ဈေးနဲ့ ဆေးဆိုင်တွေကို သွားတဲ့အခါ ရလာတတ်တဲ့ လက်ကမ်းစာစောင်ထဲက တူရာအရုပ်လေးတွေကို ကတ်ကြေးနဲ့ ကိုက်ဖြတ်ထားပြီး စက္ကူပေါ်မှာ ကပ်တာ၊ အရောင်ခြယ်တာတွေကို လုပ်ဆောင်ရာမှာ အင်မတန်မှာ အံဝင်ခွင်ကျ လှပနေတတ်ပါတယ်။

“တစ်ခါဆေးဆိုင်သွားတော့ လက်ကမ်းစာစောင်လေးရလာတယ်။ စာစောင်ထဲက အဆုတ်ပုံတွေ၊ နားကျပ်ပုံတွေကို ကတ်ကြေးနဲ့ကိုက်ပြီး စက္ကူပေါ်မှာကပ်တယ်။ ပြီးတော့သူက ပြောတယ်။ မေမေ အမှိုက်မီးမရှို့ရဘူးတဲ့။ ကျွန်မနဲ့သူက ဆောင်းတွင်းဘက် လမ်းလျောက်တတ်တဲ့အခါ လူတွေအမှိုက်မီးရှို့တာမျိုး ကြုံခဲ့ဖူးတယ်။ သူဖန်တီးထားတဲ့ အဲဒီပန်းချီကားလေးကိုလည်း ‘အသက်ရှုကျပ်တယ်’ လို့ အမည်ပေးထားပါတယ်။

သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်တဲ့ သူ့ရဲ့လက်ရာတစ်ခုကိုGoethe Institute က ပြုလုပ်တဲ့ ပြပွဲမှာပြသရာမှာ တတိယဆုရခဲ့ပါတဲ့အပြင် သဘောကျနှစ်သက်သူတစ်ဦးကပါ ဝယ်ယူစုဆောင်းသွားခဲ့ပါတယ်။ သူဟာ မြောက်များလှစွာသော ပန်းချီကားတွေကို ရေဆေးနဲ့ဖန်တီးခဲ့ပြီး ပန်းချီကားတွေဟာ သာမန်အနုပညာမျိုးမဟုတ်ဘဲ ခံစားသူကို ရသပေးစွမ်းနိုင်တဲ့အပြင် အတွေးအခေါ်ကိုပါ နှိုးဆွပေးနိုင်တဲ့ ထူးခြားတဲ့ လက်ရာတွေဖြစ်လို့နေပါတယ်။

ဥာဏ်ရည်မသန်စွမ်းပေမယ့် တွေးခေါ်ဖန်တီးနိုင်တဲ့ မဝင့်နန္ဒာမော်ဟာ မိခင်နဲ့အတူ အနုစိတ်လှပတဲ့ သဘာဝပွင့်ရိုက်ထည်တွေကို သူတတ်စွမ်းသရွေ့ ဖန်တီးနေဦးမှာဖြစ်သလို သူ့စိတ်ကူးထဲက ခုန်ထွက်လာတဲ့ ခေတ်ပြိုင်ပန်းချီကားတွေကိုလည်း ရေးဆွဲနေဦးမှာပဲ ဖြစ်ပါတယ်။

(လက်မှုပညာရှင် ဒေါ်စိုးစန္ဒာလွင်နဲ့ မဝင့်နန္ဒာမော်တို့ရဲ့ ဖန်တီးမှုလေးတွေကို ဖော်ပြပါ link မှာ ဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။ https://www.facebook.com/permalink.php?story_fbid=pfbid02s8tQiHFWDcmgfpZRh1dAZBv2L9BAaYbKuLx299B6cUXpH4E12rnXjuxvehQbPxibl&id=61577719468992)

ဓာတ်ပုံများ - ကောင်းသောမီဒီယာ

Address


Alerts

Be the first to know and let us send you an email when Kaung Thaw posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Kaung Thaw:

  • Want your business to be the top-listed Media Company?

Share