
17/07/2025
မြန်မာနိုင်ငံမှာ ရေကြီးအောင် မြန်မာတွေကဘဲ ပြန်ဖန်တီးနေတာ
မိုးစရွာပြီဆိုတိုင်း ကျွန်တော်တို့ ရင်တထိတ်ထိတ်နဲ့ပါ။ နှစ်တိုင်းလိုလို ကြားနေရတဲ့ ရေဘေးသတင်းတွေ၊ မြင်နေရတဲ့ အိုးအိမ်ပျက်စီးမှုတွေက နားထဲ၊ မျက်စိထဲမှာ စွဲနေခဲ့ပြီ။ ကျွန်တော်တို့ အလွယ်ပြောနေကြတာကတော့ "သဘာဝဘေး" ပေါ့။ ဒါပေမဲ့ ကျွန်တော် ခဏရပ်ပြီး စဉ်းစားကြည့်တယ်။ ဒီရေဘေးတွေက တကယ်ပဲ သဘာဝတရားရဲ့ လက်ချက်ချည်းပဲလား။ ဒါမှမဟုတ် ကျွန်တော်တို့ လူတွေရဲ့ လက်နဲ့ ဖန်တီးထားတဲ့ ဘေးအန္တရာယ်တွေလား ဆိုတာကိုပေါ့။
ပထမဆုံး ကျွန်တော်တို့ တောင်တန်းတွေကို တစ်ချက်ပြန်ကြည့်ရအောင်။ တောင်ပေါ်က သစ်တောကြီးတွေဆိုတာ မိုးရေကိုထိန်း၊ မြေဆီလွှာကိုထိန်းပေးတဲ့ သဘာဝရဲ့ အခမဲ့ရေကာတာကြီးတွေပါ။ ဒါပေမဲ့ အခုချိန်မှာ အဲ့ဒီရေကာတာတွေ ဘယ်ရောက်ကုန်ပြီလဲ။ လူတစ်စုရဲ့ အကျိုးစီးပွားအတွက် တောင်တန်းတွေဟာ တောင်ကတုံးတွေ ဖြစ်ခဲ့ရပြီ။ မြို့ပေါ်က သူဌေးတစ်ယောက်ရဲ့ ဧည့်ခန်းထဲမှာ ခန့်ညားလှပနေတဲ့ ကျွန်းစားပွဲတစ်လုံးက မြစ်အောက်ပိုင်းက တောင်သူတစ်ယောက်ရဲ့ လယ်တစ်ကွင်းလုံးကို ရေထဲနှစ်လိုက်တဲ့ သေမင်းတမန် ဖြစ်သွားနိုင်တယ်ဆိုတာ ကျွန်တော်တို့ မေ့နေကြတယ်။
ဒါထက်ပိုဆိုးတာကတော့ ကျောက်မျက်နဲ့ သတ္တုလောဘပဲ။ ဖားကန့်လို ကျောက်စိမ်းမြေမှာဆိုရင် "တောင်ကတုံး" တာ မဟုတ်တော့ဘူး၊ "တောင်ပျောက်" တဲ့အထိ ဖြစ်နေပါပြီ။ ကျောက်တူးဖို့အတွက် တောင်တစ်လုံးစာလောက်ရှိတဲ့ မြေစာပုံကြီးတွေကို မြစ်ကမ်းနားဘေးမှာ ဖြစ်သလို ပုံထားကြတယ်။ မိုးတအားရွာလိုက်တဲ့အခါ အဲ့ဒီမြေစာပုံတွေက ရွှံ့ရေလုံးကြီးတွေအဖြစ် မြစ်ချောင်းတွေထဲကို အရှိန်နဲ့ ဒလဟောဝင်တယ်။ ဒီအခါ မြစ်တွေ၊ ချောင်းတွေဟာ တစ်နှစ်ထက်တစ်နှစ် တိမ်ကောလာပြီး မိုးနည်းနည်းရွာရုံနဲ့ ကမ်းပါးဘေးက ရွာတွေကို အလွယ်တကူ ဝါးမျိုသွားတော့တာပဲ။ ဒါကို "ရေကြီးတာ" လို့ ခေါ်လို့မရတော့ဘူး။ ဒါဟာ လူလုပ်မြေစာတွေနဲ့ ရွာတွေကို အရှင်လတ်လတ် "ဖိသတ်တာ" ဖြစ်နေပါပြီ။
အခုနောက်ဆုံးပေါ်နဲ့ အဖျက်စွမ်းအားအကြီးဆုံးကတော့ Rare Earth သတ္တုတူးဖော်မှုဆိုတဲ့ မျက်လှည့်ပြကွက်ပဲ။ ကျွန်တော်တို့ လက်ထဲက စမတ်ဖုန်းတွေ၊ ခေတ်မီကားတွေအတွက် မရှိမဖြစ်တဲ့ ဒီသတ္တုတွေအတွက် မြန်မာပြည်မြောက်ပိုင်းက တောင်တွေဟာ ဓာတုဆေးရည်တွေနဲ့ အလောင်းခံနေရတယ်။ တောင်တစ်လုံးလုံးကို ဓာတုဆေးရည်တွေလောင်းပြီး သတ္တုရည်ကို စုပ်ယူတဲ့အခါ ဘာကျန်ခဲ့သလဲ။ အတွင်းပိုင်း ပွယောင်းယောင်းဖြစ်ပြီး အချိန်မရွေးပြိုကျနိုင်တဲ့ တောင်အမာခံကြီးတွေနဲ့ အဆိပ်သင့်မြေလွှာတွေပဲပေါ့။ ဒီအဆိပ်သင့်မြေတွေက မိုးရေနဲ့အတူ မြစ်ချောင်းတွေထဲ စီးဝင်တဲ့အခါ ရေနေသတ္တဝါတွေသာမက၊ ဒီရေကို သောက်သုံးနေရတဲ့ ကျွန်တော်တို့ ပြည်သူတွေအတွက်ပါ ကပ်ဘေးတစ်ခု ဖြစ်လာတယ်။ ဒါဟာ ရိုးရိုးရေဘေးမဟုတ်ဘူး၊ "အဆိပ်သင့်ရွှံ့ဗွက်ရေဘေး" ဖြစ်နေပါပြီ။ ကမ္ဘာကြီးရဲ့ နည်းပညာမြင့်တက်ဖို့အတွက် ကျွန်တော်တို့ တိုင်းရင်းသားတွေရဲ့ မြေနဲ့ရေဟာ အသေခံပေးနေရသလိုပဲ။
ဒီဘေးအန္တရာယ်ဟာ ကျွန်တော်တို့အားလုံးရဲ့ စုပေါင်းတာဝန်မဲ့မှုကြောင့်ဆိုတဲ့ အတွေးမျိုးကို လက်မခံချင်တော့ဘူး။ ဒါဟာ "စုပေါင်း" အမှားမဟုတ်ဘူး။ ဒါဟာ 'လူတစ်စု' ရဲ့ အမှား။
သူတို့ရဲ့ မဆုံးနိုင်တဲ့ လောဘကြောင့်...
သူတို့ရဲ့ ပိုက်ဆံတစ်ခုတည်းကိုသာ ကြည့်တဲ့ အတ္တကြောင့်...
ကျွန်တော်တို့ရဲ့ အဖိုးတန်သစ်တောတွေကို မဆင်မခြင် ခုတ်လှဲခဲ့ကြတယ်။
ရွှေထွက်မယ့်၊ ကျောက်စိမ်းထွက်မယ့်၊ သတ္တုထွက်မယ့် တောင်တွေကို အကြွင်းမဲ့ တူးဆွဖျက်ဆီးခဲ့ကြတယ်။
အဆိုးဆုံးကတော့၊ တိုင်းပြည်ရဲ့ အသက်သွေးကြောဖြစ်တဲ့ တောင်တွေမြေတွေကို ဓာတုဗေဒအက်ဆစ်တွေနဲ့ စိမ်ပြီး သဘာဝပတ်ဝန်းကျင်တစ်ခုလုံးရဲ့ အသက်ရှူသံကို ရပ်တန့်စေခဲ့တာပဲ။
သူတို့ရဲ့ ဘဏ်စာရင်းထဲက ဂဏန်းတွေ တိုးလာတိုင်း၊ မြစ်အောက်ပိုင်းက ပြည်သူတွေရဲ့ အိမ်ခေါင်မိုးပေါ်က ရေမျက်နှာပြင်ကလည်း မြင့်တက်လာတယ်။
သူတို့ရဲ့ အကျိုးအမြတ်အတွက် ပေးဆပ်လိုက်ရတာကတော့ သန်း ၅၀ ကျော် ပြည်သူတွေရဲ့ ဘဝ၊ အိုးအိမ်နဲ့ အနာဂတ်ပါပဲ။
ဒီတော့ ရေကြီးတာကို သဘာဝဘေးလို့ ခေါင်းစဉ်တပ်ပြီး ဆင်ခြေမပေးပါနဲ့တော့။ ဒါဟာ သဘာဝဘေးမဟုတ်ဘူး၊ လူလုပ်ကပ်ဘေး။ ဒီကပ်ဘေးရဲ့ တရားခံအစစ်ကတော့ သယံဇာတတွေကို လက်ဝါးကြီးအုပ်ပြီး ပြည်သူကိုဒုက္ခပင်လယ်ဝေစေခဲ့တဲ့ အဲဒီ "လူတစ်စု" ပဲ ဖြစ်ပါတယ်။
Credit ....