The Strategy First Times

  • Home
  • The Strategy First Times

The Strategy First Times Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from The Strategy First Times, News & Media Website, .

" ထိရောက်မှုရှိပြီး အထောက်အပံ့ကောင်းတွေပေးနိုင်တဲ့Learning Environment "------------------------------------------------...
09/12/2024

" ထိရောက်မှုရှိပြီး အထောက်အပံ့ကောင်းတွေပေးနိုင်တဲ့
Learning Environment "
--------------------------------------------------

ယနေ့ခေတ်ကျောင်းသားများက သူတို့ရဲ့စဉ်းစားတွေးခေါ်နိုင်စွမ်းကို အားပေးတိုးတက်စေနိုင်တဲ့ ပတ်ဝန်းကျင်မှာ သင်ယူလိုကြပါတယ်။ သူတို့ရဲ့သင်ယူနိုင်စွမ်းကို တိုးတက်စေပြီး အကျိုးရှိစေတဲ့ သင်ကြားမှု နည်းလမ်းများနဲ့ သူတို့ရဲ့အရည်အချင်းကို ကူညီမြှင့်တင်ပေး‌နိုင်တဲ့ ပတ်ဝန်းကျင်ကို နှစ်သက်ကြပါတယ်။ Learning Journey တစ်ခုလုံးမှာ ကွဲပြားခြားနားမှုများမရှိဘဲ သူတို့ကိုအောင်မြင်မှုပေးနိုင်တဲ့ ပတ်ဝန်းကျင်ကို ပိုမိုလိုလားကြပါတယ်။ Learning Environment တွေက ဆရာတွေရဲ့သင်ကြားနိုင်စွမ်းကို အကောင်းဆုံး ဖြစ်စေဖို့၊ ကျောင်းသားတွေရဲ့ ပညာရေးရည်မှန်းချက်များနဲ့ လိုအပ်ချက်များအပေါ်မူတည်ပြီး အချိန်နဲ့အမျှ ပြောင်းလဲလာပါတယ်။

လူအများစုက Learning Environment ဆိုတာနဲ့ စာသင်ခန်းတစ်ခုလို့သာ ယူဆကြပါတယ်။ ဒါပေမဲ့ ဆိုလိုရင်းက ဒီထက်ပိုပါတယ်။ စာသင်ခန်းကလည်း အရေးပါတဲ့ Learning Environment တွေထဲကတစ်ခုပါ။ စာသင်ခန်းရဲ့ လုံခြုံမှု၊ ကျောင်းသားတွေအချင်းချင်းဆက်ဆံရေး၊ ဆရာနဲ့ကျောင်းသားဆက်ဆံရေးကလည်း Learning Environment အတွက် ထည့်သွင်းစဉ်းစားရမယ့် အရေးကြီးတဲ့အချက်တွေဖြစ်သလို ထိုင်ခုံနေရာ လွတ်လွတ် လပ်လပ်ရှိဖို့ကလည်း အရေးကြီးပါတဲ့အချက်ထဲမှာ ပါပါတယ်။ စာသင်ခန်းဆိုတာ ကျောင်းသားတွေအတွက် လုံခြုံမှုနဲ့ ထောက်ပံ့မှုပေးနိုင်ပြီး Library, Laboratory နဲ့ တခြားသောအထောက်အပံ့တွေကလည်း စာလေ့လာဖို့ တက်ကြွစေပြီး အာရုံစူးစိုက်နိုင်ဖို့အတွက်လည်း အရေးပါပါတယ်။

🔵ထိရောက်မှုရှိတဲ့ Learning Environment တစ်ခုဖြစ်ဖို့အတွက်

✅ကျောင်းသားတစ်ဦးတစ်ယောက်ချင်းရဲ့အကျင့်စရိုက်များ၊
✅သင်ကြားရခြင်းနဲ့ သင်ယူရခြင်းရည်ရွယ်ချက်၊
✅သင်ကြားရေးအထောက်အကူပစ္စည်းတွေနဲ့ လက်တွေ့သင်ခန်းစာများ၊
✅သင်ကြားမှုအပေါ် အကဲဖြတ်တိုင်းတာတဲ့ နည်းစနစ်များ၊
✅ကောင်းမွန်တဲ့ Learning Environment တစ်ခုဖန်တီးနိုင်ဖို့အတွက် ကျောင်းရဲ့လုပ်ဆောင်မှုများ ပေါင်းစပ်ပါဝင်ပါတယ်။

Effective Learning Environment မှာ ယုံကြည်မှုအပေါ်အခြေခံပြီး ဆက်ဆံပြောဆိုသင်ယူရပါတယ်။ လွတ်လပ်စွာ အမေးအဖြေ ပြုလုပ်သင့်ပါတယ်။ အမှားလုပ်မိမှာကို မကြောက်သင့်ပါဘူး။ ဒါမှ စွန့်စားရဲတဲ့ စိတ်ရှိလာပြီး မှားယွင်းမှာကိုမကြောက်ဘဲ နည်းလမ်းအသစ်တွေ ပေါ်ပေါက်လာမှာပါ။ ကျောင်းသားများနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးရလာဖို့ ယုံကြည်မှုတစ်ခုတည်ဆောက်ဖို့ဆိုတာ အချိန်တိုအတွင်း မဖြစ်နိုင်ပါဘူး။ ဆရာများအနေနဲ့ ကျောင်းသားတွေရဲ့ စိတ်ဝင်စားတဲ့အချက်တွေနဲ့ အားသာချက်တွေကို သတိထားစောင့်ကြည့်ပြီး ဒီအချက်တွေ ပိုမိုတိုးတက်လာအောင် လုပ်ဆောင်ပေးသင့်ပါတယ်။

ကျောင်းသားတွေရဲ့ အားနည်းချက်တွေကိုလည်း သတိပြုစောင့်ကြည့်ပြီး သင်ယူတဲ့နေရာမှာ အခက်အခဲတွေကျော်လွှားနိုင်အောင် ကူညီပေးသင့်ပါတယ်။ ကျောင်းသားတွေရဲ့ ကြိုးစားအားထုတ်မှုတိုင်းက အောင်မြင်သည်ဖြစ်စေ၊ ကျရှုံးသည်ဖြစ်စေ ဆရာများကအသိမှတ်ပြုတာကို လိုချင်ကြပါတယ်။ ဆရာများအနေနဲ့ ကျောင်းသားတွေကို Group Project မှာရော Individual Project မှာပါ စိတ်နှစ်ပြီး ကြိုးစားအောင် ပြောဆိုသင့်ပါတယ်။

ကျောင်းသားတွေရဲ့ Learning Environment ကို Motivated Environment ဖြစ်အောင်နဲ့ လုံခြုံမှုရှိအောင် ပြုလုပ်ထားသင့်ပါတယ်။ ကျောင်းသားတွေအနေနဲ့ ဆရာများက စည်းကမ်းချက်အတိုင်း မျှတမှုရှိတာကိုသိရှိပါက စိတ်အားတက်ကြွစေပြီး တစ်ယောက်နဲ့တစ်ယောက်ကိုလည်း ကူညီမှုပေးနိုင်စေပါတယ်။ ဆုပေးခြင်းကလည်း စာသင်ခန်းအတွင်း အကောင်းမြင်စိတ်ကို ပိုမိုဖြစ်ပေါ်စေပါတယ်။ ကျောင်းသားတွေရဲ့ ပင်ကိုယ်စိတ်အားထက်သန်မှုကလည်း သူတို့ရဲ့ ပန်းတိုင်တွေကိုရောက်ဖို့အတွက် အရေးကြီး တဲ့အတွက် ဆရာများအနေနဲ့ အာရုံစိုက်ပံ့ပိုးသင့်ပါတယ်။

ဆရာတွေရဲ့အပြုအမူတွေက Learning Environment အပေါ် လွှမ်းမိုးမှုများပါတယ်။ စာသင်ပုံသင်နည်း၊ အကောင်းမြင်မှု၊ Feedback မျှဝေမှုနဲ့ စာသင်ခန်းပတ်ဝန်းကျင်ကိုစီမံမှုတို့က သင်ခန်းစာရဲ့အောင်မြင်မှုနဲ့ တိုက်ရိုက်ချိတ်ဆက်နေပါတယ်။ ဒီလိုစာသင်ခန်းပတ်ဝန်းကျင်က ကျောင်းသားတွေအတွက် အာရုံစိုက်နိုင်စွမ်းကို ပိုမိုတိုးတက်စေပါတယ်။

Effective Learning Environment တစ်ခုကိုဖန်တီးဖို့ဆိုရင် ဆရာရော ကျောင်းသားပါ အချင်းချင်း တန်ဖိုးထားပြီး နားလည်မှုရှိဖို့လိုပါတယ်။ သင်ယူမှုပတ်ဝန်းကျင်က ကျောင်းသားအချင်းချင်း အထောက်အကူ ဖြစ်ဖို့အတွက် ဦးတည်လုပ်ဆောင်သင့်ပါတယ်။ ဒီအချက်တွေပြည့်စုံရင် ကျောင်းသားများအတွက် ပိုမိုအလုပ် ဖြစ်စေမှာပါ။ ကျောင်းသားတွေက သူတို့ကိုအကောင်းမြင်ပေးတာနဲ့ ချီးမွမ်းတာကို နှစ်သက်ကြပါတယ်။ ကျောင်းသားတွေရဲ့ Attitude က ဆရာတွေနဲ့လည်း အများကြီးသက်ဆိုင်ပါတယ်။ ကျောင်းသားတွေအနေနဲ့လည်း စူးစမ်းလေ့လာလိုစိတ်ရှိသင့်ပါတယ်။

Learning Environment ကို မြှင့်တင်ပေးဖို့အတွက် မတူညီတဲ့ Resource တွေကို အသုံးပြုပါ။ Inquiry-Based Learning, Project-Based Learning, Peer-to-Peer Learning, School-to-School Learning အစရှိတဲ့ နည်းလမ်းများကိုအသုံးပြုပါ။ စာသင်ခန်းကို နားလည်မှုရှိတဲ့ ပတ်ဝန်းကျင်ဖြစ်အောင် ဖန်တီးပေးထားပါ။ အောင်မြင်မှုရရှိအောင် မျှတပြီးပွင့်လင်းမြင်သာမှုရှိတဲ့ သတ်မှတ်ချက်များထားရှိပါ။ သင်ယူမှု အလေ့အထကောင်းများကို ဖန်တီးပေးပါ။ ကျောင်းသားတွေရဲ့ သင်ယူမှုအခွင့်အလမ်းများကို ရိုးရှင်းသည်မှ ရှုပ်ထွေးသည်အထိ ကြိုစားအားထုတ်ပြီး ထောက်ပံ့ပေးရပါမယ်။

Effective Learning Environment | GESS Education ဆောင်းပါးမှ သင့်တော်သလို ကိုးကားပြီး ဘာသာပြန်ဆိုထားခြင်းဖြစ်ပါတယ်။

Daw Sandi Su Hlaing
B.C.Sc, (U.C.S.Y)
B.C.Sc, (Hons) (U.C.S.Y)
M.C.Sc, (U.C.S.Y)

“Carbon Footprint (ကာဗွန်ခြေရာခံခြင်း)”----------------------------------------ရာသီဥတုဖောက်ပြန်ရခြင်းရဲ့ အကြောင်းတရားတွေ...
12/11/2024

“Carbon Footprint (ကာဗွန်ခြေရာခံခြင်း)”
----------------------------------------

ရာသီဥတုဖောက်ပြန်ရခြင်းရဲ့ အကြောင်းတရားတွေကို ဖော်ထုတ်ဖြေရှင်းဖို့အတွက် ကြိုးစားအကောင် အထည်ဖော်နေတဲ့အချိန်မှာ Carbon Footprint နဲ့ပတ်သက်ပြီး နားလည်ထားဖို့ကလည်း အရေးကြီးပါတယ်။ ကျွန်ုပ်တို့ရဲ့ အစားအသောက်၊ အသုံးအဆောင်နဲ့ သွားလာရေးတို့အပေါ် ရွေးချယ်မှု၊ ဆုံးဖြတ်ချက်တွေအပေါ် မူတည်ပြီး ကမ္ဘာပေါ်မှာ ကာဗွန်အမှတ်အသားတွေ ချန်ထားခဲ့မြဲ ဖြစ်ပါတယ်။

ဒါဆိုရင် ကာဗွန်ခြေရာခံခြင်း (Carbon Footprint) ဆိုတာဘာလဲ? Lancaster University (UK) မှ ပါမောက္ခ Mike Berners-Lee (The Carbon Footprint of Everything ရေးသားသူ) က ထုတ်ကုန်တစ်ခု ထုတ်လုပ်ဖို့အတွက် ထွက်ရှိနေတဲ့ ကာဗွန်အတိုင်းအတာအပါအဝင် လူသားတွေရဲ့ နေ့စဉ်နေထိုင်မှုပုံစံ၊ လှုပ်ရှားမှု ပုံစံတွေကနေတစ်ဆင့် ထွက်လာတဲ့ကာဗွန်တွေကို တိုင်းတာခြေရာခံခြင်းလို့ ဆိုထားပါတယ်။ လူသားတွေရဲ့ နေထိုင်လှုပ်ရှားမှုလို့ဆိုရာမှာ အိမ်တွင်းစွမ်းအင်အသုံးပြုမှု၊ ပို့ဆောင်သွားလာရေး၊ စားသုံးတဲ့အစားအစာ၊ အသုံးအဆောင်ပစ္စည်းနဲ့ တီဗွီ၊ ဖုန်းတွေအသုံးပြုနေမှုတွေ ပါဝင်ပါတယ်။ ဒီလိုလုပ်ဆောင်ချက် တစ်ခုချင်းစီတိုင်း၊ ထုတ်ကုန်တစ်ခုချင်းစီတိုင်းမှာ ကာဗွန်ဓာတ်ငွေ့တွေ လေထုထဲကို ထုတ်လွှတ်မိနေပါတယ်။

ဒါပေမဲ့ လူသားတွေက တစ်နေ့တာအတွက် နေထိုင်စားသောက်မှု၊ လှုပ်ရှားသွားလာမှုတွေကနေ တစ်နေ့တစ်နေ့ ကာဗွန်ဘယ်လောက် အတိုင်းအတာအထိ ထွက်နေတာလဲဆိုတာကို သတိမမူမိကြပါဘူး။ ဝယ်ယူသုံးစွဲလိုက်တဲ့ အသုံးအဆောင်ပစ္စည်းတွေနဲ့ စားသုံးဖို့အစားအသောက်တွေကို ထုတ်လုပ်တဲ့အခါ စွမ်းအင်တွေ၊ အရင်းအမြစ်တွေ၊ ပို့ဆောင်စရိတ်တွေအများကြီးရှိနေပြီး အဲ့ဒီအရာတွေအတွက် ကာဗွန်တွေ အများကြီးထွက်ရှိပါတယ်။ နောက်ဆုံးအနေနဲ့ နေ့စဉ်နေ့တိုင်းစွန့်ပစ်လိုက်တဲ့ အမှိုက်တွေ အကြွင်းအကျန် တွေကနေလည်း ကာဗွန်ထွက်ပါတယ်။

ထုတ်ကုန်တစ်ခုရဲ့ ကာဗွန်ခြေရာကိုတိုင်းတာမယ်ဆိုရင် ကုန်ကြမ်းရယူတဲ့အဆင့်ကစပြီး သက်တမ်း ကုန်သွားလို့ စွန့်ပစ်တဲ့အချိန်အထိ ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် ထုတ်ကုန်ထုတ်လုပ်တဲ့ လုပ်ငန်းစဉ်တွေအပြင် အသုံးပြုတဲ့ကာလတစ်လျှောက် ကာဗွန်နဲ့ဖန်လုံအိမ်ဓာတ်ငွေ့ ဘယ်လောက်အတိုင်းအတာ အထိ ထွက်ရှိနေလဲဆိုတာကို အကဲဖြတ်တိုင်းတာခြင်း ဖြစ်ပါတယ်။

ကျွန်ုပ်တို့နေထိုင်မှုပုံစံတွေက တစ်ယောက်နဲ့တစ်ယောက် မတူညီကြသလို ကာဗွန်ထွက်ရှိမှုနှုန်းကလည်း မတူညီကြပါဘူး။ ဥပမာ- တစ်အိမ်တည်းမှာအတူနေကြတဲ့သူတွေ ဖြစ်နေပါစေ အမဲသားကို နေ့တိုင်းစားသုံးတဲ့ သူနဲ့ သားသတ်လွတ် စားသောက်သူနှစ်ဦးရဲ့ အစားအသောက်နဲ့ပတ်သက်ပြီး ကာဗွန်ထွက်ရှိမှုခြေရာက တူညီမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ သားသတ်လွတ်စားတဲ့သူက အလုပ်သွားတဲ့အခါမှာ SUV ကားနဲ့သွားပြီး အသားစားသုံးတဲ့သူက စက်ဘီးကိုပဲ နေ့စဉ်အသုံးပြုတယ်ဆိုရင် သူတို့နှစ်ဦးရဲ့သွားလာမှုနဲ့ပတ်သက်ပြီး ကာဗွန်ထွက်ရှိမှုကလည်း ကွဲပြားနေမှာဖြစ်ပါတယ်။ ဒီလိုပဲ သူတို့နှစ်ယောက်လုံးရဲ့ ကာဗွန်ခြေရာနှစ်ခုလုံးက ခရီးသွားတဲ့အခါ First Class လေယာဉ်ကိုအသုံးပြုပြီးသွားတတ်တဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်နဲ့ယှဉ်ရင် နည်းနေမှာဖြစ်ပါတယ်။

ယေဘုယျအားဖြင့် လူတစ်ဦးတစ်ယောက်ရဲ့ ကာဗွန်ခြေရာအတိုင်းအတာက ငွေကြေးချမ်းသာမှုနဲ့အတူ တိုးလာတာကို တွေ့ရပါတယ်။ The Carbon Footprint of Everything စာအုပ်မှာ ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံသားတစ်ဦးက တစ်နှစ်လျှင်ပျှမ်းမျှအားဖြင့် ကာဗွန်ဒိုင်အောက်ဆိုဒ် ၇ တန် ထုတ်လွှတ်မှုနဲ့ ညီမျှတဲ့ ကာဗွန်ခြေရာရှိနေကြောင်း ရေးသားစာရင်းပြုထားခဲ့ပါတယ်။ ဒီကိန်းဂဏန်းထဲမှာ ဗြိတိန်က ၁၃ တန်အထိရှိပြီး အမေရိကန်မှ ပျှမ်းမျှအားဖြင့် လူတစ်ဦးလျှင် ၂၁ တန်အထိ ရှိနေကြောင်း ထပ်ဆောင်းပြောထားခဲ့ပါတယ်။

Carbon Footprint ကို အတိအကျတွက်ချက်ဖို့က မလွယ်ကူဘူးလို့ Mike Berners-Lee ကပြောထားခဲ့ပြီး “Essential but Impossible” လို့ သူကဆိုပါတယ်။ အကြမ်းဖျင်းအားဖြင့် ဥပမာ- လေယာဉ်ခရီးစဉ်တစ်ခုအတွက် တစ်ဦးစီရဲ့ ကာဗွန်ခြေရာကိုသုံးသပ်ကြည့်ပါ။ လေယာဉ်ပျံသန်းဖို့အတွက် လိုအပ်တဲ့လောင်စာဆီ၊ ပျံသန်းနေစဉ်အတွင်း ထုတ်လွှတ်မယ့် ဖန်လုံအိမ်ဓာတ်ငွေ့၊ အဲ့ဒါတွေကိုတွက်ချက်ပြီး ခရီးသည်အရေအတွက်နဲ့ စဉ်းစားလို့ရပါတယ်။ First Class နဲ့ Business Class က ခရီးသည်တွေရဲ့ ကာဗွန်ခြေရာက ရိုးရိုးခရီးသည်တွေထက် ပိုများနေတာကို တွေ့ရမှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့က ပိုက်ဆံများများပေးပြီး နေရာအပိုတွေကို ယူလိုက်ကြတာြဖစ်ပြီး ဝင်ဆန့်ခရီးသည် အရေအတွက်က နည်းနေပေမယ့် ကုန်သွားမယ့် လောင်စာဆီ၊ ထုတ်လွှတ်လိုက်တဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ပမာဏက အတူတူပဲ ဖြစ်နေတာကြောင့်ပါ။

ကျွန်ုပ်တို့တစ်ဦးတစ်ယောက်ချင်းစီရဲ့ ကာဗွန်ခြေရာကို တိုင်းတာတွက်ချက်တာက ပတ်ဝန်းကျင် ညစ်ညမ်းခြင်းအတွက် အထောက်အကူပြုစေတာအသေအချာပါပဲ။ ဘယ်မှာနေတာလဲ? ဘယ်လိုသွားလာလဲ? ဘာတွေကိုစားသုံးပြီး ဘယ်လိုအသုံးအဆောင်တွေဝယ်လေ့ရှိလဲ? ဆိုတဲ့အချက်တွေပါ။ ဒီအချက်တွေအပြင် နောက်ထပ်အရေးကြီးတဲ့ စဉ်းစားရမယ့်အချက်တွေ ရှိနေပါသေးတယ်။ အဲ့ဒါကတော့ Climate Shadow ပါ။ Carbon Footprint က လုပ်နေတဲ့လှုပ်ရှားမှုတွေ၊ ဓာတ်အားသုံးစွဲခြင်း၊ ခရီးသွားခြင်း၊ အစားအသောက် ရွေးချယ်မှုတို့ကြောင့် ဖြစ်ပေါ်လာတဲ့သက်ရောက်မှုကို တိုင်းတာပေးတဲ့အရာဖြစ်ပါတယ်။ Climate shadow ဆိုတာကတော့ ကျွန်ုပ်တို့ရဲ့ဆုံးဖြတ်ချက်များ၊ ရွေးချယ်မှုနဲ့ ရာသီဥတုအခြေအနေအပေါ် ဘယ်လို သက်ရောက် နေတာလဲဆိုတာကို နားလည်မြင်ယောင်စေတဲ့အရာဖြစ်ပြီး ဒါကို ကိုယ်တိုင်ကျင့်သုံးနေတဲ့ စနစ်များ၊ ပါဝင်နေတဲ့ အဖွဲ့အစည်းများမှတစ်ဆင့် ကျယ်ကျယ်ပြန့်ပြန့် လွှမ်းမိုးနိုင်ဖို့လိုအပ်ပါတယ်။ ကျွန်ုပ်တို့တက်နေတဲ့ တက္ကသိုလ်၊ အလုပ်လုပ်နေတဲ့ ကုမ္ပဏီ၊ အသင်းအဖွဲ့ Club တွေမှာ ဘာတွေလုပ်နေကြလဲ? ကောင်းမွန်တဲ့ အပြောင်းအလဲ တွေအတွက်၊ အဘယ့်ကြောင့် ကျွန်ုပ်တို့ဘာတွေဆွေးနွေးပေးလို့ရနိုင်မလဲ ဘာတွေအကြံပေးလို့ရနိုင်မလဲ? ဒါတွေကို ထိထိရောက်ရောက် စဉ်းစားလုပ်ဆောင်ရမှာ ဖြစ်ပါတယ်။


Daw Theint Thinzar
BE (Civil-West Yangon Technological University)
M.Sc (Construction Project Mgt), Heriot-Watt University

National Geographic website မှ “What is a carbon footprint—and how to measure yours” ဆောင်းပါးအားဆီလျော်အောင် ဘာသာပြန်ဆိုထားခြင်းဖြစ်ပါတယ်။
https://www.nationalgeographic.com/environment/article/what-is-a-carbon-footprint-how-to-measure-yours

ပညာရေးနဲ့ လေ့ကျင့်ရေးမှာ အရေးပါတဲ့Augmented Reality (AR) နဲ့ Virtual Reality (VR)---------------------------------------...
08/11/2024

ပညာရေးနဲ့ လေ့ကျင့်ရေးမှာ အရေးပါတဲ့
Augmented Reality (AR) နဲ့ Virtual Reality (VR)

-------------------------------------------------

နည်းပညာဟာ ပညာရေးနဲ့ အသက်မွေးဝမ်းကျောင်းဆိုင်ရာများကို စဉ်ဆက်မပြတ် ပုံဖော်နေပါတယ်။ ဒီအသွင်ပြောင်းခြင်းကို မောင်းနှင်တဲ့ အထိရောက်ဆုံးနည်းပညာနှစ်ခုကတော့ Augmented Reality (AR) နဲ့ Virtual Reality (VR) တို့ဖြစ်ပါတယ်။ နည်းပညာများဟာ သင်ယူသူများနဲ့ သင်တန်းသားများကို ထိတွေ့ဆက်ဆံဖို့ ဆန်းသစ်တဲ့နည်းလမ်းများကို ပံ့ပိုးပေးကာ
သူတို့ကို အကြောင်းအရာနဲ့ ပိုမိုသွက်လက်ပြီး အဓိပ္ပာယ်ပြည့်ဝတဲ့ နည်းလမ်းများဖြင့် အပြန်အလှန်တုံ့ပြန်နိုင်ဖို့ ကူညီပေးပါတယ်။ AR နဲ့ VR ရဲ့ အပြန်အလှန်အကျိုးသက်ရောက်မှုတွေကတော့ အမြင်အာရုံနဲ့ လက်ဖြင့်သင်ယူမှုအတွေ့အကြုံများအတွက် တံခါးဖွင့်ပေးထားပြီး ပညာရေးနဲ့ အလုပ်ခွင်လေ့ကျင့်ရေးနှစ်ခုလုံးအတွက်
မယုံနိုင်လောက်အောင် အကျိုးကျေးဇူးများ ပေးဆောင်လျက်ရှိပါတယ်။

🔵AR နဲ့ VR အကြား ကွာခြားချက်များ

Augmented Reality (AR) ဟာ ပုံမှန်အားဖြင့် စမတ်ဖုန်း ဒါမှမဟုတ် AR မျက်မှန်ကဲ့သို့ စက်ပစ္စည်းများမှတစ်ဆင့် ရုပ်ပုံများ ဒါမှမဟုတ် 3D မော်ဒယ်တွေလို
ဒစ်ဂျစ်တယ်အကြောင်းအရာများကို လက်တွေ့ကမ္ဘာပတ်ဝန်းကျင်မှာ ထပ်ဆင့်ထားပါတယ်။
Virtual Reality (VR) က VR နားကြပ်များမှတစ်ဆင့် ဝင်ရောက်ကြည့်ရှုလေ့ရှိတဲ့ လုံးဝနစ်မြုပ်နေသော ဒစ်ဂျစ်တယ်ပတ်ဝန်းကျင်ကို ဖန်တီးပေးပါတယ်။ ဒီ virtual world မှာ အသုံးပြုသူများက လက်တွေ့ကျကျ၊ လက်ဖြင့်သင်ယူခြင်းအတွက် အထူးအကျိုးရှိပြီး ဒါက ရုပ်ပိုင်းဆိုင်ရာရှိနေသလို သရုပ်ဖော်မှုများ၊ မြင်ကွင်းများနဲ့ ထိတွေ့နိုင်ပါတယ်။

VR ဟာ ဆေး၊ အင်ဂျင်နီယာနဲ့ လေကြောင်းတို့လို နယ်ပယ်များမှာ ဘေးကင်းပြီး နစ်မြုပ်နေတဲ့ သရုပ်ဖော်မှုများကို ပံ့ပိုးပေးရာမှာ အသုံးဝင်ပါတယ်။ ဥပမာ ဆေးကျောင်းသားများဟာ အမှန်တကယ် လူနာများနဲ့ မတွေ့မီမှာ အရေးကြီးတဲ့ အတွေ့အကြုံများ ရရှိစေမယ့် အန္တရာယ်ကင်းတဲ့ ပတ်ဝန်းကျင်မှာ ခွဲစိတ်မှုများကို လေ့ကျင့်နိုင်ပါတယ်။

AR နဲ့ VR ကို ကျောင်းသားတစ်ဦးချင်းစီရဲ့ သင်ယူမှုလိုအပ်ချက်များနဲ့ အံဝင်ခွင်ကျဖြစ်စေနိုင်ပြီး ပိုမိုစိတ်ကြိုက်ပြင်ဆင်ထားတဲ့ သင်ယူမှုလမ်းကြောင်းများကို ရရှိစေမှာဖြစ်ပါတယ်။ ကျောင်းသားများဟာ သူတို့ရဲ့ အရှိန်အဟုန်ဖြင့် ထိတွေ့နိုင်ပြီး၊ အံဝင်ခွင်ကျဖြစ်စေတဲ့ virtual မော်ဒယ်များနဲ့ သရုပ်ဖော်မှုများကို စမ်းသပ်နိုင်ပါတယ်။

စက်မှုလုပ်ငန်းအများအပြားမှာ အန္တရာယ်ရှိတဲ့ပတ်ဝန်းကျင်များကို အတုဖန်တီးကာ VR ရဲ့စွမ်းရည်ကနေ အကျိုးကျေးဇူးရရှိကြပါတယ်။ ဥပမာ စက်ပြင်နဲ့ အင်ဂျင်နီယာများက စက်ပစ္စည်းပြုပြင်မှုများကို အတုယူဖို့ VR ကိုအသုံးပြုနိုင်ပြီး ဆောက်လုပ်ရေးလုပ်သားများက ဘေးကင်းမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို လေ့ကျင့်ဖို့ virtual job sites များမှာ လေ့ကျင့်နိုင်ပါတယ်။

VR က ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ဆောက်လုပ်ရေးကဲ့သို့ အန္တရာယ်ရှိနိုင်တဲ့ ပတ်ဝန်းကျင်မှ အလုပ်သမားများအတွက် ဖြစ်နိုင်ခြေရှိတဲ့ အရေးပေါ်အခြေအနေများ ဒါမှမဟုတ် အန္တရာယ်ရှိတဲ့ အခြေအနေ များကို လက်တွေ့ကမ္ဘာရဲ့ အကျိုးဆက်များမပါဘဲ ကိုင်တွယ်ဖြေရှင်းလေ့ကျင့်နိုင်ဖို့ ပံ့ပိုးပေးပါတယ်။

နိဂုံး AR နဲ့ VR ဟာ အသက်အရွယ်မရွေး သင်ယူသူများအတွက် ဆွဲဆောင်မှုနဲ့ အန္တရာယ်ကင်းတဲ့ ပတ်ဝန်းကျင်များကို ပေးဆောင်ခြင်းဖြင့် ကျွန်ုပ်တို့ပညာရေးနဲ့ လေ့ကျင့်ရေးဆီ ချဉ်းကပ်ပုံကို ပြောင်းလဲလျက် ရှိပါတယ်။ ဒီနည်းပညာများ ဆက်လက်ဖွံ့ဖြိုးလာတာနဲ့အမျှ သူတို့ရဲ့ စာသင်ခန်းများနဲ့ လုပ်ငန်းခွင်များမှာ သူတို့ရဲ့ ပေါင်းစည်းမှုဟာ ကျယ်ပြန့်လာကာ သင်ယူမှုနဲ့ ပရော်ဖက်ရှင်နယ်ဖွံ့ဖြိုးတိုးတက်မှုရဲ့ အနာဂတ်ကို ပုံဖော်နိုင်မှာ ဖြစ်ပါတယ်။

ကိုးကားချက်

1. Dunleavy, M., & Dede, C. (2014). Augmented reality teaching and learning. Educational Technology Research and Development, 62(2), 105-124.
2. Huang, T. H., & Liaw, S. S. (2018). Exploring the factors influencing students' intention to use augmented reality for learning. Computers & Education, 128, 64-78.
3. Mikropoulos, T. A., & Natsis, A. (2011). Educational virtual environments: A review of the research. Educational Technology & Society, 14(1), 20-33.

Dr. La Wynn Sandi
B.C.Sc, CU (KT), B.C.Sc (Hons), CU (KT)
M.C.Sc, CU (KT), Ph.D (IT), (U.C.S.M)

"AI ကို ပညာရေးမှာ နည်းလမ်းမှန်စွာအသုံးပြုရေးလမ်းညွှန်"-------------------------------ဉာဏ်ရည်တု (AI) နည်းပညာဟာ နိုင်ငံတကာ...
05/11/2024

"AI ကို ပညာရေးမှာ နည်းလမ်းမှန်စွာ
အသုံးပြုရေးလမ်းညွှန်"
-------------------------------

ဉာဏ်ရည်တု (AI) နည်းပညာဟာ နိုင်ငံတကာမှာ
ဆန်းသစ်တီထွင်မှုတစ်ခုအဖြစ် မြင့်မားစွာ ဖွံ့ဖြိုးလာပြီး ပညာရေးနယ်ပယ်မှာလည်း လွန်စွာအသုံးဝင်လာပါတယ်။ AI ကို သုတေသန၊ သင်ယူလေ့လာမှုများအတွက် အကူအညီ အထောက်အပံ့အဖြစ် အသုံးပြုခြင်းက ကျောင်းသားများရဲ့ ပညာရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေသလို AI ကို မှန်ကန်စွာ သုံးစွဲနိုင်ရေးမှာလည်း အလွန်အရေးကြီးပါတယ်။ ဒါကြောင့် AI ကို ပညာရေးမှာ စနစ်တကျသုံးစွဲနိုင်ရေးနဲ့ ပညာရေးကျင့်ဝတ်များ မဖောက်ဖျက်ဘဲ မှန်ကန်စွာ အသုံးချ နည်းလမ်းများကို တင်ပြသွားပါမယ်။

🔵AI အသုံးပြုခြင်းနဲ့ အကျိုးကျေးဇူးများ

AI ကို သင်ယူလေ့လာမှုမှာ အကောင်းဆုံး အသုံးချနိုင်ဖို့ ကျောင်းသားများအနေနဲ့ စနစ်တကျ အသုံးပြုရမှာ ဖြစ်ပါတယ်။ အဓိကအားဖြင့် သုတေသနလုပ်ငန်းစဉ်များမှာ စာပေများနဲ့ အချက်အလက်များကို ရှာဖွေခြင်း၊ မြန်မြန်ဆန်ဆန် နားလည်သဘောပေါက်အောင် အကျဉ်းချုပ်ပေးခြင်း၊ အချက်အလက်များကို ခွဲခြမ်းစိတ်ဖြာ ပေးနိုင်ခြင်းတို့ဖြင့် သင်ယူမှုအတွက် အထောက်အကူဖြစ်စေပါတယ်။ နောက်ထပ် အသုံးပြုနိုင်တဲ့ နည်းလမ်း များကတော့ AI tools များဖြင့် ဘာသာစကားပြုပြင်ခြင်း၊ သဒ္ဒါအမှားပြင်ဆင်ခြင်း၊ ပိုမိုကောင်းမွန်တဲ့ အကြံပြုချက်များကိုတောင်းခံကာ စနစ်တကျ ပိုမိုကောင်းမွန်အောင် မိမိတို့ရဲ့ ရေးသားတင်ပြချက်များကို ပြင်ဆင်နိုင်ပါတယ်။
AI ရဲ့ အကျိုးကျေးဇူးများမှာ ကျောင်းသားများရဲ့ သင်ယူမှုအား တိုးတက်လာအောင် အမြင်ပိုကျယ်စေတဲ့ လက်နက်အဖြစ် သုံးစွဲနိုင်ခြင်းဖြစ်ပေမယ့်လည်း ပညာရေးဆိုင်ရာကျင့်ဝတ်များနဲ့ မလျော်ကန်စွာ အသုံးပြုမိပါက ကျောင်းသားအတွက် ပညာရေးဆိုင်ရာပြစ်ဒဏ်များ ချမှတ်ခံရပါမယ်။

🔵AI အသုံးပြုရာမှာ လိုက်နာရမယ့် စည်းမျဉ်းများ

၁။ ကိုယ်ပိုင်စဉ်းစားတွေးခေါ်ခြင်းကို ပြုလုပ်ဖို့ AI ကို ကနဦးအသုံးပြု အကြံဉာဏ်တောင်းခံကာ မိမိရဲ့ သင်ယူမှုမှာ အထောက်အကူပြုဖြစ်စေနိုင်ပေမယ့်လည်း AI ဟာ ပြီးပြည့်စုံတဲ့အဖြေကို ထုတ်ပေးနိုင်မှာ မဟုတ်ပါဘူး။ တင်ပြရမယ့်အရာတွေကို ကိုယ်ပိုင်စဉ်းစားဆန်းစစ်ချက်များဖြင့် AI မှထုတ်ပေးတဲ့ အချက်အလက်များကို ပေါင်းစပ်ကာ ကိုယ်ပိုင်နားလည်မှုဖြင့် ရေးသားဖို့လိုအပ်ပါတယ်။ တချို့ AI-generated content များက လက်တွေ့နဲ့ ကွဲလွဲနိုင်တဲ့အတွက် ကျောင်းသားအနေနဲ့ AI မှ ထွက်လာတဲ့ အချက်အလက်များကို ထပ်မံပြီး သီးခြားသုံးသပ်ခြင်း၊ ပိုမိုနက်ရှိုင်းစွာ လေ့လာဆန်းစစ်မှုများ ပြုလုပ်ဖို့လိုအပ်ပါတယ်။ ဥပမာ - AI က ထုတ်ပေးတဲ့အချက်များကို search engine တစ်ခုခုသုံးကာ ရင်းမြစ်များရှာဖွေပြီး ခိုင်လုံတဲ့ရင်းမြစ်တွေ့ပါက အကိုးအကားအနေနဲ့ ယူသုံးခြင်း၊ ခိုင်မာတဲ့ ရင်းမြစ်မရှိပါက မသုံးခြင်းတို့ကို ထပ်မံ ပြုလုပ်နိုင်ပါတယ်။

၂။ AI မှ ထွက်လာတဲ့ အကြောင်းအရာများကို ကိုးကားခြင်း၊ AI tools များကိုသုံးပြီး မိမိကိုယ်ပိုင် အချက်အလက်များကို ဆန်းစစ်မှုများ ပြုလုပ်ခြင်းဖြင့် ထွက်လာတဲ့ အကြောင်းအရာများက မိမိရဲ့ အချက်အလက်များအပေါ် အခြေခံပေမယ့်လည်း အဲ့ဒီ AI tools ကို အသုံးပြုခဲ့ကြောင်းရည်ညွန်းကာ ကိုးကားချက်ထည့်သွင်းဖော်ပြရပါမယ်။ အဲ့ဒီအပြုအမူက ပညာရေးနယ်ပယ်အတွင်း ကျင့်ဝတ်ထိန်းသိမ်းမှု အတွက် လိုအပ်တဲ့ အခြေခံအချက်ဖြစ်ပါတယ်။ AI tools မှ ထွက်လာတဲ့အကြောင်းအရာများကို ရည်ညွန်း ကိုးကားချက်များပြုလုပ်ပြီး ထည့်သွင်းဖော်ပြခြင်းက သင်ယူမှုမှာ ယုံကြည်စိတ်ချရတဲ့ အချက်အလက်များ ဖြစ်ကြောင်းကို ပေါ်လွင်စေပါတယ်။

၃။ AI တလွဲအသုံးပြုခြင်းမှ ရှောင်ရှားဖို့ AI ဖန်တီးထားတဲ့ အကြောင်းအရာများကို အလုံးစုံ ကူးယူသုံးစွဲခြင်း၊ မိမိရဲ့အတွေးအခေါ်၊ ဆန်းစစ်မှုမပါဝင်ဘဲ AI ဖန်တီးမှုများကို အလုံးစုံအပြည့်အဝအားကိုးကာ တင်ပြခြင်းက ကျောင်းသားအနေနဲ့ ပြစ်ဒဏ်ခံရမယ့် အပြုအမူများ ဖြစ်ပါတယ်။ ပညာရေးဆိုင်ရာ မူဝါဒများအရ AI tools များမှ ထုတ်ပေးတဲ့အကြောင်းအရာများကို စာတမ်းများ၊ သုတေသနများ၊ သင်ခန်းစာများ၊ ရေးသား တင်ပြချက်များမှာ အသုံးပြုတဲ့အခါ တိုက်ရိုက်ကူးချခြင်းမျိုးမပြုလုပ်ဘဲ မိမိအတွေးအခေါ်၊ သုံးသပ်မှု၊ ဆန်းစစ်မှုတို့ဖြင့်ပေါင်းစပ်ကာ တခြားပုံစံဖြင့် ပြုပြင်ပြောင်းလဲရေးသားဖော်ပြခြင်း (paraphrase) ပြုလုပ်ပြီး ရည်ညွန်းကိုးကားချက်များ ထည့်သွင်းရပါမယ်။

🔵AI အသုံးပြုမှုနဲ့ ကျင့်ဝတ်များ

AI tools ကိုသုံးပြီး လေ့လာခဲ့တဲ့ အချက်အလက်များ၊ သီအိုရီစာများ၊ ပြုပြင်ပြောင်းလဲထားတဲ့ စာသားများကို မိမိကိုယ်တိုင် AI ကို အကိုးအကားပြုကာ ရေးသားချက်များဖြစ်ကြောင်း အသိပေးဖော်ပြဖို့အတွက် ရည်းညွန်းကိုးကားချက်ပြုဖို့ လိုအပ်ပါတယ်။ ဘယ် AI tool မဆို Chat conversation များကို မဖျက်ပစ်ရဘဲ ထိန်းသိမ်းထားရှိရမှာဖြစ်ပြီး Appendix မှာ ထည့်သွင်းဖော်ပြဖို့ လိုအပ်ပါတယ်။
AI ကို အလုံးစုံအားကိုးပြီး သုံးမိပါက ကျောင်းသားအနေနဲ့ ပြစ်ဒဏ်များ အရေးယူမှုရှိမှာဖြစ်ကြောင်း SFIC ရဲ့ အကဲဖြတ်စစ်ဆေးမှုများမှာ ဉာဏ်ရည်တု (AI) အသုံးပြုခြင်းဆိုင်ရာမူဝါဒမှာ အသေးစိတ်ဖော်ပြထား ပါတယ်။

AI ကို ကိုးကားချက်ဖော်ပြရာမှာ Harvard style ကို အခြေခံကာ လိုက်နာသုံးစွဲရပါမယ်။ AI tools ကို သုံးပြီး ရေးသားခြင်းဖြင့် ထွက်လာတဲ့ အကြောင်းအရာများကို Harvard style ဖြင့် စနစ်တကျ ရည်ညွန်းကိုးကား ချက်ပေးရမှာဖြစ်ပါတယ်။ ဥပမာအနေနဲ့ OpenAI ရဲ့ ChatGPT tool မှ ထုတ်ပေးထားတဲ့ အကြောင်းအရာများကို (OpenAI, 2024) လို့ ရည်ညွှန်းကာ ဖော်ပြရမှာဖြစ်ပါတယ်။ ဒါ့အပြင် ရည်ညွန်း ကိုးကားချက်စာရင်းမှာ AI tool ရဲ့ version၊ အသုံးပြုခဲ့တဲ့နေ့ရက်နဲ့ URL link တို့ကို ထည့်သွင်းဖော်ပြရမှာ ဖြစ်ပါတယ်။ အသေးစိတ်အား AI ကို ရည်ညွှန်းကိုးကားချက်များပြုလုပ်ရာမှာ လိုက်နာရမယ့် လမ်းညွန်ချက် များမှာ လေ့သာဖတ်ရှုနိုင်ပါတယ်။

Assignment ရေးသားတင်ပြချက်များမှာ AI-generated content ၆၀ ရာခိုင်နှုန်းနဲ့အထက် ကျော်လွန်မှုပါက assignment တင်သွင်းခွင့်ရရှိနိုင်မှာမဟုတ်ဘဲ ပြင်ဆင်ခြင်းများ၊ ထပ်မံစစ်ဆေးခြင်းများ၊ ကိုယ်ပိုင် ရေးသားချက်ဖြစ်ကြောင်း သက်သေပြရခြင်းများ လုပ်ဆောင်ရပါမယ်။ ၆၀ ရာခိုင်နှုန်းမကျော်လွန် ပေမယ့်လည်း AI tools များကို အကျင့်ပျက်စည်းကမ်းလိုက်နာမှုမရှိဘဲ အသုံးပြုမှုများအတွက် ပြစ်မှုနဲ့ ပြစ်ဒဏ်များ ချမှတ်ခံရနိုင်သေးတာကို သတိထားစေလိုပါတယ်။ ဒါကြောင့် ကျောင်းသားများအနေနဲ့ AI ကို အသုံးပြုတဲ့အခါ သေချာစွာရည်ညွှန်းကိုးကားချက်ပေးခြင်း၊ ကိုယ်ပိုင်အတွေးအခေါ်များထည့်သွင်း ရေးသားခြင်းတို့ကို ဦးစားပေးပြုလုပ်ဖို့ လိုအပ်ပါတယ်။ ပညာရေးမှာ AI အသုံးပြုခြင်းက အထောက်အကူ ဖြစ်စေတဲ့အရာဖြစ်ပေမယ့်လည်း သတ်မှတ်ထားတဲ့ စည်းကမ်းများနဲ့အညီ အသုံးပြုမှသာ ကျောင်းသားရဲ့ ပညာရေးကောင်းမွန်မှု၊ ကျင့်ဝတ်ကောင်းမွန်မှုတို့ကို ပြသနိုင်မှာပဲ ဖြစ်ပါတယ်။
Comment ပါပုံမှာ ChatGPT ကို အသုံးပြုသင့်/မသင့် သတ်မှတ်ခြင်းအတွက် ဘယ်လို ဆုံးဖြတ်နိုင်မလဲ ဆိုတာကို ဖော်ပြထားပါတယ်။

ကနဦးအစမှာ “ထွက်လာတဲ့ ရလဒ်အမှန်ဖြစ်ဖို့ အရေးကြီးလား” ဆိုတဲ့မေးခွန်းနဲ့ စတင်ပါမယ်။ အဖြေက “မဟုတ်ပါ” ဆိုပါက ChatGPT ကို လုံခြုံစွာအသုံးပြုနိုင်ပါတယ်။ အဖြေ “ဟုတ်ပါသည်” ဆိုပါက နောက်ထပ် မေးခွန်းဖြစ်တဲ့ “ရလဒ်အမှန်ဖြစ်ကြောင်း အတည်ပြုနိုင်တဲ့ကျွမ်းကျင်မှု သင့်မှာရှိပါသလား” ဆိုပြီး ဆက်မေးရပါမယ်။ အဖြေက “မရှိပါ” ဆိုပါက ChatGPT ကို အသုံးပြုတာ မလုံခြုံနိုင်ပါဘူး။ "ရှိပါတယ်" ဆိုပါက နောက်ထပ် “ရလဒ်အမှားများအတွက် တာဝန်ယူရန် စိတ်ဆန္ဒရှိပါသလား” ဆိုပြီး မေးပါမယ်။ အဖြေက “မရှိပါ” ဆိုပါကလည်း ChatGPT ကို အသုံးပြုဖို့ မလုံခြုံပါဘူး။ အဖြေက “ရှိပါတယ်” ဆိုပါက ChatGPT ကို အသုံးပြုနိုင်ပါတယ်။ ဒါပေမဲ့ အချက်အလက်တွေကို စိစစ်ပြီး အမှန်တကယ် ခိုင်လုံတဲ့ ရင်းမြစ်တွေ ရှိ/မရှိ သေချာစွာ စစ်ဆေးဖို့လိုပါဦးမယ်။

source: Aleksandr Tiulkanov (Linkedin)

U Myo Htet Naing
B.Com (Hons), M.Com (YIE)

Turnitin AI Detection ကိုအောင်မြင်စွာဖြတ်သန်းဖို့ အကြံပြုချက်များ----------------------------------------- အကြံပြုချက်မျ...
22/10/2024

Turnitin AI Detection ကို
အောင်မြင်စွာဖြတ်သန်းဖို့ အကြံပြုချက်များ
-----------------------------------------

အကြံပြုချက်များမှာ Turnitin ကို ဘယ်လိုလှည့်စားရမလဲဆိုတာကို ပြောပြပေးမှာတော့ မဟုတ်ပါဘူး။ ရိုးသား ဖြောင့်မတ်ခြင်းကို ချိုးဖောက်တဲ့ဖြတ်လမ်းနည်းများကို ရှာမယ့်အစား မိမိရဲ့စစ်မှန်မှုကို အားကောင်းစေမယ့် နည်းဗျူဟာ များကို ပြသပါမယ်။ ဒါကတော့ Turnitin AI စစ်ခြင်းကို ဘယ်လိုကျော်ဖြတ်ရမယ်ဆိုတာရယ်၊ တရားမျှတမှုမရှိတဲ့ ခိုးကူးမှုဆိုင်ရာစွပ်စွဲချက်တွေကို ရှောင်ရှားနည်းများပဲ ဖြစ်ပါတယ်။

၁။ Assignment ဆိုင်ရာ
ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ပါ။

Turnitin စစ်ဆေးမှုကို ကျော်ဖြတ်ဖို့မကြိုးစားမီ မိမိတာဝန်မှာ assignment ရဲ့ လိုအပ်ချက်ကိုသိဖို့ အရေးကြီးပါတယ်။ ညွှန်ကြားချက်တွေကို သေချာဖတ်ပါ။ တကယ်လို့ ကျောင်းသားက ဒီအချက်များကို လွဲချော်နေပါက Turnitin ကို ကျော်ဖြတ်နိုင်သွားတယ်ဆိုရင်တောင် ဆိုးရွားတဲ့အဆင့်ကို ရနိုင်ပါသေးတယ်။ Task တစ်ခုစီကိုကြည့်ပြီး မိမိကိုယ်ပိုင်တွေးခေါ်ပုံကို ဘယ်လိုပြသနိုင်မလဲဆိုတာ မိမိကိုယ်ကိုယ်ပြန်မေးပါ။
ဒီနည်းနဲ့ ကိုယ်ပိုင်စကားလုံးများ၊ စိတ်ကူးများကို အသုံးပြုခြင်းဖြင့် turnitin စစ်ဆေးမှုကို ရှောင်နိုင်ရုံသာမက အကြောင်းအရာတွေကို သဘာဝကျကျ ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။

၂။ အကြောင်းအရာကို အကျဉ်းချုံ့ပါ။

ထင်ရှားတဲ့အကြောင်းအရာကို ရှာဖွေဖို့ကအဓိကပါ။ အကြောင်းအရာတစ်ခုကို အများကြီးမရေးထားပါနဲ့။
ဒီလိုလုပ်ဆောင်တာဟာ မိမိရေးထားတဲ့ စာများအတွင်း AI ထောက်လှမ်းခြင်းဆော့ဖ်ဝဲအတွက် ရှာဖွေတွေ့ရှိဖို့ ပိုမိုခက်ခဲစေပါတယ်။ အကြောင်းအရာကို နက်နက်နဲနဲ လေ့လာကြည့်ပါ ဒါမှမဟုတ် မတူညီတဲ့ စိတ်ကူးစိတ်သန်းများကို နည်းလမ်းသစ်များနဲ့ ပေါင်းစပ်ကြည့်ပါ။

မိမိလေ့လာခဲ့ပြီးတဲ့အရာကိုအသုံးပြုကာ ဘောင်အပြင်ဘက်ထွက်ပြီးတွေးပါ။ အရေးအသားမှာ မတူညီတဲ့ ရှုထောင့်များ၊ ကိုယ်ရေးကိုယ်တာထိုးထွင်းသိမြင်မှုများနဲ့ ဆန်းသစ်တဲ့အရာတစ်ခုကို ပြသပါ။ စိတ်ဝင်စားစရာကောင်းတဲ့ မေးခွန်း ဒါမှမဟုတ် တခြားဘယ်သူကမှ မဖြေရှင်းရသေးတဲ့ပြဿနာကိုရွေးချယ်ခြင်းက ခိုးကူးမှုပြဿနာများကို ရှောင်ရှားနိုင်ပါမယ်။ မိမိရဲ့မူရင်းအရေးအသားက Turnitin AI နဲ့ plagiarism မှ စာသားများကို ယှဉ်တိုက်ကြည့်တဲ့အခါမှာ တခြားစာတွေနဲ့ ရောထွေးနေမှာမဟုတ်ပါဘူး။

၃။ သုတေသနနဲ့ ထိရောက်တဲ့ စကားစုများ

စာရေးခြင်းလုပ်ငန်းစဉ်ကိုမစတင်မီ စေ့စေ့စပ်စပ်စူးစမ်းလေ့လာခြင်း ဒါမှမဟုတ် သက်ဆိုင်ရာ အကြောင်းအရာ တွေကို ပြန်လည်သုံးသပ်ဖို့ အကြံပြုပါတယ်။ အဲ့ဒီလိုလုံ့လဝီရိယရှိရှိ လုပ်ခြင်းက ဆန်းသစ်မှုရှိတဲ့ မူရင်းများကိုရနိုင်ပြီး AI ထောက်လှမ်းမှုကို ကျော်လွှားနိုင်စေဖို့အတွက် အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ စာများများဖတ်လေ၊ စိတ်ကူး စိတ်သန်းတွေ နိုးကြားလာလေလေပါပဲ။ ဒါက Turnitin မှ မမြင်ဖူးတဲ့ ထူးခြားအကြံဉာဏန်များ ရရှိစေဖို့ ကူညီပေးပါတယ်။

"Turnitin ရဲ့ AI ထောက်လှမ်းမှုကို ကျော်လွှားဖို့ မိမိကိုယ်ပိုင်စကားလုံးများနဲ့ အကြောင်းအရာကို ပြန်လည် ရေးသားခြင်းမှလွဲပြီး တခြားကျင့်ဝတ်နည်းလမ်းမရှိပါဘူး။ အချက်တွေပေါ်မှာ ဖော်ပြခြင်း၊ ကိုယ်ရေးကိုယ်တာ အတွေ့အကြုံများ ဒါမှမဟုတ် ပုံတိုပတ်စများကို ပေါင်းထည့်ခြင်းနဲ့ ယုံကြည်စိတ်ချရတဲ့ အရင်းအမြစ်များမှ ကိုးကားချက်များကို ပေါင်းစည်းခြင်းဖြင့် လုပ်ဆောင်နိုင်ပါတယ်။

၄။ အဆင့်မြင့် စာကြောင်းပြန်ရေး Tools
(paraphrasing tools) များကို အသုံးပြုပါ။

Deadlines များဟာ ကျွန်ုပ်တို့ကို ဖိအားပေးတာကြောင့် သူငယ်ချင်းတစ်ဦးထံမှ အကူအညီရယူတာ ဒါမှမဟုတ် AI Tool တစ်ခုအသုံးပြုတာမျိုးက ပုံမှန်လိုပဲဖြစ်ပါတယ်။ ဒီအဆင့်မြင့်နည်းပညာခေတ်မှာ AI-based paraphrasing tools အများအပြားက ခိုးကူးဝါဒကို ဖယ်ရှားနိုင်တဲ့အပြင် မိမိရဲ့ AI ဒါမှမဟုတ် စာသားတွေကို လူသားရေးသားထားတာဆန်အောင် ပြုလုပ်နိုင်ပါတယ်။ “ခိုးကူးမှု ထောက်လှမ်းမှုကို ကျော်လွှားနိုင်ဖို့နဲ့ မူရင်းအကြောင်းအရာကို ဖန်တီးဖို့ အထိရောက်ဆုံး နည်းလမ်းမှာ အဓိပ္ပာယ်ဖော်ရေးသားခြင်း၊ အကျဉ်းချုပ်ခြင်းနဲ့ ချောမွေ့စွာပေါင်းစပ်ခြင်းတို့ လုပ်ဆောင်ခြင်းဖြစ်ပါတယ်။

၅။ အကူအညီမပါဘဲ ရေးပါ။

မိမိစိတ်ကူးတွေကို လက်ရေးနဲ့ချရေးပါ။ ဆိုလိုတာက ChatGPT လို AI စာရေးကိရိယာများထံမှ အကူအညီမပါဘဲ စကားလုံးများကို စာရွက်ပေါ်မှာ ကိုယ်တိုင်ချရေးထားပါ။ ဒီနည်းလမ်းနဲ့ ရေးထားတဲ့စာများက မိမိတစ်ဦးတည်း လုပ်ထားတာဖြစ်ကြောင်း ပြသပါတယ်။ လက်နဲ့ရေးခြင်းက အသုံးပြုတဲ့စကားလုံးတိုင်းကို ပိုမိုတွေးတောရစေပါတယ်။ ဦးနှောက်က ပိုမိုအလုပ်လုပ်ရပြီး ဒါက AI ထောက်လှမ်းမှုကို လွယ်ကူစွာ ကျော်ဖြတ်နိုင်ဖို့နဲ့ မူရင်းအကြောင်းအရာကို ဖန်တီးရာမှာ ကူညီပေးပါတယ်။ ဒါ့အပြင် ကိုယ်ပိုင်လက်ရေးနဲ့ စာမျက်နှာများကို မြင်တွေ့ရသည်မှာ ကြည်နူးစရာဖြစ်ပြီး မိမိကြိုးစားအားထုတ်မှုရဲ့ ထင်ရှားတဲ့ သက်သေဖြစ်ပါတယ်။

နိဂုံးချုပ်အနေနဲ့ "Turnitin ကို ဘယ်လိုအနိုင်ယူမလဲ" လို့မေးရင် အဖြေက ရိုးရှင်းပါတယ်၊ ဖန်တီးမှုရယူပါ။ စကားလုံးတိုင်းကို ကိုယ်တိုင်ရေးဖို့နဲ့ ဘာသာရပ်ကို နက်နက်နဲနဲ စေ့စေ့တွေးပြီး မိမိရဲ့ အရေးအသားစွမ်းရည်ကို အသုံးချပါ။ Turnitin လို Tools တွေက
စမတ်ကျပေမယ့်လည်း မူရင်းအတွေးအခေါ်တွေ မတွေးနိုင်တာကို သတိထားရပါမယ်။ တမူးထူးခြားစွာနဲ့ စာပိုဒ်တိုင်းမှာ မိမိရဲ့စစ်မှန်မှုကို ပေါ်လွင်မှုဖြစ်အောင် ရေးရပါမယ်။

Reference: https://inboundblogging.com/how-to-get-past-turnitin-ai-detection/

Dr. Thel Seint Aye
B.C.Sc, CU (MDY), B.C.Sc (Hons), CU (MDY)
M.C.Sc, CU (MDY) , Ph.D (IT), (U.C.S.M)

ငွေကြေးတစ်ခုတည်းနဲ့ သစ္စာစောင့်သိမှုကိုတည်ဆောက်ဖို့ မလုံလောက်နိုင်ပါ။----------------------------------ယနေ့ခေတ် စီးပွားရ...
10/10/2024

ငွေကြေးတစ်ခုတည်းနဲ့ သစ္စာစောင့်သိမှုကို
တည်ဆောက်ဖို့ မလုံလောက်နိုင်ပါ။
----------------------------------

ယနေ့ခေတ် စီးပွားရေးပတ်ဝန်းကျင်မှာ ဝန်ထမ်းများအတွက် ငွေထက်ပိုပြီး အရေးကြီးလာတဲ့အချက်များ ရှိလာကြပါတယ်။ အလုပ်သမားအစီရင်ခံစာများအရ “ငွေကသစ္စာစောင့်သိမှုကို ဝယ်ယူလို့မရ” ဟူသော အချက်မှာ ဝန်ထမ်းများက သင့်လျော်တဲ့ ယဉ်ကျေးမှုနဲ့ ကိုက်ညီမှု၊ အသက်မွေးဝမ်းကြောင်း ဖွံ့ဖြိုးတိုးတက်မှု၊ ပရော်ဖက်ရှင်နယ်လမ်းကြောင်း တိုးတက်မှုတို့ကို
အာရုံစိုက်လာကြောင်း ဖော်ပြထားပါတယ်။ လုပ်ငန်းအတွက် ပညာရေးနဲ့ တိုးတက်မှုအခွင့်အလမ်းများက လစာနဲ့အကျိုးခံစားခွင့်များထက် အရေးပါလာတာကို တွေ့ရပါတယ်။
လုပ်ခလစာက အရေးကြီးပေမယ့်လည်း လူတစ်ဦးရဲ့ ဝန်ထမ်းအတွေ့အကြုံကို တိုးတက်စေဖို့နဲ့ ပျော်ရွှင်စေဖို့ လစာပိုပေးခြင်းတစ်ခုတည်းနဲ့ လုံလောက်မည်မဟုတ်ပါ။ ဝန်ထမ်းများက သူတို့ရဲ့အလုပ်ကို တန်ဖိုးထား ခံစားရခြင်းနဲ့ တိုးတက်မှုအတွက် အခွင့်အလမ်းများ ရရှိခြင်းကို ပိုပြီးတန်ဖိုးထားကြပါတယ်။ ခေါင်းဆောင်များက ဝန်ထမ်းများရဲ့ ရှေ့ဆက်ဖြစ်နိုင်ခြေအလားအလာများ၊ အခွင့်အလမ်းများကို ကူညီရှာဖွေကာ ကြိုးစားမှုကို အမှန်တကယ် တန်ဖိုးထားပေးခြင်းဖြင့် သစ္စာစောင့်သိမှုနဲ့ စိတ်အားထက်သန်မှုကို ဖော်ဆောင်နိုင်ပါတယ်။

🔵One-Size-Fits-All Career Path ကို
လက်လွှတ်လိုက်ပါ။

ယနေ့ခေတ် အောင်မြင်နေတဲ့ ပရောဖယ်ရှင်နယ်ဆန်တဲ့ အဖွဲ့အစည်းများမှာ သမားရိုးကျလမ်းကြောင်းများ၊ တန်းတူသတ်မှတ်ချက်များကို ဆက်လက်အသုံးမပြုကြတော့ပါ။ လက်ရှိခေတ်သစ် အလုပ်အကိုင်ပတ်ဝန်းကျင် များမှာ လူတစ်ဦးချင်းစီရဲ့ ဆန္ဒများ၊ အရည်အချင်းနဲ့ အတွေ့အကြုံများကို အခြေခံထားပြီး ရည်မှန်းချက်နဲ့ ချိတ်ဆက်မှုရှိတဲ့လမ်းကြောင်းအသစ်များ ရှာဖွေဖို့အတွက် စိတ်အားထက်သန်လာကြပြီဖြစ်ပါတယ်။

လမ်းညွှန်ပေးတဲ့ အခွင့်အလမ်းများ၊ အကူအညီပံ့ပိုးမှုများဖြင့် ဝန်ထမ်းများက လုပ်ငန်းခွင်မှာ ပိုမိုတက်ကြွ လှုပ်ရှားကာ တိုးတက်လာနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် လစ်လပ်လာတဲ့ရာထူးများနဲ့ ရာထူးတိုးမှုများအတွက် လိုက်လျောညီထွေတဲ့ သင်ယူမှုများဖြင့် အချိန်မီအဆင့်မြှင့်တင်ကာ တိုးတက်စေမယ့် အခွင့်အလမ်းများ ရှိနေပါတယ်။

🔵Personal Motivation ကို ပုံဖော်ပါ။

ခေါင်းဆောင်မှုဆိုင်ရာ ဆွေးနွေးပွဲများမှာ ဝန်ထမ်းများကို "သင်ဘာလိုချင်သလဲ" ဟူသောမေးခွန်းကို စဉ်းစားခိုင်းပြီး သူတို့ရဲ့ စိတ်ထဲက အလိုဆန္ဒများကို သိရှိစေနိုင်တဲ့ လေ့ကျင့်ခန်းများကို လုပ်ဆောင်လေ့ရှိပါတယ်။ လူတစ်ဦးရဲ့ စိတ်အားထက်သန်မှုကို စူးစမ်းနိုင်ဖို့ ငွေကြေးဖြစ်စေ၊ ကျန်းမာရေး၊ အသက်မွေးဝမ်းကြောင်း ဒါမှမဟုတ် မိသားစုလိုအပ်ချက်များဖြစ်စေ အမျိုးမျိုးသောနည်းလမ်းများဖြင့် သူတို့ရဲ့ အာရုံစိုက်မှုကို တိုင်းတာကြပါတယ်။ ဒီလိုလုပ်ဆောင်မှုက လူတစ်ဦးရဲ့ဘဝအဆင့်အတန်းပေါ်မူတည်ပြီး မတူညီတဲ့ လှုံ့ဆော်မှုများ ဖြစ်တတ်ပါတယ်။ ဝန်ထမ်းတွေဆီက ဆွေးနွေးပြောဆိုလာတဲ့အရာတွေကို အဖြေမှန်၊ အဖြေမှား မရှိဘဲ သူတို့ရဲ့တန်ဖိုးထားတဲ့အရာများကို ရိုးရိုးစင်းစင်းတွေ့ရခြင်း ဖြစ်ပါတယ်။

လုပ်သက်များတဲ့ ဝန်ထမ်းများက တစ်ခါတလေ သူတို့ရဲ့ ကိုယ်ပိုင်ဦးစားပေးချက်များထက် တခြားသူများရဲ့ အကျိုးစီးပွားအတွက် ဦးစားပေးဆုံးဖြတ်တတ်ကြပါတယ်။ ခေါင်းဆောင်များက ဝန်ထမ်းများရဲ့ပုဂ္ဂိုလ်ရေးဆိုင်ရာ စိတ်အားထက်သန်မှုများကိုနားလည်ကာ သူတို့ရဲ့အရည်အချင်းများကို ကောင်းစွာအသုံးချနိုင်စေဖို့အတွက် ပံ့ပိုးပေးသင့်ပါတယ်။ ဝန်ထမ်းများကို တန်ဖိုးထားမှုခံစားရစေဖို့နဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်များကို လုပ်ဆောင်နိုင် တယ်လို့ ယုံကြည်စေဖို့အတွက် ခွန်အားပေးခြင်းက ခေါင်းဆောင်များအတွက် အဓိကကျပါတယ်။

အကျဉ်းချုပ်အားဖြင့် ယနေ့ခေတ်စီးပွားရေးကဏ္ဍမှာ ငွေကြေးကအရေးကြီးပေမယ့်လည်း ဝန်ထမ်းများကို ငွေကြေးမက်လုံးတစ်ခုတည်းနဲ့ ချုပ်ကိုင်ထားလို့ မရနိုင်တော့ပါ။ အဲ့ဒီအစား ယဉ်ကျေးမှု၊ အသက်မွေး ဝမ်းကြောင်း တိုးတက်မှုနဲ့ ကိုယ်ပိုင်ဆုံးဖြတ်နိုင်မှုများကို ခေါင်းဆောင်များက ရည်မှန်းပြီးဒ တိုးတက်မှုအတွက် အခွင့်အလမ်းများ ပေးသင့်ပါတယ်။
forbes.com မှ Leaders, Money Doesn’t Build Loyalty (Career Growth Does) ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုထားခြင်းဖြစ်ပါတယ်။ ?

Daw Zin Lin Htet
BE (Civil-MGTU)
M.Sc (Construction Project Mgt), Heriot-Watt University

ရည်မှန်းချက်တွေ အောင်မြင်ဖို့SOSTAC Model သုံးကြစို့-------------------------SOSTAC Model ဆိုတာက စီးပွားရေးလုပ်ငန်းတွေရဲ...
07/10/2024

ရည်မှန်းချက်တွေ အောင်မြင်ဖို့
SOSTAC Model သုံးကြစို့

-------------------------

SOSTAC Model ဆိုတာက စီးပွားရေးလုပ်ငန်းတွေရဲ့ ရည်မှန်းချက်တွေကို ရှင်းလင်းတိကျစွာ သတ်မှတ်နိုင်ပြီး သတ်မှတ်ထားတဲ့ လုပ်ငန်းအစီအစဥ်တွေကို တည်ဆောက်ကာ လုပ်ငန်းအတွက် အရေးပါတဲ့ Marketing Plan ဆွဲဖို့ လမ်းကြောင်းတွေကို ထိထိရောက်ရောက် စွမ်းဆောင်နိုင်စေတဲ့ Tool တစ်ခုဖြစ်ပါတယ်။

ဒီ SOSTAC Model ကို Marketing နဲ့ ပတ်သက်တဲ့ International Speaker အဖြစ် နာမည်ကျော်ကြားတဲ့ PR Smith က ၁၉၉၀ လောက်မှာ ဖန်တီးခဲ့တာဖြစ်ပါတယ်။ Chartered Institute of Marketing ကနေပြီးတော့လည်း ကမ္ဘာ့အကောင်းဆုံး စီမံကိန်းနည်းလမ်းတွေထဲက တစ်ခုအဖြစ် အသိအမှတ်ပြုထားပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာ နာမည်ကျော်ကြားတဲ့ လုပ်ငန်းတွေဖြစ်တဲ့ LinkedIn, KPMG, RBS တို့ကလည်း SOSTAC model ကို Marketing plan စီမံကိန်းတွေမှာ အသုံးပြုပြီး လက်တွေ့မှာလည်း အောင်မြင်မှုတွေ ရရှိနေကြတာကို တွေ့ရပါတယ်။

အဓိကတော့ SOSTAC model ဟာ စီးပွားရေးလုပ်ငန်းများအတွက် အကျိုးရှိတဲ့ Marketing Planဆွဲဖို့ နဲ့ ရောင်းချတဲ့နေရာတွေမှာ အသုံးပြုနိုင်တဲ့ marketing strategy တွေထဲက တစ်ခုလည်း ဖြစ်သလို စီးပွားရေးလုပ်ငန်းများအတွက် ထိရောက်တဲ့ စျေးကွက်တိုးချဲ့ရေးတွေအထိပါ ဆောင်ရွက် လုပ်ကိုင်နိုင်စေပါတယ်။
SOSTAC Model ကို Situation Analysis (အခြေအနေကိုသုံးသပ်ခြင်း)၊ Objectives (ရည်မှန်းချက်များ)၊ Strategy (မဟာဗျူဟာ)၊ Tactics (နည်းဗျူဟာများ)၊ Action (အကောင်အထည် ဖော်လုပ်ဆော်ခြင်း)နှင့် Control (ထိန်းချုပ်မှု) တို့နဲ့ ဖွဲ့စည်းထားပါတယ်။
SOSTAC ရဲ့ အဆင့် (၆) ဆင့်ကို ရှင်းပြသွားပါမယ်။

🔵Situation Analysis

Situation Analysis ဆိုတာ ကိုယ့်လုပ်ငန်းရဲ့ အခြေအနေကို သုံးသပ်ခြင်းဖြစ်ပါတယ်။ အရင်ဆုံး Marketing Plan စဆွဲမယ်ဆိုရင် မိမိလုပ်ငန်းအပေါ် သက်ရောက်နိုင်တဲ့ External factor နဲ့ Internal Factor ကို စတင်သုံးသပ်စစ်ဆေးရမှာ ဖြစ်ပါတယ်။ အခြေအနေကို သုံးသပ်တဲ့နေရာမှာ လုပ်ငန်းရဲ့ အားနည်းချက်များ၊ အားသာချက်များကို လေ့လာဖို့ SWOT Analysis ကိုလည်း အသုံးပြုနိုင် ပါသေးတယ်။ ဥပမာအနေနဲ့ မြန်မာရိုးရာ ကတ္တီပါနဲ့ သားရေဖိနပ်ဆိုင် (၁) ဆိုင်ဖွင့်မယ်လို့ ကျွန်မတို့ စတင် စီစဥ်နေပြီဆိုရင် လက်ရှိမြန်မာဖိနပ်စျေးကွက်ကို ကောင်းကောင်းသိဖို့ လိုအပ်ပြီး စျေးကွက်မှာလက်ရှိ Trend ဖြစ်နေတဲ့ ဖိနပ်ဒီဇိုင်းများ၊ မိမိလုပ်ငန်းရဲ့ အားသာချက်များ၊ အားနည်းချက်များနဲ့ စျေးကွက် တောင်းဆိုမှုများက ဘယ်လိုရှိတယ်ဆိုတာကို သေချာသုံးသပ်လေ့လာသင့်ပါတယ်။ လုပ်ငန်းကို သုံးသပ်တဲ့နေရာမှာလည်း အရှိကိုအရှိအတိုင်း သုံးသပ်ဖို့လည်းလိုပါတယ်။

🔵Objectives

မိမိလုပ်ငန်းအတွက် “ဘယ်လိုရည်မှန်းချက်ကို ရောက်ချင်သလဲ” ဆိုတဲ့ လုပ်ငန်းအတွက် အနာဂတ်ရည်မှန်းချက်များကို သတ်မှတ်ခြင်းဖြစ်ပါတယ်။ ရည်မှန်းချက်များကို ချမှတ်တဲ့နေရာ မှာလည်း SMART (Specific, Measurable, Achievable, Relevant, Time-bound) ဖြစ်အောင် သတ်မှတ်နိုင်ရပါမယ်။ ၁နှစ်အတွင်း Mandalay မြို့မှာ ဖိနပ်ဆိုင် ၂ ဆိုင်ဖွင့်နိုင်ဖို့ရန် အရောင်းဝင်ငွေ သိန်း ၅၀၀ အနည်းဆုံးရရှိဖို့ ရည်မှန်းချက်ချမှတ်ခြင်းကလည်း အမှန်တကယ်လက်တွေ့မှာဖြစ်နိုင်တဲ့ ရည်မှန်းချက်များဖြစ်ဖို့လည်း လိုပါသေးတယ်။

🔵Strategy

ကိုယ်ချမှတ်ထားတဲ့ Objectives တွေအတွက် "ဘယ်လိုနည်းလမ်းနဲ့ ရည်မှန်းချက်တွေကို အောင်မြင်အောင်လုပ်မလဲ" ရယ် မိမိရည်မှန်းချက်တွေကို အောင်မြင်အောင်လုပ်ဖို့ မှန်ကန်တဲ့ ဦးတည်ချက်တွေကို သတ်မှတ်ဖို့ နည်းဗျူဟာလည်း လိုပါတယ်။ Customer Segmentation ခွဲတာတွေ၊ Positioning ယူတာတွေ စတာတွေကို ဆောင်ရွက်ရပါမယ်။ အဓိကအားဖြင့် STPD strategy ကို သေချာစွာသတ်မှတ်သင့်ပါတယ်။ ဥပမာ မန္တလေးမြို့မှာရှိတဲ့ တက္ကသိုလ်ကျောင်းသူတွေကို အဓိက ထားပြီး ထုတ်မယ့်ဖိနပ်ဒီဇိုင်းတွေကို စျေးသင့်တင့်ပြီး လူငယ်ဆန်ကာ အရည်အသွေးကောင်းတဲ့ ဖိနပ်တွေ ရောင်းချမယ်ဆိုတဲ့ တိကျစွာ သတ်မှတ်ချက်များလည်း ပါရပါမယ်။

🔵Tactics

Tactics ကတော့ လုပ်ငန်းကချမှတ်ထားတဲ့ Strategy ကို အကောင်အထည်ဖော်မယ့် နည်းလမ်းတွေကို အသေးစိတ်ချမှတ်တဲ့ အကြောင်းအရာတွေလည်း ဖြစ်ပါတယ်။ ဒီနေရာမှာ အရင် Marketing tools တွေထဲက တစ်ခုဖြစ်တဲ့ 4P's (Product, Price, Place, Promotion) ကိုလည်း အသုံးပြုနိုင်ပါသေးတယ်။

🔵Action

Action ကတော့ လက်တွေ့မှာ အမှန်တကယ်လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များပဲ ဖြစ်ပါတယ်။ သတ်မှတ်ထားတဲ့အချိန်မှာ "ဘယ်သူတွေက ဒီလုပ်ငန်းတွေကို လုပ်မှာလဲ?" “ကုန်ကျစရိတ် ဘယ်လောက်ရှိမလဲ” တစ်ခုချင်းစီကို ဘယ်လိုလုပ်မလဲဆိုတာကအစ အကုန်စီစဉ်ရပါမယ်။ ဖိနပ်ဆိုင် ဖွင့်ဖို့ လိုအပ်တဲ့လုပ်ငန်းစဉ်တွေကို သီးသန့်တစ်စုချင်းစီပေါ်မူတည်ပြီး လုပ်ဆောင်ရပါမယ်။ ဥပမာ Facebook နဲ့ Instagram အတွက် post တင်မယ့်သူတွေ၊ website maintenance လုပ်သူများနဲ့ customer service တွေကိုလည်း သေချာစွာစီစဉ်ပြီး အစီအစဉ်နဲ့အညီ အကောင်အထည်ဖော်ရမယ့် အဆင့်ဖြစ်ပါတယ်။

🔵Control

Control ကတော့ အဲ့ဒီရည်မှန်းချက်တွေကို ပြည့်မီရေးအတွက် အကောင်အထည်ဖော်တဲ့ လုပ်ငန်းစဉ်တွေကို ထိန်းကွပ်ကြီးကြပ်တာပဲဖြစ်ပါတယ်။ Facebook Ads တွေ, Sales Data တွေကို မကြာခဏ စစ်ဆေးပြီး လုပ်ငန်းရဲ့တိုးတက်မှုကို လိုအပ်သလို ပြင်ဆင်ခြင်းတွေ လုပ်ဆောင်ခြင်းတွေ ဖြစ်ပါတယ်။

SOSTAC Model ကို ဘယ်လုပ်ငန်းအတွက်မဆို အသုံးပြုနိုင်ပြီး လုပ်ငန်းရဲ့ အခြေအနေ သုံးသပ်ခြင်းမှာလည်း အသုံးပြုနိုင်ပါသေးတယ်။ လုပ်ငန်းရဲ့ အခြေအနေ တစ်ဆင့်ပြီး တစ်ဆင့် တိုးတက်ဖို့ စီမံကိန်းတွေချမှတ်တဲ့ နေရာတွေမှာလည်း အသုံးပြုနေကြပြီး အသုံးပြုတဲ့ လုပ်ငန်းတွေလည်း အောင်မြင်မှုတွေ ရနေကြတာကို လက်တွေ့မှာလည်း မြင်ရမှာဖြစ်ပါတယ်။

Daw Ei Mon Soe
ME-IT (TU Mdy)
MBA Shinawatra University Thailand (International Program)

Address


Alerts

Be the first to know and let us send you an email when The Strategy First Times posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to The Strategy First Times:

Shortcuts

  • Address
  • Telephone
  • Alerts
  • Contact The Business
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share