Iceberg Dialogue

Iceberg Dialogue ကမ္ဘာ့ပထဝီနိုင်ငံရေး အကြောင်းအရာများကို တင်ဆက်မျှဝေသည့် Page ဖြစ်ပါသည်။
(1)

ကာဒ့်လူမျိုးများအကြောင်း ပြန်လည်မျှဝေပေးလိုက်ပါတယ်
05/03/2026

ကာဒ့်လူမျိုးများအကြောင်း ပြန်လည်မျှဝေပေးလိုက်ပါတယ်

ယခုတစ်ပတ် (၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်မှ ၂၄ ရက်အထိ) အတွင်း ဖြစ်ပေါ်ခဲ့သော ကမ္ဘာ့နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ အဓိက...
24/01/2026

ယခုတစ်ပတ် (၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်မှ ၂၄ ရက်အထိ) အတွင်း ဖြစ်ပေါ်ခဲ့သော ကမ္ဘာ့နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ အဓိက သတင်းများကို အောက်ပါအတိုင်း အကျဉ်းချုပ် ဖော်ပြပေးလိုက်ပါသည်။

ကမ္ဘာ့နိုင်ငံရေး အခြေအနေ
၁။ အမေရိကန်နှင့် ဥရောပ ဆက်ဆံရေး တင်းမာမှု (Greenland အရေး): အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က ဒိန်းမတ်နိုင်ငံပိုင် ဂရင်းလန်းကျွန်း (Greenland) ကို ဝယ်ယူရန် ကြိုးပမ်းမှုကို ဥရောပခေါင်းဆောင်များက ပယ်ချခဲ့ပြီးနောက်၊ ထရမ့်က ဥရောပနိုင်ငံအချို့အပေါ် သွင်းကုန်ခွန် (Tariffs) ၁၀% တိုးမြှင့်မည်ဟု ခြိမ်းခြောက်ခဲ့သည်။ ဤကိစ္စရပ်သည် ယခုတစ်ပတ် ဆွစ်ဇာလန်နိုင်ငံ၊ ဒါးဗို့စ် (Davos) တွင် ကျင်းပနေသည့် ကမ္ဘာ့စီးပွားရေးဖိုရမ် (WEF) တွင် အဓိက ဆွေးနွေးစရာ ဖြစ်ခဲ့ပြီး အမေရိကန်နှင့် ဥရောပ မဟာမိတ်များအကြား သံတမန်ရေးရာ အဖုအထစ်များ ဖြစ်ပေါ်စေခဲ့သည်။

၂။ ဂျပန်နိုင်ငံရေး အပြောင်းအလဲ: ဂျပန်ဝန်ကြီးချုပ် Takaichi (Sanae Takaichi) သည် ပါလီမန်ကို ဖျက်သိမ်းလိုက်ပြီး ရွေးကောက်ပွဲစောစီးစွာ ကျင်းပရန် (Snap Election) လမ်းဖွင့်ပေးလိုက်ကြောင်း ကြေညာခဲ့သည်။

၃။ ဗီယက်နမ် ခေါင်းဆောင်မှု: ဗီယက်နမ်နိုင်ငံတွင် သမ္မတ To Lam သည် ဒုတိယ သက်တမ်းအတွက် ဆက်လက် ရွေးချယ်ခံခဲ့ရပြီး စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို ဆက်လက် လုပ်ဆောင်သွားမည်ဟု ကတိပြုခဲ့သည်။

ကမ္ဘာ့စီးပွားရေး အခြေအနေ
၁။ ကမ္ဘာ့စတော့ဈေးကွက်များ ကျဆင်း: အမေရိကန်၏ ကုန်သွယ်ရေးခွန် (Tariff) ခြိမ်းခြောက်မှုများကြောင့် ကမ္ဘာ့စီးပွားရေး မရေရာမှုများ မြင့်တက်လာပြီး ဝေါလ်စထရိ (Wall Street) အပါအဝင် ကမ္ဘာ့စတော့ရှယ်ယာ ဈေးကွက်များတွင် ဈေးနှုန်းများ ကျဆင်းခဲ့သည်။ ရင်းနှီးမြှုပ်နှံသူများက ၎င်းကို "Fear Trade" ဟု သုံးသပ်ကြသည်။

၂။ ငွေကြေးဖောင်းပွမှု: အမေရိကန်၏ ဒီဇင်ဘာလ လူသုံးကုန်ဈေးနှုန်းညွှန်းကိန်း (CPI) သည် ယခင်နှစ်ကာလတူထက် ၂.၇% မြင့်တက်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

၃။ ရွှေဈေးကွက်: နိုင်ငံရေး တင်းမာမှုများနှင့် ကုန်သွယ်ရေးစစ်ပွဲ အသံများကြောင့် ရွှေဈေးနှုန်းများ မြင့်တက်မည့် အလားအလာရှိနေကြောင်း သုံးသပ်မှုများ ရှိနေသည်။

ဤအခြေအနေများသည် လာမည့်ရက်သတ္တပတ်များအတွင်း ကမ္ဘာ့ကုန်သွယ်ရေးနှင့် ငွေကြေးဈေးကွက်များအပေါ် ဆက်လက် ရိုက်ခတ်မှုရှိနိုင်ပါသည်။

14/06/2025

အီရန်ဖက်မှ တုံ့ပြန် ပစ်ခတ်ခဲ့သော မစ်ဆိုင်းများအစ္စရေးမြို့တော်နှင့် အခြားမြို့များကို ထိမှန်မှုများရှိခဲ့ #14/06/2025

18/04/2024

အကယ်၍ စကစ ပြုတ်ကျသွားခဲ့သည်ဆိုပါတော့

မြန်မာပြည်မှာ တရုတ်ပြည် တော်လှန်ရေး အစောပိုင်းက War Lord Era ကို ကျိန်းသေ မြင်ရဖို့ရှိတယ်။

ပွဲတွေဆက်ကရင် ပွဲစဉ်တွေက ဒီလိုဖြစ်ဖို့များတယ်။

1. KIA vs TNLA
2. KIA vs SNA
3. SSPP vs TNLA
4. RCSS vs TNLA
5. SSPP vs MNDAA
6. SSPP vs PNO
7. PNLA vs PNO
8. AA vs CNA

ပွဲဖြစ်မယ်ထင်တဲ့ အတွဲအစပ်လေး ကိုယ်ထင်မြင်သလောက်လေး ရေးပေးသွားကြပါဦး

ပွဲတည်ချင်လို့ ရေးတာမဟုတ်ပါ။ မြင်နေကြားနေရတာတွေရဲ့ ထင်မြင်ယူဆချက်ကို သိရှိစေရန်အတွက်ဖြစ်ပါတယ်။

အစ္စရေး-ပါလက်စတိုင်း ဟားမက်စ် ပဋိပက္ခမှသည်ပင်လယ်နီ ပင်လယ်ပြင်တွင်း ယီမင် ဟူသီလက်နက်ကိုင် အဖွဲ့တွေရဲ့ နိုင်ငံတကာ ကုန်တင် ...
15/01/2024

အစ္စရေး-ပါလက်စတိုင်း ဟားမက်စ် ပဋိပက္ခမှသည်

ပင်လယ်နီ ပင်လယ်ပြင်တွင်း ယီမင် ဟူသီလက်နက်ကိုင် အဖွဲ့တွေရဲ့ နိုင်ငံတကာ ကုန်တင် သင်္ဘောတွေကို တိုက်ခိုက်လာမှုတွေကြောင့် US UK နဲ့ အနောက်နိုင်ငံအုပ်စုတွေ စစ်ရေးအရ ယီမင် ဟူသီတွေကို ချေမှုန်းဖို့ ပြင်ဆင်နေကြပါပြီ။

မကြာသေးမီက US တို့ အီရတ် ဘဂ္ဂဒက် လေဆိပ်မှာ လုပ်ကြံခဲ့တဲ့ အီရန် ဗိုလ်ချုပ်ကြီး ဆိုလိုင်မာနီ အောက်မေ့ဖွယ် အခမ်းအနားမှာ လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့ရတဲ့ ဗုံးခွဲ တိုက်ခိုက်ခံရမှုကြောင့် အီရန်ကလည်း အစ္စရေး နဲ့ US ကို အခဲမကြေဖြစ်နေပါတယ်။

အရှေ့အလယ်ပိုင်းက ပဋိပက္ခတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာဖို့ရှိနေပါတယ်။

25/08/2023

မလေးရှားနိုင်ငံ ဘော်နီယိုကျွန်း မြောက်ဘက်မှာ တည်ရှိတဲ့ Sabah ဆာဘားပြည်နယ် အငြင်းပွားမှု အကြောင်း​ ရက်များမကြာမီ တင်ဆက်ပေးပါ့မယ်။

စောင့်မျှော် ဖတ်ရှုပေးကြပါဦးဗျ။


Iceberg Dialogue

ဂွာတီမာလာ လူမျိုးတုံးသတ်ဖြတ်မှု Guatemalan Genocide နှင့် မာယာလူမျိုးတို့၏ ကြမ္မာဆိုးဂွာတီမာလာသမ္မတနိုင်ငံ (Republic of ...
14/08/2023

ဂွာတီမာလာ လူမျိုးတုံးသတ်ဖြတ်မှု Guatemalan Genocide နှင့် မာယာလူမျိုးတို့၏ ကြမ္မာဆိုး

ဂွာတီမာလာသမ္မတနိုင်ငံ (Republic of Guatemala) ဟာ လက်တင်အမေရိကနိုင်ငံ ဗဟို အမေရိကတိုက်ဒေသမှာတည်ရှိပြီး အနောက်မြောက်ဖက်မှာ မက္ကဆီကို (Mexico)၊ အရှေ့မြောက်ဖက်မှာ ဘလိဇ်(Belize)၊ အရှေ့အရပ်မှာ ဟွန်ဒူးရပ်စ်(Honduras)၊ အရှေ့တောင်ဖက်ပိုင်းမှာ အယ်လ်ဆာဗေးဒိုး (El Salvador) နိုင်ငံတို့နှင့် နယ်နိမိတ်ချင်းထိစပ်လျက်ရှိပါတယ်။ နိုင်ငံရဲ့ ပင်လယ်ထွက်ပေါက်အဖြစ် အရှေ့တောင်ဖက်မှာ ကာရေဘီယံပင်လယ် (ဟွန်ဒူးရပ်စ် ပင်လယ်ကွေ့)နှင့် တောင်ဖက်မှာ မြောက်ပစိဖိတ် သမုဒ္ဒရာတို့က ထိစပ်ဝန်းရံလျက်ရှိပြီး ဧရိယာစတုရန်းကီလိုမီတာ (၁)သိန်းကျော်ရှိကာ မြန်မာနိုင်ငံရှိ စစ်ကိုင်းတိုင်းထက် အနည်းငယ်ခန့်သာ ပိုမိုကျယ်ဝန်းပါတယ်။ နိုင်ငံရဲ့ မြို့တော်မှာ ဂွာတီမာလာမြို့တော် (Guatemala City) ဖြစ်ပြီး လူဦးရေ (၁)သန်းကျော်နေထိုင်ကာ တစ်နိုင်ငံလုံးအနေဖြင့် လူဦးရေ (၁၈)သန်းခန့် ရှိမယ်လို့ ခန့်မှန်းရပါတယ်။ နိုင်ငံ့လူဦးရေရဲ့ ၅၆% ကျော်ဟာ Ladino/Mestizo လူမျိုးများဖြစ်ပြီး ၄၁% ကျော်ဟာ Mayan မာယာလူမျိုးများဖြစ်ကြကာ ကျန် ၃% ခန့်ဟာ Mesoamerican မျိုးနွယ်ဝင်ဌာနေ တိုင်းရင်းသားများနှင့် အာဖရိကန်များ ဖြစ်ကြပါတယ်။ Ladino/ Mestizo တွေက စပိန်စကားပြော ဥရောပနွယ်ဖွားက ဆင်းသက်လာတဲ့ Middle Class နဲ့ Elite လူတန်းစားတွေဖြစ်ပြီး Mayan တွေကတော့ ဌာနေ တိုင်းရင်းသား တောင်ယာလုပ် လူတန်းစားတွေဖြစ်ပါတယ်။ ဂွာတီမာလာနိုင်ငံကို ကျောက်စိမ်းထွက်တဲ့အတွက် ဂွာတီမာလာကျောက်လို့ ကျောက်လောကသား တချို့ ကြားဖူးကြပြီး မြန်မာ့ကျောက်မျက်ရဲ့ အရည်အသွေးကို တော့ မမှီပါဘူး။ ကမ္ဘာ့ ငှက်ပျောသီး တင်ပို့မှု အများဆုံးနိုင်ငံတွေထဲက နိုင်ငံတစ်နိုင်ငံလည်း ဖြစ်ပါတယ်။

ဂွာတီမာလာလူမျိုးတုံးသတ်ဖြတ်မှုဟာ တိုင်းပြည်ရဲ့ ပြည်တွင်းစစ်နောက်ဆက်တွဲဆိုးကျိုးများဖြစ်ပြီး အမေရိကန်ကျောထောက်နောက်ခံ ဂွာတီမာလာအစိုးရက မာယာလူမျိုးတွေအပေါ် ကျူးလွန်ခဲ့တာဖြစ်ပါတယ်။ ကမ္ဘာ့မီဒီယာတွေရဲ့ မီးမောင်းထိုး ဖော်ပြခြင်းမခံခဲ့ရတဲ့ လူမျိုးတုံးသတ်ဖြတ်မှုလည်း ဖြစ်ပါတယ်။ မာယာလူမျိုးတွေကို ကျွန်တော်တို့ သိပ်မစိမ်းကြပါဘူး။ အမေရိကတိုက်မှာ ကိုလမ်ဘီယံခေတ်မတိုင်ခင် စာအရေးအသားကို တီထွင်ခဲ့ခြင်းအတွက် အသိအမှတ်ပြုခြင်းခံရပြီး အနုပညာ၊ ဗိသုကာပညာ၊ သင်္ချာပညာနှင့် နက္ခတ္တဗေဒပညာတွေမှာလည်း ထင်ရှားကျော်ကြားခဲ့ပါတယ်။ ဂဏန်းသုညကို ပထမဦးဆုံးအသုံးပြုခဲ့ကြတဲ့ လူမျိုးတွေလည်း ဖြစ်ပါတယ်။ မာယာယဥ်ကျေးမှုအဖွဲ့အစည်းဟာ ဘီစီ ၂၀၀၀ နဲ့ အေဒီ ၂၅၀ ကြား တည်ထောင်ခဲ့ကြတယ်လို့ ခန့်မှန်းရပြီး Pre-classic ကာလဖြစ်တဲ့ အေဒီ ၂၅၀ နဲ့ အေဒီ ၉၀၀ စုကြား မာယာ ယဥ်ကျေးမှု စည်ပင်အဖွံ့ဖြိုးဆုံးဖြစ်ခဲ့ပါတယ်။ ရှေးမာယာလူမျိုးတို့ တည်ထောင်ခဲ့တဲ့ မာယာမြို့ပေါင်းများစွာရှိခဲ့ပြီး မက္ကဆီကိုတောင်ပိုင်း၊ ဂွာတီမာလာနဲ့ ဗဟိုအမေရိကနိုင်ငံတွေမှာ မာယာမြို့ဟောင်း ဗိသုကာလက်ရာတွေဖြစ်တဲ့ ကျောက်တုံးတွေနဲ့ တည်ဆောက်ထားတဲ့ ပိရမစ်တွေ၊ ဘုရားကျောင်းတွေ၊ ရုပ်ထုတွေကို အပူပိုင်းဇုံ မိုးသစ်တောနက်တွေထဲမှာ အများအပြား ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ ၂၀၀၆ ခုနှစ်က ထွက်ရှိခဲ့တဲ့ ကမ္ဘာကျော် Apocalypto ဇာတ်ကားမှာ (၁၅)ရာစုခန့်က မာယာယဥ်ကျေးမှုတွေကို ဖော်ညွှန်းရိုက်ကူးပြသခဲ့ပါတယ်။ မာယာလူမျိုးတို့ဟာ ဖမ်းဆီးရမိတဲ့ အကျဉ်းသားများ၊ ကျွန်များနှင့် ယဇ်ပူဇော်ခံရမည့်သူများကို ခန္ဓာကိုယ်အနှံ့ အပြာရောင်ချယ်သပြီး ပိရမစ်ထိပ်ကို ခေါ်ဆောင်သွားကာ ယဇ်ပုရောဟိတ်များက ယဇ်ပူဇော်ခံအကျဥ်းသားရဲ့ နှလုံးသားကို ဓားဖြင့်ထိုးစိုက်နှိုက်ယူပြီး လက်တစ်ဖက်ဖြင့် ကိုင်မြောက်ကာ နေနတ်ဘုရားကို တိုင်တည်ပြီး ဦးခေါင်းကို ပိုင်းဖြတ်ချကာ ပိရမစ်ထိပ်မှ ဘောလုံးတစ်လုံးကဲ့သို့ လှိမ့်ချယဇ်ပူဇော်ခြင်းမျိုးဖြစ်ပြီး အလွန်ကြမ်းတမ်းလွန်းလှပါတယ်။ နောက်ဆုံးမှာ စပိန်တွေ ရေလမ်းမှတဆင့် အမေရိကတိုက်ကို ရောက်ရှိလာခြင်းနှင့် ဇာတ်လမ်းကို အဆုံးသတ်ထားပါတယ်။

ဂွာတီမာလာပြည်တွင်းစစ်ဟာ ၁၉၆၀ ခုနှစ်မှ ၁၉၉၆ ခုနှစ်ထိ ဂွာတီမာလာအစိုးရနဲ့ လက်ဝဲကွန်မြူနစ်ဝါဒီ မာယာသူပုန်တွေ တိုက်ခိုက်ခဲ့ကြပြီး ၃၆ နှစ် ကြာမြင့်ခဲ့ပါတယ်။ ဥရောပက ဆင်းသက်လာတဲ့ ဂွာတီမာလာ လူချမ်းသာတွေနဲ့ အမေရိကန်က သီးနှံစိုက်ပျိုးထုတ်လုပ်တဲ့ ကုမ္ပဏီတွေဟာ မြေယာအများစုကို ချုပ်ကိုင်ထားပြီး အခွန်ပေးဆောင်ခြင်း မရှိသလောက်ကို နည်းပါးခဲ့ကာ တစ်ဖက်က ဆင်းရဲနွမ်းပါးတဲ့ ဌာ‌နေတိုင်းရင်းသား မာယာလူမျိုးများနဲ့ မြေယာပြသာနာတွေ ကာလရှည်ကြာ ဖြစ်ပွားခဲ့ကြပါတယ်။ ၁၉၃၀ ခုနှစ်မှာ ကမ္ဘာ့စီးပွားပျက်ကပ်ကြီး ဖြစ်ပွားခဲ့ပြီး ဒီစီးပွားပျက်ကပ်လှိုင်းဟာ ဂွာတီမာလာနိုင်ငံကိုလည်း ရိုက်ခတ်ခဲ့ပါတယ်။ စီးပွားပျက်ကပ်ဆိုးကျိုးကြောင့် ဂွာတီမာလာနိုင်ငံမှာ အလုပ်လက်မဲ့နှုန်း မြင့်တက်လာပြီး တိုင်းပြည်ဆူပူဂယက်ရိုက်မှာကို ဂွာတီမာလာရေပေါ်ဆီတို့ စိုးရိမ်လာခဲ့ပါတယ်။ သမ္မတလာဇာရိုချာကွန် Lazaro Chacón ကို ရာထူးမှ ဖိအားပေးနှုတ်ထွက်ခိုင်းခဲ့ပြီး ၁၉၃၁ ခုနှစ်မှာ ကြမ်းကြမ်းတမ်းတမ်း ကိုင်တွယ် အုပ်ချုပ်နိုင်တဲ့ ဗဟိုအမေရိကရဲ့ နပိုလီယံလို့ လူသိများတဲ့ ဂွာတီမာလာ စစ်တပ်ရဲ့ ဗိုလ်ချုပ်ကြီး ဂျော့ရှ် ယူဘီကို Jorge Ubico ကို သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခဲ့ကြပါတယ်။ ကြမ်းတမ်းတဲ့ စည်းမျဥ်းဥပဒေသစ်တွေ တင်သွင်းပြီး အာဏာရှင်တစ်ဦးအဖြစ် ပြုမူခဲ့ကာ ယခင် ကျွန်ပြုစနစ်ကို ပယ်ဖျက်ပေးခဲ့သော်လည်း မြေယာမပိုင်တဲ့ အခြေအနေမဲ့လူတန်းစားယောကျာ်းသားများကို အလုပ်ကြမ်းသမားများအဖြစ် အနည်းဆုံးရက်(၁၀၀) လုပ်ခလစာ ခံစားခွင့်မရှိတဲ့ Vagrancy Law ကို ပြဌာန်းခဲ့တဲ့အပြင် ပြည်နယ်ဖွံ့ဖြိုးရေး လမ်း၊ တံတားလုပ်ငန်းတွေမှာပါ ခိုင်းစေခဲ့ပါတယ်။ ရဲတပ်ဖွဲ့အင်အားကို တောင့်တင်းအောင် ဖြည့်ဆည်းပြီး ပြဌာန်းထားတဲ့ အလုပ်သမားဥပဒေတွေကို ချိုးဖောက်ပါက ပစ်မိန့်နဲ့ ဖမ်းဆီးထောင်ချဖို့ အာဏာတွေပါ အပြည့်အဝ ပေးထားခဲ့ပါတယ်။

ယူဘီကိုဟာ ဥရောပက ဖက်ဆစ်ခေါင်းဆောင်တွေဖြစ်တဲ့ စပိန်က ဖရန်စစ္စကို ဖရန်ကိုနဲ့ အီတလီက မူဆိုလီနီတို့ကို အားကျနေတဲ့သူပါ။ ဒါပေမဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ မက္ကဆီကို ကွန်မြူနစ်ရန်ကိုလည်း စိုးရိမ်ရတဲ့အတွက် အမေရိကန်နဲ့ မဟာမိတ်ပြုကာ ထောက်ပံ့မှုကို ရယူခဲ့ပါတယ်။ ၁၉၄၁ ခုနှစ်မှာ အမေရိကန်က ဝင်ရိုးတန်းနိုင်ငံတွေဖြစ်တဲ့ ဂျာမနီနဲ့ ဂျပန်ကို စစ်ကြေညာပြီးနောက် ဂွာတီမာလာမှာ ကော်ဖီလုပ်ငန်း လုပ်ကိုင်နေတဲ့ ထောင်ချီနေတဲ့ ဂျာမန်လူမျိုးများကို အမေရိကားသို့ နှင်ထုတ်ခဲ့ပါတယ်။ ပနားမားတူးမြောင်းကို ကာကွယ်ဖို့ အမေရိကန်လေတပ် အခြေစိုက်ခွင့်ပေးခဲ့သလို ဆိပ်ကမ်းတစ်ခုတည်ဆောက်ပေးဖို့အတွက် အမေရိကန် သီးနှံစိုက်ပျိုးထုတ်လုပ်တဲ့ United Fruit Company ကို အများပိုင် မြေယာ ၄၉၀,၀၀၀ ဧက ပေးမယ်လို့လည်း ကတိပြုခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်တွင်းကာလဖြစ်တဲ့ ၁၉၄၄ ခုနှစ်မှာ တိုင်းပြည်စီးပွားရေး ကျဆင်းခဲ့ပြီး လူထုမကျေနပ်မှုတွေ မြင့်တက်လာပါတယ်။ အိမ်နီးချင်း အယ်လ်ဆာဗေးဒိုးမှာလည်း လူထုတော်လှန်ရေးလှုပ်ရှားမှုတွေ ဖြစ်ပွားနေသလို ဒီဂယက်ကြောင့်ပဲ ဇွန်လ၊ ၁၉၄၄ ခုနှစ် ဂွာတီမာလာမြို့တော်မှာ အလယ်အလတ်လူတန်းစား၊ ကျောင်းသား၊ အလုပ်သမားများက အထွေထွေသပိတ် ဆင်နွှဲပြီး ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။ ယူဘီကိုဟာ ဆန္ဒပြလူထုကို ဖြိုခွင်းပစ်ခတ်ဖို့ ရဲတပ်ဖွဲ့ကို အမိန့်ပေးခဲ့သလို မာရှယ်လောကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။ သို့သော် ဆန္ဒပြသူတွေဟာ လူထုလှုပ်ရှားမှုတွေကို ဆက်လက်တိုက်ပွဲဝင်ခဲ့ကြပြီး ဇွန်လကုန်မှာတော့ ယူဘီကိုဟာ အမျိုးသားလွှတ်တော်မှာ ရာထူးမှ နှုတ်ထွက်ကြောင်း ကြေညာခဲ့ရပြီး စစ်တပ်မှ ဗိုလ်ချုပ်(၃)ဦးကို အာဏာလွှဲပြောင်းပေးခဲ့ပါတယ်။ သို့သော် ဆန့်ကျင်ဆန္ဒပြမှုတွေ ဆက်လက်ဖြစ်ပွားခဲ့ပြီး အောက်တိုဘာလလယ်မှာတော့ စစ်တပ်မှ ထပ်မံ အာဏာသိမ်းခဲ့ပြန်ပါတယ်။

၁၉၄၅ ခုနှစ်မှာတော့ အာဏာသိမ်းစစ်တပ်မှ Juan José Arévalo ဂျူအန် ဟိုဆေး အာရီဗာလို သမ္မတဖြစ်လာခဲ့ပြီး သူဟာ ဘာသာရေးအခြေခံတဲ့ ဆိုရှယ်လစ်ဝါဒ (Spiritual Socialism) ကို လက်စွဲကိုင်ကာ ကွန်မြူနစ်ဝါဒကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ပါတယ်။ ၁၉၅၁ ခုနှစ်မှာတော့ Revolutionary Action Party မှ Jacobo Árbenz ဂျာကိုဘို အာဘန် သမ္မတဖြစ်လာခဲ့ပြီး အဖွင့်မိန့်ခွန်းမှာ ဂွာတီမာလာကို "ပဒေသရာဇ်စီးပွားရေးစနစ် လွှမ်းမိုးထားသော ခေတ်နောက်ကျသောနိုင်ငံအဖြစ်မှ ခေတ်မီသော အရင်းရှင်နိုင်ငံအဖြစ်သို့ ပြောင်းလဲရန်" ကတိပြုခဲ့ပါတယ်။ နိုင်ငံခြား စျေးကွက်နဲ့ ကော်ပို‌ရေးရှင်းတွေရဲ့ အကူအညီ မှီခိုနေရမှုကို လျော့ချပြီး ပြည်တွင်းအားဖြင့် နိုင်ငံရဲ့ အခြေခံ အဆောက်အဦးတွေ၊ ဆိပ်ကမ်းနဲ့ လမ်းတွေ တည်ဆောက်ဖို့ကြိုးစားအားထုတ်ပါတယ်။ စက်ရုံ အလုပ်ရုံသစ်တွေ တည်ထောင်ခြင်း၊ ဘဏ်လုပ်ငန်းစနစ်တွေ တိုးချဲ့ခြင်းစတဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေ လုပ်ဆောင်ခဲ့ပါတယ်။ အုပ်ချုပ်ရေး အစောပိုင်းကာလတွေမှာ နိုင်ငံရဲ့ ရေပေါ်ဆီ ၂% ခန့်ကပဲ မြေယာ ၇၀%ကို ထိန်းချုပ်ပိုင်ဆိုင်ထားဆဲ ဖြစ်တဲ့အတွက် သမ္မတ အာဘန် အာဏာရလာအောင် ကူညီပေးခဲ့တဲ့ Revolutionary Action Party က မြေယာပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်တဲ့ သူ့ရဲ့ မဲဆွယ်စည်းရုံးရေးကတိတွေကို လိုက်နာဖို့ အဆက်မပြတ်ဖိအားပေးခဲ့ပါတယ်။ ဒါကြောင့် သမ္မတအာဘန်ဟာ မြေယာနဲ့ ပတ်သက်တဲ့ ပြုပြင်ပြောင်းလဲရေး ဥပဒေကြမ်းကို ရေးဆွဲခဲ့ပြီး ၁၇ရက်၊ ဇွန်လ၊ ၁၉၅၂ခုနှစ် အမျိုးသား ညီလာခံမှာ အတည်ပြုခဲ့ပါတယ်။ အသုံးမပြုတဲ့ မြေယာ ၂၂၄ ဧကနဲ့ အထက်ရှိပါက အစိုးရမှ ဒေသခံ တောင်သူလယ်သမားတွေကို ပြန်လည် ခွဲဝေပေးပြီး မြေယာပိုင်ရှင်ကိုတော့ အစိုးရ ငွေတိုက်စာချုပ်နဲ့ ပြန်လည် အလျော်ပေးခြင်းဖြစ်ပါတယ်။ ယခုလို မြေယာပြုပြင်ပြောင်းလဲရေး ပေါ်လစီထွက်ပြီးနောက် ဂွာဒီမာလာ ရေပေါ်ဆီတွေနဲ့ အမေရိကန် United Fruit Company က သမ္မတအာဘန်ဟာ ကွန်မြူနစ်သမားတစ်ဦးအဖြစ် တံဆိပ်ကပ်ပါတော့တယ်။ UFC ဟာ အမေရိကန် နိုင်ငံရေးသမားတွေကို လော်ဘီငှားပြီး သမ္မတအာဘန်ကို ဆန့်ကျင် ဖြုတ်ချဖို့ ကြိုးစားပါတော့တယ်။

အမေရိကန် သမ္မတ ဟာရီထရူးမင်း ခွင့်ပြုချက်နဲ့ အမေရိကန် ဗဟိုထောက်လှမ်းရေး အေဂျင်စီ CIA ဟာ Operation PBFortune (၁၉၅၃ခုနှစ် သမ္မတ အိုင်ဆင်ဟောင်ဝါလက်ထက်မှာတော့ Operation PBSuccess အဖြစ် ပြောင်းလဲခဲ့ပါတယ်။) အဖြစ် အစီအစဥ်ရေးဆွဲခဲ့ပြီး အကြောင်းပြချက်ကတော့ မြေယာပြုပြင်ပြောင်းလဲရေး လုပ်တဲ့ သမ္မတ အာဘန်ဟာ ကွန်မြူနစ်ဝါဒ လွှမ်းမိုးမှုခံနေရတယ်လို့ စွပ်စွဲချက်ကြောင့်ပါပဲ။ CIA ဟာ အမေရိကန် ကျောထောက်နောက်ခံ အာဏာရှင် အစိုးရတွေဖြစ်တဲ့ နီကာရာဂွာ၊ ဒိုမီနီကန်နဲ့ ဗင်နီဇွဲလားတို့ကို ဂွာတီမာလာဟာ ကွန်မြူနစ်ဝါဒ လွှမ်းမိုးမှုရှိလာနေတဲ့အတွက် နှိမ်နှင်းဖို့ လိုအပ်လာပြီဟု မြှောက်ပင့်ပေးပါတယ်။ အမေရိကန်ဘက် ယိမ်းတဲ့ ဂွာတီမာလာ စစ်တပ်ရဲ့ ဒုဗိုလ်မှူးကြီး Carlos Castillo Armas ကားလို့စ် ကက်စ်စတယ်လ်လို အာမက်စ်ကို ချည်းကပ်ပြီး လက်နက်တွေ ထောက်ပံ့ပေးကာ နီကာရာဂွာမှတဆင့် ကျူးကျော်ပုန်ကန်ဖို့ အစီအစဥ်‌ရေးဆွဲကြပါတယ်။ ၁၈ရက်၊ ဇွန်လ၊ ၁၉၅၄ခုနှစ်မှာ အာမက်စ်ဟာ CIA လေ့ကျင့်ပေးထားတဲ့ ဂွာတီမာလာ စစ်သား ၄၈၀ကို ဦးဆောင်ပြီး ပုန်ကန်ဖို့ စတင်ကြိုးစားပါတယ်။ သမ္မတအာဘန်က ပုန်ကန်တဲ့ အာမက်စ် သူပုန်အဖွဲ့ကို နှိမ်နှင်းနိုင်မယ်လို့ ယုံကြည်ပေမဲ့ USA ရဲ့ ကျူးကျော်မှု မလွဲမသွေရှိလာမှာကို ကြိုတွေးမိနေခဲ့ပါတယ်။ သူ့ကို သစ္စာရှိတဲ့ ဗိုလ်ချုပ်ကြီး Carlos Enrique Díaz ကားလို့စ် အမ်းရစ် ဒီယက်ဇ်ကို ပုန်ကန်သူတွေကို နှိမ်နှင်းဖို့ အမိန့်ပေးခဲ့ပြီး ဒီယက်ဇ်မှ သစ္စာရှိ စစ်တပ်အရာရှိများကို ရွေးထုတ်ခဲ့ပါတယ်။ သို့သော် စစ်တပ်အရာရှိအချို့ဟာ သူတို့ တပ်သားတွေဟာ ပုန်ကန်မှုကို တိုက်ခိုက်နှိမ်နှင်းမှာ မဟုတ်ဘူးလို့ ၂၅ရက်၊ ဇွန်လမှာ သမ္မတ အာဘန်ကို အကြောင်းပြန်ခဲ့ပြီး သမ္မတ အာဘန် မနှုတ်ထွက်ဘူးဆိုရင် အာမက်စ်နဲ့ ပူးပေါင်းမယ်လို့ အကြပ်ကိုင်ခဲ့ပါတယ်။ ယခုလို တုံ့ပြန်မှု ရလဒ်ဆိုးကို ရလိုက်တဲ့ သမ္မတ အာဘန်ဟာ “စစ်တပ်ဟာ တိုင်းပြည်ကို သစ္စာဖောက်ခဲ့ပြီ။ ပြည်သူတွေ တိုင်းပြည်ကို ကာကွယ်ဖို့ လက်နက်စွဲကိုင်ဖို့ လိုအပ်လာပြီ”လို့ ကြေညာပါတယ်။ ၂၇ရက်၊ ဇွန်လမှာ သမ္မတ အာဘန်နှုတ်ထွက်ခဲ့ပြီး မက္ကဆီကို သံရုံးကို သွားရောက်ကာ နိုင်ငံရေး ခိုလှုံခွင့် တောင်းခံခဲ့ပါတယ်။ သမ္မတ အာဘန်နဲ့ အတူ ပြည်ပြေး ၃၀၀ ကျော်ခန့်ဟာ ရက်ပေါင်း ၇၀ကျော်ကြာ မက္ကဆီကို သံရုံးမှာ ခိုလှုံခဲ့ကြရပါတယ်။ အရင်းနှီးဆုံးမိတ်ဆွေ သူငယ်ချင်းဖြစ်သူဟာ အမေရိကန် CIA အတွက် Spy အဖြစ် အလုပ်လုပ်ပေးခဲ့သူ ဖြစ်နေခဲ့ပြန်ပါတယ်။ အာဘန်ဟာ မက္ကဆီကိုမှတဆင့် ကနေဒါ၊ ဆွစ်ဇာလန်၊ နယ်သာလန်၊ ပြင်သစ်၊ ချက်ကိုစလိုဗက်ကီးယား၊ ဆိုဗီယက် စတဲ့နိုင်ငံတွေကို အဆင့်ဆင့် ထွက်ပြေးခိုလှုံခဲ့ရပြီး ၁၉၆၀ခုနှစ်မှာ ကျူးဘားခေါင်းဆောင် ဖီဒယ်လ် ကက်စထရို ဖိတ်ခေါ်မှုနဲ့ ကျူးဘားမှာ (၁၀)နှစ်ကြာခိုလှုံခဲ့ပါတယ်။ ၁၉၇၀ခုနှစ်မှာ မက္ကဆီကိုရှိ မိသားစုရှိရာသို့ သွား‌ရောက်ခဲ့ရာက အပြင်းအထန် ဖျားနာကာ ကွယ်လွန်သွားခဲ့ပါတယ်။

သမ္မတ အာဘန်နှုတ်ထွက်ပြီး (၁၀)ရက်အကြာမှာပဲ ပုန်ကန်သူ အာမက်စ်ဟာ သမ္မတဖြစ်လာခဲ့ပြီး မြေယာပြုပြင်ပြောင်းလဲရေးမှာ မြေယာခွဲဝေရရှိခဲ့တဲ့ တောင်သူလယ်သမားတွေရဲ့ မြေယာတွေကို ပြန်လည်သိမ်းယူပြီး ယခင် ရေပေါ်ဆီ မြေယာပိုင်ရှင်ဟောင်းတွေကို ပြန်လည်ပေးအပ်ပါခဲ့တယ်။ တောင်သူလယ်သမား အဖွဲ့အစည်းတွေကို ဖြိုခွင်း ဖမ်းဆီးခဲ့ပြီး ထောင်ပေါင်းများစွာကို ကွန်မြူနစ် တံဆိပ်ကပ်ကာ သတ်ဖြတ်ခဲ့ပါတယ်။ ‌၁၉၅၇ခုနှစ်မှာ သမ္မတ အာမက်စ်ကို သူရဲ့ လုံခြုံရေးအစောင့် လက်ဝဲသမားမှ လုပ်ကြံသတ်ဖြတ်ခဲ့ပါတယ်။ ယင်းနောက် သမ္မတ Ydígoras အီဒီဂိုရတ်စ် အာဏာရလာပါတယ်။

ပြည်တွင်းစစ်စတင်ခြင်း

၁၃ရက်၊ နိုဝင်ဘာလ၊ ၁၉၆၀ခုနှစ်မှာ အမျိုးသား စစ်သင်တန်းကျောင်းမှ လက်ဝဲဝါဒစစ်အရာရှိငယ် ၁၂၀ကျော်ဟာ စစ်သည်အင်အား ၃၀၀၀ခန့်ကို ဦးဆောင်ပြီး Zacapa စစ်အခြေစိုက်စခန်းနှင့် နိုင်ငံ၏ အရှေ့ဘက်စစ်ဇုန်အများစုကို သိမ်းပိုက်ပြီး အကျင့်ပျက်ခြစားမှုတွေနဲ့ ပြည့်နှက်နေတဲ့ သမ္မတ Ydígoras အီဒီဂိုရတ်စ် နုတ်ထွက်ပေးရန် တောင်းဆိုခဲ့ကြပါတယ်။ သမ္မတ အီဒီဂိုရတ်စ်ဟာ အဲ့ဒီကာလတွေက အမေရိကန်တပ်တွေ ကျူးဘားကို ကျူးကျော်ဖို့ Bay of Pigs အစီအစဥ်ကို ရေးဆွဲပြီး ဂွာတီမာလာမှာ အင်အားစုဖို့ ပြင်နေတာကို ခွင့်ပြုထားချိန်လည်း ဖြစ်နေပါတယ်။ ဒီလို ခွင့်ပြုထားတာကို ဂွာတီမာလာ စစ်တပ်ကိုလည်း မတိုင်ပင်ပါဘူး။ CIA က B-26 ဗုံးကြဲလေယာဥ်ကို ဂွာတီမာလာ လေတပ်အသွင်ဆောင်ပြီး ပုန်ကန်သူ လက်ဝဲစစ်အရာရှိငယ်တို့ကို သူတို့ရဲ့ ကျူးဘား မစ်ရှင် အနှောင့်အယှက်ဖြစ်ရတယ်ဟုဆိုကာ သူပုန် အခြေစိုက်စခန်းတွေကို ဗုံးကြဲပါတယ်။ သူပုန်တို့ဟာ နိုင်ငံ့ အရှေ့ဘက် တောင်တန်းတွေရှိရာနှင့် အိမ်နီးချင်း ဟွန်ဒူးရပ်စ်နိုင်ငံထဲသို့ ပြေးဝင်ခိုလှုံပြီး အဖွဲ့အစည်းအမည်ကိုလည်း စတင် တော်လှန်သည့်နေ့ ၁၃ရက်၊ နိုဝင်ဘာလကို ယူပြီး Revolutionary Movement 13th November (MR-13)အဖြစ် ဖွဲ့စည်းခဲ့ကြပါတယ်။

၁၉၆၂ခုနှစ်မှာ ကျူးဘားနိုင်ငံရဲ့ ထောက်ပံ့မှုနဲ့ ဂွာတီမာလာနိုင်ငံတွင်း ပြန်လည် ဝင်ရောက်ကာ အမေရိကန် UFC သီးနှံကုမ္ပဏီနဲ့ အမေရိကန် ကော်ပိုရေးရှင်း ရုံးခန်းတွေကို ရုတ်တရက် ဝင်ရောက်တိုက်ခိုက်ပါတော့တယ်။ ဒီတိုက်ခိုက်မှု မီးပွားသတင်းဟာ ဂွာတီမာလာနိုင်ငံတွင်း ပျံ့နှံသွားခဲ့ပြီး တက္ကသိုလ်ကျောင်းသားများ ဆန့်ကျင် သပိတ်မှောက်မှုများ ဖြစ်ပွားကာ အီဒီဂိုရတ်စ် အစိုးရက အကြမ်းဖက်ဖြိုခွင်းမှုဖြင့် တုံ့ပြန်ခဲ့ပါတယ်။ ယခုလို အကြမ်းဖက် ဖြိုခွင်းမှုကြောင့်ပဲ လူငယ်အများအပြား MR-13 နဲ့ ပူးပေါင်းတောခိုကာ ပြည်တွင်းစစ်မီး ပိုမိုတောက်လောင်လာပါတော့တယ်။ ၁၉၆၄-၆၅ခုနှစ်တွေမှာ CIA ထောက်ပံ့ကူညီမှုနဲ့ ဂွာတီမာလာ အစိုးရတပ်တွေဟာ နိုင်ငံ့ အရှေ့ဘက်မှာ ခြေကုပ်ယူထားတဲ့ MR-13 အဖွဲ့ဝင်တွေကို လေကြောင်းမှ တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ U.S Special Force (SF) နဲ့ CIA အကြံပေး အရာရှိတွေ ဂွာတီမာလာ စစ်တပ်နဲ့ ခြေချင်းလိမ်နေခဲ့ပြီး “Operation Falcon”, “Commando Six”, “Operation Cleanup” စသဖြင့် မြေပေါ်၊ မြေအောက် MR-13 နဲ့ PGT (Partido Guatemalteco del Trabajo - Guatemalan Labour Party) တပ်ဖွဲ့ဝင်တွေကို နှိမ်နှင်းကြပါတယ်။ ၁၉၆၆ခုနှစ် မတ်လမှာတော့ ဂွာတီမာလာမြို့တော်မှာ PGT အဖွဲ့ဝင် (၂၈)ဦး ဖမ်းဆီးခံခဲ့ရကာ လက်စဖျောက်ပစ်လိုက်ပြီး တက္ကသိုလ် ကျောင်းသားများ အဖွဲ့အစည်းတွေက ဥပဒေနဲ့ မညီ ညှင်းပမ်း သတ်ဖြတ်မှုတွေကို လက်မခံနိုင်ဘူးဟု တုံ့ပြန် ဖော်ထုတ်ခဲ့ကြပါတယ်။ ဒီလို မကျေလည်မှုတွေကြောင့် ပြည်တွင်းစစ်မီး ပိုမိုတောက်လောင်လာခဲ့ပြီး ဂွာတီမာလာစစ်တပ်မှ အရံစစ်တပ်နဲ့ ပြည်သူ့စစ်တွေကို လက်နက်တပ်ဆင်ပေးသလို မာယာလူမျိုးတွေရဲ့ ကျေးလက်‌ဒေသတွေကို ထိုးစစ်ဆင်ခဲ့ကာ မာယာတောင်သူလယ်သမား ၈၀၀၀ခန့်ကို ၁၉၆၆-၁၉၆၈ခုနှစ်မှာ လူမျိုးတုံး သတ်ဖြတ်ခဲ့တယ်လို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ Amnesty International ရဲ့ အစီရင်ခံစာတွေအရ သိရပါတယ်။ ၁၉၆၈ခုနှစ်မှာ အမေရိကန်သံအမတ် လုပ်ကြံခံရပြီး အခြေအနေတွေ ပိုမိုတင်းမာလာခဲ့ပါတယ်။ ပြောက်ကျား တော်လှန်ရေး တပ်ဖွဲ့တွေကို ကျူးဘားနဲ့ ဆိုဗီယက်တို့မှလည်း ‌ထောက်ပံ့ပေးခဲ့ပါတယ်။

၁၉၇၀ခုနှစ်မှာ ဂွာတီမာလာ စစ်တပ်မှ ဗိုလ်ချုပ်ဖြစ်သူ Carlos Arana Osorio ကားလို့စ် အာရာနာ အိုဆိုရီရို အာဏာရလာခဲ့ပြီး မာယာလူမျိုးတွေကို ကျူးလွန်သတ်ဖြတ်မှု ပိုမိုဆိုးရွားလာခဲ့ပါတယ်။ တော်လှန်ရေး ပြောက်ကျား တပ်ဖွဲ့တွေဟာ ကျေးလက်ဒေသက မာယာလူမျိုးတွေကို အခြေပြုပြီး တော်လှန်တဲ့အတွက် မာယာလူမျိုးတွေဟာ လူမျိုးတုံးသတ်ဖြတ်ဖို့ ပစ်မှတ်တစ်ခုဖြစ်လာခဲ့ပါတယ်။ (မြန်မာပြည်မှာ ဗကပတွေ အရှေ့မြောက်စစ်ဒေသက ဝ၊ ကိုးကန့် လူမျိုးတွေကို ချည်းကပ် စည်းရုံးပြီး တော်လှန်ရေး လုပ်ခဲ့သလိုပါ။) Human Right Commissioners (HRC) က ထုတ်ပြန်တဲ့ စာရင်းတွေအရ ၁၉၇၀-၇၄ကြား သမ္မတ အာရာနာ လက်ထက်မှာ မာယာလူမျိုး ၂၀၀၀၀ ခန့် သုတ်သင်ခံခဲ့ရတယ်လို့ အစီရင်ခံပြီး လူအခွင့်အရေး ချိုးဖောက်မှု အရေးပေါ် အခြေအနေအဖြစ် ကြေညာခဲ့ပါတယ်။ ၁၉၈၂ခုနှစ်မှာ တော်လှန်ရေးအဖွဲ့တွေစုပေါင်းပြီး Guatemalan National Revolutionary Unity (URNG) အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ကြပါတယ်။ မာယာလူမျိုးတို့ရဲ့ ကံဆိုးမိုးမှောင်ကျခဲ့ရတဲ့နေတွေကတော့ ဂွာတီမာလာ စစ်တပ်မှ Efrain Rios Montt အာဏာရလာပြီးနောက်ပိုင်း ၁၉၈၂-၈၃ခုနှစ်တွေပါပဲ။ Montt ရဲ့ ရက်စက်ကြမ်းကြတ်မှုတွေက မာယာတို့ရဲ့ ကျေးရွာပေါင်း ၄၄၀ကျော် မီးရှို့ဖျက်ဆီးခြင်း၊ ကလေးငယ်နဲ့ နို့စို့အရွယ်လေးတွေကိုပါမကျန် လူမျိုးတုံး သတ်ဖြတ်ခြင်း၊ အမျိုးသမီးများကို အဓမ္မပြုကျင့်ခြင်း စတဲ့ လူမဆန်တဲ့ လုပ်ရပ်တွေကို ကျူးလွန်ခဲ့ပြီး တစ်နှစ်ကျော်အတွင်းမှာ မာယာလူမျိုး ၇၅၀၀၀ခန့် သတ်ဖြတ်ခံခဲ့ရပါတယ်။ ‌

၁၉၉၄ခုနှစ်၊ မတ်လမှာ UN ရဲ့ ကြားဝင်စေ့စပ်ပေးမှုနဲ့ ဂွာတီမာလာအစိုးရနဲ့ URNG တော်လှန်ရေးအဖွဲ့တို့ ငြိမ်းချမ်းရေး သဘောတူကြကာ ၁၉၉၆ခုနှစ်၊ ဒီဇင်ဘာလမှာတော့ လက်မှတ်ရေးထိုးကြကာ ပြည်တွင်းစစ် ပြီးဆုံးသွားခဲ့ပါတယ်။ ၁၉၆၀ခုနှစ်မှ ၁၉၉၆ခုနှစ်ထိ ၃၆နှစ်ကြာ ပြည်တွင်းစစ်အပြီးမှာ လူမျိုးတုံးသတ်ဖြတ်ခံရတဲ့ အရေအတွက် (၂)သိန်းခန့်ရှိခဲ့ပြီး ၈၃% ခန့်ဟာ မာယာလူမျိုးတို့ပါ။ မာယာအမျိုးသမီးဖြစ်သူ Rigoberta_Menchú ဟာ ဂွာတီမာလာ ပြည်တွင်းစစ်အတွင်း လူအခွင့်အရေးနဲ့ ငြိမ်းချမ်းရေးအတွက် စွမ်းစွမ်းတမံ ကြိုးစားခဲ့တဲ့အတွက် ငြိမ်းချမ်းရေး နိုဗယ်ဆု ချီးမြှင့်ခံခဲ့ရပါတယ်။ Efrain Rios Montt အပြင် အခြားစစ်ဘက်အရာရှိများစွာ နောက်ပိုင်း လူမျိုးတုံးသတ်ဖြတ်မှုနဲ့ လူအခွင့်အရေး ချိုးဖောက်မှုတွေအတွက် ဖမ်းဆီးတရားစွဲဆိုခံရပြီး Montt ဟာ ၂၀၁၃ခုနှစ်မှာ နှစ် (၈၀) ထောင်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။

အမေရိကန်ရဲ့ ဂွာတီမာလာပြည်တွင်းစစ်အတွင်း ပါဝင်ပတ်သက်မှုကတော့ သမ္မတဟာရီ ထရူးမင်းလက်ထက်ကနေ၊ အိုင်ဆင်ဟောင်ဝါ၊.............၊ ဂျင်မီကာတာ၊ ရော်နယ် ရေဂင်လက်ထက်ထိပါပဲ။ အမေရိကန်သီးနှံကုမ္ပဏီ United Fruit Company (UFC) လည်း Chiquita Brands International အဖြစ် အမည်ပြောင်းလဲသွားခဲ့ပါတယ်။ ဂွာတီမာလာပြည်တွင်းစစ်၊ ဂွာတီမာလာ လူမျိုးတုံးသတ်ဖြတ်မှု (သို့) မာယာလူမျိုးတုံး သတ်ဖြတ်မှုဟာ (၂၀)ရာစု အမေရိကန်တို့ ပါဝင်ပတ်သက် ကျူးလွန်ခဲ့တဲ့ The Silent Genocide အသံတိတ်လူမျိုးတုံး သတ်ဖြတ်မှုဖြစ်ပြီး အနောက်မီဒီယာတွေရဲ့ မီးမှောင်းထိုး ဖော်ပြခြင်းမခံခဲ့ရတဲ့ ဖြစ်ရပ်လည်း ဖြစ်ပါတယ်။

နိဂုံးချုပ်သုံးသပ်ရရင်တော့ ဂွာတီမာလာ ပြည်တွင်းစစ်ဟာ စပိန်နွယ်တွေရဲ့ (၂၀)ရာစု ဘူဇွာ မြေရှင် ပဒေသရာဇ်နှင့် ရေပေါ်ဆီ အုပ်ချုပ်ရေးစနစ်ကို ကျင့်သုံး ချုပ်ကိုင်ခြင်း၊ လူမျိုးရေး ခွဲခြားခြင်း၊ အမေရိကန်တွေရဲ့ ခေါင်းပုံဖြတ် အရင်းရှင်စနစ်ကို ကျင့်သုံးခြင်း စတဲ့ ဖိနှိပ်မှု ဖြစ်ရပ်တွေကြောင့်ပါဘဲ။ နောက်ဆက်တွဲအဖြစ် အခြေခံ လူတန်းစားတစ်ရပ်ကို ပစ္စည်းမဲ့ လူတန်းစားဝါဒသို့ တွန်းပို့သလို ဖြစ်စေခဲ့ပြီး ပြည်တွင်း စစ်မီးတောက်လောင်ခဲ့ရတာ ဖြစ်ပါကြောင်း ထင်မြင်ယူဆမိပါတယ်။ စာဖတ်သူတို့ရဲ့ အမြင်ကိုလည်း Comment မှာ ရေးသား သုံးသပ်ပေးကြပါဦး။

အားလုံးကို ကျေးဇူးတင်ပါတယ်။

14-Aug-2023
Iceberg Dialogue

17/07/2023

ဒီတစ်ပတ်မှာတော့ အမေရိကတိုက်အလယ်ပိုင်းဒေသမှာဖြစ်ပွါးခဲ့တဲ့ Guatemala Genocide (Maya Genocide) အကြောင်း တင်ဆက်ပေးသွားပါမယ်။

စောင့်မျှော်ဖတ်ရှုပေးကြပါဦး။

14/07/2023

ကျွန်တော့်စာဖတ်သူအများစုရဲ့ သဘောဆန္ဒအရ နောင်ရေးမယ့်စာတွေကို အများအားဖြင့် တစ်ဆက်တည်းတစ်ခါတည်းအပြီး တင်ဆက်ပေးသွားပါမယ်ခင်ဗျာ။
သို့ပေမဲ့လည်း တချို့စာဖတ်သူတွေရဲ့ သဘောဆန္ဒကို လေးစားသောအားဖြင့် အလျဉ်းသင့်ရင်သင့်သလို အပိုင်းလေးတွေ ခွဲပြီးလည်း တင်ဆက်ပေးသွားပါမယ်။

ပါဝင်အကြံပြုပေးကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီကိုလည်း ကျေးဇူးအထူးတင်ရှိကြောင်းပြောရင်း အားလုံးပဲ Good Night ပါခင်ဗျ။

13/07/2023

ကျွန်တော့်စာဖတ်သူတွေဆီက အကြံလေးတစ်ခုလောက် တောင်းခံပါရစေခင်ဗျာ။

ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ သမိုင်းဖြစ်ရပ်တွေနဲ့ပတ်သက်ပြီး ကျွန်တော်ရေးခဲ့တာ အားလုံးသိတဲ့အတိုင်း post တစ်ခုတစ်ခုဆို အတော်လေးရှည်ပါတယ်။ ရှည်သလောက်လည်း စာတွေဖတ်ရ မှတ်ရ လေ့လာရနဲ့ တစ်ခါတလေဆို မိုးလင်းမှအိပ်ရတဲ့နေ့တွေတောင်ရှိပါတယ်။ (ဈာန်ဝင်သွားလို့ပါ)
ဆိုတော့ ပြောချင်တာက စာဖတ်သူတွေအနေနဲ့ အကြောင်းအရာ post တစ်ခုတင်ရင် အခုလို စာအရှည်ကြီးတွေကို တစ်ဆက်တည်းဖတ်ရတာ ကြိုက်လား။ ဒါမှမဟုတ် အပိုင်းလေးတွေနဲ့ ခွဲတင်စေချင်လား သိချင်ပါတယ်ခင်ဗျ။
အပန်းမကြီးဘူးဆို ဒီ post ရဲ့ cmt မှာ
စာအရှည်ကြီးဖတ်ရတာကြိုက်လို့ အခုလိုပဲ ဆက်တင်ပေးပါဆိုရင် A လို့ ရေးပြီး
အပိုင်းလေးတွေနဲ့ ခွဲတင်ပေးစေချင်ရင်တော့ B လို့ ရေးပေးပါလားခင်ဗျာ။

စာဖတ်သူတွေရဲ့ သဘောဆန္ဒအတိုင်း နောက် post တွေမှာ ဆက်လက်တင်ဆက်ပေးသွားမှာပါလို့ ပြောရင်း
အားလုံးပဲ မင်္ဂလာရှိတဲ့နေ့လေးတစ်နေ့ ဖြစ်ကြပါစေခင်ဗျာ။

Address

Yangon

Alerts

Be the first to know and let us send you an email when Iceberg Dialogue posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Iceberg Dialogue:

Share

Category