The Standard Time Daily

  • Home
  • The Standard Time Daily

The Standard Time Daily The Standard Time Daily News and its Website cover Myanmar and World's News to the local readers across Myanmar since April 1, 2013.
(1903)

စံတော်ချိန်နေ့စဉ်သတင်းစာ၏ အမှတ်တံဆိပ် Logoအားခွင့်ပြုချက်မရှိပဲသုံးစွဲပါကတည်ဆဲဥပဒေ
များနှင့်အညီထိရောက်စွာအရေးယူမည်ဖြစ်ကြောင်းအ
သိပေးအပ်ပါသည်။

‎◾️နတ်စင်တရာဆရာတော် အစာအိမ်ရောဂါဖြင့် ပျံလွန်တော်မူ‎‎နတ်စင်တရာဆရာတော်ဒေါက်တာဘဒ္ဒန္တပညာတေဇသည် ယနေ့(စက်တင်ဘာ ၁၃ ရက်) နံနက်...
13/09/2026

‎◾️နတ်စင်တရာဆရာတော် အစာအိမ်ရောဂါဖြင့် ပျံလွန်တော်မူ
‎
‎နတ်စင်တရာဆရာတော်ဒေါက်တာဘဒ္ဒန္တပညာတေဇသည် ယနေ့(စက်တင်ဘာ ၁၃ ရက်) နံနက် ၁ နာရီ ၅၆ မိနစ်တွင် အစာအိမ်ရောဂါဝေဒနာအားဆေးကုသမှုခံယူနေစဉ်ပျံလွန်တော်မူကြောင်း ဆရာတော်၏တပည့်များထံမှသိရသည်။
‎
‎ဆရာတော်သည်ပြီးခဲ့သည့်ရက်ပိုင်းက လပွတ္တာမြို့နယ်ရှိဆေးရုံတစ်ခုတွင် ကျောက်ကပ်ဆေးကြောမှုခံယူခဲ့သည်။ ယင်းနောက်ရန်ကုန်မြို့သို့ပြန်လည်ရောက်ရှိပြီးနောက် ဗိုက်အောင့်သည်ဟုဆိုကာ ကန်သာယာဆေးရုံသို့တက်ရောက်၍ ဆေးကုသမှုခံယူခဲ့ကြောင်းသိရသည်။
‎
‎“ဆရာတော်ကြီးက ပြီးခဲ့တဲ့ရက်ပိုင်းက လပွတ္တာမြို့နယ်ကဆေးရုံတစ်ခုမှာ ကျောက်ကပ်ဆေးခဲ့ပြီး ရန်ကုန်ပြန်လာတယ်။ အဲဒီည ၁၀ နာရီဝန်းကျင်မှာ ဗိုက်အောင့်ဝေဒနာခံစားလာရလို့ လှိုင်မြို့နယ်က ကန်သာယာဆေးရုံကိုတက်ရောက်စစ်ဆေးတော့ အစာအိမ်သွေးကြောပေါက်သွားတာကိုသိရတဲ့ အတွက် ဆေးကုသမှုခံယူရင်း ပျံလွန်တော်မူခဲ့တာပါ” ဟု ဆရာတော်ကြီး၏ တပည့်တစ်ဦးက ပြောသည်။
‎
‎ဆရာတော်သည် ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ ဘုရားကုန်းကျေးရွာအုပ်စု၊ ကွမ်းခြံကုန်းကျေးရွာရှိ ဒေဝဒဟသဗ္ဗသိဒ္ဓိ နတ်စင်တရာကျောင်းတိုက်၏ပဓာနနာယကဆရာတော်ဖြစ်ပြီး ပျံလွန်တော်မူချိန် တွင် သက်တော်(၇၆) နှစ်၊ ဝါတော်(၅၆) ဝါ ရှိပြီဖြစ်ကြောင်းသိရသည်။
‎
‎လက်ရှိတွင် ဆရာတော်ကြီး၏ရုပ်ကလာပ်ကို ဆေးရုံမှကျောင်းတိုက်သို့ပင့်ဆောင်ထားပြီး အန္တိမဈာပနလုပ်ငန်းစဉ်များကိုဆရာတော်တော်ကြီးများ၏ လမ်းညွှန်မှုနှင့်အညီဆောင်ရွက် သွားမည်ဖြစ်ကြောင်းသိရသည်။
‎
‎သတင်း - ပိုင်လေး
‎ဓာတ်ပုံ - CJ
‎ #ပြည်တွင်းသတင်း
‎

◾️ဘရပ်ဆဲလ်လေဆိပ်အနီး ဒရုန်းများ ပျံသန်းနေကြောင်း နှစ်ညဆက်တိုက် တွေ့ရှိဥရောပသမဂ္ဂရုံးချုပ်တည်ရှိရာ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်...
13/09/2026

◾️ဘရပ်ဆဲလ်လေဆိပ်အနီး ဒရုန်းများ ပျံသန်းနေကြောင်း နှစ်ညဆက်တိုက် တွေ့ရှိ

ဥရောပသမဂ္ဂရုံးချုပ်တည်ရှိရာ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့ လေဆိပ်အနီးတွင် ဒရုန်းတစ်စင်းကို မြင်တွေ့ခဲ့ရပြီး နှစ်ရက်ဆက်တိုက် ထိုသို့ တွေ့ရှိရခြင်း ဖြစ်ကြောင်း ဘယ်လ်ဂျီယံ လေကြောင်းထိန်းချုပ်ရေးလုပ်ငန်း Skeyes က ဒေသခံမီဒီယာများကို ပြောကြားသည်။

သောကြာနေ့ကနှင့်မတူဘဲ ပျံသန်းနေသော ဒရုန်းကို မျက်စိဖြင့်မြင်တွေ့နိုင်သလို Skeyes ၏ စောင့်ကြည့်ရေးကိရိယာများတွင်လည်း မြင်တွေ့ရကြောင်း သိရပြီး စုံစမ်းစစ်ဆေးမှုများ စတင်နေပြီဖြစ်ကာ ဒရုန်း၏မူလရင်းမြစ်နှင့် ပျံသန်းနေသူကိုလည်း မသိရဟု ဆိုသည်။

သောကြာနေ့ ညနေပိုင်းတွင်လည်း ဒရုန်းတစ်စင်းကို လေဆိပ်အနီးတွင် တွေ့ရှိခဲ့ရပြီး လေဆိပ်လုပ်ငန်းများကို နာရီဝက်ခန့် ပြတ်တောက်သွားစေခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာ နှင့် နိုဝင်ဘာလကြားတွင်လည်း နိုင်ငံ၏ လေဆိပ်များ၊ စစ်စခန်းများ အနီးတွင် ဒရုန်းများကို အကြိမ်ကြိမ်မြင်တွေ့ခဲ့ရသည်ဟု ဘယ်လ်ဂျီယံသတင်းမီဒီယာများက ဖော်ပြခဲ့ကြကြောင်း သိရသည်။

သတင်း-ရဲမင်း
ကိုးကား-Xinhua
#နိုင်ငံတကာသတင်း

 #မနက်ဖြန်ထွက်မယ့်သတင်းစာမှာ_ဒါတွေပါမယ်မနက်ဖြန်ထွက်မယ့် စံတော်ချိန်သတင်းစာမှာ နောက်ဆုံးရ နိုင်ငံတကာသတင်း၊ ပြည်တွင်းသတင်း...
13/09/2026

#မနက်ဖြန်ထွက်မယ့်သတင်းစာမှာ_ဒါတွေပါမယ်
မနက်ဖြန်ထွက်မယ့် စံတော်ချိန်သတင်းစာမှာ နောက်ဆုံးရ နိုင်ငံတကာသတင်း၊ ပြည်တွင်းသတင်းနဲ့ အားကစားသတင်းတွေအပြင် ဒီဆရာတွေရဲ့ ဒီဆောင်းပါးတွေ ကဏ္ဍတွေ ပါပါမယ်။

◾️မြန်မာရှေးသုံးစကားဝေါဟာရ ‘ရှောင်း’ပေါရာဏဆိုသည်မှာ ရှေးသုံးစကားများကိုခေါ်ဆိုခြင်းဖြစ်ပြီး ယနေ့ခေတ်တွင် အသုံးမပြုတော့သေ...
13/09/2026

◾️မြန်မာရှေးသုံးစကားဝေါဟာရ ‘ရှောင်း’

ပေါရာဏဆိုသည်မှာ ရှေးသုံးစကားများကိုခေါ်ဆိုခြင်းဖြစ်ပြီး ယနေ့ခေတ်တွင် အသုံးမပြုတော့သော ဝေါဟာရများကို ဆိုလိုခြင်းဖြစ်ပါသည်။ အချို့ရှေးသုံးပေါရာဏဝေါဟာရများသည် ယနေ့ခေတ်လူများနားမလည်လောက်အောင်ပင် အသွင်ပြောင်းသွားခဲ့ပြီဖြစ်သည်။

ထိုစကားလုံးဝေါဟာရများကို ပြန်လည်အသုံးပြုပါက စာဖတ်သူတို့ နားလည်နိုင် တော့မည်မဟုတ်ပေ။ထိုသို့ အသုံးမပြုတော့သော ရှေးသုံးဝေါဟာရတစ်ခုအကြောင်း ကို တင်ပြလိုပါသည်။

စာရေးသူသည် ငယ်စဉ်ကပင် စာဖတ်ရသည်ကိုဝါသနာထုံခဲ့ပါသည်။ စကားလုံး ဝေါဟာရ အသုံးများကိုလည်း စိတ်ဝင်တစားရှိခဲ့ပါသည်။ အထူးသဖြင့် ကဗျာလင်္ကာများ ဖတ်ရှုကျက်မှတ် ရသည်ကို နှစ်သက်မိသည်။

ထိုသို့ လေ့လာကြိုးစား အားထုတ်ရင်းဖြင့်ပင် ကဗျာများရေးဖွဲ့တတ်လာခဲ့ပါသည်။ ထို့နောက် ထိုခေတ်ကာလမဂ္ဂဇင်းများထံသို့လည်း ကဗျာများ ရေးပို့ခဲ့ပါသည်။ရွေးခံရသည်လည်း ရှိသည်။ အရွေးမခံရသည်လည်းရှိသည်။

သို့သော် အားမလျှော့ခဲ့ပေ။

ကဗျာပြိုင်ပွဲများတွင်လည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ မိမိအသက်(၂၃)နှစ်အရွယ် ၁၉၉၂ ခုနှစ်တွင် စာပေဗိမာန် ကဗျာပေါင်းချုပ်၊ တတိယဆု ရရှိခဲ့သည်။ ထို့နောက် ၁၉၉၅ခုနှစ်တွင် ‘မိုးကြိုတေးနှင့် ကျေးသန္တာကဗျာများ’ စာမူဖြင့်စာပေဗိမာန် ကဗျာပေါင်းချုပ် ပထမဆုကို ထပ်မံရရှိခဲ့ပါသည်။

ထိုစာအုပ်ထဲတွင် ‘နွေကန္တာမှ ရေကြည်စမ်း’ဟူသော ကျေးလက်မူလတန်းကျောင်းလေး အကြောင်းဖွဲ့ဆိုထားသည့် ကဗျာတစ်ပုဒ်ပါဝင်ပြီး ထိုကဗျာတွင်အောက်ပါစာပိုဒ်တစ်ပိုဒ်လည်း ပါဝင်ခဲ့ပါသည်။

“မြေယာခယောင်း၊ ရိပ်မဲ့ရှောင်း၍
သဲချောင်းစပ်ပြင်၊ ရွာအဝင်မှ
စာသင်ကျောင်းလေး နွမ်းနယ်နယ်။”

အထက်ပါကဗျာစာပိုဒ်ရှိ ‘ရိပ်မဲ့ရှောင်း၍’ပါဒမှ ‘ရှောင်း’ ၏ အဓိပ္ပာယ်က ဘာလဲဟု စာရေးဖော် သူငယ်ချင်းတစ်ဦးက မေးလာခဲ့ပါသည်။ သူဆိုလိုသည်မှာမိမိအနေဖြင့် ကာရန်ရှားပါးသဖြင့် ကာရန်မိအောင် ‘ရှောင်း’ဟူသော စကားလုံး သုံးခဲ့သည်ဟု ယူဆဟန်တူပါသည်။

မိမိကလည်း အဆိုပါဝေါဟာရ ‘ရှောင်း’ ကိုကြိယာနှင့် တွဲဖက်အသုံးပြုကြသည့် ရှေးသုံးဖြစ်၍ တမင်ထည့်သုံးခြင်းဖြစ်ကြောင်း ရှင်းပြခဲ့ပါသည်။ ထို့ပြင်မိမိတို့ငယ်စဉ်က မူလတန်း သင်ပုန်းကြီးတွင် သင်ခဲ့ရသော ]ပုတ္တောဝါဒဆုံးမစာ၊ စာမတတ်သော သူဌေးသားအကြောင်း} ကဗျာတွင်လည်း ‘ရှောင်း’ဝေါဟာရကိုအသုံးပြုရေးဖွဲ့ထားကြောင်းကိုလည်း သူ့အား ရှင်းပြခဲ့ရ
ဖူးပါသည်။

“သူဌေးသားသည်၊ အရပ်ရပ်၌
နှံအပ်ဥစ္စာ၊ ရှိသည်ငှာကို
များစွာကျွန်ပေါင်း၊ မကောင်းခိုးယူ
ယူ၍ပြေး ]ရှောင်း}၊ အိမ်ကိုရောင်း၍
ထောင်းထောင်းကျေလျက် …”

ဆားတုံဆရာတော်

အထက်ပါကဗျာတွင် ‘ပြေးရှောင်’မဟုတ်၊ ‘ပြေးရှောင်း’ ဖြစ်ပါသည်။ (ရှောင်း) (ရောင်း) (ထောင်း)ကာရန်တို့ကို သုံးချက်ညီစပ်ထားခြင်း ဖြစ်ပါသည်။

ထိုကဗျာကို ငယ်စဉ်က သင်ခဲ့ရသော်လည်း လုံးစေ့ပတ်စေ့ နားမလည်ခဲ့ပါ။ အရွယ် ရောက်သည့်အချိန်မှသာ]ရှောင်း} အဓိပ္ပာယ်ကို သိချင်လာခဲ့သည်။ ထိုစကားလုံးကိုစာရေးသူတို့ ငယ်စဉ်ခေတ်အခါကာလကပင် သုံးစွဲခြင်းမရှိတော့ပေ။

ထို့ကြောင့် ထိုဝေါဟာရ၏ အဓိပ္ပာယ်ကိုအခွင့်ကြုံလျှင် ကြုံသလို လေ့လာကြည့်မိခဲ့သည်။
အထက်တန်းကျောင်းသားဘ၀တွင် ကန်တော်မင်းကျောင်းဆရာတော်၏ လောကသာရပျို့၊ ကောက်နုတ်ချက်ကို သင်ယူခဲ့ကြရာ စာရေးသူအနေဖြင့် သင်ရိုးကောက်နုတ်ချက်အပြင် သင်ရိုးတွင် မပါဝင်သောလောကသာရပျို့ တစ်စောင်လုံးကို ဖတ်ခွင့်ရခဲ့ပါသည်။

အကြောင်းမှာ ထိုစာအုပ်သည် မိမိဖခင်၏ စာအုပ်စင်တွင် ရှိသောကြောင့်ဖြစ်သည်။ ထိုလောကသာရပျို့တွင်လည်း အောက်ပါအတိုင်း ]ရှောင်း} ကို အသုံးပြုထားသည်ကို တွေ့ခဲ့ရ သည်။

“လူခပဲကို
ဆင်းရဲပျောက်ပယ်၊ ချမ်းသာကယ်၍
လူဝယ်လူကောင်း၊ ဖြစ်တော်ရှောင်းဟု
လူပေါင်းပြောပ၊ ချီးမွမ်းရလျက်…”
ကန်တော်မင်းကျောင်းဆရာတော်
လောကသာရပျို့ (၁၇)

ထို့နောက် မဃဒေ၀လင်္ကာသစ်ကို နှစ်နှစ်သက်သက် လေ့လာမိသောအခါ အချို့ကဗျာပါဒ များကိုအလွတ်ကျက်မှတ်ခဲ့သည်။ ထိုကျက်ခဲ့မိသော လင်္ကာသွားတို့တွင် ခင်ပွန်းကြီးဆယ်ပါးကို ပြစ်မှားပါကကြုံတွေ့ရမည့် ပြစ်ဒဏ်များကို ဘီလူးရယ် ကာရန်နည်းဖြင့် ရေးစပ်ဖော်ပြထားပါ သည်။

ထိုသို့ရေးဖွဲ့ရာတွင် ‘ရှောင်း’ဟူသော ဝေါဟာရကိုလည်း အသုံးပြုထားသည်ကို တွေ့ရသည်။

“မြေကြီးမျိုရှောင်း၊ မိကျောင်း သစ် ကျား
ဖမ်းစားဘီလူး၊ ရေကူးလှေမှောက်
စိတ်နောက်သွေးအန်၊ စက်ပျံမိုးကြိုး…”
မန်လည်ဆရာတော်၊ မဃဒေ၀ (၂၅၇)

တက္ကသိုလ်ကျောင်းသားဘ၀တွင် ကောင်းနိုးရာရာ စာကဗျာလင်္ကာများကို ရှာဖွေကျက်မှတ်ကြရာတွင်လည်း ပလိပ်စား-ဦးဖျော်၏ ‘ဗြို့ဟတ်လင်္ကာ’ ထဲမှနေအိမ် ဆောက်ရာတွင် မသုံးအပ်သော သစ်(၁၁)မျိုးလင်္ကာပိုဒ်ကို ကျက်မှတ်ခဲ့မိသည်။

ထိုကဗျာတွင်လည်း]ရှောင်း} ဟူသော ဝေါဟာရကို အသုံးပြုထားသည်ကိုတွေ့ရသည်။

“တဲ-အိမ်သစ်မှာ၊ မဆောက်ရာကို
မှတ်ပါလေကောင်း၊ မိန့်လိုက်ရှောင်း၏။
မိကျောင်း-မအူ၊ သခွပ်ဟူသား
ညောင်-သျှိသျှားနှင့်၊ သီးသား-သပြေ
သစ်ဆိမ့်ရေလျက်၊ တစ်ထွေကလော
ကြီးမောကိုင်းလံ၊ လက်ပံ-လဲဝါ
ဆယ့်တစ်ဖြာကို၊ အိမ်မှာတဲရပ်
မဆောက်အပ်သည်
ပညတ်မကောင်းခြင်း ဟူသတည်း။”
ပလိပ်စား - ဦးဖျော်၊ ဗြို့ဟတ်လင်္ကာ

ထို့ကြောင့် ]ရှောင်း} ဟူသော ဝေါဟာရသည်လင်္ကာ ကဗျာတို့တွင် အသုံးများသော စကားလုံး ဖြစ်၍မည်သည့်အဓိပ္ပာယ် အနက်ရှိသည်ကို စိတ်ဝင်စားခဲ့သည်။

ထို့ကြောင့် ရှေးပေါရာဏအဘိဓာန်နှင့် မြန်မာစာပေဆိုင်ရာ ရှေးဆရာစဉ် အဆက်ဆက်တို့၏
ရှင်းလင်းတင်ပြချက်များကိုလေ့လာကြည့်မိသည်။အတိအကျဖွင့်ဆိုရှင်းလင်းခဲ့ခြင်းမျိုးကိုတော့ မတွေ့ရပေ။

သို့သော် မြန်မာဝေါဟာရဆိုင်ရာ ကျမ်းပြုဆရာတို့၏ရေးသားဖွင့်ဆိုချက်များအရ ]ရှောင်း} ဝေါဟာရအနက်ကို အောက်ပါအတိုင်း နှစ်မျိုးသတ်မှတ်ကြသည်ကိုတွေ့ရသည်။

ရှောင်း =
(၁)အနက်အဓိပ္ပာယ်အထူးမရှိ၊ကြိယာကိုထောက်ပံ့ကူညီသောစကားလုံး။
ကြိယာထောက်ပစ္စည်း။

(၂)အမြန်၊ရုတ်တရက်၊ချက်ချင်းအနက်အဓိပ္ပာယ်အထူးမရှိ၊ကြိယာထောက်ပစ္စည်းအနက်အ ဓိပ္ပာယ်အထူးမရှိ၊ ကြိယာထောက်ပစ္စည်း

ရှေးဟောင်း ပျို့လင်္ကာကဗျာများတွင် ]ရှောင်း}ဟူသော ဝေါဟာရကို အနက်အဓိပ္ပာယ် အထူးမရှိသောကြိယာထောက်ပစ္စည်းအဖြစ်သာ အသုံးများသည်ကိုတွေ့ရသည်။

မြန်မာသဒ္ဒါတွင် ကြိယာ၊ ကြိယာဝိသေသနတို့၏အဓိပ္ပာယ်ကို ထူးခြားလေးနက်အောင် ကူညီထောက်ပံ့ပေးသော စကားလုံးတို့ကို ]ကြိယာပစ္စည်း} ဟု ခေါ်ဆိုကြပြီး ကြိယာပစ္စည်း ငါးမျိုးရှိသည်။ ယင်းတို့မှာ အောက်ပါအတိုင်း ဖြစ်ကြသည်။

(က) အမေးပစ္စည်း - နည်း၊ လော၊ လား၊ လဲ၊ တုံး။
( ခ ) ကိန်းညွှန်းပစ္စည်း - ကြ၊ ကုန်၊ ကြကုန်။
( ဂ ) ကြိယာထောက်ပစ္စည်း - နိုင်၊ ဝံ့၊ ခဲ့၊ မိ၊ ပါ။
(ဃ) အငြင်းပြပစ္စည်း - မ၊ မ...ဘူး။
(င) ဝါကျနောက်လိုက်ပစ္စည်း - ကွယ်၊ နော်၊ ပေါ့၊လေ။

ယင်းကြိယာပစ္စည်း ငါးမျိုးအနက်မှ ကြိယာထောက်ပစ္စည်း အသုံးအနှုန်းကို သာဓကပြရလျှင် -
]မောင်ခင်သည် ထမင်းသုံးပန်းကန် စား(နိုင်)သည်}။
]မောင်တင်သည် ချောင်းထဲသို့ မဆင်း(ဝံ့)ပေ}။
]သူသည် မိုးရွာမည်စိုး၍ ထီးယူလာ(ခဲ့)သည်}။
]မောင်မြသည် နတ်တို့မကြိုက်သော စကားကိုပြော(မိ)သည်}။
]မေး(ပါ)များ စကားရ၊ သွား(ပါ)များ ခရီးရောက်}။

အထက်ပါ ဝါကျများရှိ နိုင်၊ ဝံ့၊ ခဲ့၊ မိ၊ ပါ စသည့်ကြိယာထောက်ပစ္စည်းများသည် ကြိယာ၏ အနက်သဘောကို ထူးခြားအောင် ကူညီထောက်ပံ့သော ပစ္စည်းများဖြစ်ကြသည်ကို တွေ့ရပေမည်။

ထို့အတူ ]ရှောင်း} စကားလုံးသည်လည်း ကြိယာကို ထူးခြားလေးနက်အောင် ထောက်ကူပေး သောကြိယာထောက်ပစ္စည်းအဖြစ် ပါဝင်နေသည်ကို တွေ့ရပေမည်။

ရှေးဦးစွာ ဖော်ပြခဲ့သည့် လင်္ကာပိုဒ်များရှိ ]ရှောင်း}စကားလုံးတို့သည်လည်း ကြိယာထောက် ပစ္စည်းအဖြစ်ပင် ထောက်ပံ့ထားသည်ကို တွေ့ရသည်။ ]ရိပ်မဲ့ရှောင်း}၊]ယူ၍ပြေးရှောင်း}၊ ]ဖြစ်တော်ရှောင်း}၊ ]မြေကြီးမျိုရှောင်း}]မိန့်လိုက်ရှောင်း} စသည်တို့တွင် ]ရှောင်း}သည် သီးခြား
အနက်အဓိပ္ပာယ်မရှိဘဲ ကြိယာကို ထောက်ပံ့ကူညီသောစကားလုံးဖြစ်သည်ကို တွေ့ကြရသည်။

ရှေးခေတ်အဆက်ဆက်တွင် ရေးသားခဲ့သောပျို့လင်္ကာ မော်ကွန်းကဗျာများတွင် ]ရှောင်း} စကားလုံးကိုကြိယာထောက်ပစ္စည်းအဖြစ် အသုံးပြုခဲ့ကြသည်ကိုအောက်ပါအတိုင်း တွေ့ရသည်။

“မှတ်ရစ်စေဟု၊ သပြေရိပ်ဆောင်း၊ တည်ခဲ့ ရှောင်းသည်။”
ရှင်ထွေးညို၊ ပြည့်စုံမော်ကွန်း (၇၀)

“သူတော်လူတို့၊ ဟူလေရာရှောင်း၊ ကဲ့ရဲ့ကောင်းခဲ့။ (၈၂)
ရောင်းချသောခါ၊ ဈေးနာဆံလှံ၊ မစွံပါရှောင်း}။(၈၄)
ယုတ်မာကျဉ်းမြောင်း၊ ဖြစ်ချေရှောင်းအံ့။ (၁၄၄)”

ရှင်မဟာသီလဝံသ၊ ဆုတောင်းခန်းပျို့

“နည်းအကြောင်းဖြင့်၊ ကြံရှောင်းတုံမူ (၆၀)
ရပါချင်ရှောင်း၊ သူမတောင်းလည်း (၆၀)
ကိုယ်စင်ဆုံးရှောင်း၊ မသေကောင်းဟု (၇၀)”
ရှင်မဟာသီလဝံသ၊ ပါရမီတော်ခန်းပျို့

“ရှေးကဖြစ်ဟောင်း၊ ဟောလတ်ရှောင်းသည်။
(၁)
ဆရာမည်ရှောင်း၊ ကိုယ်လည်းကောင်းလျှင်။ (၇)
တလည်လည်းကောင်း၊ ပြန်လေ့ရှောင်း၍။ (၁၈)
ကြံစည်တကြောင်း၊ အောက်မေ့ရှောင်း၏။ (၂၁)
များစွာလည်းကောင်း၊ ယူချေရှောင်းမှ။ (၂၃)
သင်္ကာပျောက်ကြောင်း၊ မေးလတ်ရှောင်းသော်။
(၂၅)”
ရှင်မဟာရဋ္ဌသာရ၊ ဘူရိဒတ်လင်္ကာကြီး

“စသည်လည်းကောင်း၊ ရွတ်တုံရှောင်းလျက်။
(၈၁)
ရှေးကပြုရှောင်း၊ ကုသိုလ်ဟောင်းတွင်။ (၁၅၁)
မှန်စွဟုတ်ရှောင်း၊ ထိုအကြောင်းကို။ (၁၆၅)
ငါ့အားလည်းကောင်း ၊ ဖူးလာရှောင်းသော်(၂၉၅)
ရှင်မဟာရဋ္ဌသာရ၊ ကိုးခန်းပျို့ရှင်မဟာရဋ္ဌသာရ၊ ကိုးခန်းပျို့
]]တထူးလည်းကောင်း၊ ကြည့်မျှော်ရှောင်းလည်း။
(၆၅)
မရှုအီရှောင်း၊ ဝှေ့ဆင်ညောင်းသို့။ (၇၆)
နတ်သားအကြောင်း၊ ပြင်တုံရှောင်း၏။ (၉၁)
ငရဲလည်းကောင်း၊ ပြပြီးရှောင်းသော်။ (၁၄၄)”
ရှင်အဂ္ဂသမာဓိ၊ နေမိငရဲခန်းပျို့

“နတ်ဘုံနတ်ကောင်း၊ ဖြစ်ရှောင်းအံ့။ (၄)
တရားလည်းကောင်း၊ စောင့်ပေရှောင်းဟု။ (၄၅)
ခွာလေရှောင်း၍၊ ခေါင်းလည်းမလေး။ (၅၆)
ဆောင်ကုန်ရာရှောင်း၊ ဤကျမ်းပေါင်းကို။ (၇၇)”
ရှင်တေဇောသာရ၊ ရွှေဟင်္သာမင်းပျို့

အထက်ပါကောက်နုတ်ချက်များမှာ ပျို့ကဗျာများအတွင်းမှ အချို့ကိုသာ ကောက်နုတ်တင်ပြ ခြင်းဖြစ်ပါသည်။ရှေးခေတ်ပျို့ကဗျာများတွင် ]ရှောင်း} အသုံးစကားတို့ကိုအကြိမ်ရေများစွာ ထည့်သွင်းရေးဖွဲ့ထားသော်လည်းအနည်းငယ်ကိုသာ တင်ပြရခြင်းဖြစ်ပါသည်။

အမြန်၊ ရုတ်တရက်၊ ချက်ချင်းအမြန်၊ ရုတ်တရက်၊ ချက်ချင်း]ရှောင်း} ဟူသော ဝေါဟာရကို တစ်လုံးတည်း၏လုံးချင်းအနက်ကို လျင်မြန်ခြင်းအနက်၊ ရုတ်တရက်ချက်ချင်း အနက်ထွက် ကြောင်းကို အလွန်ရှေးကျသောဝေါဟာရကျမ်းများ၊ ပေါရာဏကျမ်းများတွင် အတိအကျ
ဆိုမထားသော်လည်း ၁၉၈၅ ခုနှစ်ခန့်က ပြုစုထုတ်ဝေခဲ့သည့် ဆရာတော် ဦးကောသလ္လ၏ မြန်မာစကားလုံးပြောင်းထုံးကျမ်း၌မူ ]ရုတ်-တရက်-ရှောက်-ရှောင် - ရှောင်း}တို့သည် အမြန်၊ ရုတ်တရက်၊ ချက်ချင်းဟု အနက်ရှိကြောင်းမိန့်ဆိုထားသည်။

ရှောင်း-ကြိယာထောက်ပစ္စည်းသည် ကြိယာတိုင်း၏နောက်တွင် တွဲကပ်အသုံးပြုလေ့ရှိရာ လျင်မြန်သောသဘောရှိသည့် ကြိယာတို့နှင့်လည်း တွဲကပ်အသုံးပြုသည့်အခါများလည်း ရှိပါသည်။

သို့ဖြစ်ရာ မူလကြိယာ၏လျင်မြန်သောသဘောကိုပင်ယူ၍ နောက်ဆက်တွဲပစ္စည်းကို ကျမ်းပြု ဆရာတော်က လျင်မြန်ခြင်း အနက် ယူသည်ဟုလည်း ယူဆရပါသည်။ အကြောင်းမှာ တွဲဖက်သော ကြိယာကြောင့် လျင်မြန်သော အနက်သဘော သက်ရောက်စေသည့် ကြိယာထောက်ပစ္စည်း (ရှောင်း) အသုံးတို့ကို တွေ့ရတတ်သောကြောင့်ဖြစ်သည်။

သာဓကအားဖြင့် ရှင်မဟာရဋ္ဌသာရ၏ ဘူရိဒတ် လင်္ကာကြီးတွင် အောက်ပါ အတိုင်း
အသုံးပြုထားသည်ကို တွေ့ရသည်။

- ဘယ်အကြောင်းဖြင့်၊ ခပ်ရှောင်းသွတ်ခြည်းလွတ်ရနည်းဟု ...(၉၇)
- ဤအကြောင်းကို၊ ခပ်ရှောင်းခဏပြလိုရကား...(၁၂၃)
- မကြာခပ်ရှောင်း၊ ပြီးလျှင်းကြောင်းလျှင် (၁၂၇)
ရှင်မဟာရဋ္ဌသာရ၊ ဘူရိဒတ်လင်္ကာကြီး

ရှောင်းတခင်ရှောင်းတခင် > ရှောင်တခင်ရှောင်တခင်

]ရှောင်း} သည် လုံးချင်းအနက်မရှိ၊ ကြိယာနောက်ဆက်ပစ္စည်းအနေဖြင့်သာ အသုံးပြုကြ သော်လည်း အခြားစကားပုဒ်တို့ဖြင့် ပေါင်းစပ်လျှင်မူ ]လျင်မြန်မာစွာ}ဟူသောကြိယာဝိသေသန ၀စနတ္ထကို ရရှိသည်။

]ရှောင်းတခင်}ဟူသောဝေါဟာရသည်လျင်လျင်မြန်မြန်၊အလျင်တဆောဟုအဓိပ္ပာယ်အနက်ရှိ သည်။

]အုံအုံသဲသဲ၊ ဤရပ်ပွဲ၌
ဖြင်မြဲပုံယင်၊ ရှောင်းတခင်တည့်}
ရှင်မဟာရဋ္ဌသာရ၊ ဆုတောင်းခန်းပျို့

]ထကြွအရှင်၊ ရှောင်းတခင်လျှင်}
ရှင်တေဇောသာရ၊ ရွှေဟင်္သာမင်းပျို့ (၂၅)

]ကာမာအမျက်၊ ဤငါးချက်၌
ရုတ်ရက်ဆောလျင်၊ ရှောင်းတခင်တည့်}
မုံရွေးဆရာတော်၊ ဥတိန္နပျို့ (၇၁)

မုံရွေးဆရာတော်ကြီး ရေးသားပြုစုသည့်ဝေါဟာရပကာသနီကျမ်းတွင်လည်း ရှေးသုံးပေါရာဏ
စကား ]ရှောင်းတခင်} နှင့် ]တောက်ပတ်} တို့သည် အဆောတလျင်၊ လျင်ဆောဟူသည့် အနက်ရကြောင်းကို ]ရှောင်းတခင် တောက်ပတ်၊ လျင်ဆောမှတ်လော့} ဟု ဖော်ပြခဲ့သည်။

ထိုကျမ်းမှာပင် ရှောင်းတခင်ဟူသည့် လျင်မြန်ခြင်းအနက်အဓိပ္ပာယ်နှင့် နီးစပ်သည့် ရှေးသုံးဝေါဟာရများကိုဖော်ပြထားသည်။ ယင်းတို့မှာ တဒင်္ဂ၊ တသက်လ်ျာ၊ ဖြန်းတော၊ ချပ်ချပ်၊ လျှပ်လျှပ်၊ ချပ်တီး၊ ချပ်နောင်၊ ခဏမုဟုတ်၊လက်ငင်း စသည်တို့ဖြစ်သည်။

]ရှောင်းရှောင်း} ဟူသောရှေးသုံးဝေါဟာရသည်လည်း ရှောင်းတခင်ကဲ့သို့ အလျင်အမြန်၊ အဆောတလျင်ဟူသော အဓိပ္ပာယ်ရသည်။]ရှောင်းတခင်} ရှေးသုံးစကားသည် ခေတ်အဆက်
ဆက် ဖြတ်သန်းပြီး အနည်းငယ်အသွင်ပြောင်းလာခဲ့ရာယနေ့ခေတ်တွင် ]ရှောင်တခင်} ဟူသော ဝေါဟာရဖြင့် သုံးစွဲနေကြဆဲဖြစ်သည်။

အထူးသဖြင့် အစိုးရရုံးသုံးစကားအဖြစ် ]ရှောင်တခင်ခွင့်}၊ ]ရှောင်တခင်စစ်ဆေးမှု} စသည်ဖြင့်
အသုံးပြုနေဆဲဖြစ်သည်။

ထို့ကြောင့် ရှေးသုံးစကားတို့သည် ခေတ်ကာလအလျောက် တဖြည်းဖြည်း တိမ်မြုပ် ပျောက်ကွယ်သွားခဲ့ကြသည်လည်း ရှိသကဲ့သို့ အချို့ ရှေးသုံးပေါရာဏစကားတို့သည် မူလပုံသဏ္ဌာန်နှင့် အနည်းငယ်သာ အသွင်ကွဲပြီးဆက်လက်တည်ရှိနေဆဲ ဖြစ်ပါသည်။

သို့သော် ပြောင်းလဲ လာသော စကားလုံးဝေါဟာရတို့၏ မူလအရင်းအမြစ် အနက်အဓိပ္ပာယ် တို့ကိုမူ လိုက်လံခြေရာကောက် အဓိပ္ပာယ်ဖော်ရန် ခက်ခဲပါကြောင်း တင်ပြအပ်ပါသည်။

ရေး-နွေကိုတူး(ပခုက္ကူ)
#ယနေ့ထုတ်သတင်းစာ_ဆောင်းပါး

◾️ယူကရိန်းငြိမ်းချမ်းရေးတွင် ပါဝင်ကူညီရန် ရှီနှင့်မိုဒီတို့က ကမ်းလှမ်းခဲ့ဟု ကရင်မလင်ပြောတရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် အိန...
13/09/2026

◾️ယူကရိန်းငြိမ်းချမ်းရေးတွင် ပါဝင်ကူညီရန် ရှီနှင့်မိုဒီတို့က ကမ်းလှမ်းခဲ့ဟု ကရင်မလင်ပြော

တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီတို့က ရုရှား-ယူကရိန်းစစ်ပွဲဖြေရှင်းရေးအတွက် စိတ်အားထက်သန်မှုပြသခဲ့ကြပြီး စစ်ပွဲအတွက် အဖြေရှာရာတွင် ပါဝင်ကူညီရန်လည်း စိတ်ကောင်း နှလုံးကောင်းဖြင့် ကမ်းလှမ်းခဲ့ကြကြောင်း ကရင်မလင်ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့ဗ်က ယနေ့ ပြောကြားသည်။

အိန္ဒိယနိုင်ငံတွင် ကျင်းပသည့် BRICS ထိပ်သီးအစည်းအဝေး၌ ၎င်းတို့ သုံးဦး တွေ့ဆုံကြချိန်တွင် ရုရှားသမ္မတ ဗလာဒီမာပူတင်ကလည်း ၎င်းတို့၏ ကမ်းလှမ်းမှုများကို ကြိုဆိုခဲ့ပြီး လက်ရှိအခြေအနေကို အသေးစိတ်ရှင်းပြခဲ့ကြောင်း သိရသည်။

ထိုအတောအတွင်းမှာပင် လက်ရှိအချိန်အထိ တစ်စုတစ်စည်းတည်းရှိသော ငြိမ်းချမ်း‌ရေးအဆိုပြုချက် မရှိသေးကြောင်း နှင့် ဆွေးနွေးပွဲများနှင့်ပတ်သက်၍ နှစ်ဖက်စလုံးတွင် ကိုယ်ပိုင်ရည်မှန်းချက်များ ရှိနေသောကြောင့် ကြားချညှိနှိူင်းမှုတစ်ရပ် မထွက်ပေါ်မီ လုပ်ဆောင်စရာ များစွာကျန်နေသေးသည်ဟု ပူတင်၏ နိုင်ငံခြားရေး မူဝါဒအကြံပေး ယူရီအူရှာနော့ဗ်က ပြောကြားသည်။

အမေရိကန်နှင့်အတူ သုံးပွင့်ဆိုင်ဆွေးနွေးပွဲများအကြောင်း ကြေညာပြီးပါက ရုရှားကိုယ်စားလှယ်အဖွဲ့အား မည်သူက ဦးဆောင်သွားမည်ကို ပူတင်က ဆုံးဖြတ်သွားလိမ့်မည်ဟုလည်း အူရှာနော့ဗ်က ဆက်ပြောသည်။

သတင်း-ရဲမင်း
ကိုးကား-Breaking News
#နိုင်ငံတကာသတင်း

◾️ဆိုးရွားသောရာသီဥတုကြုံတွေ့ခဲ့သည့် သင်္ဘောမှ လူပေါင်း ၁၄၀ ကို အင်ဒိုနီးရှားဆက်လက်ရှာဖွေ သေဆုံးသွားသူတစ်ဦးအပါအဝင် လူပေါင...
13/09/2026

◾️ဆိုးရွားသောရာသီဥတုကြုံတွေ့ခဲ့သည့် သင်္ဘောမှ လူပေါင်း ၁၄၀ ကို အင်ဒိုနီးရှားဆက်လက်ရှာဖွေ

သေဆုံးသွားသူတစ်ဦးအပါအဝင် လူပေါင်း ၁၀၃ ဦးကို ကယ်ဆယ်ခဲ့ပြီးနောက် အင်ဒိုနီးရှားကယ်ဆယ်ရေးသမားများသည် အရှေ့ဂျာဗားပင်လယ်တွင် ပျောက်ဆုံးနေသည်ဟု စောစောပိုင်းက သတင်းပို့ထားသော ခရီးသည်တင်သင်္ဘောမှ လူပေါင်း ၁၄၀ ကို ဆက်လက်ရှာဖွေနေကြောင်း ရှာဖွေရေးနှင့်ကယ်ဆယ်ရေးအရာရှိ တစ်ဦး က ပြောကြားသည်။

လူပေါင်း ၂၄၃ ဦး လိုက်ပါခဲ့သော အင်ဒိုနီးရှားခရီးသည်တင် သင်္ဘောတစ်စီးသည် အ‌ရှေ့ဂျာဗားပင်လယ်တွင် အဆက်အသွယ် ပြတ်တောက်သွားခဲ့ပြီးနောက် ယနေ့ တနင်္ဂနွေနေ့ နံနက်တွင် ပျောက်ဆုံးနေသည်ဟု သတင်းပို့ထားကြောင်း အင်ဒိုနီးရှားနိုင်ငံ၏ ရှာဖွေကယ်ဆယ်ရေးအေဂျင်စီက စောစောပိုင်းတွင် ထုတ်ပြန်ထားခဲ့သည်။

Virgo Transport 8 သင်္ဘောသည် စနေနေ့တွင် အရှေ့ဂျာဗားပြည်နယ် ဆူရားဘာယားမြို့မှ တောင်ကာလီမန်တန်ပြည်နယ် ဘန်ဂျာမာဆင် မြို့သို့ ခုတ်မောင်းနေစဉ် ပျောက်ဆုံးသွားခဲ့ခြင်း ဖြစ်သည်။

အခြားသင်္ဘောများကို အသုံးပြု၍ လူပေါင်း ၁၀၃ ဦးကို ကယ်ဆယ်ထားပြီးဖြစ်ကြောင်း ဘန်ဂျာမာဆင် ရှာဖွေကယ်ဆယ်ရေးရုံး အကြီးအကဲ ပူတူဆူဒါယာနာက ပြောကြားသည်။

ရဟတ်ယာဉ်တစ်စီးအပါအဝင် သင်္ဘောအများအပြားဖြင့် ရှာဖွေကယ်ဆယ်ရေးများ လုပ်ဆောင်ခဲ့သည်ဟု ဆူဒါယာနာက ပြောကြားသော်လည်း သင်္ဘောဘာဖြစ်သွားသည်ကို ပြောကြားခြင်း မရှိပေ။

ကျွန်းပေါင်း ၁၇၀၀၀ ခန့်ဖြင့် ဖွဲ့စည်းထားသော အင်ဒိုနီးရှားနိုင်ငံသည် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများအတွက် သင်္ဘောများကို အဓိက အားထားသွားလာပြီး ပင်လယ်ပြင်မှ သွားလာခြင်းမှာ အသုံးပြုမှုများပြားသလို လေကြောင်းထက်လည်း ဈေးနှုန်းသက်သာသည်။

သို့ရာတွင် ဘေးကင်းလုံခြုံရေးစံနှုန်းများကို တင်းကျပ်စွာ အမြဲတမ်း စည်းကြပ်ခြင်း မရှိသဖြင့် မတော်တဆဖြစ်ရပ်များလည်း မြင့်မားကြောင်း သိရသည်။

သတင်း-ရဲမင်း
ကိုးကား-Reuters
#နိုင်ငံတကာသတင်း

◾️ယာဉ်တစ်စီးလုံး ပက်လက်လန်သည်အထိ တိမ်းမှောက်ခဲ့သော်လည်းကစားသမား သောမတ်စ် ထိခိုက်မှုမရှိခဲ့ကြောင်း ဟားလ် အတည်ပြုဟားလ်စီးတ...
13/09/2026

◾️ယာဉ်တစ်စီးလုံး ပက်လက်လန်သည်အထိ တိမ်းမှောက်ခဲ့သော်လည်းကစားသမား သောမတ်စ် ထိခိုက်မှုမရှိခဲ့ကြောင်း ဟားလ် အတည်ပြု

ဟားလ်စီးတီးကစားသမားသစ် ဆော်ဘာသောမတ်စ်သည် ကလပ်၏လေ့ကျင့်ရေးအစီအစဉ်သို့ သွားရောက်စဉ် ဆိုးရွားလှသော ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့သော်လည်း အသက်အန္တရာယ်မှ လွတ်မြောက်ခဲ့ကြောင်း သိရသည်။

ဆော်ဘာသောမတ်စ်သည် နွေရာသီအပြောင်းအရွှေ့ဈေးကွက်နောက်ဆုံးရက်တွင် ပေါင် ၁၀ သန်းဖြင့် ဟားလ်စီးတီးသို့ ရောက်ရှိလာခဲ့ကာ ၎င်း၏ပေါင်၁၆၀၀၀၀ အထိ တန်ကြေးရှိသော Land Rover Defender ကားဖြင့်လေ့ကျင့် ရေးကွင်းသို့ လာရောက်စဉ် ယာဉ်မတော်တဆ မှုနှင့်ကြုံတွေ့ခဲ့ရခြင်းဖြစ်သည်။

အဆိုပါဖြစ်စဉ်တွင် ဆော်ဘာသောမတ်စ်ကားသည် ပက်လက်လန်သွားသည်အထိ တိမ်းမှောက် ခဲ့ကြောင်း သိရသော်လည်း ဟားလ်စီးတီးကမူ ၎င်းတို့၏ကစားသမားအနေဖြင့် ထိခိုက်ဒဏ်ရာ ရရှိခြင်းမရှိကြောင်း သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ဟားလ်စီးတီး၏ ထုတ်ပြန်ချက်တွင် “ကလပ်အသင်း၏လေ့ကျင့်ရေးကွင်းအနီးတွင် ဖြစ်ပွားခဲ့ သော ယာဉ်မတော်တဆမှုတစ်ခုအပြီးတွင် ကျွန်ုပ်တို့၏ကစားသမား ဆော်ဘာသောမတ်စ် အနေဖြင့် ထိခိုက်ဒဏ်ရာမရရှိခဲ့ကြောင်း အတည်ပြုနိုင်သည့်အတွက် ဝမ်းမြောက်မိပါသည်။ ဆိုရှယ်မီဒီယာများ၌ပျံ့နှံ့နေသောပုံရိပ်များကို သိမြင်ရပြီး ကစားသမားမှာ ထိခိုက်မှုမရှိဘဲ လွတ်
မြောက်ခဲ့ခြင်းဖြစ်သည်”ဟု အတည်ပြုထားသည်။

စတုတ်စီးတီးမှ ပြောင်းရွှေ့လာခဲ့သည့် ဆော်ဘာသောမတ်စ်သည် ဘယ်တောင်ပံ ကစားသမားတစ်ဦးဖြစ်သော်လည်း နံပါတ်(၁၀)နေရာတွင်လည်း ပါဝင်ကစားနိုင်ခဲ့သူဖြစ်ကာ အက်စ်တွန်ဗီလာနှင့် ယှဉ်ပြိုင်ကစားခဲ့သောပွဲတွင် ခြေစွမ်းပြသနိုင်ခဲ့သူဖြစ်သည်။

#ယနေ့ထုတ်သတင်းစာ_အားကစားသတင်း

◾️အရှေ့-အနောက် ရေနံပိုက်လိုင်းမှရေနံတင်ပို့မှုများကို ဆော်ဒီအာရေဗျနိုင်ငံ ယာယီရပ်ဆိုင်းထားအရှေ့အလယ်ပိုင်း စစ်ပွဲစစ်မျက်န...
13/09/2026

◾️အရှေ့-အနောက် ရေနံပိုက်လိုင်းမှရေနံတင်ပို့မှုများကို ဆော်ဒီအာရေဗျနိုင်ငံ ယာယီရပ်ဆိုင်းထား

အရှေ့အလယ်ပိုင်း စစ်ပွဲစစ်မျက်နှာ ကျယ်ပြန့်လာချိန်တွင်လေကြောင်း တိုက်ခိုက်မှုများနှင့်ရင်ဆိုင်ခဲ့ရသော အရှေ့-အနောက်ရေနံပိုက်လိုင်းကို ဆော်ဒီအာရေဗျနိုင်ငံက ပိတ်ထား ရကြောင်း စက်တင်ဘာ ၁၂ ရက် သတင်းများတွင်ရေးသားတင်ပြထားသည်။

အီရတ်နိုင်ငံအတွင်းရှိ အီရန်ကျောထောက်နောက်ခံပြု စစ်သွေးကြွများက မောင်းသူမဲ့လေယာဉ်များဖြင့် စက်တင်ဘာ ၁၀ ရက်တွင်တိုက်ခိုက်ခဲ့ပြီးနောက် အရှေ့အနောက် ရေနံပိုက်လိုင်းမှတစ်ဆင့်ရေနံပေးပို့မှုများကို ဆော်ဒီအာရေဗျနိုင်ငံက ရပ်ဆိုင်းထားခဲ့ရခြင်းဖြစ်သည်။

အာရေဗီးယန်းကျွန်းဆွယ်ကိုဖြတ်သန်း တည်ဆောက်ထားပြီးအရှည်ကီလိုမီတာ ၁၂၀၀ (၇၄၅မိုင်)ရှည်လျားသော အရှေ့-အနောက်ရေနံပိုက်လိုင်းသည် ဟော်မုဇ်ရေလက်ကြား ရေလမ်းကြောင်းများကို ရှောင်ကွင်းထားသည့် ရေနံပိုက်လိုင်းဖြစ်သည်။

လက်ရှိအချိန်၌ လေကြောင်းတိုက်ခိုက်မှု အန္တရာယ်များကြောင့်အဆိုပါရေနံပိုက်လိုင်းမှ ရေနံများပေးပို့မှုကို ယာယီအားဖြင့် ရပ်ဆိုင်းထားကြောင်း ဆော်ဒီအာရေဗျတာဝန်ရှိသူများက စက်တင်ဘာ ၁၂ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။

အရှေ့-အနောက် ရေနံပိုက်လိုင်းသည် ပြီးခဲ့သည့်လများအတွင်းနေ့စဉ် ရေနံစိမ်းစည်ပေါင်း လေးသန်းမှ ငါးသန်းအထိ ပို့ဆောင်ပေးနေသော ရေနံပိုက်လိုင်းဖြစ်သည်။

ယီမင်အခြေစိုက် အီရန်ကျောထောက်နောက်ခံပြု ဟူသီသူပုန်အုပ်စုက ပင်လယ်နီ ရေလမ်းကြောင်းများအား ထိန်းချုပ်နိုင်စွမ်းကို ပိုမိုတင်းကျပ်လာခဲ့ပြီးနောက် အီရတ်နိုင်ငံမှ စစ်သွေးကြွများက အရှေ့-အနောက် ရေနံပိုက်လိုင်းကိုတိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။

ဟူသီ သူပုန်အုပ်စုသည်ပင်လယ်နီဒေသ ဘက်အယ်လ်မင်းဒက်ရေလက်ကြားဒေသတွင်းရှိ ပီရမ်းကျွန်းအမည်ရှိ မဟာဗျူဟာမြောက်ကျွန်းတစ်ကျွန်းကို စက်တင်ဘာ၁၁ ရက်တွင် သိမ်းပိုက်ထားကြောင်းသိရသည်။

ဟူသီသူပုန်အုပ်စုကို တုံ့ပြန်ရေးအတွက် အမေရိကန်၏ စစ်ရေးအကူအညီကို ဆော်ဒီအာရေဗျကတောင်းခံထားသည်။

ကိုးကား-ရိုက်တာ
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း

◾️တာတိုပစ်ဘလစ်စတစ်ဒုံးကျည်များ မြောက်ကိုရီးယားနိုင်ငံ စမ်းသပ်ပစ်လွှတ်မြောက်ကိုရီးယားနိုင်ငံသည် စက်တင်ဘာ ၁၁ရက်တွင် တာတိုပ...
13/09/2026

◾️တာတိုပစ်ဘလစ်စတစ်ဒုံးကျည်များ မြောက်ကိုရီးယားနိုင်ငံ စမ်းသပ်ပစ်လွှတ်

မြောက်ကိုရီးယားနိုင်ငံသည် စက်တင်ဘာ ၁၁ရက်တွင် တာတိုပစ် ဘလစ်စတစ်ဒုံးကျည်များကို ဝန်ဆန်းဒေသမှတစ်ဆင့် အရှေ့ဘက်ကမ်းရိုးတန်း ကမ်းလွန်ရေပြင်အတွင်းသို့ ပစ်လွှတ်ခဲ့ ကြောင်း တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ရုံးက သတင်းထုတ်ပြန်ထားသည်။

မြောက်ကိုရီးယားနိုင်ငံက ပစ်လွှတ်ခဲ့သော အထက်ပါ တာတိုပစ်ဒုံးကျည်များသည် ကီလိုမီတာ ၂၅၀ (၁၅၅မိုင်)အကွာအဝေးအထိ ပျံသန်းခဲ့ပြီးနောက် ပင်လယ်ရေပြင်အတွင်း ကျရောက်ခဲ့ ကြောင်း တောင်ကိုရီးယားစစ်ဘက်သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြောက်ကိုရီးယားက တာတိုပစ်ဒုံးကျည်များစမ်းသပ်ပစ်လွှတ်ခဲ့ပြီးနောက် တောင်ကိုရီးယား အမျိုးသားလုံခြုံရေးရုံးက အရေးပေါ် အစည်းအဝေး ကျင်းပခဲ့ကြောင်းသိရသည်။

မိမိတို့အနေဖြင့် မြောက်ကိုရီးယားနိုင်ငံ၏ စစ်ရေးစစ်ရာလှုပ်ရှားမှုများကို အနီးကပ်စောင့်ကြည့် လျက်ရှိပြီးရန်စမှုမှန်သမျှကို တုံ့ပြန်နိုင်ရေးအတွက် စစ်ရေးအရအသင့်အနေအထားရှိမှုအား ထိန်းသိမ်းထားကြောင်းတောင်ကိုရီးယားစစ်ဘက်က သတင်းထုတ်ပြန်ထားသည်။

မြောက်ကိုရီးယားနိုင်ငံသည် တောင်ကိုရီးယား၊ဂျပန်နှင့် အမေရိကန်ပြည်ထောင်စုတို့က ၎င်းတို့၏ သုံးနိုင်ငံပူးတွဲစစ်ရေးလေ့ကျင့်မှုများအား အဆုံးသတ်ခဲ့ပြီး တစ်ရက်အကြာတွင် တာတိုပစ်ဒုံးကျည်များစမ်းသပ် ပစ်လွှတ်ခဲ့ခြင်းဖြစ်သည်။

ကိုးကား-ရိုက်တာ
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း

◾️လမ်းဘေးရပ်ထားသည့် ၆ ဘီယာဥ်အား ၁၂ ဘီးယာဥ်က နောက်မှဝင်တိုက်၊ ​ခြောက်ဦးဒဏ်ရာရ၊ တစ်ဦးသေဆုံးပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်း...
13/09/2026

◾️လမ်းဘေးရပ်ထားသည့် ၆ ဘီယာဥ်အား ၁၂ ဘီးယာဥ်က နောက်မှဝင်တိုက်၊ ​ခြောက်ဦးဒဏ်ရာရ၊ တစ်ဦးသေဆုံး

ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်၊ ရန်ကုန်-ပြည်လမ်း မိုင်တိုင်အမှတ်(၉၁/၁)နှင့်(၉၁/၂)ကြားတွင် ရပ်ထားသည့် ၆ ဘီးယာဥ်အား ၁၂ ဘီးယာဥ်က နောက်မှ ဝင်တိုက်မှု ယမန်နေ့(စက်တင်ဘာ ၁၁ ရက်) ည ၁၁ နာရီ ၅၀ မိနစ်ခန့်ကဖြစ်ပွားခဲ့ကြောင်း မီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားသည်။

လမ်းဘေးတွင် ချရပ်ထားသည့် TOYATA DYNA (၆)ဘီးယာဉ်အား လက်ပံတန်းမှ ရန်ကုန်သို့မောင်းနှင်လာသော ISUZU (၁၂)ဘီးယာဉ်က အနောက်မှဝင်ရောက်တိုက်မိမှုဖြစ်ပွားခဲ့ခြင်းကြောင့် ခြောက်ဦးဒဏ်ရာရရှိခဲ့ပြီး တစ်ဦးသေဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ယာဉ်တိုက်မှုကြောင့် ISUZU (၁၂) ဘီးယာဉ်ပေါ်ပါ အမျိုးသားတစ်ဦးနှင့်အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ၊ TOYOTA DYNA (၆)ဘီးယာဉ်ပေါ်ပါ အမျိုးသားသုံးဦး၊အမျိုးသမီးတစ်ဦးတို့ ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ)နှင့် အမျိုးသမီးတစ်ဦး (‌ေ-သဆုံး) တို့အား လက်ပံတန်းမြို့နယ် နာရေးကူညီမှုအသင်းမှ သူနာတင်ယာဉ်ဖြင့် လက်ပံတန်းမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

သတင်း - စံတော်ချိန်ဒစ်ဂျစ်တယ်
ဓာတ်ပုံ - MFSD
#ပြည်တွင်းသတင်း

Address


Alerts

Be the first to know and let us send you an email when The Standard Time Daily posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to The Standard Time Daily:

Shortcuts

  • Want your business to be the top-listed Media Company?

Share