
25/09/2025
◾️မင်းဘူးရှိအောက်စက်တော်ရာဘုရားဝင်းနှင့် မင်းဘူး-စကုကားလမ်းရေဖုံးလွှမ်းနေ
မကွေးတိုင်း၊ မင်းဘူးမြို့နယ်၌ ယနေ့(စက်တင်ဘာ ၂၅ ရက်) နံနက် ၇ နာရီခန့်မှစတင်ကာမန်းချောင်းရေလျှံခြင်းကြောင့် အောက်စက်တော်ရာဘုရားဝင်းနှင့် မင်းဘူး-စကုကားလမ်းရေဖုံးလွှမ်းကာ လမ်းပိတ်ဆို့မှုများဖြစ်ပေါ်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှသိရသည်။
မင်းဘူးမြို့နယ်၌ စက်တင်ဘာ ၂၄ ရက်မှစတင်ကာ မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် မန်းချောင်း အတွင်းရေလျှံခဲ့ပြီး ချောင်းရိုးတစ်လျှောက်ရပ်ကွက်များရှိနေအိမ်များနှင့် လမ်းများတွင် ရေကြီးရေလျှံ ခြင်းများဖြစ်ပေါ်နေခြင်းဖြစ်သည်။
"မနေ့ကတစ်နေ့လုံးမိုးရွာတာ ဒီနေ့မနက်အထိလည်းရွာနေတာ။ မနက် ၇ နာရီကျော်လောက်ကစပြီး အောက်စက်တော်ရာဘုရားအတွင်းနဲ့ မန်းချောင်းတစ်လျှောက်နေအိမ်တွေကို ရေစဝင်လို့ချက်ခြင်း ရေလွတ်ရာကိုကူညီရွှေ့ပြောင်းပေးခဲ့တယ်။ မနက် ၈ နာရီလောက်မှာတော့ မင်းဘူး-စကုကားလမ်းမှာ ရေကြီးနေလို့ ကားသွားလာမှုတွေခက်ခဲပြီး လမ်းပိတ်တာတွေဖြစ်တယ်။ အခုလမ်းရှင်းပေးနေပါတယ်" ဟု ဒေသခံလူမှုကူညီရေးအသင်းမှတာဝန်ရှိသူတစ်ဦးကပြောသည်။
မင်းဘူး-စကုကားလမ်းရေဖုံးလွှမ်းနေသည့်အတွက် မော်တော်ယာဉ်သွားလာမှုများခက်ခဲပြီး လမ်းပိတ် နေသည့်အတွက် ဒေသခံမီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းများပူပေါင်းပြီး ယာဉ်ကြော ရှင်းလင်းရေးများလုပ်ဆောင်ပေးသည့်အပြင် ယာဉ်များအန္တရာယ်မဖြစ်အောင်လည်း လမ်းပြမှုများ လုပ်ဆောင်ပေးနေကြောင်းသိရသည်။
သတင်း - ပိုင်လေး
ဓာတ်ပုံ - MFSD
#ပြည်တွင်းသတင်း