08/01/2025
ကြွက်ရောင်းရန်ရှိသည်။
ယခင်ကတော့သွားရင်းလာရင်း ဖတ်မိသမျှ ကျွန်မစိတ်ထဲ အူကြောင်ကြောင်နိုင်သည်ဟုခံစားမိသည့် လူရေးအများဆုံး နံရံကပ်စာတန်းလေးတစ်ခုရှိသည်။
''ကြွက်ရောင်းရန်ရှိသည်'' ဟူသည့်စာတန်းဖြစ်သည်။
လယ်ကြွက်တွေဘာတွေကတော့ တစ်ချို့နေရာတွေမှာ သေချာဖမ်းပြီးတောင်စားကြတာမို့ မပြောတတ်ပေမဲ့ အိမ်မွေးကြွက်တွေကို ဘယ်သူကလာဝယ်မှာတဲ့လဲ။ '' မဝယ်မှန်း " သိပေမဲ့ အိမ်မှာသောင်းကျန်းနေတဲ့ကြွက်တွေ ဒီစာဖတ်မိပြီး အိမ်မှာ မနေရဲအောင် ရေးကြတာ ဟူသည့် နောက်ကွယ်က ကြီးမားသည့် ရည်ရွယ်ချက်ပါ သိရတော့ ကျွန်မ ပိုလို့တောင်ရယ်ချင်မိသေးသည်။ ကြွက်တွေမှ စာမဖတ်တတ်ဘဲလေ နော်။ အဲ့ဒီတုန်းက သူတို့နှင့် ကျွန်မမတွေ့ရသေးပါ။
ဝန်ထမ်းဘဝတုန်းက အလုပ်နှင့်နီးရာ ပိုအဆင်ပြေသည့် အဆောင်သစ်တစ်ခုကို ပြောင်းရွေ့ရမည်ဆိုတော့ အခြားအဆောင်သူတွေလို ကိုယ်နေရမည့် နေရာသစ်မှာ ဘယ်လိုချက်ပြုတ်စားလို့ရလဲ၊ ဘာတွေလုပ်ခွင့်ပြုလဲဆိုတာထက် ကျွန်မ စိတ်ဝင်စားသည့်
"လေဝင်လေထွက်ကောင်းလား"
"လူသန့်လား"
"အနံ့အသက်ကောင်းလား"
"သန့်ရှင်းသပ်ရပ်လား"
"ရေပေါလားဆိုတာကို " အရင်ကြည့်ပြီး
စိတ်တိုင်းကျမှ ပြောင်းခဲ့တာဖြစ်သည်။
ဘဝမှာ ကျန်တာတွေအားလုံးသည်းခံနိုင်ပေမဲ့ ဆူညံသံနှင့် ညစ်ပတ်တာကို တစ်စက္ကန့်လေးတောင်သည်းမခံနိုင်သည့် ကျွန်မအတွက် အထိန်းသိမ်းတော်ပုံရသည့် အဆောင်မှူးနှင့် အမြင်အားဖြင့် သပ်ရပ်နေသည့်အဆောင်ခန်းအား ချက်ခြင်းနေဖြစ်စေခဲ့သည်။ ဒါပေမဲ့လောကကြီးမှာ အမြင်နှင့်ဆုံးဖြတ်၍ မရသည့်အရာတွေက အများသားဆိုတာ ညဘက် ကြွက်တွေထသောင်းကျန်းမှပဲ
ကျွန်မသိတော့သည်။ အခန်းဖော်ရှိလျှင် ညနက်သည်အထိ ဖုန်းပြောမည့်သူတွေ၊ စည်းကမ်းမရှိသည့်သူတွေနှင့်တွေ့မှာ ကြိုတွေးကြောက်ပြီး တစ်ယောက်ခန်းယူလိုက်သည့် ကျွန်မကို သန့်ရှင်းနေသည့်အခန်းလေးထဲ ကြွက်ပေါသည့်အကြောင်း ဆီးကြို ပြောမဲ့သူမရှိခဲ့ပါ။
ပါလာသည့် စားသောက်စရာခြင်းတွေကို သေချာထားပြီး ထိုညအိပ်ရာဝင်လိုက်သည်။ ပြောင်းရရွေ့ရ ပင်ပန်းသည်က တစ်ကြောင်း ကိုယ်နေရမည့် နေရာရောက်ပြီဟူသည့် အသိနှင့်ပါ စိတ်ချလက်ချ အိပ်လိုက်မိသည်မှာ မနက်ထိ တစ်ချိုးတည်း အိပ်ပျော်သွားသည်။ နိုးလာတော့ကျွန်မခြင်းထဲမှ စာသောက်စရာတစ်ချို့ ကိုရွှေကြွက်တွေ ဖျက်ဆီးထားကြပြီဖြစ်သည်။
ခေါက်ဆွဲခြောက်ထုပ်များနှင့် ကော်ဖီထုပ်တစ်ချို့ကို ဖောက်စားထားသည့်အပြင် လက်ဖက်ဘူး အဖုံးပတ်လည်တွေပါ ကိုက်ထားကြသည်။ ဖန်ပုလင်းတွေလောက်ပဲ သူတို့ လုံးဝ ကိုက်မရ၍ လွတ်သွားသည်။ ကြွက်ရှိသည်ကို လန့်သွားသည့် ကျွန်မက ဘေးခန်းက အဆောင်သူကို
" ဒီအဆောင်ဒီ လောက်သန့်ရှင်းတာကို ကြွက်ရှိတာလား " ဟု မေးမိတော့ သူက သူတို့အခန်းတံခါးပေါ် ရေးထားသည့် " ကြွက်ရောင်းရန်ရှိသည် "ဟူသည့်
စာတန်းကို လက်ညှိုးထိုးပြသည်။
" အခန်းတိုင်းမှာ ဒီစာတန်းရေးထားကြတယ်အစ်မရေ။ အဆောင်ကသန့်ရှင်းပေမဲ့ ဘေးပတ်လည် မှာက စားသောက်ဆိုင်တွေချည်း တန်းစီနေတာလေ။ အနောက်ကလည်း အထပ်မြင့်တိုက်ခန်း အိမ်ရာကြီးဆိုတော့ လူတွေက အများကြီး ။ ရေမြောင်းက အားလုံးတစ်ဆက်တည်းဆိုတော့ ကြွက်တွေ အဲ့ဒီကနေ ကူးသန်းပြီး သွားလာနေကြတာ။ အဆောင်မှာရောက်နေတဲ့ ကြွက်တွေလဲ အဲ့ဒီကပဲ။ အရင်အဆောင်မှူးတုန်းကတော့ ကြွက်ဆေးတွေချတယ်။ ဒါပေမဲ့ ကြွက်တွေက မကုန်ပါဘူး။ စားသောက်ဆိုင်တွေနဲ့ကပ်နေတော့ ဒီလိုပဲ မပြတ် ရောက်လာနေကြတာပဲ။ အခုအဆောင်မှူးက သန့်ရှင်းရေးပဲ နိုင်နိုင်လုပ်တယ်။ ဘုရားတရားနဲ့ နေတော့ ကြွက်တွေကိုဘာမှ မလုပ်ဘူး။ ခဏပဲနေပြီး ဝင်ကြထွက်ကြ အဆောင်သူတွေကလဲ ဒီမှာအမြဲနေကြမှာ မဟုတ်တော့ အဲ့ဒါကြီးတွေ မလုပ်ကြတော့ဘူးလေ။ ကိုယ့်အခန်းကိုယ်ပဲ အမှိုက်မထား၊ စားကြွင်းစားကျန်မရှိေအာင်နေရတာပါပဲ။ မဟုတ်ရင် ညည ကောင်းကောင်းမအိပ်ရလို့ " ဟု အဆောင်သူဟောင်းရှင်းပြတာ နားထောင်ပြီးတော့ ကျွန်မလဲစိတ်တော့ ရူတ်သွားမိသည်။ကိုယ့်အဆောင်က သပ်ရပ်ပေမဲ့ ဝန်းကျင်အခြေနေအရ ကြွက်ပေါနေတာဆိုတော့ ကိုယ်တွေလဲ မတတ်နိုင်။ ကျွန်မက ဘုရားတရားသမားမဟုတ်ပေမဲ့ အဆောင်မှူးက ဘုရားတရားသမား ဖြစ်နေတာကိုလည်း စိတ်သက်သာရာတော့ ရမိသည်။
ကျွန်မက သတ္တဝါတွေကို ချစ်တတ်ပြီး ထိုထဲမှာ ကြွက်မပါပေမဲ့ ရက်စက်စွာဖြေရှင်းကြသည့် နည်းလမ်းမှန်သမျှကိုလည်း မခံစားနိုင်သူမို့ဖြစ်သည်။ ကြွက်ကပ်ကော်၊ ကြွက်သတ်ဆေး၊ ကြွက်ထောင်ခြောက်၊ စသည့်နည်းလမ်းတွေ တီတွင်ခဲ့သူတို့၏ နှလုံးသားကို ကျွန်မ တွေးကြည့်မိခဲ့ဖူးသည်။ အစားအသောက်တွေကြိုက်လွန်း၍ မတ်မတ်စက်စက် သွားစားနေကြ စားသောက်ဆိုင်မှာ ယင်ကောင်တွေကပ်ဖို့ ယင်ကပ်ကော်အသုံးပြုထားတာ အမှတ်တမဲ့ မြင်ပြီးနောက် တစ်သက်လုံးသွားမစားတော့တာ ကျွန်မပဲသိသည်။ ပြောပြရလျှင်အများကြီး။ ကမ္ဘာကြီးနှစ်ခြမ်းကွဲသွားလျှင်တောင် အကြင်နာတရားမဲ့သူတွေမရှိသည့်အခြမ်းဘက်သာ နေချင်သူက ကျွန်မ ဖြစ်သည်။ ဒီလိုလူတွေနှင့် အတူယှဉ်တွဲ နေထိုင်ဖို့ စိတ်ကူးနှင့်ပင် မဖြစ်နိုင်။
ထိုအရာတွေကိုယ်တိုင်လုပ်ဖို့ဆိုတာတော့ ဘယ်တော့မှ မဖြစ်နိုင်ပါ။ ပြီးတော့ဘာရယ်မဟုတ်ပေမဲ့ အူကြောင်ကြောင်နိုင်သည်ပဲဆိုဆို တစ်ခုခုဆို မေတ္တာတရားနှင့် စ, ဖြေရှင်းကြည့်ချင်သူတွေထဲ ကျွန်မလဲပါသည်။ ကိုယ့်ဘက်က ရန်ကို ရန်ခြင်း မတုန့်နှင်းပဲ အေးချမ်းမှူ့ပေးလိုက်သည့်အခါ မေတ္တာပြန်မရလျှင်တောင် အနည်းဆုံးတော့ ရန်ပြုမှု့ ရပ်သွားမည်ဟု ကျွန်မယုံသည်။ ဘာရယ်မဟုတ် လူတိုင်းမှာ တစ်ယောက်တစ်မျိုးရှိတတ်သည့် ကိုယ့်ယုံကြည်မှုနှင့် ကိုယ်လိုမျိုး ကျွန်မလဲ ကျွန်မတစ်ကိုယ်ရေ အတွေးပေါ့လေ။ ဆိုတော့ ကြွက်ရှိတာသေချာပြီဆိုတော့ ပစ္စည်းအနည်းဆုံး သိမ်းဆည်းရဝန်အပေါ့ဆုံး နေချင်သူ ကျွန်မတစ်ယောက် ပလစ်စတစ်သေတ္တာပုံးကြီး တစ်ပုံး ပြေးဝယ်ရတော့သည်။
ပါလာသည့်စားသောက်စရာတွေကလဲ မိတ်ဆွေတွေလာပေးကြတာတွေလည်း များတော့ ထိုပုံးမှ ဆန့်မည်။ အားလူးကြော်အမြဲစားတတ်သူမို့ အားလူးကြော်ထည့်ဖို့ ဘူးတွေပါ တစ်ခါတည်း ဝယ်လာရသည်။ ပြီးတော့ပြင်ဆင်ထားသိုပြီး ကိုယ့်ဘာသာကျေနပ်သွားသည်။
" ကဲ မိတ်ဆွေလေးတို့ရေ။ ရှင်တို့ကိုလဲဒုက္ခမပေးဘူး တို့ကိုလဲဒုက္ခလာမပေးကြနဲ့တော့နော်။ ကိုယ့်ဘာသာကိုယ် အေးအေးဆေးဆေး နေရအောင်လေနော်" စိတ်ထဲရည်ညွှန်းမေတ္တာ ပို့ပြီး ထိုညက အိပ်ခဲ့သည်။ တော်တော်အစွမ်းထက်ပုံပင်။ မနက်ရောက်တော့ ကျွန်မ၏ အဝတ်လျှော်ပုံးထဲထည့်ထားသည့် ဆပ်ပြာခဲကို ကိုက်စားထားသည့်အပြင် ခြင်းထဲထည့်ထားသည့် သွားတိုက်ဆေးကိုပါ ကိုက်ဖောက်ထားသည်။ ဆပ်ပြာကြမ်းက ကိုက်ထားသည့်နေရာကို လှီးပြီးသုံးလို့ရပေမဲ့ သွားတိုက်ဆေးတော့ သူတို့ကိုက်ထားပြီး ဆက်သုံးရန် အဆင်မပြေသည်မို့ ကိုက်ဖောက်ထားသည့်နေရာကနေ သုံးပုံတစ်ပုံလောက် နှမြောမြောနှင့် ညှစ်ထုတ်ပြီး သွားတိုက်ဆေးဘူးပါ အစားသောက်သေတ္တာထဲ ညတိုင်းသိမ်းရတော့သည်။ မကုန်မချင်း ဘူးအဖုံးဖွင့်စရာမလို။ သူတို့ကိုက်ထားသည့် အပေါက်ကနေညှစ်ထုတ်ရုံပင်။ သာဓု ...... သာဓု ။
မေတ္တာပို့ရကျိုးလည်းနပ်ပုံပင်။ ကိုယ်ကမေတ္တာပို့လေ သူတို့ကပိုကိုက်လေလို ဖြစ်နေသည်။ ဖိနပ်လဲကိုက်သည်။ ညဘက်ရေချိုးရင်း အဝတ်လျှော်မိရာက မခြောက်သဖြင့် အဝတ်စိုတွေ အခန်းထဲ ချိတ်နှင့် ချိတ်ထားမိလျှင်လည်း စိတ်မထင်လျှင် မထင်သလို အဝတ်ပါကိုက်သည်။ မေတ္တာရှင်မလေး ပေါ်လီယာနာ ကို အားကျပေမဲ့ ခဏခဏ ဟိုဟာကိုက်လိုက်၊ ဒီဟာကိုက်လိုက်နှင့်ဆိုတော့ ကျွန်မစိတ်ညစ်လာပြီဖြစ်သည်။ ကြွက်တွေသောင်းကျန်းပုံက တစ်ခါတစ်လေ လူရှိနေတာပင် လူမထင်။ သူတို့ဘာသာပြေးလွှားရင်း ဆူဆူညံညံ အသံတွေပါ လုပ်လိုက်ကြသေးသည်။ ကျွန်မလဲ ပါးစပ်ကသားတစ် ရွတ်ရွတ်နှင့် မောင်းနေပေမဲ့ တကယ်နာအောင် ဘာမှ မလုပ်တော့ ပမာမခန့်လုပ်ကြပုံပေါ်သည်။ သူငယ်ချင်းတစ်ယောက် အခန်းလာလည်တော့ ကျွန်မက ကြွက်ပေးသည့် ဒုက္ခတွေအကြောင်းညည်းပြမိရာ သူကအကြံတစ်ခုပေးသွားသည်။
" ဆေးလဲမသုံးချင်ဘူး။ ပစ္စည်းဖျက်ဆီးတာလဲ မကြိုက်ဘူးဆိုရင်တော့ တစ်ချို့တွေလုပ်သလို သူတို့အတွက်နေရာတစ်ခုသတ်မှတ်ထားပြီး အစားအသောက်နည်းနည်းလောက်ပုံပုံကျွေးပါလား။ ဗိုက်ပြည့်ရင် တစ်ခြားပစ္စည်းတွေ မဖျက်ဆီးတော့ဘူးပေါ့။ "
" အဲ့ဒါဆို သူတို့ကို မွေးထားရာများ ကြသွားမလား "
" မဟုတ်လဲ လာနေ၊ ကိုက်နေတာပဲလေ။ ပစ္စည်းတွေ ကိုက်နေတာထက်စာရင် စားစရာကျွေးပြီး ဗိုက်ပြည့်ရင် သူတို့လမ်း သူတို့ပြန်တော့ အေးတာပဲမဟုတ်လား။ ကိုယ့်ပစ္စည်းတွေလည်း ဘေးကင်းတာပေါ့ " ဆိုတော့
ကျွန်မလဲ ပစ္စည်းတွေနှင့် ဝေးရာ အခန်းထောင့်တစ်နေရာမှာ ထမင်းဖြူလေးတွေ ပုံထားကြည့်သည်။ လာစားကြပါသည်။ ရယ်ချင်သည်က သူတို့က ခိုးကြောင်ခိုးဝှက် လာကြတာဖြစ်သည်။ လူတစ်ယောက်လုံးထိုင်နေပါလျှက် မမြင်တာဖြစ်နိုင်ပါ့မလားဟု ကျွန်မကတွေးပေမဲ့ သူတို့ကအတည် ဖြစ်သည်။ သူတို့စားနေတုန်း ကျွန်မက ကွန်ပျူတာနှင့် ထိုင်အလုပ်လုပ်နေရင်း ညောင်းညာလို့ နေရာရွေ့သည့်အခါ ပြေးပုန်းကြသည။ ပြီးမှ တိုင်ကွယ်ကနေ ပြူတစ်ပြူတစ် ချောင်းပြီး ပြန်လာစားကြသည်။ နေ့တိုင်းထိုနေရာမှာ စားစရာပုံကမှန် ပုံထားပေးသည့်လူသားဟာ သူတို့စားနိုင်အောင် တမင် ကျွေးထားသည်ဆိုတာထက်
သူတို့က လူထက်ပိုလည်၍ စားနေရသည့်အထာတွေနှင့်မို့ ကိုယ့်ဘာသာကိုယ်တွေးရင်းလဲ ပြုံးမိပါသည်။ ကျွန်မတို့ ပတ်ဝန်ကျင်မှာလည်း တစ်ခါတစ်လေ ကိုယ်က မသိယောင်ဆောင်ပြီး ပေးထားသည့် တစ်ချို့အခွင့်အရေးတွေဟာ သူတို့ကလည်ပြီး ကိုယ်က အ , လို့ ထင်နေကြသည့် လူတွေရှိတာ သတိရမိ၍ ဖြစ်သည်။
ဘာပဲဖြစ်ဖြစ်ဘေးကတော့ကင်းသွားပါသည်။ ပစ္စည်းတွေသိပ်မကိုက်တော့ပါ။ အကြံပေးသည့် သူငယ်ချင်းကို ကျေးဇူးတင်ရမည်။ ဒါပေမဲ့ ကျန်းမာရေးအရကော လူတွေနှင့် အမြဲ အတူယှဉ်တွဲနေထိုင်သွားရန်ပါ မဖြစ်နိုင်သည့် ကြွက်တွေကို ထမင်းကျွေးထား၊ မေတ္တာတွေပို့ပြီး မပြောင်းမချင်း ရေရှည်နေသွားဖို့တော့ မဖြစ်နိုင်သည်မို့ ကျွန်မလဲ နောက်ထပ် နည်းလမ်းရှာရပါအုံးမည်။
" ကြွက်ရောင်းရန်ရှိသည် " ဟူသည့်စာတန်းကို ကျွန်မအခန်းတံခါးပေါ် မြေဖြူနှင့် ရေးနေတာမြင်ပြီး ဘေးခန်းက အဆောင်သူက
" ဟော အစ်မလဲရေးရပြီလား " ဆိုတော့ မချိပြုံးနှင့်သာ တုန့်ပြန်နိုင်သည်။
မြေကြီးပေါ်ခြေစုံရပ် ရှင်သန်နေကြတာခြင်းအတူတူ၊ အစာအိမ်ဖြည့်ပြီး ရှင်သန်ရတာခြင်းအတူတူ မေတ္တာပေး၍လည်း အသိအမှတတ်မပြု၊ ခြောက်လှန့်၍လဲ မဖြုံ ၊ကျွေးမွေးထားတာကိုပင် တစ်မင် ကျွေးမွေးနေမှန်းမသိပဲ သူတို့လူလည်ကျနိုင်၍ စားခွင့်ရသည်ထင်နေသော၊ စားနေရတာကို အားမရပဲ စိတ်ပါလျှင် ကြုံရာကိုက်ပြီး ဖျက်ဆီးချင်နေသေးသော အခြား ရူ့ထောင့်က သတ္တဝါတွေလည်း သပ်သပ်ရှိနေသေးမှန်း လက်တွေ့လက်ခံလိုက်မိပြီသာ။ ရက်စက်သည့်နည်းလမ်းကိုတော့ ကျွန်မ ဘယ်တော့မှ အသုံးပြုမည်မဟုတ်ပါ
အားနည်းချက်ဆိုလဲ ကျွန်မတို့ကိုယ်တိုင်ရွေးချယ်ထားမိသည့် အားနည်းချက်မို့ ဘာမှမတတ်နိုင်ပါ။ အဆောင်မှာတော့ ဟိုဘက်အခန်းကိုကြည့်လိုက်လျှင်လည်း ကြွက်ရောင်းရန်ရှိသည်။ ဒီဘက်အခန်းကြည့်လိုက်ပြန်လျှင်လဲ ကြွက်ရောင်းရန်ရှိသည်။ အခန်းတိုင်းကိုဒုက္ခပေးနေသည့်ကြွက်တွေကို ကျွန်မတို့အားလုံး တစ်ကယ်ပဲ ရောင်းချင်နေကြသည်။ ကျွန်မလိုလူတွေ ဖြစ်မှာပေါ့လေ။
အဲ့ဒီလိုရေးထားရုံနဲ့ ကြွက်တွေတစ်ကယ်ထွက်ပြေးမပြေးတော့ သူတို့မသိသလို ကျွန်မတို့လဲမသိပါ။ ဒါပေမဲ့ ကျွန်မတို့အခန်းတိုင်းလိုလို ထိုအတိုင်းရေးထားကြပါသည်။ သေချာတာကတော့ ကြွက်တွေလျော့မသွားသလို တစ်ကယ်လာဝယ်သည့်သူလည်း ယခုချိန်ထိ မရှိသေးပါ။