15/05/2026
ဓါတ်လှေကားပြဿနာ
ကျမက Ground ကတက်လာတယ်
၃လွှာရောက်တော့ တံခါးပွင့်သွားတယ်
အဒေါ်တစ်ယောက်ဝင်လာတယ်
ဓါတ်လှေကားက တံခါးပြန်ပိတ်ပြီး
အပေါ်ဆက်တက်သွားတယ်
အဲ့အဒေါ်က ပြာယာခတ်ပြီး
ကျမကိုမေးတယ်
အပေါ်တက်သွားတာလားတဲ့
ဘယ်ထိတက်မှာလဲတဲ့
ကျမက 9လွှာထိလို့ပြောတော့
ငါအရင်ဆင်းမယ်လေ
ညည်းက 9လွှာထိတောင်တက်မှာ
ငါကဆင်းဖို့ပိုနီးတာကို တဲ့
မရတော့ဘူးအဒေါ်
ကျမက G ကအရင်တက်လာတာမို့
ကျမကို အရင်ပို့ပေးမှာ
ပြီးမှပြန်ဆင်းလိမ့်မယ်လို့ ပြောတာကို
ကျမကို စိတ်တွေဆိုးနေတာ
လွန်ခဲ့တဲ့တစ်ပါတ်ကလဲ သူနဲ့ကြုံပြီးပြီ
ဒီလိုအတိုင်းပဲ
အဲ့တုန်းကတော့ ဘာမှမပြောပေမယ့်
မကြည်ကြည့်နဲ့ အပေါ်ထိလိုက်လာတယ်
ခုကျ သူသည်းမခံနိုင်တော့ဘူး
ကျမကို ရန်လုပ်တာ
ကျမက ရှင်းပြတယ်
အဒေါ်က အောက်ဆင်းချင်ရင်
အောက်ကမြှားကိုနှိပ်ရမှာ
အပေါ်မြှားကိုနှိပ်ထားတော့
အပေါ်တက်ဖို့ထင်ပြီး
ဓါတ်လှေကားကတံခါးပွင့်တာပေါ့
အဒေါ်ကဝင်လာတော့
အပေါ်ထိပါလာတာပေါ့လို့
ကျမက မြေညီထပ်ကနေ
အပေါ်တက်ဖို့ အဒေါ့်ထက်အရင်နှိပ်ထားတဲ့လူမို့
ကျမကိုပို့ပြီးမှ အဒေါ့်ကိုအောက်ကိုပို့ပေးမှာလို့
ရှင်းပြတာကို
တော်ပါအေ
ညည်းဟာညည်းနှိပ်ထားပြီး
ဓါတ်လှေကားလွှဲချမနေနဲ့
သူကဘာနားလည်မှာလဲတဲ့🤧
ပြောနေတုန်းမှာပဲ
ကျမအလွှာကိုရောက်တော့
ကျမလဲအထဲကထွက်တာပေါ့
အဲ့မှာ ဓါတ်လှေကားကြီးက
အပေါ် 11လွှာကခေါ်ထားတယ်ထင်တယ်
ဆက်တက်သွားပါလေရော
၉လွှာထိတောင်ဆူပုပ်ပြီး
လိုက်လာတဲ့အဒေါ်ကြီးခမျာ
အပေါ်ထိဆက်ပါသွားရပြန်ရော
မြင်ယောင်မိတယ် သူ့မျက်နှာကို😁
ကျမလဲအိမ်ထဲဝင်လာတုန်း
ဖုန်းကဝင်လာတယ်
Delivery ကပစ္စည်းလာပို့တာ
အာ့နဲ့ အိမ်ပြင်ပြန်ထွက်
အောက်ရောက်နေတဲ့ဓါတ်လှေကားကိုပြန်ခေါ်
ကျမအထပ်ရောက်လို့
တံခါးလဲပွင့်လာရော
ခုန အဒေါ်ကြီးကပြန်ပါလာပြန်တယ်
ဟဲ့! ပလုတ်တုတ်
လန့်လိုက်တာအဒေါ်ရယ်
အဒေါ်က အထဲမှာဘာလုပ်နေတာတုန်း
ဆိုတော့
ဘာလုပ်ရမတုန်း
ညည်းတို့ပဲဆင်းကြတက်ကြတော့
ငါအလှည့်မပေးနဲ့တော့တဲ့
ဟယ်! ခုပဲ ကျမက
အောက်ကပြန်ခေါ်တာလေ
အဒေါ်ကအောက်ရောက်တုန်းမဆင်းပဲ
ဘာလုပ်နေလို့ပြန်ပါလာတာလဲ ဆိုတော့
ငါဆင်းရမယ့်နေရာက
ခုထိကိုမရောက်သေးတာတဲ့
ကျမလဲ စိတ်မထိန်းနိုင်ပဲ
အော်ရီမိသွားတယ်ရှင်😂😂
ကြည့်ရတာ ခုနအုပ်စုက
၂လွှာမှာဆင်းသွားကြတာဖြစ်မယ်
သူက G ထိဆင်းချင်တာဖြစ်မယ်
ခလုတ်မနှိပ်ပဲဒီအတိုင်းနေတော့
ကျမ ပြန်ခေါ်လိုက်တဲ့အချိန်မှာ
သူကပြန်ပါလာပုံရတယ်
ကျမလဲ ရီကြောမိနေသလားမသိပါဘူးရှင်
သူဖြစ်နေတဲ့ပုံကြည့်ပြီး
ဓါတ်လှေကားထဲမှာ
တခွီးခွီးဖြစ်နေတာရှင်😂
သူများစိတ်ဒုက္ခရောက်နေတာကို
ရီချင်နေသော ကျမ၏စိတ်ထားလေးတစ်ခု🤧
ငါ့နှယ်
မသိရင် သူအောက်ဆင်းလို့မရအောင်
ကျမက လုပ်ထားတဲ့ပုံ
သူ့ကိုကြည့်ရတာ
တခါတလေလာတဲ့ဧည့်သည်ဖြစ်မယ်
ကျမလဲ G ထိဆင်းပြီး
သူ့ကိုပါထွက်ခိုင်းလိုက်ရတယ်
မဟုတ်ရင် ဒီအဒေါ်ကြီး
ဆင်းလိုက်တက်လိုက်နဲ့
ညအိပ်ရမယ့်ကိန်း😁
တကယ်လို့များ
ကျမတို့ မထွက်ရသေးခင်
မီးသာပျက်သွားလို့ကတော့
အရပ်ကတို့ရေ
အထဲမှာ ကျမကိုသူလုပ်လိမ့်မယ်🤧
နောက်ခါ
အဲ့အဒေါ်ကြီးနဲ့ကြုံရင်
ကျမ လှေကားကပဲတက်တော့မယ်ရှင်🥴
ကျမ သူ့ကိုရီ(ရယ်)ထားတာ
ကြောက်တယ်😁😂
#မတ်မတ်ရွှေအိ
#ဓါတ်လှေကား