16/04/2026
ဒီ Review ကအသေးစိတ် ကြည့်ပြီးကိုရေးထားလို့ ကျွန်တော်တို့ပြချင်တာကိုသိတဲ့ပရိသတ်မို့ တင်ပေးလိုက်ပါတယ်
မောင်" 🍀လက်ထဲက ရုပ်သေးရုပ်လေးကို ကြိုးဆွဲကပြနေရတာကို သဘောကျတယ်။ ဒါပေမဲ့ တကယ်တော့ "မောင့်"ဘဝကြီးကိုယ်တိုင်ကသာ ကံကြမ္မာရဲ့ ကြိုးဆွဲရာအတိုင်း နာကျင်စွာ ကပြနေရတဲ့ သနားစရာ သက်ရှိရုပ်သေးရုပ်လေးပါ။
🍀လက်တွေ့ဘဝမှာ ကလေးတစ်ယောက်အတွက် အမေဆိုတာ "လုံခြုံရာ" အရိပ်တစ်ခုလိုပါပဲ။ အမေဆိုတာ ဒဏ်ရာကို ဆေးထည့်ပေးသူ ဖြစ်သင့်ပေမဲ့၊ "မောင့်"အတွက်တော့ အမေကိုယ်တိုင်က ဒဏ်ရာဖြစ်နေခဲ့တာ။ အမေ့အိမ်ကလည်း နားခိုရာ မဟုတ်ဘဲ၊ ဆူညံသံတွေနဲ့ အော်ဟစ်သံတွေကြားမှာ ပိတ်မိနေတဲ့ ငရဲခန်းတစ်ခုလိုပါပဲ။
အမှန်တကယ်တော့" ကိုယ့်ရဲ့ ဆန္ဒတွေကို သတ်ပြီး တစ်ပါးသူရဲ့ စိတ်အလိုကိုပဲ ဖြည့်ဆည်းပေးနေရတဲ့ "မောင့်"ဘဝဟာ ကြိုးဆွဲရာကရတဲ့ ရုပ်သေးထက်တောင် ပိုပြီး သနားစရာ ကောင်းနေပါတယ်။
🍀"အမေ ဘယ်လောက်ဆိုးဆိုး သည်းခံပါ" ဆိုတဲ့ အဖေ့စကားကို မြေဝယ်မကျ နားထောင်ရင်း ဖဲသမားမိခင်နဲ့ အနိုင်ကျင့်တတ်တဲ့ အရက်သမားပထွေးကြားမှာ အရာရာကို ကြိတ်မှိတ်ခံစားနေခဲ့ရတဲ့ "မောင်"။ အဖေ့ရဲ့ ကတိစကားဟာ မောင့်အတွက်တော့ လိုက်နာရမယ့် လမ်းပြမြေပုံ မဟုတ်ဘဲ၊ ဘဝတစ်ခုလုံးကို တစ်သက်လုံး ချည်နှောင်ထားတဲ့ ကြိုးတစ်စ။ အမေ့ဆီက ပိုက်ဆံအလုခံရတာ၊ အဆူခံရတာမျိုးတွေမှာ ဗိုက်ဆာနေတာကိုတောင် ဂရုမစိုက်နိုင်တော့ဘဲ "အမေ စိတ်မဆိုးဖို့" ကိုပဲ အရင်တွေးနေရတာဟာ "မောင့်"ရဲ့ Traumaလက္ခဏာတွေပါပဲ။ ဗိုက်ဆာတဲ့ ဒဏ်ထက် အမေနဲ့ ပထွေးရဲ့ ဒေါသကို ပိုကြောက်နေရတဲ့ မောင့်ရဲ့ နေ့ရက်တွေမှာ အဆင်ပြေသွားမယ့် "မနက်ဖြန်" ဆိုတာ မရှိခဲ့ပါဘူး။
🍀လက်တွေ့ဘဝ အကြမ်းဖက်ခံရသူတွေဟာ အပြင်မှာ အော်ဟစ်ငိုယိုလေ့ မရှိတော့ဘဲ ထုံထိုင်းသွားတတ်ကြပါတယ်။ မောင်ဟာ အရိုက်ခံရချိန်မှာ မငိုတော့ဘဲ မျက်တောင်မခတ်တမ်း စိုက်ကြည့်နေတာမျိုးဟာ စိတ်ဒဏ်ရာကြောင့် ကိုယ့်ကိုယ်ကိုယ် ကာကွယ်တဲ့ Dissociation ပုံစံပါ။ အရမ်းနာကျင်ရဖူးတဲ့ "မောင့်"လို ကလေးတွေဟာ နောက်ပိုင်းမှာ နာတယ်လို့ မခံစားရတော့ဘဲ "ထုံ" သွားတတ်ကြခြင်းပါ။ မျက်တောင်တစ်ချက်မခတ်ဘဲ ငြိမ်ခံနေတာဟာ သတ္တိရှိနေကြလို့ မဟုတ်ဘဲ ပြင်းထန်တဲ့ စိတ်ဒဏ်ရာကြောင့် နာကျင်မှုကို ခံစားနိုင်တဲ့ အာရုံကြောတွေ သေဆုံးသွားတာပါ။ တကယ်တော့ "မောင့်"ရဲ့ တိတ်ဆိတ်မှုက သည်းခံနေတာ မဟုတ်ဘူးဘဲ နာကျင်မှုတွေက အတောမသတ်နိုင်တော့လို့ ထုံကျင်သွားတာ။
🍀အိမ်တွင်းအကြမ်းဖက်မှုခံရသူတွေဟာ သူတို့ဘဝကို သူတို့ မပိုင်တော့ဘူးလို့ ခံစားရလေ့ရှိပါတယ်။ မောင်ဟာ ရုပ်သေးရုပ်ကို ကြိုးဆွဲနေတာဟာ သူကိုယ်တိုင် "ထိန်းချုပ်ခွင့်" ရတဲ့ တစ်ခုတည်းသော အရာမို့လို့ပါ။ သူ မပြောရဲတဲ့ စကားတွေကို ရုပ်သေးရုပ်ကတစ်ဆင့် ပြောနေခဲ့တာပါ။ ဘုရားရင်ပြင်မှာ တစ်ယောက်တည်း ထိုင်နေတာ၊ ရုပ်သေးရုပ်ကို ကြည့်ပြီး ပြုံးနေတာဟာ သူ့ရဲ့ Safe Space (လုံခြုံရာ ကမ္ဘာလေး) ထဲကို ထွက်ပြေးနေတာပါ။ ရုပ်သေးရုပ်လေးက မောင့်အတွက်တော့ အရုပ်သက်သက် မဟုတ်ဘဲ သူ့ရဲ့ ခါးသီးတဲ့ လက်တွေ့ဘဝကနေ ခဏတာ ထွက်ပြေးနားခိုလို့ရတဲ့ တစ်ခုတည်းသော တံခါးပေါက်လေးပါ။
🍀"ဖေဖေက ညနေ နေဝင်ချိန်ဆိုရင်လေ "Tant Kyi Taung"တောင်ပေါ်ကြီးကနေ မောင်(ရုပ်သေးရုပ်)ကပြတာကို ကြည့်နေမယ်တဲ့"
🍀"မောင်လေ မနက်ဖြန်ကျရင် မောင့်ဖေဖေကို ပြောခိုင်းပေးမယ်လေ"
ဒီစကားတွေက သာမန်ကာလျှံကာတွေးရင် ကြောင်တောင်တောင်နိုင်ပါတယ်။ဒါပေမယ့် "မောင်"က Normal ကလေးတစ်ယောက်မဟုတ်ဘဲ စိတ်ဒဏ်ရာရနေသူပါ။ရုပ်သေးရုပ်ကို ကြိုးဆွဲနေတာဟာ သူကိုယ်တိုင် "ထိန်းချုပ်ခွင့်" ရတဲ့ တစ်ခုတည်းသော အရာဆိုတာ ခံစားမိကြမှာပါ။ သူ မပြောရဲတဲ့ စကားတွေကို ညနေ နေဝင်ချိန်တိုင်း Buu ဘုရားအနောက်ဘက်မှာ ရုပ်သေးကရင်း အရုပ်ကနေတဆင့် မရှိတော့တဲ့ အဖေနဲ့ ဆက်သွယ်နေတာပါ။ ဘုရားရင်ပြင်မှာ တစ်ယောက်တည်း ထိုင်နေတာ၊ ရုပ်သေးရုပ်ကို ကြည့်ပြီး ပြုံးနေတာ တွေဟာ သူ့ရဲ့ Safe Space ထဲကို မသိစိတ်ကပြေးဝင်နေတာပါ။ ရုပ်သေးရုပ်လေးက မောင့်အတွက်တော့ အရုပ်သက်သက် မဟုတ်ဘဲ သူ့ရဲ့ ခါးသီးတဲ့ လက်တွေ့ဘဝကနေ ခဏတာ ထွက်ပြေးနားခိုလို့ရတဲ့ တစ်ခုတည်းသော တံခါးပေါက်လေးပါပဲ။
🍀"မောင်"ဟာ အစ်မမေသူသာမက ရန်ကုန်သား ဖိုးသင်္ကြန်ကိုပါ သိသိသာသာရှောင်နေတယ်ဆိုတာ ဇာတ်လမ်းထဲမှာ အသားပေး Highlightပြထားပါတယ်။အမှန်တော့ အကြမ်းဖက်ခံရဖူးသူတွေဟာ ထာဝရ ထင်ကျန်ရစ်နေတဲ့ နှလုံးသား အမာရွတ်တွေကြောင့် သူတို့ဘဝမှာ နွေးထွေးမှုတွေ ခံစားလာရတဲ့အခါမှာ "ဒါဟာ အစစ်အမှန်လား၊ ငါ့ကို ထပ်နှိပ်စက်ဦးမှာလား" ဆိုတဲ့ သံသယတွေဝင်ပြီး ကိုယ့်ကိုယ်ကိုယ် ကြောင်အမ်းအမ်းဖြစ်သွားကြပါတယ်။ သူတို့အတွက် ပျော်ရွှင်မှုဆိုတာ ခဏတာ ငှားရမ်းထားရတဲ့ အရာတစ်ခုလိုပဲ ထင်တတ်ကြတာပါ။ ပြန်ပေးရမယ့်အချိန်ကျရင် နာကျင်မှုက အတိုးနဲ့ ဆပ်ရမှာကို သိပ်ကြောက်တတ်ကြတာလေ။
🌈ဘယ်လိုပဲဖြစ်နေပါစေ။
အေးစက်စက်နဲ့ ခေါင်းမာတတ်တဲ့ "မောင့်"ဘဝထဲ ရန်ကုန်သား ကောင်လေး "ဖိုးသင်္ကြန်" ဝင်ရောက်လာပြီး "မောင့်"ကို သင်္ကြန်က ဘယ်လို နွေးထွေးမှုတွေနဲ့ အရည်ဖျော်မလဲဆိုတာကတော့ "ဤသင်္ကြန်မှသည်" ကို အဆုံးထိကြည့်ရင်း ကိုယ်တိုင် အဖြေရှာကြည့်လိုက်ပါအုန်းဗျ။
#ဤသင်္ကြန်မှသည်