The Reader

The Reader Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from The Reader, Book & Magazine Distributor, Yangon.

မြန်မာ့ပထမဆုံး အမျိုးသမီးဓာတ်ပုံဆရာမမှာ ခန့်ခန့်ကြီးဓာတ်ပုံတိုက်ပိုင်ရှင် (မန္တလေး) မှဆရာမကြီးဒေါ်ပတ္တမြားခင် (ဓာတ်ပုံခင...
06/02/2025

မြန်မာ့ပထမဆုံး အမျိုးသမီးဓာတ်ပုံဆရာမမှာ ခန့်ခန့်ကြီးဓာတ်ပုံတိုက်
ပိုင်ရှင် (မန္တလေး) မှဆရာမကြီးဒေါ်ပတ္တမြားခင် (ဓာတ်ပုံခင်မကြီး) ဖြစ်ပြီး ခန့်ခန့်ကြီးဓာတ်ပုံတိုက်ကို (၁၉၅ ၂) ခုနှစ်တွင်တည်ထောင်ခဲ့သည်။

(မှတ်ချက်) ဒေါ်ပတ္တမြားခင်သည် ၁၅ - ၂ - ၂၀၁၉ ရက်နေ့ အသက်
၉၅ နှစ်အရွယ်တွင် အမေရိကန်နိုင်ငံ၊ဖလော်ရီဒါပြည်နယ်၊ဖို့တ်လော်ဒါဒေးလ်မြို့၌ဒေသစံတော်ချိန်မွန်းလွဲ ၁နာရီခွဲတွင်ကွယ်လွန်ခဲ့ပါသည်

စစ်ကြိုခေတ်က  ကျွန်မ အပျိုမဖြစ်သေးဘူး                            မောင်ကိုကို(အမရပူရ)               ကျွန်မကို မန္တလေးမြို...
18/12/2024

စစ်ကြိုခေတ်က ကျွန်မ အပျိုမဖြစ်သေးဘူး

မောင်ကိုကို(အမရပူရ)

ကျွန်မကို မန္တလေးမြို့ လယ်ကောင်မှာ မွေးဖွားပါတယ်။၂၉လမ်းနဲ့ ၈၅ လမ်းထောင့်မှာပါ။ဝါးတန်းရပ် လို့ ခေါ် ပါတယ်။အဖေက ဦးကာက၊ တရုတ်လူမျိုး။အမေက ဒေါ်စိန်လို့ခေါ်ပါတယ်။ ပအို့ဝ်တိုင်းရင်းသူပါ။အမေက သထုံဇာတိ။အဖေက တရုတ်ပြည်က ရောက်လာခဲ့တာတဲ့။အဖေနဲ့အမေဟာ မန္တလေးမှာ လက်ဖက်ခြောက်လုပ်ငန်း လုပ်ကိုင်ကြပါတယ်။
ဦးကာက၊ဒေါ်စိန် လက်ဖက်ခြောက်လုပ်ငန်းဟာ ကျွန်မတို့ ငယ်ငယ်ကတည်းက နာမည်ရနေပါပြီ။
ကျွန်မငယ်ငယ်က သကျသီဟဘုရားနားကကျောင်းမှာ ကျောင်းတက်ရတယ်။ အိမ်နဲ့က မဝေးဘူး။ကျွန်မ လေးတန်းလည်း အောင်ရော စစ်ကြီးလည်းဖြစ်ပါရောလား။ဂျပန်တွေ ဝင်လာတယ်။ကျွန်မ ငါးတန်း မတက်ရတော့ဘူး။ အဖေက တရုတ်ပြည်ကို ပြန်ပြေးတယ်။အမေနဲ့ ကျွန်မတို့တတွေက ပထမတော့ ကျောက်မဲကို ပြေးသေးတယ်။နောက်တော့ ပိုပြီး လုံခြုံစိတ်ချရအောင် စစ်ကိုင်တောင်ကို ပြေးကြမယ်လို့ အမေက ပြောပြီး ပြေးကြရော။ကျွန်မတို့က စစ်ကိုင်းချောင်လို့ ခေါ်တာပေါ့။စစ်ကိုင်းချောင်၊ရေဦးတိုက်ဟောင်းမှာ စစ်ကိုရှောင်ရင်း ခိုလှုံကြတယ်။
စစ်ကိုင်းချောင်၊ရေဦးတိုက်ဟောင်းမှာ အမေတို့ကျွန်မတို့ သုံးနှစ်သုံးမိုးကြာခဲ့တယ်။ကျွန်မတို့က တောင်ပေါ်ကနေ အောက်ကို ကြည့်လိုက်ရင် ဧရာဝတီမြစ်ကြီးကို မြင်ရတယ်။ လှည်းလမ်းကြောင်းကိုလည်း မြင်ရတယ်။
ဂျပန်တွေက သူခိုးသူဝှက်တွေကို ဖမ်းမိတဲ့အခါ သစ်ပင်မှာ ကြိုးနဲ့ တုပ်နှောင်တယ်။ ပြီးတော့ သူခိုးကို လှံနဲ့ ထိုးတယ်။ အဲဒီ ရက်စက်တဲ့အဖြစ်ကို မမြင်ချင်ပဲ မြင်လိုက်ရတဲ့အခါမှာဆို ကျွန်မဖြင့် အသည်းတုန်အူတုန်ပဲ။ ကြောက်လိုက်တာလေ။အိပ်မက်ထဲမှာတောင် ကြောက်နေတာ။အဲဒီတုန်းက ကျွန်မက ဆယ့်သုံးနှစ်သမီးအရွယ်လောက်ပေါ့။ ခုနှစ်သက္ကရာဇ်တွေကို ကျွန်မ အခု ဘာမှ မမှတ်မိတော့ဘူး။ အဖြစ်အပျက်တွေကိုတော့ ကျွန်မ မှတ်မိနေတယ်။
မြန်မာပြည်ထဲကို စစ်ဦးဘီလူး ရောက်လာတယ်။ အင်္ဂလိပ်တွေ ဝင်ရောက်လာတယ်။စစ်ကိုင်းတောင်ပေါ်ကနေပဲ အဲဒီစစ်မက်ကာလကို မြင်ခဲ့ရတာပါ။ဧရာဝတီမြစ်ပြင်ပေါ်က သင်္ဘောပေါ်မှာ စစ်ဝတ်စုံနဲ့ သူတို့ကို ကျွန်မ မြင်ရတယ်။ အသားအရေ ပန်းရောင်တွေက အင်္ဂလိပ်တွေဖြစ်မှာပေါ့။ အသားမည်းမည်းတွေက နီဂရိုးတွေ နေမှာပေါ့။
စစ်ကြီး ပြီးတဲ့အခါ ကျွန်မတို့ဟာ အမေနဲ့အတူ မန္တလေးကို ပြန်လာကြတယ်။စစ်ကြီးပြီးစ မန္တလေးမြို့ကြီးဟာ ဟာလာဟင်းလင်း ခြောက်ခြောက်သွေ့သွေ့ကြီးဖြစ်ပြီး ကျန်ရစ်တယ်။ အဖေကတော့ တရုတ်ပြည်မှာပဲ ရှိနေသေးတယ်။ မြန်မာပြည်ကို ပြန်မလာနိုင်သေးဘူး။ အမေနဲ့ ကျွန်မတို့တတွေဟာ လက်ဖက်ခြောက်လုပ်ငန်းကိုပဲ ဆက်လက် လုပ်ကိုင်ကြတယ်။
စစ်ကြီး ပြီးပေမဲ့ ကျွန်မက ကျောင်းပြန်မတက်တော့ဘူး။မိဘရဲ့ လက်ဖက်ခြောက်ရောင်းဝယ်ရေးထဲမှာ ဝင်လုပ်ကိုင်တယ်။ လက်ဖက်ခြောက်တွေက ကျောက်မဲက လာတယမ။ သီပေါက လာတယ်။ နမ့်ဆန်က လာတယ်။ ဗန်းမော်သင်္ဘောကြီးနဲ့လည်း လက်ဖက်ခြောက်တွေ ပါလာတတ်သေးတယ်။မန္တလေးမှာ လက်ဖက်ခြောက်ပွဲရုံကြီးတွေ ရှိတယ်။ ဦးကျားပွဲရုံ၊ဦးတော်အောင်ပွဲရုံဆိုတာရှိတယ်။ ရိုးသားမှန်ကန်ကြပါတယ်။
ပထမက လက်ဖက်ခြောက်ကို လှသလား၊ မလှဘူးလားဆိုတာ အမြင်နဲ့ ဆုံးဖြတ်တယ်။ဒုတိယက လက်ဖက်ခြောက်ကို လက်ခုပ်ထဲ ထည့်လိုက်တယ်။လက်ဖဝါးထဲမှာ လက်ဖက်ခြောက်က စူးနစ်နေတယ်၊အသားတင်းတယ်ဆိုရင် အဲဒီလက်ဖက်ခြောက်က ကောင်းတယ်။တတိယက လက်ဖက်ခြောက်အနံ့ကို ခံစားကြည့်တာ။ရွှေဖီမိုးလွတ် လက်ဖက်ခြောက်အနံ့ဟာ မွှေးသင်းနေတာ။လက်ဖက်ခြောက် လှမ်းရင် မိုးလွတ်ဖို့ လိုတယ်။စတုတ္ထက ရေနွေးထဲ လက်ဖက်ခြောက်ထည့်ကြည့်ပါ။ ပယင်းရောင်ဖြစ်ရမယ်။ သောက်ကြည့်ပါ။ ပထမ ခါးခါးလေးရယ်။ အာခေါင်ထဲမှာ ချိုသွားတယ်။ အချိုက စွဲနေတယ်။ သိပ်ကောင်းတယ်။လက်ဖက်ခြောက် ပြုတ်ဖတ်က ဝါဝင်းနေရမယ်။တောင်အမြင့်ပေါ်မှာ ပေါက်ရောက်ပြီး မနက်နေရောင် ရတဲ့ လက်ဖက်ဟာ အကောင်းဆုံးပါပဲ။
စစ်ကြီး ပြီးပြီးတော့ စီးပွားရေးဆီ လူတွေ အားသန်ချိန်မှာ အဖေလည်း တရုတ်ပြည်က ပြန်လာပါတယ်။အဖေ ဦးဆောင်တော့ စီးပွားရေးဟာ အလွန်ကောင်းလာတယ်။ကျွန်မ အသက်က နှစ်ဆယ်လောက်ရှိပြီ။မိဘတွေက စီးပွားရေး ထိုးတက်လာတော့ လှူတာတန်းတာတွေ ပိုလုပ်လာကြတယ်။အဖေက အမရပူရ မဟာဂန္ဓာရုံဆရာတော်ဘုရားကို အလွန် ကြည်ညိုတယ်။ အဖေက ဆရာတော်ထံမှာ ဗုဒ္ဓစာပေကို သင်ယူလေ့လာပါတယ်။ တရုတ်ထုံးစံ၊ တရုတ်အယူအဆတွေဖြစ်တဲ့ တစ္ဆေကြီးပူဇော်တာမျိုးကို အဖေက စွန့်လွှတ်လိုက်တယ်။အဖေဟာ တရုတ်အစွဲတွေ စွန့်ပြီးတဲ့နောက် အမရပူရမဟာဂန္ဓာရုံဆရာတော်ရဲ့ သြဝါဒကို ခံယူတယ်။ထေရဝါဒဗုဒ္ဓဘာသာဝင်တစ်ဦးအဖြစ် အသက် ၉၂နှစ် အထိ အဖေ နေထိုင်သွားခဲ့တယ်။
ဥပုသ်နေ့ဆိုရင် ကျွန်မတို့ မန္တလေးသူတွေ အမရပူရ မဟာဂန္ဓာရုံကျောင်းကို သွားကြတယ်။ သီလယူတယ်။ဥပုသ်စောင့်ကြတယ်။ ၁၂နာရီ မထိုးမီ ကျွန်မတို့ မိန်းခလေးတွေ ထမင်းအတူ စားကြတယ်။ ကိုယ့်ဟင်းသူ့ဟင်း ဖလှယ်ကြတယ်။ အချင်းချင်း ဆုံကြတော့ အသံထွက်တယ်။ မဟာဂန္ဓာရုံဆိုတာ အပ်ကျသံ ကြားလောက်အောင် ငြိမ်သက်နေတာ။ ကျွန်မတို့ အသံထွက်တာကို ဆရာတော်က သတိထားမိမှာပေါ့။ထမင်းစားပြီးချိန်မှာ ဆရာတော်က လာခဲ့ကြဦးတဲ့။ ကြောက်ကြောက်နဲ့ ဦးခိုက်ကြရတာပေါ့။ဆရာတော်က ထမင်း စားရာမှာ အသံမထွက်ဖို့၊တည်တည်ငြိမ်ငြိမ် သိမ်သိမ်မွေ့မွေ့ စားဘို့ ဆိုဆုံးမပါတယ်။
တစ်ခါမှာတော့ ကျွန်မတို့ဟာ လက်တိုအင်္ကျီအဖြူလေးတွေ ဆင်တူ ဝတ်ဆင်ပြီး ဘုန်းကြီးကျောင်းကို သွားကြပါတယ်။လက်တိုတွေ ပေါ်ကာစကာလကပေါ့။ ချည်သားအင်္ကျီလေးတွေပါ။လက်တိုက လက်မောင်းအလယ်အထိ ရောက်ပါတယ်။ ကျွန်မတို့က အသက် နှစ်ဆယ်အရွယ်ဆိုတော့ ဆံပင်လေးတွေကလည်း အမောက်ကလေးတွေနဲ့ပေါ့။ မဟာဂန္ဓာရုံဆရာတော်ကို ဦးခိုက်ကြပါတယ်။
" ဒါက ကျောင်း။ ဘုန်းကြီးကျောင်း။ အရပ်ထဲ မဟုတ်ဘူး။ ကျောင်းကို လာရင် လက်တို မဝတ်ရဘူး။ ကျောင်းကို လာရင် ကျောင်းပုံစံဖြစ်ရမယ် ''
ဆရာတော်က မိန့်ပါတယ်။
အဲဒီကတည်းက ကျွန်မတို့တွေ ကျောင်းကို သွားရင် လက်တို မဝတ်ရဲတော့ပါဘူး။
မဟာဂန္ဓာရုံကျောင်းတိုက်ဟာ အခုခေတ်မှာတော့ ဆွမ်းကျွေးတွေ မပြတ်ပါဘူး။ ကျွန်မတို့ အပျိုဘဝက ကျောင်းမှာ ဆွမ်းကျွေးကြတာ၊ အလှူလာလုပ်တာ မများသေးဘူး။ ဆွမ်းကျွေးချင်ရင် ဆရာတော်ကို လျှောက်ထားရတယ်။
'' နင်တို့ စီးပွားရေး အဆင်ပြေရဲ့လား။ ပိုလျှံမှသာ ဆွမ်းကျွေးရတယ် ''
လို့ မိန့်တတ်တယ်။
" ပကာသန မဖက်နဲ့။ ဧည့်သည်တွေ အများကြီး မဖိတ်နဲ့။ ဟင်းကို အရောနဲ့ ကျွေး။ ငါက ငါ့သံဃာတွေကို ပဲဟင်းနဲ့ ကျွေးတာ။ နင်တို့က ဝက်သားဟင်းနဲ့ လာပြီး မဖျက်ဆီးနဲ့ ''
လို့ မိန့်တတ်ပါသေးတယ်။ဆရာတော်က ဝက်သား၊ ကြက်သားကို အသီးအရွက်နဲ့ ရောချက်တာမျိုးပဲ အလိုရှိတယ်။သံဃာတွေ ဟင်းအကောင်းချည်း စားချင်နေတာမျိုးဖြစ်မှာ စိုးရိမ်တယ်။
ကျွန်မဟာ စစ်ကြောင့် ကျောင်းပညာကို အဆင့်မြင့်မားအောင် မသင်ကြားခဲ့ရဘူး။မဟာဂန္ဓာရုံ ဆရာတော်ကြီးရဲ့ သြဝါဒတွေကို ခံယူခွင့်ရခဲ့တယ်။စိတ်ကောင်းရှိဘို့ အဓိက၊အကျင့်သီလကောင်းဘို့ အဓိကဆိုတဲ့ဆရာတော်ရဲ့ သြဝါဒတွေနဲ့ နေထိုင်ခဲ့ပါတယ်။ဗုဒ္ဓဘာသာတရားကို အခြေခံတဲ့ စာပေနဲ့ နီးကပ်ခဲ့ပါတယ်။လောကီမှာ နေထိုင်စဥ်မှာလည်း ဘာသာတရားကို အခြေခံတဲ့ ကိုယ်ကျင့်သိက္ခာနဲ့ နေထိုင်ပါတယ်။အဖေနဲ့ အမေဟာလည်း ကျွန်မ စံထားခဲ့တဲ့ ကျေးဇူးရှင်တွေပါ။ အဖေနဲ့ အမေဟာ အိမ်ထောင်ပြုတော့ ပိုက်ဆံ ၈၅ ကျပ်ပဲ ရှိတာတဲ့။အဲဒီကနေ ကြီးပွားတိုးတက်အောင် အလုပ်လုပ်ခဲ့ကြတယ်။
ကျွန်မတို့ လူငယ်ဘဝက အဝတ်အစားတွေအတွက် ပိုက်ဆံ မသုံးကြပါဘူး။ ပိုက်ဆံ ပိုလျှံရင် လှူဘို့တန်းဘို့ပဲ စိတ်ကူးတယ်။ကျွန်မ တူမ မခင်စောဦး တက္ကသိုလ် တက်တော့ သူက ပြောတယ်။ ငွေ ၃၀ ကျပ်တန် ဘိနပ်ကို တက္ကသိုလ်ကျောင်းသူတစ်ဦး စီးလာတယ်။ ဘိနပ်က လှလိုက်တာတဲ့။ ကျွန်မက တူမဖြစ်သူကို ပြောလိုက်မိတယ်။ ၃၀ကျပ်တန် ဘိနပ် စီးထားတဲ့ ကောင်မရဲ့ ပါးကို ငါ ရိုက်ချင်တယ်လို့။ ဘာပြုလို့ ဘိနပ်အတွက် ငွေကို ဒီလောက် သုံးရသလဲပေါ့။အဲဒါ ကျွန်မ တူမတွေ တက္ကသိုလ် တက်တဲ့ ခေတ်ကပါ။
ငွေကြေးတွေရဲ့ တန်ဘိုးတွေကလည်း ပြောင်းလဲကုန်ပါပြီ။တူမတွေရဲ့ သမီးတွေ လက်ထက်မှာ သုံးသိန်းတန် ဘိနပ် စီးနေကြရင် ခေတ်က ဆန်းပြားလိုက်တာလို့ပဲ ကျွန်မ ပြောချင်ပါတော့တယ်။ မန္တလေးမှာလည်း ဟိုအရင်ခေတ်နဲ့ ဒီဘက်ခေတ်ဟာ လုံးဝ မတူတော့ပါဘူး။ငွေကြေးတွေ မတူသလို ၊ လူတွေလည်း မတူကြတော့ပါဘူး။ဒီဘက်ခေတ်ကို ဝေဖန်ရင် ကျွန်မကို ရှေးဆန်တယ်ပဲ ပြောကြမှာပါ။
ငွေကြေးဆိုလို့ အဖေ့ကို သတိရလာပြီ။ကျွန်မအဖေ ဦးကာကဟာ မန္တလေးမြို့လယ်မှာ ဂုဏ်သရေရှိစွာ နေထိုင်ခဲ့ပါတယ်။ငွေကြေးနဲ့ ပတ်သက်တဲ့ အဖေ့စိတ်ဟာ ရှင်းလင်းတယ်။သူများ ပိုက်ဆံကို ပေးစရာရှိရင် အဖေက မြန်မြန်ပေးမှ ကြိုက်တယ်။ သူများ ပိုက်ဆံကို ကိုယ့်လက်ထဲ ထိန်းထားတာ မကြိုက်ဘူး။ ကုန်ပစ္စည်းဘိုး ပေးစရာရှိရင်လည်း အဖေက မြန်မြန် ပေးချေမှ ကြိုက်တယ်။
မန္တလေးဟာ အခုတော့ ကျွန်မတို့နဲ့ လုံးဝစိမ်းတဲ့ လူစိမ်းတွေ ရောက်လာကြပြီ။ မန္တလေးမြို့လယ်ခေါင်မှာ လူစိမ်းတွေ ဝင်လာကြပြီ။အဖေက တရုတ်တော့ မှန်တယ်။ အဖေက မန္တလေးမှာ မန္တလေးလို နေထိုင်ခဲ့တာပါ။ကျွန်မတို့က တကယ့်မန္တလေးသူ အစစ်ပေါ့။ကျွန်မတို့ခေတ်က အရပ်ထဲမှာ တစ်ယောက်နဲ့တစ်ယောက်ဟာ သိပ်ပြီး ချစ်ခင်ရင်းနှီကြတာ။ကျွန်မတို့ တူမတွေ ရည်းစားထားရင် အရပ်ထဲက မိတ်ဆွေတွေက ခေါ်ရိုက်လို့ရတယ်။ ရပ်ဆွေရပ်မျိုးဆိုတာ တကယ့်ဆွေမျိုးအရင်းလိုပါပဲ။ သူများ သားသမီးဟာ ကိုယ့်သားသမီးလိုပဲ။ အမြင်မတော်ရင် ခေါ်ဆုံးမလို့ရတယ်။
ကျွန်မတို့ခေတ်က အုတ်တံတိုင်း အမြင့်ကြီးတွေ မကာပါဘူး။ အခု မန္တလေးကို ဝင်ရောက်အခြေချလာတဲ့ လူစိမ်းတွေ လူသစ်တွေက ခြံဝင်းကို အုတ်တံတိုင်းအမြင့်ကြီးတွေ အထူကြီးတွေ ကာလို့။ မန္တလေးမြို့ခံတွေနဲ့ သူတို့ဟာ မိတ်ဆွေ ဖြစ်မလာကြဘူး။ ကျွန်မတို့ခေတ်က အရပ်ထဲမှာ ဘယ်သူက အတွင်းရတနာပစ္စည်း ဘယ်လောက်ရှိတယ်ဆိုတာ တစ်အိမ်နဲ့တစ်အိမ် သိကြတယ်။ သူဟာ ဘယ်လက်ကောက်လေးကို ဘယ်တုန်းက ဝယ်တယ်ဆိုတာကအစ အခြားသူကလည်း သိတယ်။ တစ်အိမ်အိမ်က ဘုရားဖူးခရီးထွက်မယ်ဆိုရင် အိမ်မှာရှိတဲ့ လက်ဝတ်ရတနာပစ္စည်း၊ အတွင်းပစ္စည်းအားလုံးကို အထုပ်ကလေးထုပ်ပြီး အရပ်ထဲက အခြားအိမ်တစ်အိမ်ကို ယုံယုံကြည်ကြည် အပ်နှံထားတတ်ခဲ့ကြတယ်။ ရှေးခေတ်က တစ်ယောက်ကိုတစ်ယောက် အလွန် ယုံကြည်ကြ၊ ချစ်ခင်ကြ၊ သစ္စာရှိကြတယ်။ မန္တလေးမြို့မှာ ကျွန်မ နေထိုင်လာခဲ့တာ ဘယ်ခေတ်မှာ အပျော်ဆုံးလဲလို့ ကျွန်မ ပြန်တွေးကြည့်ပါတယ်။ စစ်မဖြစ်ခင်၊ ကျွန်မ အပျိုမဖြစ်ခင်က မန္တလေးမြို့မှာ နေထိုင်ခဲ့ရတဲ့ဘဝမှာ ကျွန်မ အပျော်ဆုံးပါပဲရှင်။
Daily Eleven
______________________

Art__M i c h a ë l - B o r r e m a n s
The Ear (II)
2011

အတိတ်လမ်းကို ပြန်လျှောက်ခြင်း  -  ပတ္တမြားခင် အပိုင်း (၆၄) (ဇာတ်သိမ်းပိုင်း)မြင်တွေ့နေရတဲ့ တဲကအစ တိုက်တာအဆောက်အအုံမှန်သမ...
08/10/2024

အတိတ်လမ်းကို ပြန်လျှောက်ခြင်း - ပတ္တမြားခင်

အပိုင်း (၆၄) (ဇာတ်သိမ်းပိုင်း)

မြင်တွေ့နေရတဲ့ တဲကအစ တိုက်တာအဆောက်အအုံမှန်သမျှကို လူသားတွေရဲ့ လုပ်အား နဲ့ ဆောက် တာဖြစ်ပေမဲ့ အိမ်ကတော့ နှလုံးသားနဲ့ တည်ဆောက်ရတာပါ။
အိမ်ရဲ့သရဖူ က ကောင်းမြတ်ခြင်း၊
အိမ်ရဲ့အလှ က စည်းလုံးညီညွတ်ခြင်း၊
အိမ်ရဲ့ကျက်သရေ က ဧည့်၀တ်ကျေခြင်း၊
အိမ်ရဲ့ မင်္ဂလာ က မေတ္တာနဲ့ ပြည့်စုံခြင်းပါပဲ။
အိမ်ဆိုတာ စကားတစ်ခွန်း မဆိုရဘဲ ရင်ထဲက အလိုလိုကြားသိနိုင်တဲ့ နေရာ၊ ကိုယ်အသုံးမကျတာ ကိုပြောပြပြီး ရယ်မော လို့ ရတဲ့နေရာ၊ ခွဲဝေခံစားခြင်းနဲ့ ဒုက္ခတွေ သောကတွေပေါ့ပါးစေပြီး အပျော်တွေ နှစ်ဆ တိုးကြသလို ကျွန်မလည်း သူတို့နဲ့အတူ ပျော်ရွှင်ရယ်မောတာတွေကြောင့် အာယုဒီဃ ဆေးစွမ်းကောင်း တစ်ခွက် သောက်ရသလို စိတ်အင်အားတွေ ရပြီး ကျန်းမာရေး ကောင်းနေ သလား မသိပါဘူး။ ကိုယ်က သွားလိုက်၊ သူတို့တစ်တွေက ရောက်လာကြလိုက်နဲ့ စာရင်းရှုပ်ကြရင်း တစ်နှစ် တစ်နှစ်ကလည်း အကုန်မြန်လိုက်ပါဘိ။

အခုပဲ ဒီဇင်ဘာလ ရှိနေပြီမို့ ၁၉၉၆ခုနှစ်က ကုန်တော့မှာလေ။ ကျွန်မ L.Aက ပြန်လာပြီး နောက် တစ်ပတ် မှာ သမီးကြီးမကေခိုင်က ခရစ္စမတ်ဟောလီးဒေးအတွက် ရောက်လာလေရဲ့။ မော်စကိုက သားအလတ် ကိုရွှေစင်ကလည်း နှစ်ဆန်းကျရင် ရက်အား ၂ပတ်ရမှာမို့ အိမ်ပြန်လာဦးမှာတဲ့။ အစ်ကိုနဲ့ အစ်မတွေ လာမယ် ကြားကတည်းက သမီးအထွေး သူဇာက အကြောင်းပြချက်ကောင်း ကောင်းနဲ့ လာဖို့ ခြေလှမ်းပြင်နေ ပါပြီ။
အားလုံး တစုတဝေး ရောက်လာကြတော့လည်း ထုံးစံအတိုင်း အိမ်ခံသားသမီးတွေပါ စုရုံးကြရင်း ပွဲ စည်မြဲပေါ့။ ခွင့်ရက်စေ့ လို့ တာ၀န်ရှိရာ ကိုယ်စီပြန်တော့လည်း အမေက လွမ်းတာ ကျန်ရစ်ခဲ့ ရ ပြန်ပါရော။ တွေ့လိုက်၊ ဆုံလိုက်၊ ပျော်လိုက်၊ ခွဲခွာရတော့ရင်ထဲမှာ နာကျင်ခံစားလိုက်၊ ကြုံတွေ့ရ တဲ့ ကောင်းဆိုး အပြောင်းအလဲတွေနဲ့ စိတ်လှုပ်ရှားရတာကြောင့် ဘ၀ဆိုတာလည်း စိတ်၀င်စား စရာ ဖြစ်နေတာ ထင်ပါရဲ့နော်။

အခုလည်း သမီးမကေသီက ဧပြီလထဲမှာ ပုံမှန်ဆေးစစ်ဖို့ သွားလိုက်တော့ နှစ်စဉ်ရိုက်နေကျ Mammogram မှာ တစ်ရှုးစ အမာတွေ တွေ့လို့တဲ့။ ဆရာ၀န်က သေသေချာချာသိရအောင် Ultra sound ထပ်ရိုက်ခိုင်း ပါတယ်။ ဒီသတင်း ကို ကြားတော့ ကျွန်မတုန်းကလိုပဲ မိသားစုတွေ ဝိုင်းစိတ် ပူကြတာပေါ့။ အထူးသဖြင့် သမီးကေသီ က စိတ်ဓာတ်ကလည်း ပျော့ပျော့ ခန္ဓာကိုယ်ကလည်း ပျော့ပျော့။
၂၈ရက်နေ့မှာ ကင်ဆာ ဟုတ်၊ မဟုတ် သေချာအောင် Biopsy ဓာတ်ခွဲစစ်ဆေးဖို့ ဆေးရုံတက်ရပါ တယ်။ သူ့အစ်မ ကေခိုင် လည်း ညီမအတွက် စိတ်ပူလို့ အပြေးရောက်လာလေရဲ့။ ဆရာ၀န်ဆီက အကျိုး အကြောင်း မသိရသေးခင် စောင့်ရတဲ့ ကာလကတော့ ကာယကံရှင်နဲ့ တကွကျွန်မတို့တစ် တွေ သောက နဲ့ မောရသောရက်များပါပဲ။ တော်ပါသေးတယ်။ အဖြေက ကင်ဆာမဟုတ်ဘူးဆိုတဲ့ မင်္ဂလာ သတင်း ဖြစ်ပေလို့။
စိတ်သောကတစ်ခု ကင်းသွားရတော့လည်း ပုံမှန်လှုပ်ရှားမှုတွေနဲ့ အလုပ်ရှုပ်ကြမြဲပေါ့။ ကျွန်မမွေး နေ့ အတွက် ရောက်လာကြတဲ့ သမီးသူဇာ ကို မိသားစုနဲ့အတူ ကေသီတို့မိသားစုရော၊ သားငယ် အိန္ဒာပါ အားလုံး စုကြပြီး ဖလော်ရီဒါပြည်နယ်ရဲ့ အထက်ဘက်မှာ ရှိတဲ့ ရာဇ၀င်မြို့တော်စိန့်သြဂတ် စတင်းကို တပျော်တပါး ခရီး ထွက်ဖြစ်လိုက်ကြသေးတယ်လေ။

ပြန်ရောက်ပြီး မကြာဘူး။ ဇွန်လဆန်းမှာ နွေရာသီကျောင်းပိတ်ရက်က စပါလေရော။ ထုံးစံ အတိုင်း ကျောင်းပိတ်ရက် သုံးလအတွင်း ဂယ်ရီကပြည်တွင်းပြည်ပ သွားကြမဲ့ခရီးစဉ်ဆွဲတော့တာပဲ။ ပထမ ခရီးစဉ် က North Carolina ပြည်နယ်မှာ ရှိတဲ့ ပေငါးထောင်ကျော်မြင့်တဲ့ High Lands တောင်ပေါ် စခန်းတစ်ခုကို သွားကြမှာတဲ့။
ကျွန်မ တို့ နေတဲ့ဖလော်ရီဒါက မြေပြန့်။ တောင်ဆိုလို့ မူးလို့တောင် ရှူစရာမရှိပါဘူး။ ရေပတ် လည်ဝိုင်းလို့နေ တဲ့ ကျွန်းဆွယ်လေးမို့ မျှော်လေရာ ပင်လယ်ပြာပြာပဲ မြင်တွေ့ရတာ။ အခုလို မြင့် မားလှ တဲ့ တောင်ကြီး၊ တောကြီးနဲ့ လျှိုမြောင်အသွယ်သွယ် ရေတံခွန်တွေအလယ်မှာ ကားဖြတ် ပြီးမောင်း လာကြတော့ အမြင်တွေဆန်းသစ်တာကြောင့် ကျွန်မမြေးတွေ ပျော်နေလိုက်ကြတာ။ ရာသီ ကလည်း အေးမြလို့။ ဖလော်ရီဒါနွေနဲ့တော့ တခြားစီပါပဲ။
တောင်ကမ်းပါးယံမှာ အပန်းဖြေအိမ်ကလေးတွေ ဟိုနား တစ်ခု ဒီနားတစ်ခု၊ တစ်အိမ်နဲ့ တစ်အိမ်က ဆယ်မိုင် မက ဝေးပါတယ်။ လူရိပ်လူခြည်လည်း မတွေ့ရ၊ တကယ့်တောကြီးမျက်မည်း တိတ်ဆိတ်ငြိမ်သက် လို့။ ကားလမ်းတစ်လျှောက် အလေ့ကျပွင့်နေတဲ့ တောပန်းရောင်စုံ တွေကလည်း အဆုပ်လိုက်၊ အခဲလိုက်။ သဘာ၀မိခင် က ကမ္ဘာလောကကြီးကို အလှဆင်ထားပုံက အံ့မခန်း ဆန်းပြားတဲ့ ပန်းချီကားတစ်ချပ်ပါပဲ။

ငြိမ်းချမ်းသာယာလှတဲ့ တောင်ကမ်းပါးယံပေါ်က အပန်းဖြေစခန်းသာ အိမ်ကလေးမှာ ကျွန်မတို့ မိသားစု တစ်တွေ ၁၀ရက်ကြာ နေခဲ့ကြပါတယ်။ လူသူကင်းတဲ့ တောကြီးမျက်မည်းဆိုပေမဲ့ ရေပူ ရေအေးလည်းရ၊ မီးလည်းရ၊ တီဗွီနဲ့ တယ်လီဖုန်းလည်း ရှိတာမို့ နေရေးထိုင်ရေး အဆင်ပြေသလို အရေးကိစ္စရှိရင်လည်း စခန်းဌာနချုပ်ကို ဆက်သွယ်နိုင်တာကြောင့် စိတ်အေးရတယ်ဆိုပါတော့။
မြို့ပြရဲ့ အငွေ့အသက်တွေ ကင်းလို့ မွန်းကျပ်ရတဲ့စိတ်လည်း ပေါ့ပါးလန်းဆန်းကြလို့ မနက်စော စောထပြီး သားအမိ တစ်တွေ တောင်တက် တောင်ဆင်းတွေ လုပ်ကြ၊ တစ်နေ့တစ်ခေါက် တောင် အေက်ထိ ကားနဲ့ဆင်းရင်း တောင်ခြေက မြို့ငယ်လေးတွေ သွား ကြည့်ကြ၊ လေ့လာကြ၊ တော သဘာ၀လုပ်စရာတွေက အများကြီးပါပဲ။ Bird Watching ဆိုတဲ့ ငှက်မျိုးစုံလေ့လာရေး လုပ်မလား။ Fly Fishing ဆိုတဲ့ မိုးပျံငါးမျှားခြင်း လုပ်မလား၊ မြစ်ကြောနဲ့ ရေကန်ကြီးတွေတစ် လျှောက် အေးအေးလူလူ Canoe Ride လှေလှော်ထွက်မလား စိတ်၀င်စားစရာတွေက စုံမှစုံပါပဲ။

စွန့်စားလိုသူတွေ က ရေစီးသန်တဲ့ မြစ်ထဲမှာ ရာဘာလှေငယ်လေးတွေနဲ့ White Water Rafting လုပ်ကြ တယ်ပေါ့။ အမြဲတမ်း စွန့်စားလိုစိတ်ရှိတဲ့ ကျွန်မသမက် ဂယ်ရီက Franklin မြို့နားမှာရှိတဲ့ Tuckaseigee မြစ်ထဲမှာ Rafting လုပ်ဖို့ လက်မှတ်တွေ၀ယ်လာခဲ့တယ်တဲ့လေ။ ဒီတစ်ခါလည်း ရွှေသမက်က "မာမီ့ စာဖတ်ပရိသတ်တွေအတွက် ဆောင်းပါးကောင်းတစ်ပုဒ် ရအောင်လို့"ဆိုတဲ့ စေတနာစကား ဆိုလာပြန် ပါတယ်။
ဆောင်းပါး ရေးနိုင်အောင် ကုန်ကြမ်းတွေ ပံ့ပိုးပြီး ပါရမီဖြည့်ပေးတာအတွက်တော့ ကျေးဇူးအထူး တင်ရှိပါရဲ့။ ဒါပေမဲ့ အဲလို Rafting တွေ ထွက်ကြရင်းဝဲစုပ်ခံရလို့ သေကြတဲ့လူတွေ၊ ရေစီးကြမ်း တဲ့နေရာ မှာ လှေမှောက်လို့ ရေစီးနဲ့မျောပါသွားတာကြောင့် လိုက်ကယ်ရတဲ့အဖြစ်တွေ တီဗွီသတင်းမှာတွေ့ဖူး ထားတာ အပြင် ရီးဒါးဒိုင်ဂျက်စ်မဂ္ဂဇင်းက Drama In Real Life ဆောင်းပါးတွေပါ ဖတ်ဖူးထား လို့ ရေမကူးတတ် တဲ့ ကျွန်မ "ဘုရားတ"ရမဲ့ သည်းထိတ်ရင်ဖို ဇာတ်လမ်း ဖြစ်တော့ မှာ တွေးပြီး ကျောချမ်း မိပါသေးရဲ့။

နောက်တစ်နေ့ တောင်ခြေက ဖရန်ကလင်မြို့မှာရှိတဲ့ Blue Ridge Outing ရုံးခန်းကိုသွားရပါ တယ်။ Rafting လုပ်မဲ့သူ အားလုံးကို ဒီစွန့်စားမှုအတွက် ထိခိုက်ဒဏ်ရာရခြင်း၊ အသက်ဆုံးရှုံးခြင်း စတဲ့ သက်ရောက်မှုဖြစ်ရပ်တွေ အားလုံးအတွက် မိမိတာ၀န်သာဖြစ်ကြောင်း ကိုယ်စီ လက်မှတ် ထိုးပြီး မှတ်ပုံတင် ရတော့မှ သက်စွန့်ကြိုးပမ်းခရီးကြမ်းတစ်ခု ဖြစ်တာသေချာသွားလေတယ်ပေါ့။
အဲဒီလို လက်မှတ်ထိုးပြီးတော့မှ ကျွန်မတို့ကို တာ၀န်ယူလိုက်ပို့ပေးမဲ့ လမ်းညွှန်အမျိုးသားလူငယ် Russ ဆိုသူ နဲ့ မိတ်ဆက်ပေးပါတယ်။ ကျွန်မတို့အားလုံး အနွေးထည် ပြည့်ပြည့်စုံစုံ ၀တ်ထားပြီးသားဖြစ်ပေ မဲ့ မြစ်လယ်မှာ ပိုပြီး အေးမှာကြောင့် အအေးမမိရအောင် အနွေးထည် ထူထူကြီးတွေ ထပ်၀တ် ဖို့ ပေးပါတယ်။ ဒါ့အပြင် ရေမစိုရအောင် ရေစိုခံရာဘာနဲ့ ချုပ်ထားတဲ့ အင်္ကျီ၊ ဘောင်းဘီ တွေလည်း ထပ်၀တ်ရပါသေးတယ်။
အဲဒါတွေ အားလုံး ပြီးပြီဆိုခါမှ အသက်ကယ်၀တ်စုံကို ထပ်ပြီး၀တ်ရတာမို့ အ၀တ်တွေအထပ်ထပ် နဲ့ဖောင်းပွနေတာ ကျွန်မတို့ငယ်ငယ်က ကြော်ငြာတဲ့ မတ်ချလင်တာရာရုပ်ကြီးတွေအတိုင်းပါပဲ။ Russ က လှော်တက်တွေ ယူဖို့ နောက်တစ်နေရာ ခေါ်သွားပြန်ပါရော။ လှော်တက်တွေက အရောင် စုံအသွေးစုံ ပုံထားလိုက်တာ နီ၊ ဝါ၊ စိမ်း၊ ပြာ လှလည်းလှပါရဲ့။

ကျွန်မတို့က ကြုံရာတစ်ချောင်းကောက်ဆွဲကြတော့ မဟုတ်သေးဘူးတဲ့။ ကိုယ့်အရပ်နဲ့တိုင်းပြီး ယူရပါတယ်။ အားလုံးသော ကိစ္စတွေပြီးမှ Rafting လုပ်ရမဲ့ နေရာအရောက်ကားနဲ့ ၇မိုင်ခရီးဆက်ကြရပြန်ပါရော။ မြစ်ကမ်းနားက စခန်းကို ရောက်တော့ ရာဘာနဲ့လုပ်ထားတဲ့ လှေဝိုင်းဝိုင်း၀န်း၀န်း သူတို့ အခေါ် Raftတွေက စိမ်းပြာနီဝါ ရောင်စုံပါပဲ။ လူဦးရေအလိုက် အကြီး အသေးရွေးရပါ တယ်။ ကျွန်မတို့ မိသားစုက ငါးယောက်နဲ့ လမ်းညွှန် Russ အပါအ၀င် ခြောက်ယောက် မို့ ခြောက်ယောက်စီး လှေ အဝါရောင်လေး ရွေးယူလိုက်ရပါတယ်။
ခရီးက သုံးနာရီကြာမှာ မို့ လမ်းတစ်၀က်မှာ အနားယူ၊ အဆာပြေ အဖျော်ယမကာနဲ့ သရေစာ လည်းကျွေးဦး မှာတဲ့လေ။ အဲဒီခရီးအတွက် လက်မှတ်က ဒေါ်လာ ၁၈၀ပေးရပါတယ်။ လှေပေါ်မ တက်ခင် လမ်းညွှန် Russ ကကျွန်မတို့ကို အရေးပေါ် သင်တန်းပေးပါတယ်။ Raftရဲ့ ဘောင်ပေါ် မှာထိုင်တဲ့အခါ ကိုယ့်ရဲ့ အထက်ပိုင်းကို အတွင်းဘက် အားပြုထားရမယ် တဲ့။ ရေစီးကြမ်းတဲ့နေရာ ရောက် ခါနီးကျရင် ရေထဲပြုတ်မကျအောင် ခြေထောက်တစ်ဖက်ကို မျက်နှာချင်းဆိုင်ဘက်မှာ ရှိတဲ့ လှေရဲ့နံရံနဲ့ ၀မ်းဗိုက်ကြမ်းခင်း ကြားထဲမှာ ဦးထိပ်ထိုးပြီး ကျားကန်ထားရမယ်လို့ ညွှန်ကြားပါ တယ်။

အကယ်၍ ပြုတ်ကျခဲ့သည်ရှိသော် အသက်ကယ်အင်္ကျီ၀တ်ထားတာကြောင် ရေပေါ်မှာပေါ်နေမှာ ပါ။ အဲလိုဖြစ်ခဲ့ရင် အလိုက်သင့်ပက်လက်အနေအထား ဖြစ်အောင်နေပါ။ ဒါမှကယ်သူအနေနဲ့ လွယ်လွယ်ကူကူ ကယ်လို့ ရမယ်ပေါ့။ တချို့က ကြောက်လန့်ပြီး ဆွဲမိဆွဲရာ ဆွဲတော့ လှေ၀မ်း ရဲ့ အောက်ဘက် ရောက် သွားပြီး ကယ်ဖို့ခက်တဲ့အတွက် အသက်န္တရာယ်ရှိပါတယ်တဲ့။
သူ သင်တန်းပေးပါမှ သည်းထိတ်ရင်ဖိုဖြစ်ရတော့တယ်။ ရေနစ်သူက ကျူပင်တောင်အားကိုးပြုပြီး ဆွဲသေးတာ ပဲ။ ကိုယ်ဖြစ်ခဲ့သော် လန့်ဖျပ်ပြီး ဆွဲမိဆွဲရာ ဆွဲမိရင်အခက်ပေါ့နော်။ ကျွန်မက စိုးထိတ် စွာနဲ့ဂယ်ရီ မျက်နှာ လှမ်းကြည့်တော့...
"စိတ်မပူပါနဲ့ မာမီ၊ ကျွန်တော် မာမီကို အထူးထားပြီး ဂရုစိုက်မှာပါ။ ဘာအန္တရာယ်မှမဖြစ်စေ ရပါဘူး"ပြော တာကြောင့် စိတ်အားတော့ ရှိသွားရတယ်ပေါ့။
Raft ပေါ် တက်ခါနီး မှာ သမီးကေသီက "တစ်ခုခုများ ဖြစ်လိုက်ရင်တော့ မာမီ့သမီးတွေက နင့် ကြောင့်ဆိုပြီး သမီးကို လာသတ်ကြမှာ သိလား"တဲ့။

ကြောက်ရတဲ့အထဲ သူ့အပြောကြောင့် ကျွန်မမှာ ပြုံးရပါသေးတယ်။ Raftပေါ်ထိုင်မိကြတော့ ကိုယ့် ဟာကိုယ် အားပေးရတော့တာပဲ။ အန္တရာယ်ဆိုတာ Rafting လုပ်မှ မဟုတ်ပါဘူး။ ကားမောင်း ရင်း၊ လေယာဉ်ပျံစီးရင်းလည်း ဖြစ်ချင်ဖြစ်နိုင်တာပဲ။ သေနေ့စေ့ရင် အိပ်ရင်းတောင် သေနိုင်တာပဲလို့ အကြောက်ပြေ တွေး ရသေးတယ်ပေါ့။ ဒါ့အပြင် ရတနာသုံးပါးကို ယုံကြည်အားထားစိတ်ကလည်း စိတ်စွမ်းအားသတ္တိ ရစေတာအမှန်ပါပဲ။
လှေထွက်စ မှာတော့ ရေစီးက မဆိုးသေးပါဘူး။ ဘေး၀န်းကျင် လောကြီးထဲက ငှက်မြည်သံလေး တွေ လည်းကြားရ၊ လေလေးကလည်း အေးမြမြမို့ စိတ်ထဲက ဘုရားစာရွတ်ရင်း သဘာ၀အလှမှာ ကြည်နူးလို့။ Russက ရှေ့ မှာ ရေစီးကြမ်းတော့မယ်နော်၊ သတိထားကြ၊ ညာဘက်မှာ ကျောက် ဆောင်တွေရှိတယ်။ ဘယ်ဘက် ကပ်လှော်ရမယ်။ ဒါခရီးအစတွေ့ရမဲ့ အဆင့်တစ် Class One ပဲလို့ သတိပေးပါ တယ်။ မြစ်လယ်မှာ ရေလှိုင်းဖြူဖြူကြီးတွေ တဝုန်းဝုန်းဖြစ်နေတာလည်း ကြိုပြီးမြင်နေရ ပြီလေ။

လှော်တက်ကို မြဲမြဲဆုပ်၊ စိတ်ကလည်းဘုရားတပြီး ပြင်ဆင်ထားရတာပေါ့။ မကြာပါဘူး။ ရေစီး ကြမ်းထဲရောက် သွားတာနဲ့ ဝုန်းခနဲလှေက မြောက်တက်သွားပြီး စောင်းလျက်ပြန်ကျလာတော့ ကိုယ်ကို မနည်း အတွင်းဘက် အားပြုပြီး လွင့်မကျအောင်ကြိုးစားရတာ သည်းထိတ်ရင်ဖို ပါပဲ။ မျက်နှာချင်း ဆိုင်မှာထိုင်တဲ့ ကျွန်မရဲ့မြေး ခန့်စန္ဒီက တကယ်အားကိုးရတာပါ။ သူ့လက်ကလေး တစ်ဖက်နဲ့ အဘွားကို အားကုန် လှမ်းဆွဲထားလေရဲ့။
Russရဲ့ ဂယ်ရီ အားကုန်လှော်နေကြတာ လှေကရေစီးကြောင့် တဝုန်းဝုန်းဖြစ်နေတုန်းပါပဲ။ ဘယ်တော့ လွင့်ကျမလဲ ကြောက်စိတ်နဲ့ ခြေထောက်တစ်ဖက်ကို လှေ၀မ်းကအပေါက်ထဲ အပြတ် သွင်းပြီး မနည်းကျားကန်ထားရပါတယ်။ ဆယ်မိနစ်လောက် အလူးအလဲဖြစ်ပြီးမှ ရေစီးကြမ်းတဲ့ Current ထဲက ထွက်လို့ ရပါတော့တယ်။

ကလေးတွေက ကြောက်ရကောင်းမှန်း မသိတဲ့အပြင် အပျော်လွန်လို့တောင်နေကြသေးရဲ့။ Class One အပြင် Class ဘယ်နှခုကျန်သေးလဲလို့ စိုးထိတ်စိတ်နဲ့ Russ ကိုမေးကြည့်တော့...
"အခု သွားမဲ့ခရီးက သိပ်မကြမ်းပါဘူး။ Class Two ထိပဲရှိမှာပါ။ ဒီထက်ပိုစွန့်စားလိုသူတွေအတွက်တော့ Class Ten ထိရှိပါတယ်"တဲ့။
Class One နဲ့တောင် ကျွန်မမှာ သေချင်စော်နံနေပြီ။ Class Ten ဆိုရင်တော့ အသက် ဘယ်က ထွက်လိုက်မှန်းတောင် သိမှာမဟုတ်တော့ပါဘူး။ အဲလို ရေစီးကြမ်းတဲ့ နေရာတွေက မနည်းပါဘူး။ Class One အမျိုးအစားတင် နောက်ထပ်လေးငါးခါ ကြုံလိုက်ရတော့ နည်းနည်းကျင့်သား ရသွားပြီး လှေစောင်းတော့မယ်ဆိုတာနဲ့ အားကုန်ကျားကန်ထားပေရော့ပဲ။ အကျင့်သားလေး ရလာ တော့လှော်တက်ကိုလည်း ဘယ်လိုလှော်ရတယ်ဆိုတာ သဘောပေါက်လာပါတယ်။ အကြောက်လည်းပြေစပြုလာပြီပေါ့။

ဒါကြောင့် ဘာမဆို အလေ့အကျင့်လုပ်လိုက်ရင် လုပ်နိုင်သွားကြတာမျိုးပါပဲနော်။ ထွက်လာပြီး တစ်နာရီခွဲ ကြာတော့ Russက ရေလယ်မှာ ၁၅ပေလောက်မြင့်တဲ့ ကျောက်ဆောင်ကြီး တစ်ခုရှိတဲ့ နေရာမှာ လှေရပ်ကြမယ်။ တောင်ထိပ်တက်ပြီး ဓာတ်ပုံရိုက်ကြမယ်။ နေ့လယ်စာစားရင်း ခေတ္တ အနားယူကြမယ် လို့ စီစဉ်လေရဲ့။
အနားယူ စားသောက်ပြီးကြလို့ ပြန်လည်းထွက်လာရော Class Two နေရာတောင်မရောက်သေး ဘူး၊ လှိုင်းတွေ တဝုန်းဝုန်းဖြစ်နေတာ အဝေးက လှမ်းမြင်နေရပါပြီ။ ကျွန်မတို့ရှေ့က သွားနှင့်တဲ့ လှေလေး ဝုန်းဆိုရေလှိုင်း ထဲမှာ မြောက်တက်သွားပြီး လူတစ်ယောက်လွင့်စဉ်ကျသွားပါလေရော။ အားလုံးက "ဟယ်" ခနဲ လန့်အော်မိကြတာပေါ့။ နဂိုကတည်းက စိုးထိတ်နေတဲ့ ကျွန်မ အသက်ရှူ ရပ်သွား သလားတောင် အောက်မေ့ရပါတယ်။

ဂယ်ရီ က "မကြောက်နဲ့မာမီ၊ သူတို့ သတိမထားလိုက်လို့ ဖြစ်သွားတာနေမှာပါ။ မြဲမြဲသာ ကျားကန် ထားပြီးတော့ ကိုယ် အထက်ပိုင်းကို အတွင်းဘက် အားပြုထား၊ ဘာမှမဖြစ်ပါဘူး"တဲ့။
အသက်ကယ် အင်္ကျီကြောင့် ကျသွားတဲ့သူ ရေပေါ်မှာ ပေါ်နေလို့ တော်ပါသေးရဲ့။ သူတို့လှေပေါ် က တစ်ယောက် ခုန်ချပြီးသွားဆယ်တာ တွေ့ရပါတယ်။ လှိုင်းလုံးတွေကြားထဲမှာ ပျောက်သွား လိုက်ပေါ် လာလိုက် ဖြစ်နေတာမို့ ကိုယ့်ဟာကိုယ် ကြောက်တဲ့စိတ်အသာထားပြီး အဲဒီလူ အသက်ရှင်ပါစေ ဆုတောင်း လိုက်ရတာ။ တော်ပါသေးရဲ့၊ လှေပေါ်နှစ်ယောက်စလုံး ပြန်ရောက်သွားမှ ကျွန်မလည်း အသက်ရှူဖြစ်တော့ တယ်။
အသက်ရှူခိုက်ကလေးအတွင်း မှာပဲ ကျွန်မတို့လှေ Class Two ရေစီးကြမ်း ထဲရောက် သွားတော့ ရေစီးအား က သန်လိုက်တာ။ ဘီလူးသဘက် မကောင်းဆိုးဝါးတစ်ကောင်က လှေကိုတအား ကိုင်ပေါက်လိုက် တဲ့အတိုင်း မြောက်တက်သွားပြီး ပြန်ကျလာတော့ အရှိန်နဲ့ ပတ်ချာလည် သွားလိုက်တာ ဦးတည်တဲ့ဘက် မဟုတ်ဘဲ လာခဲ့တဲ့လမ်း ပြန်ရောက်နေတယ်လေ။

ကလေးတွေရော၊ သမီးကေသီရော တအားအော်လိုက်ကြတာ ကျွန်မမြေး ခန့်စန္ဒီက အဘွား လက်ကို အတင်း ဖိဆွဲထားပေး လို့ ဘာမှမဖြစ်တာနော်။ ဂယ်ရီရော Russ ရော တအားကျုံးပြီး လှော်ကြရတာ လှေက ဘယ်ညာ တိမ်းစောင်းရုံတင် မကဘူး။ တစ်ချီတစ်ချီ လှိုင်းအောက် ရောက်သွားလို့ ရေတွေလည်း ရွှဲရွှဲစိုပေါ့။ သမ္ဗုဒ္ဓေဂါထာတော် လည်း စိတ်ထဲက ဖင်ပြန်ခေါင်းပြန် ရွတ်လိုက်ရတာ ဘယ်နှခေါက်ရောက်လည်း မသိတော့ပါဘူး။
အဲဒီလို ရေစီးကြမ်းနေရာတွေ လေးငါးခါမက ကျော်လွှားခဲ့ကြရတာပါ။ တချို့နေရာတွေမှာ ကျောက်စွန်းတွေ က ရှိနေတော့ မြောက်တက်ပြီး ပြန်အကျမှာ လှေနဲ့ ကျောက်ဆောင်စွန်းထိဖို့ သီသီလေး လွတ်ခဲ့ရတာလည်း ရှိရဲ့။ တကယ့်မှ သည်းထိတ်ရင်ဖို ခရီးကြမ်းတစ်ခုပါပဲ။ ရတနာသုံးပါး ဂုဏ်ကျေးဇူး နဲ့ ဘေးမသီရန်မခ ပြန်ရောက်ကြတာအတွက် ကျေးဇူးတင်ရပါ သေးတယ်။

အပြန်ခရီး မှာ ကျွန်မက ' နေပါဦး အခုလို Rafting ခရီးမှာ အဖိတ်အစဉ် အသေအပျောက် များ မရှိဘူးလား ' လို့ လမ်းညွှန် Russ ကို စပ်စုကြည့်တော့...
'ဟာ...ရှိတာပေါ့၊ Class Two လောက် သွားတာမျိုးက ရှိခဲပါတယ်။ Class Ten ထိသွားတဲ့ သူတွေတော့ အန္တရာယ်ကြီး ပါတယ်။ ပြီးခဲ့တဲ့ အပတ်ကတောင် Class Seven ထဲမှာ လူနှစ်ယောက် သေသွားသေးတယ်' တဲ့။
ပြန်ခဲ့ပြီးမှ မေးဖြစ်လို့ တော်ပါသေးရဲ့။ အသက် ၇၀ ကျော်မှ စာရေးချင်တဲ့ဇောနဲ့ စိန်ခေါ် ရတဲ့ စွန့်စားမှု လုပ်ဖြစ်တာကို တွေးရင်း ကိုယ့်ဟာကိုယ် ပြုံးမိပါတယ်။ ဂယ်ရီရဲ့ ဒုတိယခရီးစဉ်နဲ့ ကျွန်မတို့မိသားစု ငါးယောက် ကရေးဘီယန်ပင်လယ်ထဲ မှာ ရှိတဲ့ ဗာဂျင်ကျွန်းစုတွေကို သွားလည်ကြဖို့ Paradise ဆိုတဲ့ အပျော်စီး သင်္ဘောကြီးနဲ့ ခရီးထွက်ဖြစ်ကြပြန်ပါရော။
သင်္ဘောခရီး ဆိုတော့ မမောရဘဲ အပန်းလည်းပြေ၊ ကြည်နူးပျော်ရွှင်စရာလည်း ကောင်း ပါတယ်။ ကရေးဘီးယန်ပင်လယ် ရဲ့ အလှကတော့ စားဖွဲ့မကုန်နိုင်အောင်ပါပဲ။ ကျွန်မတို့ ခရီးစဉ် တစ်ပတ်မှာ San Juan, Tortola, St. Thomas, St. Croix Puetro Rico နဲ့ Virgin Gorda စတဲ့ ကျွန်းတွေ ရောက်ခဲ့ရတဲ့အထဲမှာ Virgin Gorda ကျွန်းကတော့ မမေ့နိုင် ဖွယ်ရာလို့ ဆိုရမှာပါ။

ဒီကျွန်းက တစ်ချိန်က မီးတောင်ဖြစ်ခဲ့တဲ့ နေရာတဲ့လေ။ နှစ်ပေါင်း ကြာမြင့်စွာ ဒီနေရာမှာ မီးတောင်ပေါက်ကွဲခဲ့ တာကြောင့် အိမ်တစ်လုံးစာလောက်ရှိတဲ့ ကျောက်တုံး ကျောက်ခဲကြီးတွေ အထပ်လိုက်၊ အထပ်လိုက်၊ ပင်လယ်ထဲမှာ စုပုံနေတာ အံ့မခန်းပါပဲ။ ပင်လယ် ကမ်းခြေမှာ လည်း ကျောက်ဂူကြီးတွေ ဖြစ်ကျန်ခဲ့လို့ တစ်ဖက်မှာရှိတဲ့ Devil's Bay ကမ်းခြေကို သွားဖို့ အဲဒီကျောက်ဂူကြီးတွေ ထဲကို ခဲယဉ်စွာ ဖြတ်ရသေးတယ်လေ။
တချို့နေရာ မှာ လူတစ်ကိုယ်စာ မဆံ့လို့ တစ်ယောက်ချင်း ဂူပေါက်၀ ကျဉ်းကျဉ်း လေးထဲမှာ ၀မ်းလျားထိုး ၀င်ရတာ နဲ့ တချို့နေရာကျ ချောက်ကြီးကို ကျော်ဖြတ်ဖို့ လက်ကိုင်တန်း တစ်ဖက်တည်းရှိတဲ့ ကြိုးတံတား ကျဉ်းကျဉ်းလေးပေါ်လည်း ဘုရားတပြီး လျှောက်ခဲ့ရပါ သေးတယ်။

ပထမခရီးစဉ်က ပြန်လာတော့ White Rafting လုပ်ခဲ့တဲ့ သည်းထိတ်ရင်ဖိုဇာတ်လမ်းကို သားရွှေစင်ကို ပြောပြမိပါတယ်။ 'မာမီနော်... လူငယ်တွေနဲ့ ပြိုင်ပြီး စွန့်စားခန်းတွေ လုပ်မနေနဲ့၊ ကိုယ့် အသက်လည်း ပြန်ကြည့်ဦး' နဲ့ ဆူခံထိပါရော။ ဟော... အခု ဒီမှာ အမေက ကြိုးတန်းလျှောက်နေရပြန်ပြီလို့ တွေးရင်း တစ်ယောက်တည်း ပြုံးမိပါသေးရဲ့။ ဒီအတွေ့အကြုံကို သား ဆူမှာစိုးလို့ ပြန်မပြောရဲပါဘူး။
ဒီလိုနဲ့ ဇွန်လကုန်မှာ သင်္ဘောခရီးက ပြန်ရောက်တာနဲ့ ပါလာတဲ့ အ၀တ်ဟောင်းတွေလျှော်ဟယ်နဲ့ တစ်ရက် နှစ်ရက် အလုပ်ရှုပ်နေဆဲ နယူးယောက်က ဖုန်းဆက်လာပါတယ်။ ကျွန်မနဲ့ ညီအစ်မလို ချစ်တဲ့ မရွှေဥ ဆုံးသွားပြီတဲ့။ အခုပဲ သိမ်းလိုက်တဲ့ ခရီးဆောင်သေတ္တာကို ပြန်ထုတ်ပြီး အသုဘအမီ နောက်တစ်နေ့ ထွက်မဲ့လေယာဉ်နဲ့ လိုက်သွားရပြန်ပါရော။

အပြောင်းအလဲ မြန်လှတဲ့ လူ့ဘ၀နိယာမ အစိုးမရခြင်းတွေများ ဘယ်လောက် တရား ရစရာ ကောင်းလိုက်ပါသလဲနော်။ အပျော်ခရီးက ပြန်လာလို့ အိမ်မှာ နွေးအောင်တောင် မနေရသေးဘူး။ ဟော... အခု မိတ်ဆွေကောင်းတစ်ယောက် ဆုံးရှုံးရလို့ ကြေကွဲရတဲ့ မျက်ရည် ခရီးဆက်ရပြန်ပြီလေ။ ' အပျော်ဆိုတာလည်း ခေတ္တခဏ ' ညအချိန် ကြယ်ပွင့်လေးတွေ လင်းလက် လာရာက အရုဏ်ဦးရောက်တာနဲ့ ရုတ်ခြည်း ပျောက်ကွယ်သွားကြ သလိုပါပဲ။ ပူဆွေးစရာ ကြုံတာနဲ့ အပျော်တွေ လွင့်ပြယ်သွားရပါတော့တယ်။
မိတ်ဆွေ မရွှေဥမိသားစုနဲ့အတူ ယူကျုံးမရ ပူဆွေးရခြင်းတွေ ခွဲဝေခံစားရင်း ရက်လည်ပြီး နောက်တစ်နေ့မှာ ကျွန်မ ဖလော်ရီဒါ ပြန်လာခဲ့ပါတယ်။ ရင်ထဲမှာ နာကျင်ခြင်းနဲ့အတူ ဘယ်တော့မှ အစားထိုးဖြည့်လို့မရတဲ့ ကွက်လပ်ကြီးတစ်ခုလို လစ်ဟာပြီး နေပါတော့တယ်။

ကျွန်မအတွက် ၁၉၉၇ ခုနှစ်ကတော့ အထူးခရီးများရသောနှစ်လို့ ပြောရမယ် ထင်ပါရဲ့။ အိမ်မှာ နှစ်ပတ်လောက် နားပြီးတာနဲ့ မော်စကိုက သားကိုရွှေစင်ဆီ သွားဖို့ ပြင်ရပြန်ပါရော။ မော်စကိုကို ပထမတစ်ခေါက် လာရမယ် ဆိုတုန်းက ဗဟုသုတ နည်းပါးစွာနဲ့ ကွန်မြူနစ် တိုင်းပြည်မြို့တော်မို့ ဘာမှကြည့်စရာ ရှိမှာ မဟုတ်ဘူးလို့ ထင်ခဲ့တာ။ ဇာဘုရင်တွေ လက်ထက်က စပြီး မင်း အဆက်ဆက် ပြောင်းလဲခဲ့တဲ့ ခေတ်အဆက်ဆက် ရာဇ၀င်မြောက် ကြီးကျယ် ခမ်းနားလှတဲ့ နန်းတော်ကြီးတွေ နဲ့တကွ ရုပ်တုတွေ၊ ပန်းခြံတွေ၊ ရင်ပြင်တွေ၊ ဘုရားရှိခိုးကျောင်းကြီးတွေ၊ ပြတိုက်တွေ တစ်သက်လုံး ထိုင်ကြည့်တောင် ကုန်နိုင်ဖွယ်မရှိအောင် များပြားလှတာတွေ တွေ့ရမှ အံ့သြ မကုန်နိုင်ဖွယ် ဖြစ်ရတော့တာပါပဲ။
ကရင်မလင်နန်းတော် ရဲ့ ရင်ပြင်နီကအစ မော်စကိုမြို့မှာ ရှိရှိသမျှ ရာဇ၀င်ရှိ အထင်ကရ နေရာတွေ အပြင် စိန်ပီတာဘခဒ်မြို့က နန်းတော်ကြီးတွေအထိ သားကိုရွှေစင်က တကူးတက လိုက်ပို့ပေးတာ မို့စာရေးသူ ကျွန်မအတွက် ဆောင်းပါးများစွာ ရေးဖို့အတွေ့အကြုံစုံအောင် ရခဲ့တဲ့အထဲမှာ မမေ့နိုင်အောင် ရင်ထဲစွဲစွဲလမ်းလမ်းဖြစ်ခဲ့တဲ့ နေရာတစ်ခုကတော့ မော်စကိုမြစ်ဘေးမှာ တည်ရှိတဲ့ Novadevichy သင်္ချိုင်း ပါပဲ။

ရုရှားလူမျိုးတွေ ဟာ သူတို့နိုင်ငံ၊ ဘုရင်နဲ့တကွ မှူးမတ်သေနာပတိနဲ့ ရဟန်းတော်များ အပြင် နိုင်ငံတော်ခေါင်းဆောင်ကြီးတွေ၊ တိုင်းပြည်အတွက် အသက်ပေးသွားကြတဲ့ အာဇာနည် စစ်သည်တော်တွေ၊ တိုင်းပြည်ကို ထူးချွန်စွာအကျိုးပြုခဲ့တဲ့ သိပ္ပံပညာရှင်တွေနဲ့တကွ စာပေ၊ ရုပ်ရှင်၊ ပြဇာတ်၊ ပန်းချီ၊ ပန်းပုစတဲ့ အနုပညာရှင်တွေပါ အားလုံးကို တန်ဖိုးထားပြီး ကွယ်လွန်ပြီး တဲ့တိုင် သူတို့ နာမည်တွေ ပျောက်ဆုံးတိမ်ကော မသွားအောင် တလေးတစား ဂုဏ်ပြုထိန်းသိမ်းထားခြင်း ပါပဲ။
ဒီသင်္ချိုင်း ထဲမှာ ကိုယ့်စွမ်းအား၊ ကိုယ့်အနုပညာ၊ ကိုယ့်အရည်အချင်းနဲ့ တိုင်းပြည်ကို အကျိုးပြုခဲ့ တဲ့ရာဇ၀င်ရှိ ပုဂ္ဂိုလ်များရဲ့ ဂူများကို တွေ့ရတော့ သူတို့ရဲ့ တန်ဖိုးထားလေးစားတတ်တဲ့ စိတ်ကို သာဓု အခါခါ ခေါ်မိပါတယ်။
အဲဒီလို ကျွန်မနေရာစုံရောက်ရတဲ့အပြင် ကံကောင်းထောက်မချင်တော့ ကြုံကြိုက်ရခဲ့သမျှ မော်စကိုမြို့ရဲ့ ၈၅၀နှစ်မြောက်မွေးနေ့ပွဲတော်နဲ့ သွားတိုးလေရဲ့။ စက်တင်ဘာလ ၅ရက်နေ့က စပြီး သုံးရက်တိုင်တိုင် လူဦးရေ ၁၂သန်းရှိတဲ့ မော်စကိုမြို့လုံးကျွတ် ကျင်းပတဲ့ပွဲပါ။ ဒေါ်လာသန်းပေါင်း၅၀အကုန်အကျခံထားတဲ့ ပွဲတော်ကြီးမို့ ကြီးကျယ်ခမ်းနားပုံက စာဖွဲ့မကုန်ပါဘဲ။

တစ်မြို့လုံး လမ်းတွေပိတ်ပြီး လူပေါင်းသိန်းချီ ပါ၀င်တဲ့ Parade ကမြို့တော်ခန်းမကစပြီး လှည့် မှာမို့ လာကြည့်သူတွေလည်း ကြိတ်ကြိတ်တိုးပေါ့။ ပွဲမစခင် တစ်ပတ်လောက်ကတည်းက ရွာနေတဲ့မိုးကြောင့် ပွဲပျက်တော့မှာပဲလို့ ကျွန်မက တွေးပူနေမိသေးတာ။ ပွဲတော်ရက်တစ်ခုလုံး ကောင်းကင်က ကြည်လင်ပြီး နေကသာလို့ စွေနေတဲ့မိုး ဘယ်ရောက်သွားမှန်းတောင် မသိပါ ဘူး။
သိပ္ပံထွန်းကားတဲ့ တိုင်းပြည်ကျတော့ ဟန်ကိုကျလို့။ ရွာမဲ့မိုးတွေကို Cloud Seedingလို့ခေါ်တဲ့ အတတ်ပညာ နဲ့ ဖယ်ရှားထားတာတဲ့လေ။ မိုးလေ၀သ ကောင်းအောင်စောင့်ပြီး လုပ်ပေး ဖို့ လေယာဉ်တစ်စင်း ကို ကောင်းကင်ပေါ် တင်ပြီး သီးသန့်တာ၀န်ပေးထားရတာမို့ ဒေါ်လာငါးသိန်း ကုန်ကျသေးတာ တဲ့။ ခုမှပဲ ကျွန်မလည်း အထူးအဆန်းတွေ မြင်ဖူး ကြားဖူးရတော့တယ်။

ဒီလိုနဲ့ မော်စကိုမှာ လည်ပတ်လို့မဆုံး၊ လေ့လာလို့မဆုံးနဲ့ အချိန်တွေ မလောက်နိုင်ဖြစ်ရတဲ့ အထဲက ပြန်ရဖို့ရက်တောင် ကပ်နေပါပြီ။ တစ်နေ့ အမေရိကားက သမီးကြီးကေခိုင် ဖုန်းဆက်လာ ပါရော။
"မာမီ ဘယ်နေ့ပြန်ရောက်မှာလဲ၊ ကိုကိုက မေးခိုင်းနေတယ်။ သူ့ကုမ္ပဏီဖွင့်ပွဲလုပ်ဖို့ မာမီပြန်အလာကိုစောင့်နေရတာတဲ့"
ကဲ...အဲဒါပဲကြည့်ပါတော့နော်။ မိခင်တစ်ယောက်ရဲ့ဘ၀။ ဒီခရီးကမပြီးသေးဘူး။ နောက်ခရီးတစ်ခု ကစောင့်နေပြန်ပါပြီ။ ခွဲဝေရခက်တဲ့ အချိန်တွေ မလောက်နိုင်လို့သာ စိတ်မောရပေမယ့် သားသမီး တွေရဲ့အလိုကိုဖြည့်ဆည်းချင်တဲ့ ဆန္ဒကစောနေတာမို့ စိတ်မောပေမဲ့ လူကမမောဘဲ ကြည်နူးကျေနပ်ရပါတယ်။
လွန်ခဲ့တဲ့ခုနစ်နှစ် က အမေရိကားမှာ စီးပွားရေးကပ်ဆိုက်နေတဲ့အချိန် လုပ်ငန်းရှင်တွေ ကျဆုံးနေ တော့ သားကြီး ခင်မောင်၀င်းခန့်က အရှုံးပေါ်နေတဲ့ လက်ရှိကုမ္ပဏီရဲ့ တစ်၀က်ကို ခွဲဝေပြီး ၀ယ်ယူလိုက်ပါတယ်။ အချိန်အခါနဲ့ အခြေအနေ မပေးမှန်း သိလျက်နဲ့ စွန့်စားပြီးလုပ်ရတာမို့ ကြိုး စား အားထုတ်မှုတော့ နှစ်ဆတိုး ရုန်းကန် လှုပ်ရှားရတယ်ပေါ့။ ကျွန်မလည်း သူတို့အတွက် စိတ်ပူ လို့ဆုတောင်းလိုက်ရတာအမော။ သား ကတော့ အားပေးပါရဲ့။

"မာမီ စိတ်ပူမနေပါနဲ့။ပိုင်ဆိုင်သမျှ အားလုံးကုန်သွားလည်း လုပ်စားစရာ သားမှာပညာကျန်နေ သေးတာပဲ။ ဒါ့အပြင် ရလိုက်တဲ့ အတွေ့အကြုံအမြတ်အစွန်းတွေလည်း ရှိဦးမှာလေ"တဲ့။
သားပြောတာလည်း အမှန်ပါပဲ။ ကံကောင်းထောက်မဖို့ ထိုင်စောင့်နေမဲ့အစား အခွင့်သာခိုက်
ရှိသမျှကိုယ့်အရည်အချင်း အားကုန်ထုတ်ပြီး ထုတ်ယူရမှာပါပဲ။ နိုင်ရင်လည်းနိုင်၊ ရှုံးရင်လည်းရှုံး၊ အရှုံးကို ကြောက်နေလို့ကတော့ ဘာမှဖြစ်လာမှာမဟုတ်ပါဘူး။ သားတို့ တစ်မိသားစုလုံး သုံးနှစ် လောက်အလူးအလဲ ရုန်းကန် လိုက်ပြီးမှ ကုမ္ပဏီက စီးပွားရေး အဆင်ပြေစပြုလာတာပါ။ ခုနစ်နှစ် ရှိတော့စက်မှုဇုန်မှာ ကိုယ်ပိုင် စက်ရုံကြီးတစ်ခု တည်ဆောက်နိုင်တဲ့အထိ အောင်မြင်လာတာမို့ ကြိုးစားရကျိုး၊ စွန့်စားရကျိုးနပ်တယ် ဆိုပါတော့။

ဒီတစ်ခေါက် ရှီကာဂို သွားရတဲ့ခရီးကတော့ သားရဲ့အလုပ်ရုံသစ် ဖွင့်ပွဲအတွက် ဂုဏ်ယူစရာတစ် ခုအပြင် ဒုတိယမြေး ခန့်ညီညီ ရဲ့ဇနီး မီးရှယ်လ်တို့က သမီးဦးလေး ခန့်ဒေဝီကို ဖွားသန့်စင်တာနဲ့ တိုက်နေတာမို့ ကျွန်မ ရဲ့ပထမဆုံးမြစ်ဦး ရဲ့ ကင်ပွန်းတပ်ပွဲပါ ဆင်နွှဲရမှာဆိုတော့ ကျေနပ်ကြည်နူး မဆုံးပေါ့။
ရှီကာဂို မှာ ရှိနေဆဲ တစ်ညနေ မော်စကိုက သားကိုရွှေစင် ဖုန်းဆက်လာပါတယ်။ သားမြန်မာပြည်ကိုနို၀င်ဘာ ၁၀ ရက်နေ့အရောက်သွားဖို့ စီစဉ်နေတယ်။ မာမီလိုက်မယ်ဆိုရင် နိုင်၀င်ဘာလ ၆ရက်နေ့ အရောက်ရန်ကုန်ကိုလာခဲ့၊ ဟိုမှာဆုံကြပြီး အတူလည်ရအောင်တဲ့။
မမျှော်လင့်တဲ့ သတင်းကောင်းကြားရတော့ ကျွန်မထခုန်မတတ် ၀မ်းသာသွားတော့တာပဲ။ ကုသိုလ် ကံကောင်းတဲ့အလှည့်လေးတွေ ကြုံရတော့လည်း ဒီလိုပါပဲ။ တစ်ခုပြီးတစ်ခုဆက်တိုက် မထင်မှတ်တာတွေ ဖြစ်လာတတ်တာပဲနော်။ ဖုန်းချပြီးတာနဲ့ မိနစ်မဆိုင်း ကျွန်မသားရွှေစင်နဲ့အတူ မြန်မာပြည်ပြန် လာမဲ့အကြောင်း ၀မ်းသာအားရနဲ့ သားကြီး၀င်းခန့်ကိုပြေးကြွားတော့ သူပါလိုက်ချင်တယ်ဖြစ်ပါရော။

သားကြီးခမျာ စာသင်ဖို့ ၁၈နှစ်သားကတည်းက အမိမြေက ခွဲလာခဲ့ရတာအခုဆို ၃၆နှစ်ကြာမျှ ရှိနေပြီဆိုတော့ ပြန်ချင်ပေမယ်ပေါ့။ ခက်တာက အခုပဲ စက်ရုံသစ်ဖွင့်ထားတာ ရက်ပိုင်းပဲ ရှိသေးတာမို့ မပြီးပြတ်သေးတဲ့ ကိစ္စတွေက ရှိနေဆဲလေ။ သားကိုရွှေစင်ကလည်း ခွင့်ရက်က ပြောင်းလို့ မရတာကြောင့် အစ်ကိုနဲ့ ရက်တိုက်လို့ မရပြန်ဘူး။
ပထမအစီအစဉ်က ကျွန်မ နိုင်၀င်ဘာ ၄ရက်နေ့ဒီကထွက်၊ ရန်ကုန်ကို ၆ရက်နေ့ရောက်၊ သားနဲ့ ၁၀ရက်နေ့မှာ ဆုံကြပြီး အတူလျှောက်လည်၊ သားက ၂၂ရက်နေ့ မော်စကိုပြန်ပြီး ကျွန်မက လကုန်ထိ ဆက်နေ မယ်ပေါ့။ အခုကျ သူတို့ညီအစ်ကိုနှစ်ယောက် ရက်ညှိမရတာနဲ့ သားကြီး ထွက်လာနိုင်တဲ့ ဒီဇင်ဘာ ၁ရက်နေ့အထိ ဆက်စောင့်၊ သားရောက်လာတော့ သုံးပတ် အတူလည် ကြပြီးမှ အတူပြန် မှာကြောင့် စုစုပေါင်းခြောက်ပတ်ကြာ နေခွင့်ရသွားတာမို့ စူဠလိပ် ရေထဲလွှတ်တဲ့ အတိုင်းပျော်မဆုံးဖြစ်သွားတော့တာပါ။

မြန်မာပြည်ကို လေးနှစ်ကြာမှ ဒုတိယအကြိမ် ပြန်ရောက်ရတာမို့ ကျွန်မအတွက် နေ့စဉ် အပျော် ရက်များဖြစ်နေတော့တာပဲ။ သားနဲ့အတူ ပုဂံနဲ့မန္တလေး၊ စစ်ကိုင်းကိုလည်း ၁၂ရက် အတွင်း ရောက်အောင်သွားလိုက်ကြသေးတယ်။ သားလတ် ကိုရွှေစင်ပြန်ပြီးတော့ သားကြီး၀င်းနဲ့အတူ ငယ်ရွယ်စဉ် ကလေးဘ၀ကတည်းက မြန်မာပြည်ကို စိတ်၀င်စားတဲ့ မြေး အကြီးဆုံး ခန့်ကိုကို လည်းပါလာတာ မို့ သူတို့သားအဖနှစ်ယောက်ကို ဧည့်ကြိုလုပ်ရင်း ရန်ကုန်၊ ပုဂံ၊ ပုပ္ပါး၊ မန္တလေး၊ စစ်ကိုင်း၊ အင်းလေး၊ တောင်ကြီးထိ လိုက်ပို့ရပါတယ်။
၃၆နှစ်ကြာ ကွဲကွာနေတဲ့ ဆွေမျိုးတွေက ဟိုတုန်းက "၀င်းလေး"နဲ့ ချစ်စနိုးခေါ်ကြတဲ့ သူငယ်လေး ကိုအခု ဆံပင် အဖြူအဖွေးသားနဲ့ ငါးဆယ်ကျော် အဘိုးကြီးအဖြစ်မြင်ကြရတော့ မမှတ်မိဘဲ တအံ့ တသြဖြစ်လို့ ။ နှစ်တွေပြောင်းသလို ရုပ်ဆင်းအသွင်ကလည်း ပြောင်းပေမဲ့ နှလုံးသားထဲက မြန်မာပြည်သားဆိုတဲ့ ဇာတိစိတ်ကတော့ မပြောင်းလဲပါဘူး။

၁၉၉၇ခု တစ်နှစ်လုံး ခရီးတွေများပြီး မနားရတာနဲ့ ခုရောက်လာတဲ့ ၁၉၈၈ခုနှစ်ဦးမှာ အိမ်မှာ ခေတ္တ အနား ယူရင်း မျက်စိခွဲဖို့ကိစ္စရှိတာကို လုပ်ဖို့ဆရာ၀န်နဲ့ ရက်ချိန်းယူထား ပါတယ်။ နှစ်သစ်နဲ့ အတူ ရောက်လာ တဲ့သတင်းကောင်းတစ်ခုက သားကိုရွှေစင် မော်စကိုက တာ၀န်နှစ်စေ့လို့ မိုရိုကိုနိုင်ငံ ကိုပြောင်းရမယ် ဆိုတာပါပဲ။ မတ်လကျရင် ဝါရှင်တန်ကိုပြန်လာပြီး အောက်တိုဘာလမှာ မိုရိုကိုကို သွားရမှာတဲ့လေ။
သြဘစ်ထဲမှာ နက္ခတ်တာရာတွေ တစ်ခုနဲ့တစ်ခုနီးလာလိုက်၊ ဝေးသွားလိုက်ဖြစ်သလို ကျွန်မဘ၀ မှာလည်းသားသမီးတွေနဲ့ နီးလိုက်၊ ဝေးလိုက် သံသရာလည်နေတာပါပဲ။ အခုလည်း မျက်စိခွဲရ မဲ့ဖေဖော်ဝါရီလ ၁၁ရက်မတိုင်မီ ကျွန်မကို အနီးကပ်ပြုစုဖို့ဆိုပြီး သမီးထွေးသူဇာတို့ မိသားစု တစ်စု လုံး ရောက်လာကြလေရဲ့။ သူတို့ကသာ ပူစရာမရှိ ရှာကြံပူပြီးရောက်လာကြတာ။ ဒီမှာ မျက်စိခွဲတာလောက် က ထမင်းစားရေသောက်ပါပဲ။

ခွဲမဲ့မနက်စောစောမှာ ဆေးရုံရောက်အောင်သွား၊ လိုအပ်တဲ့ပြင်ဆင်မှုတွေလုပ်၊ မျက်စိကို ဆေးမျိုး စုံခတ်၊ ခုနစ်နာရီခွဲမှာ ခွဲခန်းထဲ၀င်၊ လေဆာနဲ့တိမ်ကိုဖယ်ထုတ်၊ ပါဝါပါတဲ့ Lensတစ်ခါတည်းထည့်၊ ပြန်ချူပ်၊ ၄၅မိနစ် ဆို အားလုံးသောကိစ္စပြီးပါလေရော။
နေ့လယ် မွန်းမတည့်မီ အိမ်ပြန်ဆင်းလို့ ရနေပါပြီ။ တစ်ပတ်လောက်အားစိုက်ပြီး စာမဖတ်နိုင် သေးတာက လွဲရင် တီဗွီ လည်းကြည့်လို့ရ၊ ကားလည်းမောင်းလို့ရ၊ အလေးအပင်မ မရတာတစ်ခုပဲ ဂရုစိုက်ရှောင်ဖို့ လိုအပ်ပါတယ်။
ဒီနှစ်ထဲမှာတော့ ကျွန်မ အခွဲအစိတ်တွေနဲ့ အကျိုးပေးလေရဲ့။ မျက်စိက ပြီးတော့ သွားတွေက တစ်ခါ ဒုက္ခပေး လာတာကြောင့် ခွဲရစိတ်ရ၊ နုတ်ရ၊ အသစ်စိုက်ရ၊ အသက်ကလည်း ၇၀ကျော်နေပြီ ဆိုတော့ ကားဟောင်းကြီး တစ်ခုလို ဟိုကချို့ယွင်း၊ ဒီကချို့ယွင်းနဲ့ ဇယမ္ပိဒုက္ခောရဲ့ဒဏ်တွေ ခံစား နေရတယ် ဆိုပါတော့။ တစ်ပတ်တစ်ပတ် ဆရာ၀န်ရက်ချိန်းတွေနဲ့ပဲ ဆေးခန်းမှာ အချိန်ကုန်ရင်း ပါးစပ်ထဲ ကားတစ်စီးစာ နီးပါးလောက် အရင်းအနှီးထည့်လိုက်ပြီးမှပဲ အားလုံးအဆင်ချောသွားပါ တော့တယ်။

ဒီလိုနဲ့ ဧပြီလထဲမှာ လူရင်းထဲက မင်္ဂလာဆောင်တစ်ခုပေါ်လာတာနဲ့ သမီးကေခိုင်တို့ရှိရာ တက္ကဆက်ပြည်နယ်ကို သွားလိုက်ရသေးတယ်။ ပြန်လည်းလာရော ကျွန်မ မွေးနေ့နဲ့အတူ ကျရောက်လေ့ရှိတဲ့ အမေများနေ့ က ဆီးကြိုနေပြီလေ။ ဒီနှစ်မှာတော့ ကျွန်မအတွက် အထူးခြားဆုံး၊ အမွန် မြတ်ဆုံး၊ ကျေနပ်နှစ်သက်မဆုံးသော လက်ဆောင်ကောင်းတစ်ခု ရတာမို့ အမှတ်တရ ဖြစ်သော နှစ် လို့ ဆိုရမှာပါ။
မေလ ၁၀ရက်နေ့မှာ ကျရောက်တဲ့ အမေများနေ့မှာ သမီးကေသီနဲ့ မြေးနှစ်ယောက်ပါ စောစော စီးစီး နှင်းဆီပန်းတွေနဲ့ ရောက်

Address

Yangon

Website

Alerts

Be the first to know and let us send you an email when The Reader posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share