28/11/2023
အမ်းတွင် စစ်ကောင်စီ ထောင်ထားသည့် မိုင်းနင်းမိ၍ ကျောင်းသားတစ်ဦးသေဆုံး၊ မိခင်ဖြစ်သူ ပြင်းထန်ဒဏ်ရာရ
Western News| နိုဝင်ဘာ ၂၈
ရခိုင်ပြည် အမ်းမြို့ တပ်တောင်အနီး ပဒေါက်ချောင်ကျေးရွာတွင် ယနေ့ နိုဝင်ဘာ ၂၈ ရက် နံနက်ပိုင်းအချိန့်ခန့်က စစ်ကောင်စီ ထောင်ထားသည့် မြေမြုပ်မိုင်းနင်းမိ၍ ကျောင်းသား ကလေးငယ်တစ်ဦး သေဆုံးမှုရှိခဲ့ပြီး မိခင်ဖြစ်သူမှာ ပြင်းထန် ဒဏ်ရာ ရရှိခဲ့ကြောင်း အမ်းဒေသခံများက ပြောသည်။
သေဆုံးသူမှာ တပ်တောင်တွင် လာရောက်နေထိုင်နေသည့် အမ်းမြို့နယ်၊ လုံးကျေးရွာဒေသခံဖြစ်ပြီး အုတ်ဖုတ်သည့် လုပ်ငန်းခွင်သို့ မိခင်ဖြစ်သူနှင့် အတူသွားစဥ် စစ်ကောင်စီတပ်စွဲနေထိုင်သည့် တာဝါတိုင်တောင် (ဒေသအခေါ်) အနီး မိုင်းနင်းမိခဲ့ကြခြင်း ဖြစ်သည်။
မြေမြှုပ်နင်းမိစဉ် သားဖြစ်သူမှာ နေရာတွင်ပင်သေဆုံးခဲ့ပြီး မိခင်ဖြစ်သူမှာမူ ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း တပ်တောင်ဒေသခံတစ်ဦးက Western News ကို ပြောသည်။
"သူတို့က အုတ်ဖုတ်တဲ့နေရာကိုသွားတာပါ။ မိုင်းကတော့ တပ်နားမှာအရင်ကတည်းကထောင်ထားတာရှိတယ်။ အဲ့ဒါကိုနင်းမိပြီး သားဖြစ်သူကတော့ သေသွားတယ်" ဟုပြောသည်။
မိုင်းနင်းမိ၍ သေဆုံးသွားသည့် သားဖြစ်သူမှာ ၄ တန်းကျောင်းသား မောင်ဇွဲနိုင်ထွန်းဖြစ်ပြီး ဒဏ်ရာရရှိခဲ့သည့် မိခင်ဖြစ်သူမှာ အသက် ၃၀ ကျော်အရွယ် ဒေါ်သူဇာဖြစ်ပြီး လက်ရှိ တပ်တောင်ဆေးရုံတွင် တက်ရောက်ဆေးကုသ ခံယူနေကြောင်း သိရသည်။
အမ်းမြို့ တပ်တောင် စစ်ကောင်စီတပ်စွဲနေထိုင်သည့် တာဝါတိုင်တောင် (ဒေသအခေါ်)အနီးတွင် မိုင်းပတ်ပတ်လည်း မြှုပ်နှံထားပြီး ညပိုင်းနှင့် ညဉ့်ပိုင်းတွင် တိရိစ္ဆာန်များ သွားလာမှုရှိနေ၍ မကြာခဏဆိုသကဲ့သို့ မိုင်းပေါက်ကွဲခြင်း ဖြစ်တက်ပြီး ယခုတစ်ကြိမ်တွင် ဒေသခံများ သေဆုံးမှုများ ဖြစ်ပေါ်ခြင်းဖြစ်သည်။
ရခိုင်တွင် ၂၀၂၃ ခုနှစ် ပြီးခဲ့သည့် အောက်တိုဘာလအတွင်းကလည်း ပုဏ္ဏားကျွန်း ယိုးတရုတ် မီးရထားဘူတာမှာ စစ်ကျန်လက်နက်ပေါက်ကွဲမှုကြောင့် ၆ နှစ်အရွယ် ကလေးငယ်တစ်ဦးသေဆုံးကာ နောက်ထပ် ကလေးငယ် ၂ ဦး ထိခိုက်ဒဏ်ရာရရှိမှုရှိခဲ့သည်။
ရခိုင်တွင် ပြီးခဲ့သည့် တိုက်ပွဲကာလများအတွင်းက မြေမြုပ်မိုင်းနှင့် စစ်ကျန်လက်နက်ပေါက်ကွဲမှုကြောင့် သေဆုံးသူ ၇၀ ထက်မနည်းရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၁၀၀ ကျော်ခန့်ရှိခဲ့ကြောင့် အရပ်ဖက်အဖွဲ့စည်းများ၏ စာရင်းအချက်လက်များအရသိရသည်။
Western News-WN
ပုံစာ- သေဆုံးသူ သားဖြစ်သူနှင့် ပြင်းထန်ဒဏ်ရာရရှိခဲ့သူ မိခင်ဖြစ်သူအား ဆေးရုံတွင် တွေ့ရစဉ်။