14/09/2025
ဒီပုံကစာလေးမှာ ကျွန်တော့်အမြင်က..
မြန်မာမိသားစု (အကုန်လို့မဆိုလိုပါဘူး ယေဘုယျပေါ့ဗျာ) တစ်ခုမှာ သားသမီးနှင့် မိဘဆက်ဆံရေးက အချစ်အပေါ်အခြေခံတာထက် ရိုသေမှု၊ နာခံမှု၊ ယဉ်ကျေးမှုတို့ကို အခြေပြုတာများတယ်။ ဒီလိုပြောလို့ ကျွန်တော်တို့မြန်မာလူမျိုးတွေက အချစ်ကို မခံစားတတ်တာ၊ အချစ်မရှိတာမျိုး မဟုတ်ဘူးဗျာ။ စာတွေ၊ ကဗျာတွေ၊ ရုပ်ပုံ ပန်းချီကားတွေနှင့် ပုံဖော်ထားတာတွေမှ မြန်မာစာပေ၊ အနုပညာမှာ အများကြီးရှိပါတယ်။
ဒါပေမဲ့ စာတွေမှာ သီကုံးရေးဖွဲ့သလို တကယ့် လက်တွေ့ဘဝမှာ လုပ်ဖြစ်ကျလားဆိုတာက ခေတ်အလိုက်လူ့အဖွဲ့အစည်းအပေါ်မှာမူတည်သွားတော့ ကျွန်တော်တို့ရဲ့ မျိုးဆက်နှစ်ဆက်လောက်က ဒီလို အချစ်နှင့်ပတ်သက်တဲ့ အရာတွေ၊ နှုတ်အရ၊ အလုပ်အရ ဖော်ပြခြင်းတွေကို သိပ်မလုပ်ဖြစ်ကြတော့တာလို့ ကျွန်တော်တွေးမိတယ်။
မကောင်းဘူးလား ဆိုတော့ မဟုတ်ဘူး။ အရာတိုင်းမှာ အကောင်းအဆိုးဆိုတာ ရှိစမြဲဖြစ်တာကြောင့် သူ့အားသာချက်၊ အားနည်းချက်နှင့်သူတော့ ရှိတာပေါ့ဗျာ။
ကျွန်တော်တို့ မိဘတွေ ကျွန်တော်တို့ကို မချစ်ဘူးလားမေးရင် ပုံစံမတူ ချစ်ခြင်းတွေနှင့် ချစ်ကြတာပေါ။
ဒါပေမဲ့ တော်တော်များများမှာ မိဘတွေရဲ့ချစ်ခြင်းကို ကျွန်တော်တို့ကို စာတော်စေချင်ခြင်း၊ အလုပ်အကိုင်ကောင်းကောင်း လစာကောင်းကောင်းရစေချင်ခြင်း၊ အိမ်ထောင်ဘက်ကောင်းနှင့် လက်တွဲစေချင်ခြင်း လိုမျိုး ဘဝရဲ့အောင်မြင်မှုတွေကိုရအောင် ကြိုးစားစေတဲ့ ဘက်ကနေ ချစ်ခြင်းကို ငယ်ငယ်ကစပြီး ကြုံတွေ့ရတယ်။
ကျွန်တော်တို့ မိဘတွေခေတ်တုန်းက စားဝတ်နေရေးထအပါအဝင် နိုင်ငံ့အရေး၊ လုံခြုံမှု ဖူလုံမှုတွေကို ရှေ့တန်းတင်ရင်း ကြီးပြင်းလာခဲ့ကြရတာဖြစ်တော့ သူတို့ရဲ့ သားသမီးတွေအလှည့်မှာ ဒါမျိုး မကြုံတွေအောင်၊ မခံစားရအောင်ဆိုတဲ့ ဆန္ဒက သူတို့ရဲ့ကျွန်တော်တို့အပေါ်ထားတဲ့ ချစ်ခြင်းပုံစံတစ်မျိုးဖြစ်တယ်လို့ ကျွန်တော်ယူဆမိတယ်။
‘သား အဆင်ပြေလား’ ဆိုတဲ့မေးခွန်းမှာ သားရဲ့စိတ်အခြေအနေကိုမေးတာမျိုးထက် ကျောင်းစာတွေလိုက်နိုင်လား၊ အမှတ်တွေကောင်းလား၊ ကျူရှင်သင်ဖို့လိုအပ်မလား ဆိုတဲ့ အရာတွေကိုပိုပြီး အာရုံစိုက်တယ်။
ပုံကစာလေးနဲ့ချိတ်ဆက်ချင်တာကဗျာ..
ခံစားချက်တွေကို ပွင့်ပွင့်လင်းလင်း ဖော်ပြတတ်အောင်၊ နားလည်အောင် ငယ်ငယ်က အထိတွေ့နည်းခဲ့မည်၊ အတွေ့အကြုံနည်းခဲ့မည်ဆိုရင်တောင် တစ်ဘက်ကကြည့်ရင်လည်း ကျွန်တော်တို့မှာ ကျွန်တော်တို့မိဘတွေရဲ့ သွန်သင်ဆုံးမမှုအောက်ကနေ ကြီးပြင်းလာခဲ့တာကြောင့် အနည်းနှင့်အများဆိုသလို ရလိုက်တဲ့ အားသာချက်တွေအများကြီးရှိပါတယ်.. လူကြီးမိဘကို ရိုသေလေးစားတာ၊ အခြေအနေအချိန်အခါကိုကြည့်တတ်တာမျိုးတွေကအစပေါ့ဗျာ။
အောက်ဆုံးကစာသားလေး “So you grew up believing love means not being a burden” ဆိုတာကတော့ ကျွန်တော့်ကို ဝမ်းနည်းစေတယ်။ ဘာလို့လဲဆိုတော့ မှန်နေတယ်။
မိဘကို ကိုယ်အသက်ကြီးလာတာနှင့်အမျှ ဝန်ထုပ်ဝန်ဖိုး မဖြစ်စေချင်ဘူးဆိုတာမှာ ပစ္စည်းဥစ္စာအရရော စိတ်ပိုင်းဆိုင်ရာအရရော ပါပါတယ်။
“တော်ပါပြီ.. မပြောတော့ပါဘူး။ သိသွားလို့ အမေ စိတ်ဆင်းရဲနေဦးမယ်” “မပြောပါနဲ့တော့ကွာ ငါတို့မောင်နှမတွေပဲ ကြည့်ပြီးဖြေရှင်းလိုက်မယ်။ အမေတို့ကို သွားပြီး စိတ်ဒုက္ခ မပေးနေနဲ့တော့။”
ဒီစကားတွေက ကျွန်တော်တို့ ဘဝမှာ အနည်းဆုံး တစ်ခါတော့ ဝင်ဖူး၊ တွေးဖူး၊ လုပ်ဖူးတဲ့ ဖြစ်ရပ်တွေပါ။
အခက်အခဲတစ်ခုကို ပွင့်လင်းစွာ ဖွင့်ဟပြောခြင်းက တစ်ဘက်သူကို အထူးသဖြင့် မိဘတွေနှင့်ပတ်သက်လာရင် ဝန်တစ်ခုပေးတာပဲဆိုတဲ့ အတွေးက ကျွန်တော်ကိုယ်တိုင်လည်း ဒီနေ့ဒီအချိန်အထိ ကြုံတွေ့ဆဲ၊ ကြိုးစားဆဲ အခြေအနေတစ်ခုပေါ့ဗျာ။
ဒါပေမဲ့ ကျွန်တော့် ကိုယ်ပိုင်အတွေ့အကြုံကနေ ဒီစာလေးမှာ ကျွန်တော်မျှဝေချင်တာက “ကိစ္စတစ်ခုမှာ အစပြုလုပ်ဆောင်စရာ ရှိလာရင် အထူးသဖြင့် ကိုယ်ချစ်ရတဲ့သူနှင့်ပတ်သက်နေရင် ကိုယ်ကနေစလိုက်ပါ” ဆိုတာပါ။
ခံစားချက်တွေ ထုတ်ပြောတတ်တဲ့ အလေ့မရှိဘူးလား။
နည်းနည်း ဖြည်းဖြည်းချင်း ကိုယ့်ဘက်ကနေစပြီး စကားစပြုကြည့်ပါ။ ချက်ချင်းမဟုတ်ရင်တောင် တဖြည်းဖြည်း အပြောင်းအလဲလေးတွေ တွေ့လာပါလိမ့်မယ်။
မေတ္တာတရားအခြေခံပြီး ဖြစ်တည်နေတဲ့ ဆက်ဆံရေးတွေ၊ တော်စပ်မှုတွေဖြစ်တာကြောင့် အနည်းနှင့်အများဆိုသလို ခက်ခဲမှုရှိနိုင်ပေမယ့် လုံးဝမဖြစ်နိုင်တဲ့ အခြေအနေမဟုတ်ဘူးဆိုတာကို ကိုယ်ကိုယ်တ်ိုင် စိတ်ထဲမှာ ဦးစားပေး ကြိုးစားကြည့်မယ်ဆိုရင် ကောင်းဖို့အများကြီးဖြစ်နိုင်တဲ့
အခွင့်လေးပါလို့ ကျွန်တော် သုံးသပ်မိပါတယ်ဗျာ။
အလုံးစုံကိုခြုံရေးတာကြောင့် ကွဲလွဲမှုတွေရှိမှာပါ။ အတွေ့အကြုံကိုယ်စီ ဘဝကိုယ်စီရှိကြတာကြောင့် ကျွန်တော်ရဲ့ ဒီစာလေးမှာ အပြုသဘောလေးကို ပိုဖြည့်တွေးပေးပါလို့ပြောရင်း..
- ကွန်ထရိုးလ်