The Feeds

The Feeds Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from The Feeds, News & Media Website, Yangon.

"အမြဲတမ်းလိုလို 'လမကုန်ခင် ပိုက်ဆံအရင်ကုန်' နေနှင့်တဲ့သူတွေအတွက် ချွေတာရေးနည်းနာအဖြာဖြာ"လကုန်ခါနီးရက်တွေကိုရောက်လာတာနဲ့ ...
12/12/2023

"အမြဲတမ်းလိုလို 'လမကုန်ခင် ပိုက်ဆံအရင်ကုန်' နေနှင့်တဲ့သူတွေအတွက် ချွေတာရေးနည်းနာအဖြာဖြာ"

လကုန်ခါနီးရက်တွေကိုရောက်လာတာနဲ့ ဟောင်းလောင်းဖြစ်ဖြစ်သွားတတ်တဲ့ ကိုယ့်ပိုက်ဆံအိတ်ကိုကိုယ်ပြန်မြင်ရတာက အတော်စိတ်ပျက်စရာအဖြစ်သနစ်ပါ။ ဒါပေမဲ့ ဒါက ကိုယ်တစ်ယောက်တည်းကြုံ‌နေရတဲ့အဖြစ်မျိုးမဟုတ်တဲ့အတွက် ဘာမှအားငယ်စရာတော့မရှိပါဘူး။ လမကုန်ခင် ပိုက်ဆံအားလုံးကုန်သွားနှင့်တဲ့သူတွေက အများကြီးမှ အများကြီးပါ။

ဘာဖြစ်လို့များ ပိုက်ဆံတွေဟာ အဲဒီလို မြန်မြန်ကုန်ကုန်သွားနေရတာလဲ? အပြစ်ဖို့စရာက တခြားသူမကြည့်ပါနဲ့ ကိုယ်တစ်ယောက်ပဲရှိမှာပါ။ ကိုယ်ရှာတာမို့ကိုယ်သုံးမယ်ဆိုပြီး တကယ်တမ်းမလိုတဲ့အရာ‌တွေအတွက်ဖြုန်းတီးမိလိုက်တာ‌တွေ ပိုပိုများလာလို့ ဒီလိုမျိုးအမြဲဖြစ်နေရတာပါပဲ။ ဆိုတော့.... အပိုအသုံးစရိတ်တွေမရှိလာစေနိုင်ရေး လိုက်နာလုပ်ဆောင်ကြည့်သင့်တဲ့နည်းကောင်းတချို့ကို ပြောပြပေးလိုက်ပါဦးမယ်။

၁။ အသုံးမပြုဖြစ်တဲ့လျှပ်စစ်ပစ္စည်း၊ အသုံးအဆောင်တွေမှန်သမျှပလပ်ဖြုတ်ထားပါ
အိမ်မှာ လျှပ်စစ်ဓာတ်အား သိပ်လည်းမသုံးဘဲနဲ့ ဘာလို့မီတာခတွေက များနေရလဲ စဉ်းစားမိဖူးမှာပါ။ အသုံးမပြုပေမဲ့လည်း ပလပ်တပ်ထားရင် ဓာတ်အားစီးဆင်းမှုကရှိနေတဲ့အတွက် မီတာကတက်နေမှာပဲဖြစ်ပါတယ်။ ဒါ့အပြင် အသုံးအရမ်းမလိုတဲ့ မီးလုံးမီးချောင်းတွေကို ပိတ်ထားပါ။ မလိုအပ်ရင် လျှပ်စစ်မီးကို လုံးဝမသုံးပါနဲ့။

၂။ အသုံးမတည့်တော့တဲ့ပစ္စည်းတွေကိုရောင်းပစ်ပါ
မဝတ်တော့တဲ့အဝတ်အစားအဟောင်းတွေနဲ့ အသုံးမဝင်တော့တဲ့အသုံးအဆောင်ပစ္စည်းတွေကို ပြန်သာရောင်းပစ်လိုက်ပါ။ တကယ်တမ်းပြောရရင် ဒီလိုလုပ်တာက အပိုသုံးစရာငွေတောင် ထွက်လာပါသေးတယ်။

၃။ လျှော့ဈေးဘောက်ချာတွေ၊ ဈေးရောင်းပွဲတွေရဲ့သတင်းကို အမြဲ နားစွင့်နေပါ
ဈေးလျှော့ရောင်းတာတွေ သွားဝယ်ဖို့ ဘောက်ချာနဲ့ ဝယ်ဖို့ကို သိပ်စိတ်မဝင်စားဘူးဆိုရင်တောင် ဒီနည်းလမ်းဟာ ကိုယ့်အတွက် ငွေကုန်ကြေးကျ အရမ်းသက်သာစေတယ်ဆိုတာကို မမေ့ပါနဲ့။ တစ်နေ့တာအတွက် လိုအပ်တဲ့စားသောက်စရာတွေ၊ အသုံးအဆောင်ပစ္စည်းတွေကိုလည်း နာမည်ကြီးကုန်တိုက်တွေမှာထက် ဈေးပိုသက်သာတဲ့အပြင်အရောင်းဆိုင်တွေ၊ ဈေးတွေမှာပဲ ဝယ်ယူသင့်ပါတယ်။

၄။ တကယ်မလိုအပ်တဲ့အသင်းဝင်ကြေးတွေ၊ ဝန်ဆောင်မှုစရိတ်တွေကို ကန့်သတ်ပစ်လိုက်ပါ
တစ်ခါတစ်လေမှာ ပုံမှန်သုံးဖြစ်တာမဟုတ်တဲ့ ဝန်ဆောင်မှုတွေ ယူထားမိတတ်ပါတယ်။ ဥပမာ ဖုန်း Ring tune ဝန်ဆောင်မှုဆိုတာက မရှိလည်း ဘာမှမဖြစ်ပါဘူး။ ပုံမှန်သွားလေ့မရှိဘဲ မသါားနိုင်ဘဲနဲ့ Gym နဲ့ တခြားကလပ်တွေမှာ အသင်းဝင်ထားတာမျိုးလည်း မတန်ပါဘူး။ ဒီလို ဝန်ဆောင်ခတွေ၊ အသင်းဝင်ကြေးပေးသွင်းရမယ့်ကိစ္စတွေကို စိစစ်ဖျက်သိမ်းပစ်ပါ။

၅။ ဖုန်းပြောဆိုမှုနဲ့ အင်တာနက်သုံးစွဲမှု plan တွေကိုပြောင်းလဲပါ
ကိုယ့်ရဲ့ ဖုန်းပြောဆိုမှုနဲ့ အင်တာနက်သုံးစွဲမှုအလေ့အထအပေါ် မူတည်ပြီး တကယ်သင့်တော်မယ့် Data Plan တွေ၊ ခေါ်ဆိုခသက်သာတဲ့ Voice Package တွေကို ဝယ်သုံးကြည့်ပါ။ ဖုန်းနဲ့ အင်တာနက်အသုံးပြုခတွေကို အရင်ထက် ပိုပြီးချွေတာနိုင်လာပါလိမ့်မယ်။

၆။ အပြင်စာဝယ်စားတာကို တတ်နိုင်သမျှရှောင်ပါ
အလုပ်မှာစားမယ့်နေ့လယ်စာ ရော ညစာအတွက်ကိုပါ အပြင်မှာဝယ်စားနေတယ်ဆိုရင် စားရိတ်အဆမတန်ထောင်းလာမှာပါ။ ဈေးဝယ်ပြီး အိမ်မှာချက်စားတာက စားရတာလည်းကောင်းသလို စားရိတ်စကကိုလည်းအများကြီးပိုသက်သာစေပါတယ်။ ပြီးတော့ အပြင်ဆိုင်တွေမှာ ရောင်းတဲ့အစားအစာတွေက ကြိုပြင်ဆင်ထားတာတွေဖြစ်လို့ကျန်းမာရေးနဲ့ညီညွတ်တာလည်း အတော်ကိုရှားပါတယ်။ စားကောင်းတာကိုမက်ပြီး ဈေးကြီးတဲ့ဆိုင်တွေမှာပဲ ခဏခဏသွားစားနေမယ်ဆိုရင်တော့ သင့်ပိုက်ဆံအိတ်ပြားနေတာက ဘာမှထူးဆန်းတဲ့ကိစ္စမဟုတ်ပါ လို့‌သာ ပြောရမှာပါပဲ။

"မကြည့်ရသေးရင် ကြည့်ဖြစ်အောင်ကြည့်သင့်တဲ့ ၂၀၂၃ ရဲ့ အကောင်းဆုံးရုပ်ရှင်ကားများ"ရုပ်ရှင်တွေကတော့ နှစ်တိုင်း ဖောချင်းသောချင...
12/12/2023

"မကြည့်ရသေးရင် ကြည့်ဖြစ်အောင်ကြည့်သင့်တဲ့ ၂၀၂၃ ရဲ့ အကောင်းဆုံးရုပ်ရှင်ကားများ"

ရုပ်ရှင်တွေကတော့ နှစ်တိုင်း ဖောချင်းသောချင်းကိုထွက်လာ‌နေတာပါပဲ။ ဒါပေမဲ့ ကြည့်ပျော်ရုံကားမျိုးတွေက ခပ်များများဖြစ်‌နေပြီးကြည့်ပျော်ရုံအပြင် မှတ်မှတ်ရရ တွေးစရာရသတစ်ခုခုကို ချန်ခဲ့နိုင်တဲ့၊ တင်ဆက်ပုံအနုပညာအရည်အသွေးအရ ဟာခနဲ ဟင်ခနဲ ဖြစ်‌သွားစေတဲ့ရုပ်ရှင်ကောင်းမျိုးက ခပ်ရှားရှားရယ်ပါ။ ၂၀၂၃ ခုနှစ်မှာထွက်ထားခဲ့သမျှရုပ်ရှင်တွေထဲက ကြည့်ရတန်မယ့် အကောင်းဆုံးရုပ်ရှင်တချို့ကို ရွေးထုတ်ပြောပြပေးလိုက်ပါတယ်။ (Killers of the Flower Moon ရုပ်ရှင်တို့ဘာတို့ကတော့ ကိုယ်တိုင်လည်းသေချာမကြည့်ရသေးလို့ မထည့်လိုက်တော့ပါဘူး)

၁) Spiderman: Across the Spider-Verse
အချိန်အတော်ကြာစောင့်မျှော်ခဲ့ရတဲ့ Spiderman: Into the Spider-Verse ရဲ့ sequel ရုပ်ရှင်က ပရိသတ်ကိုလုံးဝ စိတ်ပျက်စရာမ‌ဖြစ်စေခဲ့ပါဘူး။ ပြောရရင် visuals, soundtracks, cast တွေရဲ့ performance နဲ့ storyline ဘယ်အပိုင်းကကြည့်ကြည့် ပြစ်ချက်ကိုမရှိသလောက်ပါပဲ။ ဒါကြောင့် ၂၀၂၃ ထွက်ရုပ်ရှင်တွေထဲမတော့ Spiderman: Across the Spider-Verse က rating 10/10 နဲ့ တကယ်ကိုထိုက်တန်ပါတယ်။

၂) Oppenheimer
ခရစ္စတိုဖာနိုလန်ရဲ့ ကိုယ်တိုင်ရေး ကိုယ်တိုင်ရိုက်ရုပ်ရှင်တွေထဲမ‌တော့ Oppenheimer က အကောင်းဆုံးလို့ပြောလို့ရတဲ့ရုပ်ရှင်ပါ။ ဘာမှထူးထူးခြားခြားမျှော်လင့်ချင်စရာမရှိလောက်ဘူးလို့ ထင်ထားတဲ့သူ‌မျိုးကိုတောင် ရုပ်ရှင်ရဲ့တင်ဆက်ပုံ၊ သရုပ်ဆောင်တွေရဲ့ အနုပညာအရည်အသွေး‌တွေက ရူးခါသွားစေခဲ့ပြီး ခီလီယန်မာဖီအတွက် သရုပ်ဆောင်အရည်အသွေးကို မှတ်ကျောက်တင်ရာ နောက်ထပ်ရုပ်ရှင်တစ်ကားလည်းဖြစ်ခဲ့ပါတယ်။

၃) Guardians of the Galaxy: Vol. 3
ပရိသတ်ကြိုက်အောင် တင်ဆက်တတ်တဲ့ Marvel ကတော့ Marvel ရဲ့စတိုင်အတိုင်းပဲ Guardians of the Galaxy: Vol. 3 နဲ့လည်း လက်ခုပ်သံတွေကိုချူယူနိုင်ခဲ့ပြန်ပါတယ်။ အသစ်ပြန်ရောက်လာတဲ့ Gamora နဲ့ပတ်သက်လို့ သဘောမကျစရာရှိပေမဲ့ Rocket ရဲ့နောက်ကြောင်းကို စိတ်ထိခိုက်စရာ ပီပီပြင်ပြင်ကိုဖော်ပြနိုင်ခဲ့ပြီး သုံးထားတဲ့ soundtrack အလန်းစားတွေနဲ့တင် ဒီရုပ်ရှင်ကကြည့်ရအတော်တန်နေပါပြီ။

၄) John Wick: Chapter 4
ပထမဆုံးတစ်ကားမှာတင် အကြီးအကျယ်ဖမ်းစားနိုင်ခဲ့တဲ့ ဒီ action franchise ရုပ်ရှင်က ၄ ကားမြောက်ထွက်လာပြီးချိန်မှာတော့ ဆိုဖွယ်ရာမရှိတော့ပါဘူး။ neo-noir stylization ရုပ်ရှင်ထဲက John Wick က Keanu Reeves ရဲ့ အကြမ်းဆုံး အမိုက်ဆုံး ဇာတ်ကောင်ဖြစ်လာခဲ့ပါတယ်။

၅) Teenage Mutant Ninja Turtles: Mutant Mayhem
TMNT: Mutant Mayhem ကတော့ ကြည်ရပျော်စေတဲ့ Animation ရုပ်ရှင်ကားကောင်းတစ်ကားလို့ဆိုနိုင်ပါတယ်။ ဆန်းသစ်တဲ့တင်ဆက်ပုံနဲ့ ဟာသမြောက်တဲ့ ဒိုင်ယာလော့ဂ်တွေက ကြည့်သူကို ဇာတ်လမ်းထဲအလိုက်သင့်စီးမျောပါဝင်သွားစေပါတယ်။ ဒီရုပ်ရှင်အနေနဲ့ sequel ဆက်ထွက်လည်း အောင်မြင်နိုင်ဦးမှာပါပဲ။

၆) Barbie
ကလေးတွေရဲ့စိတ်ကူးယဉ်ကမ္ဘာထဲ အကြီးအကျယ်လွှမ်းမိုးထားနိုင်ခဲ့တဲ့အရုပ်ကို သူ့ကိုယ်ပိုင်ကမ္ဘာဖန်တီးပေးလိုက်ခြင်းက လူကြီးတွေကိုပါ သဘောကျကြည်နူးစရာဖြစ်လာခဲ့တယ်ပဲဆိုရမှာပါ။ ဒီရုပ်ရှင်အကြီးအကျယ်အောင်မြင်ခဲ့ခြင်းမှာ Marketing ကောင်းလွန်းခဲ့ခြင်းကလည်း အခရာကျခဲ့ပါတယ်။ ရယ်စရာတွေနဲ့အတူ မှတ်သားစဖွယ်တွေကိုလည်းပြောပြသွားနိုင်ခဲ့တဲ့ Barbie က ဒါရိုက်တာ Greta Gerwig အတွက်လည်း အမျိုးသမီးဒါရိုက်တာရိုက်ကူးတဲ့ ဝင်ငွေအကောင်းဆုံးရုပ်ရှင်ဆိုတဲ့မှတ်တမ်းကိုပါ ရရှိသွားစေခဲ့ပါတယ်။

၇) No Hard Feelings
No Hard Feelings ဟာလည်း တကယ်ကိုကြည့်ရပျော်စေတဲ့ရုပ်ရှင်ဖြစ်ပြီး အမှန်ဆို ဒီထက်ပိုတဲ့အားပေးမှုနဲ့တောင်ထိုက်တန်တဲ့ရုပ်ရှင်မျိုးပါ။ အဓိကဇာတ်‌ဆောင်မင်းသမီးဖြစ်တဲ့ ဂျနီဖာလောရန့်စ် ရဲ့ သူပါဝင်ရတဲ့ရုပ်ရှင် ဇာတ်ရုပ်တိုင်းမှာ အံဝင်ဂွင်ကျ သေသေသပ်သပ်အမြဲရှိမှာကလည်း ချီးကျူးလောက်စရာပါပဲ။ မျက်နှာသစ်သရုပ်ဆောင်လေးနဲ့တွဲရိုက်ကူးရပေမဲ့ ဟာကွက်မရှိ အချိတ်အဆက်မိအောင် အစအဆုံးလုပ်ပြသွားနိုင်ခဲ့ပါတယ်။ ဒီရုပ်ရှင်အနေနဲ့ Positive Review တွေလည်း အတော်လေးကိုရရှိထားပါတယ်။

Ref: Yardbarker
TH

"ပြည်သူတွေဝိုင်းကန့်ကွက်လို့ တရုတ်ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းကင်းလှည့်တဲ့အစီအစဥ်ကို  ထိုင်းရဲတပ်ဖွဲ့ပြန်ရုပ်သိမ်းလိုက်ရ"အများ...
15/11/2023

"ပြည်သူတွေဝိုင်းကန့်ကွက်လို့ တရုတ်ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းကင်းလှည့်တဲ့အစီအစဥ်ကို ထိုင်းရဲတပ်ဖွဲ့ပြန်ရုပ်သိမ်းလိုက်ရ"

အများပြည်သူရဲ့ဝိုင်းဝန်းကန့်ကွက်ရှုတ်ချမှုကိုခံရပြီးတဲ့နောက် ခရီးသွားတွေလာရောက်လည်ပတ်မှုများပြားတဲ့အထင်ကရနေရာတွေတဝိုက် တရုတ်ရဲတွေနဲ့ပူးတွဲကင်းလှည့်နေတဲ့အစီအစဉ်ကို ထိုင်းရဲတပ်ဖွဲ့က ယမန်နေ့မှာ ရပ်ဆိုင်းရုပ်သိမ်းလိုက်ပါတယ်။

တရုတ်နိုင်ငံသားခရီးသွားတွေအပါအဝင် ထိုင်းနိုင်ငံကိုလာရောက်လည်ပတ်သမျှခရီးသွားတိုင်း ယုံကြည်စိတ်ချမှုရှိရှိလည်ပတ်သွားလာနိုင်ဖို့ဆိုပြီး တရုတ်နဲ့ ထိုင်းနှစ်နိုင်ငံရဲတပ်ဖွဲ့ဝင်တွေပူးပေါင်းကင်းလှည့်စေတဲ့အစီအစဉ်ကို ထိုင်းနိုင်ငံခရီးသွားလုပ်ငန်းတာဝန်ရှိသူတချို့က ပြီးခဲ့တဲ့တနင်္ဂနွေနေ့မှာ စတင်စီစဉ်ခဲ့ကြတာပါ။

ဒါပေမဲ့လည်း အဲဒီအစီအစဉ်က ထိုင်းပြည်သူတွေကြားရုတ်ရုတ်သဲသဲ အငြင်းပွားစရာဖြစ်လာခဲ့ကာ နိုင်ငံရဲ့ အချုပ်အခြာအာဏာကိုထိခိုက်တယ် ဆိုတဲ့ ဝေဖန်မှုများ ထွက်ပေါ်လာခဲ့ပြီး ထိုင်းရဲချုပ်ကလည်း ပြစ်တင်ဝေဖန်မှုပြုခဲ့ပါတယ်။

ခရီးသွားလုပ်ငန်းဝန်ကြီး Sudawan Wangsuphakijkosol က "ထိုင်းနိုင်ငံမှာ ခရီးသွားတွေအတွက်ယုံကြည်မှုတည်ဆောက်ပေးစရာ တခြားနည်းလမ်းတွေအများကြီးရှိပါတယ်။ ပူးတွဲကင်းလှည့်စရာကို မလိုပါဘူး။ ထိုင်းရဲအင်အားနဲ့တင် လုံလောက်နေပြီး ခရီးသွားတွေရဲ့ ယုံကြည်မှုကိုပြန်လည်ရရှိဖို့ အထူးကြိုးစားလုပ်ဆောင်နေပါတယ်” လို့ သတင်းထောက်တွေကို ပြောပြပါတယ်။

ပြီးခဲ့တဲ့လက ဘန်ကောက်မြို့ကုန်တိုက်တစ်ခုထဲမှာ တရုတ်နိုင်ငံသားတစ်ဦးအပါအဝင် လူ (၂) ဦးအသက်ဆုံးရှုံးသွားရတဲ့ဖြစ်ရပ်ဖြစ်ခဲ့ပြီးတဲ့နောက် တရုတ်ဧည့်သည်တွေက ထိုင်းနိုင်ငံခရီးသွားလုပ်ငန်းအပေါ် ယုံကြည်မှုပြန်ရှိလာစေဖို့ ထိုင်းအာဏာပိုင်တွေဟာ လုံခြုံရေးကိုအထူးတင်းကျပ်ထားဖို့ အလျင်စလိုကို စီစဉ်လုပ်ဆောင်‌နေခဲ့တာဖြစ်ပါတယ်။

၂၀၁၉ ခုနှစ်အတွင်း ထိုင်းနိုင်ငံကို နိုင်ငံခြားခရီးသွား ၃၉.၉ သန်း စံချိန်တင်ဝင်ရောက်ခဲ့ရာမှာ တရုတ်နိုင်ငံသားခရီးသွားဦးရေကချည်း ၁၁ သန်းအထိရှိခဲ့ပြီး COVID-19 ကပ်ရောဂါဖြစ်ပွားပြီးနောက်ပိုင်းကျမှ တရုတ်ခရီးသွားဝင်ရောက်နှုန်းက ကျဆင်းသွားခဲ့တာပါ။

Ref: Reuters
TH

"သူတို့ ဘယ်သူတွေလဲ?"အခုဖော်ပြပေးထားတဲ့ပုံတွေကတော့ လက်ရှိ ရုပ်ရှင်၊ ဂီတနဲ့ ဖက်ရှင် စတဲ့နယ်ပယ်အသီးသီးမှာ ကမ္ဘာသိနာမည်ကျော်...
31/10/2023

"သူတို့ ဘယ်သူတွေလဲ?"

အခုဖော်ပြပေးထားတဲ့ပုံတွေကတော့ လက်ရှိ ရုပ်ရှင်၊ ဂီတနဲ့ ဖက်ရှင် စတဲ့နယ်ပယ်အသီးသီးမှာ ကမ္ဘာသိနာမည်ကျော်ကြားနေသူတချို့ရဲ့ ငယ်ရွယ်ချိန်အမှတ်တရပုံတွေဖြစ်ပါတယ်။ သူတို့တွေထဲက တချို့ဆိုရင် ငယ်ရုပ်နဲ့ လက်ရှိရုပ်က သိပ်တောင်မကွာကြတာကို တွေ့ရမှာပါ။

ပုံတစ်ပုံချင်းကိုကြည့်ပြီး ဘယ်သူဖြစ်မလဲဆိုတာ အပျင်းပြေသဘော ခန့်မှန်းကြည့်လိုက်ပါဦး.....ကမ္ဘာ့ရုပ်ရှင်၊ ဂီတနဲ့ ဖက်ရှင် လောကသတင်းတွေကိုမြင်တွေ့ဖတ်ရှု နေကျဆိုရင် သူတို့ကဘယ်သူတွေလဲဆိုတာ ခန့်မှန်းရ သိပ်မခက်နိုင်ဘူးလို့ထင်ပါတယ်...

Ref: Bright Side
TH

"အလှအပဆိုင်ရာထုတ်ကုန်တွေအတွက် AR Beauty Ads ကို Google စတင်မိတ်ဆက်"Augmented Reality (AR) ကို အတော်ထိရောက်အကျိုးရှိတဲ့ A...
26/10/2023

"အလှအပဆိုင်ရာထုတ်ကုန်တွေအတွက် AR Beauty Ads ကို Google စတင်မိတ်ဆက်"

Augmented Reality (AR) ကို အတော်ထိရောက်အကျိုးရှိတဲ့ Ads Medium သစ်တစ်ခုလို့ ရှုမြင်ထားပြီဖြစ်တဲ့ Internet Giant ကြီး Google က နှုတ်ခမ်းနဲ့ မျက်လုံးအလှအပဆိုင်ရာထုတ်ကုန်တွေကို ပိုပြီးစိတ်ဝင်စားခံလာရ‌ေအာင် ကြော်ငြာပြသနိုင်‌စေမယ့် စမတ်ဖုန်းကြော်ငြာအမျိုးအစားသစ် AR Beauty ads ကို Business တွေဆီ စတင်မိတ်ဆက်‌ပေးလိုက်ပါပြီ။

ပုံမှန် Google Shopping ကြော်ငြာတွေမှာပါဝင်နေကျထုတ်ကုန်ရဲ့ရုပ်ပုံ‌ နေရာကိုအစားဝင်လာမယ့် AR Beauty Ads တွေမှာ ဝယ်သူတွေအနေနဲ့ ကိုယ်ဝယ်ချင်တဲ့ထုတ်ကုန်/ပစ္စည်းက ကိုယ်နဲ့ ကိုက်ညီသင့်တော်မှု ရှိ၊ မရှိ မဝယ်ခင် preview ကြည့်လို့ရစေမယ့် Tool (Paired with the product description and pricing information) တစ်ခုပါဝင်ပြီး ဒီ Ads တွေကို Google.com ထဲက Shopping Tab၊ Search Bar နဲ့ Google Images အပါအဝင် Google Shopping ရဲ့Mobile အခြေပြု Ads Channel တွေမှာ ပြသ‌ပေးနေမှာဖြစ်ပါတယ်။

Shopify ရဲ့အချက်အလက်တွေအရ AR Ads တွေဟာ ရလဒ်ပိုင်းမှာ Display Ads တွေထက် ပိုသာလွန်ကောင်းမွန်နေပြီး Conversion Rate အရဆိုရင်လည်း 3D AR ကြော်ငြာတစ်ခုက ရုပ်ငြိမ် 2D Ads တစ်ခုထက် ၉၄% ပိုများများရတာလည်း တွေ့ရပါတယ်။ AR experience ပေးစွမ်းနိုင်တဲ့ကုန်အမှတ်တံဆိပ်‌တွေဟာ ဝယ်သူတွေရဲ့အသိအမှတ်ပြုမှုကို သာမန်ကုန်အမှတ်တံဆိပ်‌တွေထက် ၄၁ % လောက်ပိုရရှိနိုင်ကြပြီး ဝယ်သူ ၄ ဦးရှိရင် ၃ ဦး‌ လောက်ဟာ AR အသုံးပြုရှာဖွေနိုင်တဲ့ထုတ်ကုန်မျိုးဆို ဝယ်ဖို့အာသီသပိုရှိသူ‌တွေဖြစ်နေတာကိုလည်း လေ့လာတွေ့ရှိထားကြပါတယ်။

Google Search မှာ Virtual try-on tool တွေထည့်သွင်းလိုက်တဲ့နောက်ပိုင်းကစလို့ ကုန်အမှတ်တံဆိပ်တစ်ခုခုရဲ့ဝက်ဘ်ဆိုက်ထဲဝင်အချိန်ဖြုန်းတဲ့၊ ထုတ်ကုန်အ‌ေကြာင်းကိုလေ့လာစူးစမ်းတဲ့ ဒါမှမဟုတ် ဝယ်ယူတဲ့ Shopper ဦးရေက အတိုင်းအတာတစ်ခုအထိပိုတိုးမြင့်လာခဲ့ကြောင်း Google က ပြောပြထားပြီး ကျွမ်းကျင်သူတွေကတော့ ကမ္ဘာလုံးဆိုင်ရာ AR ကြော်ငြာဝင်ငွေပမာဏဟာအစပျိုးကာလ ၂၀၂၀ ခုနှစ်ကနေ လက်ရှိထိ စုစုပေါင်း $ ၁.၃၆ ဘီလျံတန်ဖိုးထိသိသိသာသာတိုးလာနေတဲ့အတွက် ၂၀၂၅ ခုနှစ်လောက်ဆိုရင် $ ၆.၆၈ ဘီလျံလောက်ထိတောင် တိုးလာနိုင်‌ေခြရှိနေတယ်လို့ ခန့်မှန်းထားပါတယ်။

Ref: Techcrunch
TH

"Blair ရဲတိုက်ထဲက နှစ်ရာချီသက်တမ်းရှိ ကမ္ဘာ့ရှေးအကျဆုံးဝီစကီ"ပြီးခဲ့တဲ့နှစ်နှောင်းပိုင်းတုန်းက စကော့တလန်နိုင်ငံ Perthshi...
25/10/2023

"Blair ရဲတိုက်ထဲက နှစ်ရာချီသက်တမ်းရှိ ကမ္ဘာ့ရှေးအကျဆုံးဝီစကီ"

ပြီးခဲ့တဲ့နှစ်နှောင်းပိုင်းတုန်းက စကော့တလန်နိုင်ငံ Perthshire ရှိ Blair ရဲတိုက်ရဲ့လျှို့ဝှက်မြေအောက်ခန်းတံခါးနောက်မှာ စကော့တလန်ရိုးရာအဖျော်ယမကာဝီစကီပုလင်း (၄၀)လောက်ကို လေ့လာသူကျွမ်းကျင်ပညာရှင်တွေကရှာဖွေတွေ့ရှိခဲ့ပြီး အဲဒီဝီစကီတွေကို ကမ္ဘာ့ရှေးအကျဆုံးဝီစကီလို့ သူတို့ကစစ်ဆေးသတ်မှတ်ခဲ့ကြပါတယ်။

Blair ရဲတိုက်ရဲ့မော်ကွန်းတိုက်ကအချက်အလက်တွေနဲ့ carbon dating နည်းပညာဆိုင်ရာသုတေသနပြုချက်တွေအရ ဒီဝီစကီကို ၁၈၀၀ ခုနှစ်အစောပိုင်းကာလတွေကဖန်တီးခဲ့တာဖြစ်ကာ (၁၉၃၂ ခုနှစ်အတွင်းပုလင်းပြန်မသွတ်ခင်) ၁၈၃၃ ခုနှစ်မှာပေါင်းခံစစ်ယူပြီး ၁၈၄၁ ခုနှစ်ထဲမှာပုလင်းသွတ်ခဲ့တာလို့ယူဆရပါတယ်။ ၁၈၄၄ ခုနှစ်တုန်းက ဗစ်တိုးရီးယားဘုရင်မကြီးနဲ့ မင်းသားအဲလ်ဘတ်တို့ရဲတိုက်မှာ (၃) ပတ်ကြာနေထိုင်ခဲ့ကြစဉ်အတွင်း ဒီဝီစကီကိုသောက်သုံးခဲ့တယ်လို့ယူဆနိုင်စရာတွေတွေ့ရှိခဲ့ရကြောင်းလည်း လေ့လာသူတွေကဆိုထားပါတယ်။

ရှားပါးဝီစကီကျွမ်းကျင်ပညာရှင် Angus MacRaild က "ဒီဝီစကီကိုမြည်းစမ်းခွင့်ရတာဟာ တကယ့်အခွင့်ထူးတစ်ခုပါပဲ" လို့ပြောပြခဲ့ပါတယ်။ နောက်ခံသမိုင်းကြောင်းနဲ့ ရေရှည်ထိန်းသိမ်းနိုင်စွမ်းမှာ ဘယ်သူမှတုဖက်ယှဥ်လို့မရနိုင်တဲ့ စကော့တလန်ရိုးရာပေါင်းခံနည်းပညာရဲ့ ပြောစမှတ်တွင်စရာတကယ့်သမိုင်းဝင်ဝီစကီဖန်တီးမှုဖြစ်ပြီး ဝီစကီရဲ့ သဘာဝအရသာ၊ လတ်ဆတ်မှုနဲ့ ပြင်းရှမှုတွေကို ရာစုနှစ် (၂) ခုနီးပါးကြာ မယိုယွင်းသွားအောင် အသေအချာထိန်းသိမ်းထားနိုင်စွမ်းက တကယ်ကိုအံ့ဩချီးကျူးစရာပဲ လို့ လည်း MacRaild ကချီးမွမ်းခန်းဖွင့်ခဲ့ပါသေးတယ်။

ဒီဝီစကီကို ၁၉ ရာစုအတွင်းဖန်တီးသိုလှောင်ခဲ့ကြောင်းကိုတော့ စကော့တလန်တက္ကသိုလ်များဆိုင်ရာသဘာဝပတ်ဝန်းကျင်သုတေသနစင်တာက Carbon dating နည်းပညာနဲ့ စစ်ဆေးတွက်ချက်ပေးခဲ့တာဖြစ်ပြီး လာမယ့်နိုဝင်ဘာလထဲမှာ ဝီစကီပုလင်း ၄၀ ထဲက ၂၄ လုံးကို လေလံတင်ရောင်းချသွားမယ်လို့သိရပါတယ်။

Ref: BBC
TH

"ရုရှားသမ္မတပူတင် ရုတ်တရက်နှလုံးဖောက်လို့ အရေးပေါ်ကုသမှုခံယူနေရ"ရုရှားသမ္မတပူတင်ဟာ ရုတ်တရက်နှလုံးဖောက်ပြီး ကြမ်းခင်းပေါ်...
24/10/2023

"ရုရှားသမ္မတပူတင် ရုတ်တရက်နှလုံးဖောက်လို့ အရေးပေါ်ကုသမှုခံယူနေရ"

ရုရှားသမ္မတပူတင်ဟာ ရုတ်တရက်နှလုံးဖောက်ပြီး ကြမ်းခင်းပေါ်သတိမေ့လဲကျခဲ့တာ‌ေကြာင့် အရေးပေါ် ကုသနေရတယ်လို့ The Mirror, The Express နဲ့ GB news တို့ကဆိုလာကြပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ည ၉း၀၅ နာရီခန့်က အစားအသောက်စားသောက်နေချိန်အတွင်း သမ္မတရဲ့ ကြမ်းပြင်ကို ထုနှက်သံနဲ့ဆူညံသံ‌ေတွကြောင့် သူရဲ့ လုံခြုံရေးဝန်ထမ်းတွေ အခန်းထဲသို့ ၀င်သွားခဲ့ကြရာမှာ သမ္မတပူတင်ကို အိပ်ခန်းကြမ်းပြင်မှာ မှောက်လျက်သားလဲကျနေတာကို‌ေတွ့ခဲ့ရကြောင်း အတွင်းသတင်းတွေအရသိရတယ်လို့ သတင်းတွေကဆိုထားကြတာပါ။

အသက် (၇၁) နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ရုရှားသမ္မတပူတင်က ကျန်းမာရေးအခြေအနေကြောင့် မီဒီယာတွေရဲ့မြင်ကွင်းထဲ ပေါ်မလာခဲ့တာလည်း မကြာသေးခင်တစ်ကြိမ်ကလွဲရင် အတော်ကိုကြာ‌ေနခဲ့ပါပြီ။

Ref: skynews
TH

"ကျန်းမာအောင်နေထိုင်နိုင်စေဖို့အကြံပြုချက်‌ကောင်းများ"ဒီတစ်ခါတော့ ပုံမှန်လိုက်နာလုပ်‌ဆောင်မယ်ဆိုရင် မလုပ်သူတွေထက်  ကျန်း...
24/10/2023

"ကျန်းမာအောင်နေထိုင်နိုင်စေဖို့အကြံပြုချက်‌ကောင်းများ"

ဒီတစ်ခါတော့ ပုံမှန်လိုက်နာလုပ်‌ဆောင်မယ်ဆိုရင် မလုပ်သူတွေထက် ကျန်းမာရေးပိုကောင်း အသက်ပိုရှည်စွာ နေထိုင်ရစေမယ့်ကျန်းမာအောင်နေထိုင်ကျင့်ကြံနည်းတချို့ကို မှတ်သားစရာအဖြစ် ဖော်ပြပေးလိုက်ပါတယ်။ ဖတ်ရှုလေ့လာကြည့်လိုက်ပါဦး...။

၁။ တစ်ရက်ကို ကြက်သွန်ဖြူတစ်လုံးပုံမှန်စားသုံးခြင်း
ကြက်သွန်ဖြူ (Garlic) ကို Mother of all cures လို့ နိုင်ငံတကာမှာ လက်ခံထားကြပါတယ်။ အနာရောဂါအားလုံးကို ပျောက်ကင်းစေတဲ့ ပင်မဆေးဘုရင်လို့တင်စားကြတဲ့ ကြက်သွန်ဖြူတစ်လုံး(5ml) ဟာ ဓာတုဗအဆိပ်ကြောင့်ဖြစ်နိုင်တဲ့ ရောဂါကို ၄၈ ရာခိုင်နှုန်းထိပျောက်ကင်းစေနိုင်စွမ်းတယ်လို့ ဆိုပါတယ်။ ကူးစက်ရောဂါတွေကိုလည်း ကာကွယ်ပေးပါတယ်။ ဒါကြောင့် ကိုယ်စားတဲ့ဟင်းလျာအစားအသောက်တွေထဲမှာ ကြက်သွန် ဖြူကိုမပါမဖြစ်ထည့်သွင်းစားသုံးသင့်ပါတယ်။

၂။ ဂျုံ၊ စပါးနဲ့ဆက်စပ်အစားအစာ‌တွေကိုစားသုံးခြင်း
ဂျုံ၊ စပါး ဆက်စပ်အစားအစာဆိုတာက ထမင်း၊ ပေါင်မုန့် ၊ ပလာတာ၊ အီကြာကွေ့၊ ဆန်မုန့် အစရှိတဲ့အစားအစာတွေကိုဆိုလိုပါတယ်။ ဒါပေမဲ့ ဂျုံနဲ့ ပက်သက်တဲ့အစားအစာတွေမှာ မသန့်ရှင်းတဲ့ဆီအသုံးပြုတာများရင်တော့ မစားသင့်ပါဘူး။ ၃၊ ၄ ရက်အသုံးပြုထားတဲ့စားအုန်းဆီကို အီကြာကွေးကြော်ရာမှာပြန်သုံးပြုခြင်းက ကင်ဆာ ဖြစ်စေတဲ့ အဓိကအကြောင်းအရင်းခံ တွေထဲကတစ်ခုဖြစ်ပါတယ်။ ဂျုံ၊ ဆန်တို့ဟာ ခန္ဓာကိုယ်ကလိုအပ်တဲ့ အဓိကအာဟာရတွေကိုပေးစွမ်းနိုင်တဲ့ ပင်မအစားအစာတွေဖြစ်ပါတယ်။

၃။ အရေပြားကို ဂရုစိုက်ခြင်း
နေရောင်ထဲအမြဲသွားလာနေရသူတွေအတွက် အရေပြားနဲ့ပတ်သက်ပြီးဂရုစိုက်ဖို့လိုအပ်ပါတယ်။ ခရမ်းလွန်ရောင်ခြည်ဟာ ခဏတာထိတွေ့လို့မသိသာပေမဲ့ ကြာလာရင်အရေပြားနဲ့ ပတ်သက်တဲ့ရောဂါတွေကို ဖြစ်လာစေနိုင်ပါတယ်။ (ဥပမာ- အရေပြားကင်ဆာ၊ အရေပြား‌နေလောင်ပျက်စီးခြင်း)။ ဆောင်းရာသီဆိုရင် အသားအရေအက်ကွဲခြင်းကင်းအောင် အရေပြားလိမ်းဆီတွေအသုံးပြုလို့ရပါတယ်။ အရေပြားဟာလည်း အိုမင်းခြင်းကို လူသိသာစေတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းဖြစ်သလို ကျန်းမာရေးကောင်း မကောင်းကိုလည်း ပြောပြနိုင်ပါတယ်။ ဖြူခြင်း၊ မဲခြင်းမဟုတ်ဘဲ စိုပြေမှု ရှိ မရှိ၊ နီခြင်း ဝါခြင်း ရှိ မရှိ တို့က ကျန်းမာရေးအခြေအနေကို ဖော်ပြပေးနိုင်တဲ့အတွက်အ ရေပြားဆိုတာဂရုစိုက်ပေးရမယ့် ခန္ဓာကိုယ်အစိတ်အပိုင်းဖြစ်ပါတယ်။

၄။ ငါးများများစားခြင်း
ငါးကို အသက်ရှည်စေတဲ့ အသား/အစားအစာ ဖြစ်တယ်လို့ ညွန်းဆိုကြ ပါတယ်။ ငါး ပုံမှန်စားသုံးသူတွေဟာ တစ်လနေလို့တစ်ကြိမ်တောင် ငါးမစားဖြစ်သူတွေထက် နှလုံးနဲ့ဆက်စပ်ရောဂါဖြစ်နိုင်ချေ ၃ပုံ ၁ ပုံတောင် ပိုလျော့နည်းတတ်ကြပါတယ်။ ငါးစားခြင်းဟာလည်း အသက်ဓာတ်နဲ့ ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

၅။ လက်ဖက်ရည်သောက်ခြင်း
လက်ဖက်ရည်ကြမ်းနဲ့ လက်ဖက်ရည်ချိုသောက်သုံးသူတွေဟာ နှလုံးရောဂါနဲ့ သေဆုံးနိုင်ခြေအင်မတန်နည်းပါးတယ်လို့ ဆိုထားကြပါတယ်။ တခြားကျန်းမာရေးကောင်းကျိုးတွေလည်းရှိနေတဲ့အတွက် လက်ဖက်ရွက်ကို ကျန်းမာရေးကောင်းအထောက်အကူ ပြုအရွက်တစ်မျိုးလို့ သတ်မှတ်ထားကြပါတယ်။

၆။ ဆေးလိပ်ရှောင်ခြင်း
ဆေးလိပ်မှာပါတဲ့ နီကိုတင်းဓာတ်ဟာ လူကိုတဖြည်းဖြည်းသတ်နိုင်‌ေကြာင်းသိနေလျက်နဲ့လည်း ဆေးလိပ်သောက်သူ အရေအတွက်က များသထက်များလို့လာ နေပါတယ်။ လူကြီး၊ လူငယ်တင်မက (၁၀) နှစ်အထက် ဆေးလိပ်သောက်သုံးသူ အရေအတွက်ပါ တိုးတက်လာတာပါ။ ဆေးလိပ်သောက်သုံးခြင်းဟာ သောက်သုံးသူကိုယ်တိုင်ရဲ့ကျန်းမာရေးကိုထိခိုက်စေသလို ဆေးလိပ်ငွေ့ရှူရှိုက်ရသူ ပတ်ဝန်းကျင်ကလူတွေကိုလည်း ထိခိုက်မှုရှိ‌စေပြီး သူတို့အနေနဲ့ တကယ်ဆေးလိပ်သောက်သူထက်တောင် ကျန်းမာရေးဆိုးကျိုးကို ၂ ဆမကပိုခံစားရတယ်လို့ ဆေးပညာရှင်တွေက လေ့လာတွေ့ရှိထားပါတယ်။ ဒါကြောင့် မိမိကိုယ်တိုင်ရော၊ ပတ်ဝန်းကျင်ကိုပါ မထိခိုက်စေဖို့ ဆေးလိပ်သောက်သုံးခြင်း ကို ရှောင်ကိုရှောင်သင့်ပါတယ်။

၇။ လမ်းလျှောက်ခြင်း
လမ်းလျှောက်ခြင်းဟာ ပိုက်ဆံပေးစရာမလိုတဲ့ အားကစားနည်း ပါ။ အားကစားနည်းတွေအားလုံးထဲမှာ လမ်းလျှောက်တဲ့ အားကစားနည်းက ကျန်းမာရေးအတွက် အထောက်အကူအပြုနိုင်ဆုံး ဖြစ်ပါတယ်။ ခြေထောက် နဲ့လမ်းလျှောက်တာမှန်ပေမယ့် ယင်းခြေထောက်ကတစ်ဆင့် ခန္ဓာကိုယ်တစ်ခုလုံးမှာ ရှိတဲ့ သွေးကြော၊ အကြောအားလုံးမှာ သွေးလည်ပတ်အားကောင်းပြီး ကျန်းမာရေးကိုပို‌ကောင်းမွန်လာစေပါတယ်။

Ref: medicfact
TH

"လန်ဒန်တိရိစ္ဆာန်ရုံက ဟောလိုဝင်းရာသီကြိုဆိုပွဲ"ရွှေဖရုံသီးရာသီရောက်ရှိလာပြီဖြစ်တဲ့အတွက် လန်ဒန်တိရိစ္ဆာန်ရုံမှာနေထိုင်သူတ...
24/10/2023

"လန်ဒန်တိရိစ္ဆာန်ရုံက ဟောလိုဝင်းရာသီကြိုဆိုပွဲ"

ရွှေဖရုံသီးရာသီရောက်ရှိလာပြီဖြစ်တဲ့အတွက် လန်ဒန်တိရိစ္ဆာန်ရုံမှာနေထိုင်သူတွေဟာလည်း ရွှေဖရုံသီးတွေနဲ့အတူ ဟောလိုဝင်းရာသီကို စပြီးကြိုဆိုနေကြပါပြီ။ ဥယျာဉ်မှာရှိနေတဲ့ တိရစ္ဆာန် ၁၄,၀၀၀ အတွက် ကိုလည်း တိရစ္ဆာန်ဥယျာဉ်ထဲကရိတ်သိမ်းထားတဲ့ရွှေဖရုံသီးများကို ခြောက်ခြားဖွယ်တစ္ဆေသရဲပုံထွင်းထုထားတဲ့ ထွင်းထုပြင်ဆင်‌‌ပေးထားကြပါတယ်။

တိရစ္ဆာန်ရုံတာဝန်ရှိသူ‌တွေက ရွှေဖရုံသီးဟာ တိရစ္ဆာန်တချို့အတွက် ရေရှည်အထားခံတဲ့သွားရည်စာဖြစ်တယ်လို့ ဆိုပါတယ်။ တခြားတိရစ္ဆာန်တွေဆိုရင်လည်း ရွှေဖရုံသီးကို အရုပ်လို ဖွဖွဖဲ့‌‌ ဆော့ကစားပြီးမှ ရွှေဖရုံသီးအထဲကအရသာကို စားသောက်ရတာကို နှစ်သက်တတ်ကြကြောင်း သူတို့ကပြောပြပါတယ်။

Ref: CGTN
TH

"လူကဲ့ရဲ့ချင်စရာအမူအကျင့်တွေ ကိုယ့်မှာ ရှိ၊ မရှိ ဆန်းစစ်ကြည့်မိရဲ့လား?"ကျွန်တော်တို့အားလုံးအ‌နေနဲ့ တခြားသူတွေကို စိတ်အနှ...
23/10/2023

"လူကဲ့ရဲ့ချင်စရာအမူအကျင့်တွေ ကိုယ့်မှာ ရှိ၊ မရှိ ဆန်းစစ်ကြည့်မိရဲ့လား?"

ကျွန်တော်တို့အားလုံးအ‌နေနဲ့ တခြားသူတွေကို စိတ်အနှောက်အယှက်ဖြစ်စေတဲ့၊ တခြားသူတွေက ကိုယ့်နောက်ကွယ်မှာ ကိုယ့်ကို ကဲ့ရဲ့ပြစ်တင်ချင်စရာအပြုအမူတစ်ခုခုလုပ်မိလိုက်တဲ့အခိုက်အတန့်မျိုး တစ်ခါမဟုတ်တစ်ခါတော့ ရှိခဲ့ဖူးကြမှာပါပဲ။ အဲဒီအထဲက အလုပ်မိဆုံးနဲ့ ကဲ့ရဲ့ခံရဖို့အဖြစ်နိုင်ဆုံးအမူအကျင့်တချို့နဲ့ပတ်သက်ပြီး သတိထားရှောင်ရှားနိုင်အောင်ပြောပြပေးလိုက်ပါရစေ...။

1. အသံအကျယ်ကြီးနဲ့ဖုန်းပြောတာ
အသံကျယ်ကျယ်ဖုန်းပြောခြင်းက ကိုယ့်ဘေးကလူတွေအတွက် အမှန်တကယ်စိတ်အနှောင့်အယှက်ဖြစ်စရာကိစ္စပါ။ ဒါကြောင့် လူကြားသူကြားထဲရှိချိန် ဖုန်းဝင်လာလို့ပြောရတဲ့အခါ တခြားတစ်နေရာထွက်ပြီးပြောတာ ဒါမှမဟုတ် အသံကိုလျှော့ပြောတာမျိုးလုပ်သင့်ပါတယ်။ ယုံလိုက်ပါ ဒီလိုလုပ်လိုက်တဲ့အခါပတ်ဝန်းကျင်ကလူတွေက ကိုယ့်ကို ကျေးဇူးတင်လာကြမှာပါ။

၂) ချောင်းဆိုး/ နှာချေချိန် နှာခေါင်းနဲ့ ပါးစပ်ကို အုပ်ကွယ်မထားတာ
အခုလို လူတိုင်းကျန်းမာရေးအသိရေချိန်မြင့်လာကြတဲ့ေခတ်ထဲမှာ ချောင်းဆိုး၊ နှာချေချိန် တစ်ခုခုကွယ်ကာမထားတာက တကယ့်ကြီးကြီးမားမားပြစ်မှုကြီးလိုပါပဲ ။ ကိုယ့်ဆီကပျံ့နှံ့သွားတဲ့ရောဂါပိုးမွှားတွေကြောင့် ပတ်ဝန်းကျင်ကလူတွေ ရောဂါကူးစက်သွားနိုင်တယ်ဆိုတာသတိချပ်စေချင်ပါတယ်။

၃) လူကြားထဲ သီချင်းသံကျယ်ကျယ်ဖွင့်နားထောင်တာ
ဘတ်စ်ကားပေါ်မှာ ပန်းခြံထဲမှာ ရုံးခန်းထဲမှာ နေရာအတော်များများမှာ ဒါမျိုးကို တွေ့ရလေ့ရှိပါတယ်။ ဂီတ ဆိုတာလူတိုင်းခံစားနှစ်သက်တတ်တဲ့အရာပါ။ ဒါပေမဲ့ အလိုက်ကန်းဆိုးမသိတဲ့ခံစားတတ်သူတွေကို လူ့အသိုင်းအဝိုင်းကအလိုမရှိပါဘူး။ ဒါကြောင့် ကိုယ့်ရဲ့ခံစားစီးမျောမှုက တစ်ပါးသူအတွက်အနှောက်အယှက်မဖြစ်စေဖို့ရာ နားကြပ်လေးနဲ့နားထောင်တတ်တဲ့အကျင့်လေးရှိစေချင်ပါတယ်။

၄) စည်းကမ်းမဲ့အမှိုက်ပစ်တာ
ကော်ဖီခွက်ခွံ ဒါမှမဟုတ် မုန့်ပါကင်စတစ်ခုကို တွေ့ရာကြုံရာနေရာမှာ ဆိုးခနဲဆတ်ခနဲ ပစ်ချလိုက်တာဟာ ကိစ္စအကြီးကြီးမဟုတ်ပါဘူးလို့ထင်ရပေမဲ့ အခြားသူတွေအတွက် ဆိုးကျိုးဆက်များစေတဲ့လုပ်ရပ်ဖြစ်ပါတယ်။ ညစ်ပေရှုပ်ပွနေတဲ့ပတ်ဝန်းကျင်မျိုးမှာ ဘယ်သူမှမနေချင်ပါဘူး။ စွန့်ပစ်အမှိုက်‌တွေထဲပါဝင်နေတဲ့ပလပ်စတစ်တွေရဲ့ 91% လောက်ဟာ recycling ပြန်လုပ်မရတာတွေဖြစ်လို့ သမုဒ္ဒရာ၊ တောရိုင်းသဘာဝနဲ့ ဂေဟစနစ်ကို အကြီးအကျယ်ထိခိုက်ပျက်စီးစေပါတယ်။ ဒါကြောင့် ကိုယ့်ဆီကထွက်တဲ့အမှိုက်မှန်သမျှကို အမှိုက်ပုံးတစ်ခုတွေ့တဲ့အထိသယ်သွားပြီးမှ ပစ်ပါ။ ဒီလိုအပြုအမူသေးသေးလေးတွေက သဘာဝပတ်ဝန်းကျင်အတွက် အပြောင်းအလဲကြီးကြီးမားမားတွေဖြစ်ဖို့ အစပျိုးရာတွေပါပဲ။

၅) တစ်ပါးသူကိုကူညီဖို့လက်တွန့်တာ
တချို့အကူအညီ‌လေး‌တွေပေးဖို့ဆိုတာက အချိန်များများ ကြိုးစားအားထုတ်မှုကြီးကြီး မလိုအပ်ပေမဲ့ တကယ်လိုအပ်နေသူတစ်‌ေယာက်အတွက်‌တော့ ဒါက သူ့တစ်ကမ္ဘာလုံးလောက်အရေးကြီးနေနိုင်ပါတယ်။ ကျွန်တော်တို့အားလုံးမှာက ရုန်းကန်မှု‌တွေ စိန်ခေါ်မှုတွေ ရှိ‌နေကြတယ်ဆို‌ပေမဲ့ စာနာကြင်နာမှုနည်းနည်းလောက်ဖဲ့ပေးလိုက်ရတာက တစ်စုံတစ်‌ေယာက်ရဲ့ တစ်နေ့တာကို ပိုကောင်းအောင်ပြုလုပ်ပေးနိုင်လိုက်တယ်ဆို ဒါဟာပီတိဖြစ်စရာပါပဲ။ ဒါကြောင့် အကူအညီလိုအပ်နေသူတစ်ဦးတစ်‌ယောက်ကိုတွေ့တဲ့အခါတိုင်း အကူအညီကိုပေးဖို့မတွန့်ဆုတ်မိပါစေနဲ့။ ကျွန်တော်တို့အားလုံးတစ်ချိန်ချိန်မှာ အကူအညီတစ်ခုခုလိုအပ်လာကြတတ်ကြမှာပါ။

TH

"အသုံးပြုခွင့်နှစ်စဉ်ကြေးကောက်ခံမယ့်အစီအစဉ်အသစ်ကို နိုင်ငံ (၂) ခုမှာ X စတင်စမ်းသပ်"နယူးဇီလန်နဲ့ ဖိလစ်ပိုင်နိုင်ငံတွေမှာတ...
18/10/2023

"အသုံးပြုခွင့်နှစ်စဉ်ကြေးကောက်ခံမယ့်အစီအစဉ်အသစ်ကို နိုင်ငံ (၂) ခုမှာ X စတင်စမ်းသပ်"

နယူးဇီလန်နဲ့ ဖိလစ်ပိုင်နိုင်ငံတွေမှာတော့ X လူမှုကွန်ရက်ကို (ဝဘ်ဆိုက်ကတစ်ဆင့်အသုံးပြုသူတွေအနေနဲ့ အထူးအခွင့်အရေးနဲ့ သုံးစွဲခွင့်အတွက် တစ်နှစ်ကို (၁) ဒေါ်လာကျော် စတင်ပေးဆောင်သွားရတော့မှာဖြစ်ပါတယ်။

X က "Not A Bot" ပရိုဂရမ်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ ဒီ subscription ပုံစံသစ်ကို အဲဒီနိုင်ငံနှစ်ခုမှာ စတင်စမ်းသပ်လိုက်တာဖြစ်ပြီး ပလက်ဖောင်းပေါ်မှာ Spam နဲ့ Bot လုပ်ဆောင်ချက်တွေကိုလျှော့ချနိုင်ဖို့ရည်ရွယ်ဖန်တီးတာဖြစ်တယ်လို့လည်း ပြောဆိုထားပါတယ်။ ဒီ Subscription အသစ်အေကြာင်းကိုစကြေညာပြီးမကြာခင်မှာပဲ သုံးစွဲသူတွေဆီက တစ်နှစ်စာ subscription ကြေး ၁ ဒေါ်လာကို X ကစပြီး ကောက်ခံသွားမှာပါ။

ဒီ ၁ ဒေါ်လာတန် 'Not a Bot' subscription အသစ်က ဘာလို့ မိုဘိုင်းအက်ပ်အတွက်မပါနေဘဲ Web ကတစ်ဆင့်သုံးတဲ့ user သစ်တွေအတွက်ပဲဖြစ်နေရလဲ? ဘာကြောင့် နိုင်ငံ ၂ ခုတည်းမှာပဲ စအသုံးပြုလို့ရသေးတာလဲ? ဆိုတာတွေကိုတော့ X က ရှင်းလင်းေပြာပြမထားပါဘူး။ တခြားဒေသတွေထက် ဒီဒေသ၂ ခုမှာ bot activity တွေကို ပိုတွေ့ရတာကြောင့်လို့တော့ ခန့်မှန်းရပါတယ်။

အခု Subscription ပုံစံသစ်အရ subscription ကြေးပေးမသုံးတဲ့ Web user သစ်တွေအနေနဲ့ ပို့စ်တွေနဲ့ ဗီဒီယိုတွေကြည့်ရှုခြင်းလို 'Read Only Feature' တွေကိုပဲသုံးလို့ရမှာဖြစ်ပြီး ပို့စ်တင်တာ ကွန်မန့်ရေးတာတွေကို လုံးဝလုပ်ဆောင်ခွင့်ရနိုင်မှာမဟုတ်ဘူး လို့သိရပါတယ်။

Ref: The Verg
TH

"ရာသီဥတုဆိုင်ရာတက်ကြွလှုပ်ရှားသူ Greta Thunberg လန်ဒန်ဆန္ဒပြမှုအတွင်း ဖမ်းဆီးထိန်းသိမ်းခံခဲ့ရ"ရာသီဥတုဆိုင်ရာတက်ကြွလှုပ်ရ...
18/10/2023

"ရာသီဥတုဆိုင်ရာတက်ကြွလှုပ်ရှားသူ Greta Thunberg လန်ဒန်ဆန္ဒပြမှုအတွင်း ဖမ်းဆီးထိန်းသိမ်းခံခဲ့ရ"

ရာသီဥတုဆိုင်ရာတက်ကြွလှုပ်ရှားသူ Greta Thunberg ဟာ ယမန်နေ့ (အင်္ဂါနေ့) တုန်းက ရေနံနဲ့သဘာဝဓာတ်ငွေ့ဆိုင်ရာကွန်ဖရင့်ကိုဆန္ဒပြခဲ့မှု‌ကြောင့် လန်ဒန်ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးထိန်းသိမ်းခြင်းကိုခံလိုက်ရပါတယ်။

Thunberg က ကွန်ဖရင့်ကျင်းပရာ Fossil Free London နဲ့ Greenpeace တို့ကဦးဆောင်ပြုလုပ်ခဲ့တဲ့ Oily Money Out" ဆန္ဒပြမှုအတွင်း အခြားဆန္ဒပြသူတချို့နဲ့အတူ ဖမ်းဆီးထိန်းသိမ်းခံလိုက်ရတာပါ။

၂၀၁၈ ခုနှစ်တုန်းက ဆွီဒင်ပါလီမန်ရှေ့မှာ အပတ်စဉ်ဆန္ဒပြမှုတွေပြုလုပ်ပြီး ကမ္ဘာတစ်ဝှမ်းကရာသီဥတုတက်ကြွလှုပ်ရှားသူ လူငယ်တွေရဲ့စံပြဖြစ်လာခဲ့သူ Thunberg က အခုနှစ်ထဲမှာ ဆွီဒင်၊ နော်ဝေးနဲ့ ဂျာမနီနိုင်ငံ‌တွေကဆန္ဒပြမှု‌တွေမှာလည်း ရဲတပ်ဖွဲ့ရဲ့ တားဆီးမှု၊ ဖမ်းဆီးထိန်းသိမ်းမှု‌တွေကိုအကြိမ်ကြိမ်ခံခဲ့ရပါတယ်။

ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းတွေကအဆင့်မြင့်အမှုဆောင်တွေ၊ နိုင်ငံရေးသမားတွေ နဲ့ အရပ်ဘက် လူ့အဖွဲ့အစည်းတွေပါဝင်တက်‌ေရာက်ကြတဲ့ စွမ်းအင်ဆိုင်ရာဖိုရမ်ကို InterContinental London Park Lane ဟိုတယ်မှာ ပြုလုပ်ကျင်းပနေတာဖြစ်ပြီး

"ဒါ (ဆန္ဒပြမှု) က အစပဲရှိပါ‌သေးသလို ဆက်ပြီးလည်းရှိနေဦးမှာပါ။ စစ်မှန်တဲ့လုပ်ဆောင်ချက်ကို မတွေ့လာရမချင်း ထပ်ခါထပ်ခါကို တောင်းဆိုသွားကြဦးမှာပါ” လို့ Thunberg ကပြောပါတယ်။

Fossil Free London ကလည်း လက်ရှိအချိန်အထိကို ဖမ်းဆီးခံထားရတဲ့ ဆန္ဒပြသူအရေအတွက် (၂၇) ဦးထိရှိထားပြီဖြစ်ပြီး လာမယ့်ကြာသပတေးနေ့အထိ (၃) ရက်ကြာပြုလုပ်သွားမယ့်ကွန်ဖရင့်အ‌ပေါ်ဆန္ဒပြမှု‌တွေကို ဆက်လက်လုပ်ဆောင်သွားဦးမယ်လို့ ပြောဆိုထားပါတယ်။

Ref: Reuters
TH

Address

Yangon

Website

Alerts

Be the first to know and let us send you an email when The Feeds posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to The Feeds:

Share