Ko Latt Book Shop and Distribution 095020068

Ko Latt Book Shop and Distribution 095020068 ကြို ၊ စုံ ၊ ကုန် ၊ ရွေး ၊ ဆင့် ၊ ကျေး
(1)

လွှတ်ချလိုက်ပါ---------------ရှေးဟောင်းပုံပြင်လေးတစ်ပုဒ်ဖြစ်ပါသည်။အဘိုးအိုတစ်ဦးသည် ဇင်ဘုန်းတော်ကြီးထံရောက်လာပြီး“အရှင်ဘု...
20/10/2025

လွှတ်ချလိုက်ပါ
---------------
ရှေးဟောင်းပုံပြင်လေးတစ်ပုဒ်ဖြစ်ပါသည်။

အဘိုးအိုတစ်ဦးသည် ဇင်ဘုန်းတော်ကြီးထံရောက်လာပြီး

“အရှင်ဘုရား တပည့်တော်သည် ဆရာပေါင်းစုံနေအောင် ကြုံတွေ့ဖူးခဲ့ပါပြီ။ တပည့်တော်၏ ပျော်ရွှင်မှု သုခများကိုလည်း စွန့်လွှတ်နိုင်ခဲ့ပါသည်။ စားသောက်နေထိုင်မှုဘဝ၊ အိမ်ထောင်မှုဘဝများကိုလည်း စွန့်လွှတ်တန်သလောက် စွန့်လွှတ်နိုင်ခဲ့ပါသည်။ သို့သော် တပည့်တော်သည် ပညာကိုရှာရင်း ရှာရင်း လမ်းပျောက်သလိုဖြစ်နေပါသည်။ စွန့်နိုင်မှရမည်၊ အနှောင်အဖွဲ့တွေကို ဖြတ်နိုင်မှရမည်၊ အစွဲတွေကို ချွတ်နိုင်မှ ရမည်ဆိုသည့် အသိတွေကြောင့် တပည့်တော်ကို နှောင်ဖွဲ့ထားသည့်အရာမှန်သမျှကို ဖြတ်နိုင်အောင် ကြိုးစားရင်း ဉာဏ်အလင်းကို မရနိုင်လောက်အောင်ဖြစ်နေပါသည်။ တပည့်တော် ဘာဆက်လုပ်သင့်ပါ သနည်း”

“ဒကာကြီး”

“ဘုရား”

“ဒကာကြီး အဲဒီလို ခံစားနေတာတွေအားလုံးကိုပါ စွန့်လိုက်လေ”

ကျွန်တော်ဖတ်ဖူးသည့် ဇင်ပုံပြင်လေးမှာ ဤမျှသာဖြစ်သည်။

အမှန်တော့ အဘိုးအိုသည် စိတ်ဓာတ်ကောင်း ရည်ရွယ်ချက်ကောင်းစွာနှင့် စွန့်လွှတ်မှုတွေ လုပ်နိုင်သော်လည်း မစွန့်လွှတ်နိုင်သည်မှာ ငါစွန့်လွှတ်ခဲ့သည်ဆိုခြင်းကို သူဆက်လက်ခံစားနေခြင်းပင်ဖြစ်သည်။ တစ်နည်း ဆိုရလျှင် သူသည် ရည်ရွယ်ချက်ကောင်းသော လွဲမှားမှု (Well-Intentioned Mistake) ကို ကျူးလွန်နေမိခြင်း ဖြစ်သည်ဟုဆိုနိုင်သည်။

အဘိုးအိုသည် ဘာသာတရားတစ်ခုကို ချဉ်းကပ်ရာတွင် ဉာဏ်အလင်းတစ်ခု ရနိုင်ရန်ဆိုသည်မှာ တစ်ခုခုကို စွန့်လွှတ်ရမည်၊ တစ်ခုခုကို စွန့်လွှတ်နိုင်မှရမည်ဆိုသည့် အတွေးဖြင့် ချဉ်းကပ်နေခြင်းဖြစ်သည်။ သူသည် လုပ်ရပ် (Action) ကိုသာ အဓိကထားပြီး ရလဒ် (Enlightenment) ကို ထိုလုပ်ရပ်အတွက် တိုက်ရိုက် ဆုလာဘ်တစ်ခု အနေဖြင့် ယူဆနေခြင်းဖြစ်သည်။

အဘိုးအိုသည် ဒုက္ခခံလေ ထွက်မြောက်လေ၊ လွတ်မြောက်လေ၊ ဉာဏ်အလင်းနှင့် ပိုနီးလေဟူ၍ ယုံကြည်နေခဲ့ပုံ ရပါသည်။ ထို့ကြောင့် သူသည် ပျော်ရွှင်မှုူအားလုံး၊ အစားအသောက်၊ အနေအထိုင်၊ အိမ်ထောင်ရေးသုခ အားလုံးကို စွန့်လွှတ်ကာ ဒုက္ခခံစားခြင်းဖြင့် သူလွတ်မြောက်လိမ့်မည်။ သူ့မှာ ရင်းနှီးမြှုပ်နှံထားရမှုတွေ များလှသည်ဟု ယူဆနေသည်။

သူသည် ဆရာတော်ထံရောက်လာပြီး သူစွန့်လွှတ်ခဲ့မှုများကို လာပြောနေခြင်းမှာ သူမည်မျှ ကြိုးစား အားထုတ် နေကြောင်း အတ္တကိုလာပြီး ဖော်ထုတ်ပြနေခြင်းသာဖြစ်သည်။ သူက တစ်ခုခုလုပ်ပြီး ရလဒ်တစ်ခုခုကို မျှော်လင့်နေကာ လာလျှောက်ခြင်းဖြစ်သည်။

ဆရာတော်ပြောလိုက်သည့်သဘောမှာ

သင်သည် အားလုံးကို စွန့်လွှတ်ခဲ့ကောင်း စွန့်လွှတ်နိုင်မည် သို့သော် သင့်အနေဖြင့် ဒုက္ခခံနေရသည်ဆိုသော အတွေးနှင့်ရုန်းကန်နေရသည်ဆိုသောစိတ် (The Mind Clinging to Suffering) ကို မစွန့်လွှတ်နိုင်ကြောင်း ထောက်ပြလိုက်ခြင်းဖြစ်သည်။

ဆရာတော်ဆိုလိုသည်မှာ ဒုက္ခခံကာစွန့်လွှတ်နေရသည်ဆိုသောစိတ်ကို အဘယ်ကြောင့် မစွန့်လွှတ်နိုင်ရ သနည်းဟု ထောက်ပြလိုက်ခြင်းဖြစ်သည်။

ဒုက္ခခံခြင်းဖြင့် ဉာဏ်ပညာအလင်းရလာမည်ဆိုသောအနေအထားမရှိပါ။

အမှန်မှာ ကိုယ်တိုင်က ဒုက္ခနှင့်ဉာဏ်ပညာရလာခြင်းကြားတွင် ရောက်နေခြင်းသာဖြစ်သည်။

ဗုဒ္ဓကိုယ်တိုင်ကလည်း မဇ္ဈိမပဋိပဒါသဘောကို ကျင့်ကြံပြီးမှ ဉာဏ်အလင်းကို ရရှိခဲ့ခြင်းဖြစ်သည်။

ယနေ့ခေတ်တွင် လူအများသည် ပိုက်ဆံရရန်၊ အောင်မြင်ရန်၊ ပျော်ရွှင်ရန် ကိုယ့်ကိုယ်ကိုယ် အလွန်အကျွံ ဖိအားတွေပေးကာ ပင်ပန်းဆင်းရဲခံခြင်းများ လုပ်ဆောင်နေခြင်းဖြင့် (Overworking, Stressing) တွေရနေကြ သည်။ ထိုသို့ဒုက္ခခံနေရခြင်းကိုပင် တန်ဖိုးတစ်ခုအနေဖြင့် သတ်မှတ်နေကြသည်။

အမှန်တော့ ဘာကိုမျှထိခိုက်မှုမရှိစေဘဲ စွန့်လွှတ်နိုင်ခြင်းကသာလျှင် ချမ်းသာခြင်းဖြစ်သည်။

စစ်မှန်သည့် ငြိမ်းချမ်းမှုနှင့် ဉာဏ်အလင်းကို ရရန်အတွက် ပထမဆုံးလုပ်ရမည်မှာ ပြင်ပအရာတွေကို စွန့်လွှတ်ခြင်းမဟုတ်၊ မိမိအတွင်းစိတ်က ကိုင်ဆွဲထားသည့် မလိုအပ်သော ဒုက္ခအားလုံးကို လွှတ်ချ လိုက်ခြင်းသာ ဖြစ်သည်။

ကိုယ့်အပေါ် ဖိစီးထားသမျှ လွှတ်ချတန်သည်ကို လွှတ်ချကာ၊ ရှေ့ဆက်လုပ်ရမည်တို့ကို လုပ်နေကြရန်သာ ဖြစ်သည်။

တင်ညွန့်

၂၀.၁၀.၂၀၂၅

ဆရာဦးတင်ညွန့်၏ Sayar Tin account နှငိ့ Tin Nyunt account မှ ကူးယူဖော်ပြပါသည်။ account following လုပ်ထားလျှင် တင်သမျှစာများကို ဖတ်ရှုနိုင်ပါမည်။

စိတ်ချခဲ့မည်------------------“ဖေဖေ … အစ်ကိုတို့အိမ်က ဖေဖေ့ကို ထမင်းစားဖိတ်ချင်လို့တဲ့”ဦးအေးမောင် အံ့အားသင့်သွားမိသည်။“ဟ...
20/10/2025

စိတ်ချခဲ့မည်
------------------
“ဖေဖေ … အစ်ကိုတို့အိမ်က ဖေဖေ့ကို ထမင်းစားဖိတ်ချင်လို့တဲ့”

ဦးအေးမောင် အံ့အားသင့်သွားမိသည်။

“ဟင် သမီးရေ တကယ်လား”

“တကယ်ပေါ့ ဖေဖေ”

“ဟိုကွယ် … ဖေဖေမသွားချင်ပါဘူး”

“ဘာဖြစ်လို့လဲ ဖေဖေ”

“သူတို့က သူဌေးတွေ မဟုတ်လား။ ပြီးတော့ သမီးတို့ချင်းကလည်း လက်ထပ်ကြသေးတာမဟုတ်ဘူး။ စေ့တောင်မစေ့စပ်ရသေးဘူး”

“ဒါပေမဲ့ ဖေဖေ သူတို့က သမီးတို့ကို အသိအမှတ်ပြုပါတယ်။ ဖေဖေ သွားမယ်မဟုတ်လားဟင်”

“အေးလေ … ‌ဖေဖေသွားလိုက်ပါ့မယ်။ သမီးလည်း ပါမှာပဲမဟုတ်လား”

“သမီးအလုပ်က ခွင့်ယူလို့မရဘူးဖေဖေ။ မန္တလေးကိုဆိုတော့ ဖေဖေ အနည်းဆုံး တစ်ညအိပ်ရမှာ။ အစ်ကိုက မနက်ဖြန် သူ့မိဘတွေဆီကို ခဏပြန်လိမ့်မယ်။ ဖေဖေ့ကို ခေါ်သွားလိမ့်မယ်။ ဖေဖေ သူနဲ့ပဲ ရန်ကုန်ပြန်လိုက် လာရမှာ”

“သူတို့က ဖေဖေ့ကို ဘာဖြစ်လို့တွေ့ချင်ရတာလဲ”

“မစေ့စပ်ခင်မှာ ဖေဖေ့ကိုလည်းသူတို့ တစ်ခုခုပြောချင်လို့ဖြစ်မှာပေါ့။ သွားတွေ့ပေးပါနော်ဖေဖေ”

“အေးလေ သမီးအတွက်ပဲ ဖေဖေသွားတွေ့ရမှာပေါ့”

ဤသို့ဖြင့် ဦးအေးမောင်တစ်ယောက် သမက်လောင်းခေါ်ဆောင်ရာနောက် မန္တလေးကို ပါခဲ့သည်။

ရောက်သည့်နေ့မှာပင် ဦးအေးမောင်နှင့် မောင်မောင်သွင်မိဘများ တွေ့ဆုံကြသည်။ သူ့ကို လက်ဖက်ရည် ဝိုင်းနှင့် ဧည့်ခံသည်။ ဦး‌အေးမောင်မှာ ဆီးချိုရှိသဖြင့် အချိုသောက်၍မရ။ သူ့ရှေ့တွင်ချထားသည့် လက်ဖက်ရည်ခွက်ကို သောက်ရမလား၊ မသောက်ဘဲ ငြင်းလိုက်ရမလား စိတ်ထဲတွင်ဝေဝါးနေသည်။

“ဆရာကြီး ဇနီးဆုံးတာ ဘယ်လောက်တောင်ရှိသွားပြီလဲခင်ဗျာ”

မောင်မောင်သွင်ဖခင်က မေးသည်။

“ကျွန်တော့်ဇနီးဆုံးတာ ၁၅ နှစ် ရှိသွားပြီ”

“အို သမီးလေး ငယ်ငယ်ပဲရှိဦးမှာပေါ့”

“၇ နှစ် သမီးလောက်မှာပါ”

“သမီးလေးက မိတဆိုးလေးဆိုပေမယ့် လိမ္မာပါတယ်”

“ကျောင်းက ဆရာ၊ ဆရာမတွေ လက်ထဲမှာပဲ ကြီးရတဲ့ကလေးပါဗျာ”

“ဒါနဲ့ဆရာကြီး ပင်စင်ယူလိုက်တာကြာပြီလား”

“၅ နှစ်ရှိသွားပြီ”

“လက်ဖက်ရည်သုံးဆောင်ပါဦးဆရာကြီး”

သူက လက်ဖက်ရည်ကို သောက်ရန်ဆုံးဖြတ်လိုက်ပြီး ရှေ့တွင်ချထားသည့်ခွက်ကိုယူကာ မော့ချလိုက်သည်။ ဖြစ်ချင်ရာဖြစ် သူမငြင်းသင့်ဟု ယူဆသောကြောင့်ဖြစ်သည်။ သူအံ့အားသင့်သွားသည်။ လက်ဖက်ရည်က သူသောက်နေကျ ဆီးချိုသမားတွေသောက်သည့် လက်ဖက်ရည်ဖြစ်နေသောကြောင့်ပင်။ ပိုက်ဆံရှိသူတွေ လည်း ဒါမျိုးသောက်သားပဲဟု သူ့စိတ်ထဲတွင်မှတ်လိုက်သည်။

“ဆရာကြီး နေ့ခင်းခဏလောက်လှဲပါဦးလား။ တစ်ညလုံးလည်း ကားစီးလာရတာဆိုတော့။ အိပ်ရာကနိုးမှ ရေမိုးချိုးပြီး ထမင်းစားကြတာပေါ့”

သူနေ့ခင်း ခဏအိပ်တတ်သည်။ နိုးမှနေ့လယ်စာစားသည်။ သူအိပ်ခန်းထဲဝင်လိုက်သည်။ သူ့အတွက် အိပ်ရာ ပြင်ဆင်ပေးထားသည်။ သူဌေးတွေဖြစ်သောကြောင့် မွေ့ရာတွေအထူကြီးနှင့် အဲကွန်းခန်းထဲ အိပ်ရမည် ထင်ထားသည်။ သူက အဲကွန်းနှင့်ဓာတ်မတည့်။ သူ့အခန်းထဲတွင် အဲကွန်းရှိသော်လည်း ပိတ်ထားသည်။ ခုတင်ကြီးပေါ်တွင် မွေ့ရာမရှိ၊ ဖျာလေးတစ်ချပ်ခင်းထားသည်။ ခေါင်းအုံးတစ်လုံးနှင့် အညာစောင်လေး တစ်ထည်သာချခင်းထားသည်။ သူက ခုတင်ပေါ်တက်ပြီး တိုက်အပေါ်ထပ် လေတဖြူးဖြူးဝင်နေသော ပြတင်းပေါက်ဘေးတွင် ခရီးလည်းပန်းသဖြင့် အိပ်ပျော်သွားသည်။

“ဆရာကြီး”

သူ့ကို တစ်ယောက်ယောက်က လာနှိုးသဖြင့် လန့်နိုးသွားသည်။

“ထမင်းစားဖို့အသင့်ဖြစ်ပါပြီ … ၁၂ နာရီထိုးတော့မယ်”

“ဪ ဟုတ်လား … အိပ်ပျော်သွားတယ်။ ရေချိုးလိုက်ဦးမယ်နော်”

“ဟိုမှာ ရေချိုးခန်းပါ”

ရေချိုးခန်းထဲတွင် သူသုံးနေကျ ဆပ်ပြတုံးအသစ်လေးကို တွေ့လိုက်ရသည်။

“ဟာ သူဌေးတွေလည်း ဒီဆပ်ပြာသုံးသလား”

သူကရေချိုးပြီး အဝတ်အစားလဲကာ အောက်ထပ်ကိုဆင်းလာသည်။ အောက်ထပ်ထမင်းစားခန်းကြီးက ကြီးကျယ်ခန်းနားလှသည်။ သူ့စိတ်ထင် ထမင်းဝိုင်းကြီးကို ကြီးကျယ်စွာ ပြင်ဆင်ထားလိမ့်မည် ထင်ထားသည်။ သို့သော် သာမန်ကြက်သားဟင်းလေးတစ်ခွက်နှင့် ငါးပိရည် တို့စရာတို့နှင့်ဖြစ်သည်။ တို့စရာကလည်း သူကြိုက်တတ်သည့် ပဲစောင်းလျားသီးပြုတ်၊ ခရမ်းချိုသီးပြုတ်၊ ကြက်ဟင်းခါးသီးပြုတ်တို့နှင့် ဖြစ်သည်။ ငါးပိရည် ကလည်း သူ့အကြိုက် ငရုတ်သီးစိမ်း ငါးပိရည်နှင့်ဖြစ်သည်။

သူတို့အားလုံးလည်း သူ့လိုပင် ငါးပိရည်၊ တို့စရာ၊ ငါးပိချက်တို့နှင့် မြိန်ရှက်စွာ စားကြသည်။ သူက ဧည့်သည်ဆိုပြီး ဝက်သားတွေ၊ အမဲသားတွေ ချက်ကျွေးမည်ကို စိုးရိမ်နေသည်။ သူမစားသောကြောင့်ဖြစ်သည်။ ငါးပိရည် တို့စရာနှင့်ပင် သူ့အတွက် အလုပ်ဖြစ်နေပြီ။

အားလုံး ထမင်းစားပြီးသောအခါ လက်ဖက်ဝိုင်းနှင့် ရေနွေးကြမ်းသောက်ပြီး သားရေး သမီးရေး ကိစ္စများ ပြောကြသည်။ ဦးအေးမောင်က

“ကျွန်တော်ကတော့ဗျာ … ကျောင်းဆရာအငြိမ်းစားလည်းဖြစ်တော့ ဘာမျှမတတ်နိုင်ပါဘူး။ ကျွန်တော့် သမီးလေးကို သမီးရင်းလေးလိုချစ်ပေးရင်တော်ပါပြီခင်ဗျာ”

“ကျွန်မတို့မှာလည်း သားလေးကတစ်ယောက်တည်းရှိတာပါရှင်။ သားနဲ့လက်ထပ်တော့ ကျွန်မတို့ သမီးလေး ပါပဲ”

“ကျွန်တော်တစ်ခုလောက်မေးရမလား”

“ဘာများလဲဆရာကြီး”

“ကျွန်တော် အံ့အားသင့်နေလို့ပါ။ ကျွန်တော်သောက်တဲ့ လက်ဖက်ရည်၊ သုံးတဲ့ဆပ်ပြာ၊ ကျွန်တော်ကြိုက်တဲ့ အစားအစာတွေအားလုံးကို ဒီမှာကြုံတွေ့နေရလို့ပါ။ ကျွန်တော်နဲ့ ဒီကနောင်ကြီးတို့ စိတ်ချင်းအကြိုက်ချင်း တူနိုင်လိမ့်မယ်လို့ ထင်ပါတယ်ဗျာ”

“ဟင်း … ဟင်း … ဆရာကြီးနှယ် … အဲဒါ ဆရာကြီးသမီးလေးရဲ့ အစီအမံတွေပါရှင်။ သူက သူ့အဖေ ဘာတွေ ကြိုက်တယ်၊ ဘာတွေမကြိုက်ဘူးဆိုတာ ကျွန်မသားကို အကုန်ပြောထားတာရှင့်။ သားက ဖုန်းကြို ဆက်ထားလို့ ကျွန်မတို့ သမီးလေးပြောတဲ့အတိုင်း စီစဉ်ထားတာပါရှင်”

“ဪ ဟုတ်လား”

မင်္ဂလာစကားကို အောင်မြင်စွာ ပြောဆိုနိုင်ခဲ့သည်။ ဆရာကြီးဦးအေးမောင်အနေဖြင့် ပိုက်ဆံရှိသူတို့က သူ့သမီးလေးကို တင့်တယ်စွာ လက်ထပ်နိုင်ရန် စီစဉ်ထားမှုများကို ဘာမျှ ငြင်းစရာအကြောင်းမရှိ။ ကျောင်းဆရာလုပ်သက် နှစ်ပေါင်း ၃၀ ကျော်သူ့မှာ တစ်ပြားမျှမစုမိ။ ယခုလည်း သမီးလေးက သူ့ကိုလုပ်ကျွေး နေခြင်းဖြစ်သည်။

နောက်တစ်နေ့ သူရန်ကုန်ကို ပြန်ရောက်လာသည်။

ဦးအေးမောင်က ကွယ်လွန်သွားသည့် သူ့ဇနီးဓာတ်ပုံရှေ့သွားပြီး

“မသင်းရေ … သမီးလေးအတွက်တော့ ငါစိတ်ချပါပြီကွယ်။ ခုနေ မင်းနောက်ကို လိုက်ခဲ့ရမယ် ဆိုရင်တောင် ငါစိတ်ချလက်ချ ပျော်ပျော်ကြီးလိုက်ခဲ့ပါ့မယ်ကွယ်” ဟု တိုးတိုးလေးပြောလိုက်သည်။

အလုပ်သွားရန်ပြင်နေသော သမီးက

“ဖေဖေ ဘာတွေပြောနေတာလဲဟင်”

“သမီးရေ … သမီးလေး လက်ထပ်ပြီးတော့ သူတို့နဲ့ သွားနေမယ်ဆိုရင်တောင် ဖေဖေ သမီးအတွက် စိတ်ချ ပါပြီကွယ်”

“သမီးက ဘာဖြစ်လို့ ဖေဖေ့ကိုထားသွားရမှာလဲ။ သမီး ဖေဖေနဲ့ ဘယ်တော့မှ မခွဲဘူး”

“သမီးရေ ဖေဖေစိတ်အေးရပြီဆိုတာကိုပြောတာပါကွယ်။ တစ်နေ့ ဖေဖေတို့ ခွဲကို ခွဲရမှာပါ။ ရှင်ခွဲ မခွဲရရင်တောင် သေရင်ခွဲကြရမှာပါ။ ဖေဖေစိတ်ချတယ်နော်”

“အို … ဖေဖေရယ်”

တင်ညွန့်

၂၀.၁၀.၂၀၂၅

ဆရာဦးတင်ညွန့်၏ Tin Nyunt account မှ ကူးယူဖော်ပြပါသည်။ account following လုပ်ထားလျှင် တင်သမျှစာများကို ဖတ်ရှုနိုင်ပါမည်။

လာပါပြီဗျာ--------------စာအုပ်တစ်အုပ်ရေးပြီးရင် လူကပုံကျသွားသလိုပင်။ ဘာမျှ လုပ်ချင်ကိုင်ချင်စိတ်ကို မရှိတော့။ စာရေး ရခြင...
19/10/2025

လာပါပြီဗျာ
--------------
စာအုပ်တစ်အုပ်ရေးပြီးရင် လူကပုံကျသွားသလိုပင်။ ဘာမျှ လုပ်ချင်ကိုင်ချင်စိတ်ကို မရှိတော့။ စာရေး ရခြင်းထက် ကိုယ်ရေးပြီးသားစာကို ပြန်စစ်ရခြင်းက ပိုပြီး ပင်ပန်းသည်။ တစ်ကြိမ်စစ်အမှားပြင်၊ နောက်တစ်ကြိမ်ထပ်စစ် အမှားထပ်တွေ့၊ ထပ်ပြင်၊ ပြင်၍မဆုံးတော့ပြီ။

နောက်ဆုံး Layout သမားထံအပ်၍ ရပြီဟု စိတ်ကို ဆုံးဖြတ်လိုက်မှ လူကပုံကျသွားတော့သည်။ ဘာမျှကို လုပ်ချင်ကိုင်ချင်စိတ် မရှိလောက်အောင်ဖြစ်သွားသည်။

စိတ်လွတ်ကိုယ်လွတ် အနားယူလိုက်မည်ဟူ၍ စိတ်မကူးနိုင်။ ကိုယ့်လမ်းထဲမှာ ကထိန်အလှူခံက အရှေ့တစ်ခံ၊ အနောက်တစ်ခံ။ ကိုယ်က ထိုအလှူခံနှစ်ခုကြားတွင် ရောက်နေသည်။

တစ်ခံက

“ဘုံကထိန် … ဘုံကထိန်”

နောက်တစ်ခံကလည်း

“ဘုံကထိန် … ဘုံကထိန်”

အလွန်ကျယ်လောင်ဆူညံလွန်းလှသော အသံချဲ့စက်သံတွေကြား ခေါင်းတွေပူထူနေတော့သည်။

အလှူခံမဏ္ဍပ်က ကိုမိုက်ခဲတို့ကလည်း ဘာမျှ မဟောတတ်၊ မပြောတတ်တော့

“သာဓုပါ … သာဓုပါ” ဆိုတာကို အကြိမ်တစ်ရာလောက် ထပ်ကာ ထပ်ကာ သာဓုချင်းထပ်အောင် အော်နေရှာသည်။

လူတစ်ယောက် ငွေတစ်ရာလာလှူလည်း အကြိမ် တစ်ရာ သာဓုခေါ်သည်။

“ကောင်းပေစွ … ကောင်းပေစွ” ဘယ်သူ့တွေအတွက် ဘယ်လိုတွေ ကောင်းနေမှန်းတော့မသိ။

ယခုနှစ်တစ်မိုးတွင်းလုံးလည်း အသံမစဲ ပဋ္ဌာန်းပွဲတွေနှင့် တစ်မိုင်ခန့်ဝေးသော ဘုန်းကြီးကျောင်းက မပြတ် ကြားနေရသည်။ ထိုဘုန်းကြီးကျောင်းက ရင်သိမ့်တုန်လူတစ်ရပ်ခန့် ဆောင်းဘောက်စ်ကြီးပေါင်း များစွာကို ပိုင်ဆိုင်ထားသည်။ အရပ်ထဲလည်း ငှားသည်။ ကျောင်းမှာလည်း ဘာပွဲလုပ်လုပ် ထိုရင်သိမ့်တုန်ကြီးများကို အားမနာတမ်းဖွင့်သည်။ မကြာမီ ထိုကျောင်းတွင် မင်္ဂလာဆောင်တွေ လာတော့မည်။ ခန်းမလည်းငှားသည်။ မင်္ဂလာဆောင်တိုင်းလည်း ရင်သိမ့်တုန်ကြီးတွေကိုဖွင့်သည်။ ခံပေဦးတော့ ဝဋ်၊ မြန်မာပြည်တွင် လူဖြစ်နေရ သည် မဟုတ်လော။

ကျွန်တော် ဤတောရွာလေးကို မရောက်မီက သာကေတတွင်နေသည်။ ထိုနေရာသည်ကား လူနေထူထပ်ပြီး ဘုရားရှိခိုးလျှင်ပင် ဆောင်းဘောက်စ်ကို အိမ်ရှေ့ထုတ်ပြီး မနက်မိုးမလင်းမီ အော်တတ်သော ဒေသဖြစ် နေသည်။ နောက်ဆုံး အော်သူမပျက်၊ နာသူအခံရခက်လွန်းသဖြင့် ပြောင်းပြေးရသည်။

တောရွာလေးတွင် ပထမဆုံး ဘုန်းကြီးကျောင်းနဲ့ဝေးသလား၊ ဓမ္မာရုံနဲ့ ဝေးသလားတွေ စုံစမ်းပြီးမှ ဤနေရာ လေးကို ရွေးချယ်ပြီး အိမ်ဆောက်လိုက်သည်။ အေးချမ်းစွာ နေထိုင်ရမှုသည် ခေတ္တသာဖြစ်သည်။ နောက်တော့ လူနေစိပ်လာသည်။ မြို့ထဲတွေက ပြောင်းလာသူတွေ များလာသည်။ အိမ်လခသက်သာစွာ ဖြစ်သလိုနေထိုင် နိုင်သည့်အရပ်ဖြစ်လာသည်။ လူနေများတော့ ပြဿနာများသည်။ ရန်ဖြစ်သံတွေ နေ့တိုင်းကြားရသည်။ အဘယ်မှာလျှင် အေးချမ်းနိုင်တော့မည်နည်း။

ကျွန်‌တော်က တစ်ယောက်တည်းနေသည်ဖြစ်ရာ အိမ်တံခါးတွေ ပိတ်နေသည်ကများသည်။ လာမည့်နွေ ထိုအိမ်တံခါးတွေကိုပိတ်ကာ မည်သို့ နေနိုင်ပါအံ့နည်း။ ကိုယ့်အိမ်နားမှာ ယခင်က တိတ်ဆိတ်သည်။ အလှူခံရခြင်းကို မွေ့လျော်သူတစ်ယောက် ရောက်လာပြီးကတည်းက၊ ကိုယ်ပိုင်အသံချဲ့စက် ဆောင်းဘောက်စ်တွေနှင့် အလှူခံလိုက်သည်မှာ ရေဘေး၊ လေဘေး ဘာဘေးမျှမကျန် သူ့အသံကြားရသည်။ အလှူပွဲ၊ တရားပွဲ၊ ဘာပွဲ၊ ညာပွဲ ပွဲတွေစိတ်စိတ် တစ်နွေလုံး၊ တစ်ဆောင်းလုံး အလှူခံတော့မည်။ ထိုအသံချဲ့စက် ဒဏ်ကို အတော်လေး သည်းခံနေရသည်။

တောရွာနေသူတွေကခက်သည်။ ဘာလှူလှူ ဆောင်းဘောက်စ်ကြီးတွေနှင့် အော်ဟစ်နိုင်မှ အလှူ မြောက်သည်ဟု ထင်နေကြသည်။ မြန်မာသီချင်းလည်းဖွင့်သည်။ ထိုင်းတီးလုံးတွေလည်း ဖွင့်သည်။ တီးလုံးတွေဖွင့်ပြီး ဆောင်းဘောက်စ်တွေရှေ့တွင် ချထားသည့် အရက်စတုဒိသာကို သောက်သုံးကာ ကလေး၊ လူကြီး၊ ယောက်ျား၊ မိန်းမ အားလုံးကကြရတာကိုမှ အလှူဟု ထင်နေကြသည်။ မင်္ဂလာဆောင်လည်း ကသည်။ ရှင်ပြုလည်းကသည်။ နောက်ဆုံး ကလေးကင်ပွန်းတပ်ဆိုပြီး ကြံဖန်ကသည်။ ပျော်လည်း ပျော်နိုင်လွန်းသည့် ကိုရွှေတောသားတွေပင်။

ကျွန်တော့်မှာ စိတ်မောလူမော ဘယ်တောကို ပြေးလို့ လွတ်နိုင်အံ့မထင်။ အဘယ်ကြောင့်ဆိုသော် ရောက်သည့် နေရာတိုင်းတွင် ဥပဒေမဲ့ လုပ်ချင်တာလုပ်၍ရသည်ဆိုသော လူတွေနှင့် အသိတွေက လွှမ်းမိုးနေသောကြောင့် ဖြစ်သည်။

“ဟဲလို … တက်စတင်း … ဟဲလို … တက်စတင်း … ဝမ်း … တူး”

ကိုင်း ကိုအော်လံတို့စပြီ။

“ဘုံကထိန် … ဘုံကထိန်”

အလိုလေး ဘာတဲ့။

တင်ညွန့်

၁၉.၁၀.၂၀၂၅

ဆရာဦးတင်ညွန့်၏ Sayar Tin နှင့် Tin Nyunt account မှ ကူးယူဖော်ပြပါသည်။ account following လုပ်ထားလျှင် တင်သမျှစာများကို ဖတ်ရှုနိုင်ပါမည်။

နှောင် --------“မိန်းမရေ စွပ်ကျယ် ဘယ်မှာထားလဲ”“ဗီရိုထဲမှာ … ဒုတိယထပ်မှာ”“မိန်းမရေ … ဘာဝတ်သွားရမှာလဲ”“ကြိုက်တာသာ ယူဝတ်တော...
18/10/2025

နှောင်
--------
“မိန်းမရေ စွပ်ကျယ် ဘယ်မှာထားလဲ”

“ဗီရိုထဲမှာ … ဒုတိယထပ်မှာ”

“မိန်းမရေ … ဘာဝတ်သွားရမှာလဲ”

“ကြိုက်တာသာ ယူဝတ်တော့ … ဒီနေ့အိပ်ရာထနောက်ကျလို့ ကလေးထမင်းချိုင့် မမီဘဲနေမယ်”

မခင်မိတစ်ယောက် ယနေ့မနက် အလုပ်များနေသည်။ ညက တစ်ညလုံးမီးမလာ။ မိုးလင်းခါနီးမှ မီးလာသဖြင့် ရေထတင်ရသေးသည်။ အိပ်ရေးမဝသေးသဖြင့် ခဏလေးလှဲလိုက်ရာ အိပ်ပျော်သွားသည်။ သူ့မှ ကလေး ကျောင်းအတွက် ထမင်းချိုင့်ပြင်ပေးရမည်။ ယောက်ျားမနက်စာစားသွားရန် ပြင်ပေးရမည်။ ၆ နာရီထိုးမှ အိပ်ရာက နိုးသဖြင့် ကမန်းကတန်း ပြေးလွှားလှုပ်ရှားနေရသည်။

“မိန်းမရေ …”

“ဘာလဲ”

“လက်ကိုင်ပဝါမတွေ့ဘူး”

“ခက်တော့တာပဲ”

မခင်မိက စိတ်ပျက်စွာဖြင့် မီးဖိုချောင်ထဲကထွက်လာပြီး အိပ်ခန်းထဲကို ဝင်လာသည်။

“ဟယ် ဘယ်လိုဖြစ်တာလဲ”

ခေါင်းဖြီးနေသော ကိုလှကြင်က နောက်ကိုလှည့်လိုက်ပြီး

“ဘာဖြစ်လို့လဲ”

“ကြည့်ပါဦး … ကြည့်ပါဦး ဗီရိုထဲက အဝတ်တွေကိုဖွထားလိုက်တာများ။ ရှင် စွပ်ကျယ်ရှာတာနဲ့ ပုဆိုး အင်္ကျီရှာတာ ဒီလောက်တောင် ဖြစ်သွားရသလား။ ဒီအဝတ်တွေကို မီးပူထိုးဖို့ ကျွန်မဘယ်လောက် အချိန်တွေ ယူထားရသလဲ။ ကိုယ်ချင်းစာစိတ် မရှိလိုက်တာရှင်”

သူက အိပ်ရာပေါ်တွင် ဖွထားသည့် ပုဆိုးနှင့် အင်္ကျီများကိုကြည့်ကာ ပြောလိုက်ခြင်းဖြစ်သည်။

“တကယ်ဆို မိုးလင်းကတည်းက ငါဝတ်သွားရမှာတွေကို အသင့်ပြင်ထားပေးရင် ဒီလို ဖြစ်စရာ ဘာအကြောင်း ရှိသလဲ”

“ဪ … ရှင့်မှာ လိုချင်တဲ့ အဝတ်အစားလောက်ကို ဗီရိုထဲကထုတ်ဖို့တောင် အသိတရား မရှိတော့ဘူးပေါ့။ ကျွန်မနဲ့ မညားခင်က ရှင့်ကို ဘယ်သူက အသင့်ပြင်ထားပေးလို့လဲ။ လုပ်ရက်လိုက်တာရှင် … မလျှော်ရတိုင်း၊ မီးပူမထိုးရတိုင်း … လုပ်ရက်လိုက်တာ”

“နားငြီးလိုက်တာကွာ … ဒါလေးများ ပြန်ခေါက်ထည့်လိုက် ဘာဖြစ်မှာလဲ”

“ရှင်ခေါက်ထည့်လိုက်လေ … ဟယ် နောက်က ဟင်းအိုး တူးပြီနဲ့တူပါတယ်”

မခင်မိက မီးဖိုချောင်ကို ပြေးပြန်သည်။

ဟင်းအိုးတူးသည်။ မီးဖိုးခန်းထဲတွင်ဆူညံသွားသည်။

ကိုလှကြင်က အပြင်ကိုထွက်လာပြီး

“မနက်စာ မစားတော့ဘူး … အပြင်မှာပဲစားတော့မယ်” ဟုပြောကာ ထွက်သွားသည်။

မခင်မိတစ်ယောက် ဒေါသနှင့် တံခါးကို ဆောင့်ကန်လိုက်ပြီး

“သွား … သွား … ကြိုက်တဲ့နေရာမှာစား … ဟီး … ဟီး … ဟီး”

သူက မီးဖိုခန်းထဲတွင် ထိုင်ချလိုက်ပြီး တဟီးဟီးငိုတော့သည်။

“ကိုယ်ချင်းစာစိတ်ကို မရှိကြဘူး။ လူကို အိမ်မှာ ကျွန်တစ်ယောက်လိုများ ထင်နေသလား မပြောတတ်ဘူး။ မိုးလင်း မိုးချုပ် လုပ်လိုက်ရတဲ့ အိမ်မှုကိစ္စ။ တစ်ယောက်တည်း နားချိန်ကို မရှိဘူး။ သူတို့က ပြန်လာပြီး လက်ဆေးစားရတာတောင် ကိုယ်ချင်းစာစိတ် မရှိကြဘူး ဟီး … ဟီး … ဟီး”

သူက နှပ်တွေကို ထဘီနှင့်သုတ်လိုက်၊ မျက်ရည်တွေကို အင်္ကျီလက်မောင်းနှင့် သုတ်လိုက်ဖြင့် ငိုနေသည်။

“တကယ်တော့ ငါ အိမ်ထောင်ကျတာမဟုတ်ဘူး။ ထောင်ကျနေတာ။ ထောင်ကမှ လွတ်ရက်ရှိဦးမယ်။ ခုတော့ ငါ့မှာ လွတ်ရက်မရှိ ဒင်းတို့ကျွန်ခံနေရတာ။ အမေရေ … အို အမေရဲ့ … အမေပြောတာ မှန်လိုက်တာ။ အပျိုလို မနေမိလို့ ငိုမိမယ်လေးတဲ့။ မှန်လိုက်တာ အမေရေ။ အိမ်မှာဆို ကျော့နေအောင်နေရ။ ခုတော့ လာကြည့်ပါဦးလား အမေရဲ့ ဟီး … ဟီး … ဟီး”

သူကပြောလည်းပြော ငိုလည်းငိုနေသည်ကို တံခါးဝမှ သမီးလေးဖြစ်သူက ချောင်းကြည့်နေသည်။ သမီးလေးက မခေါ်ရဲ ခေါ်ရဲဖြင့်

“မေမေ” ဟုခေါ်လိုက်သည်။

“ဟယ် သမီးလေး”

“မေမေဘာဖြစ်လို့လဲ သမီးကျောင်းသွားတော့မယ်”

“ခဏလေး သမီး … ခဏလေး … မေမေ ကြက်ဥကြော်ပေးလိုက်မယ်။ ဟင်းအိုးတူးသွားလို့။ မနက်စာကို မေမေ လမ်းထိပ်မှာ လိုက်ကျွေးမယ်နော်။ ခဏလေး … မေမေ ထမင်းချိုင့်ပြင်လိုက်ဦးမယ်”

မခင်မိက မျက်ရည်တွေကိုသုတ်လိုက်ပြီး ကြက်ဥကြော်ကာ ထမင်းချိုင့်ထဲထည့်သည်။ ထို့နောက် မျက်နှာသစ်ကာ

“လာသမီးလေး” ဟု သမီးလေးလက်ကို ဆွဲလိုက်စဉ် အခန်းထဲသို့ ကိုလှကြင်က ပြန်ဝင်လာသည်။

“မိရေ”

“ဘာလဲ”

“ဒီမှာ လမ်းထိပ်က နန်းကြီးသုပ်ဝယ်လာတယ်။ သမီးလေးစားဖို့ပါ ဝယ်လာတယ်”

“စားဘူး … ရှင့်ဘာသာစား”

“ဟာကွာ မိကလည်း … ဒီမှာ သမီးလေးထမင်းချိုင့်အတွက် ကြက်ကြော်၊ ဒီမှာ နန်းကြီးသုပ် စားလိုက်ဦး”

“လာသမီး သွားမယ်”

မခင်မိက သမီးကို လက်ဆွဲသည်

“မေမေ သမီးကြက်ဥကြော် မကြိုက်ဘူး”

“လာသမီး ဖေဖေ လဲပေးမယ်”

သူက မရွှေမိလက်ထဲမှ ထမင်းချိုင့်ကိုယူလိုက်ရာ မရွှေမိက ရုန်းပြီး

“ဖယ်ပါ” ဟုပြောပြီး သူ့လက်ထဲမှ အထုပ်များပါယူကာ စားပွဲဆီကိုပြန်သွားသည်။

“မေမေ … ကျောင်းကားလာပြီ မြန်မြန်လုပ်”

“သမီး ထမင်းချိုင့်ထဲကို နန်းကြီးသုပ်ရော … ကြက်ကြော်ပါထည့်ပေးလိုက်တယ်။ ကျောင်းရောက်မှ စားတော့”

“ဟုတ်ကဲ့မေမေ”

သမီးကိုသူက တိုက်အောက်လိုက်ပို့သည်။ ထို့နောက် ပြန်တက်လာရာ တံခါးဝတွင် ကိုလှကြင်ကရပ်ပြီး အဝင်ဝကို လက်နှင့် ကာထားသည်။

“ဘာလုပ်တာလဲ ဖယ်ပါ”

“ကိုယ့်ကို စိတ်ဆိုးနေတာလား”

“ဆိုးတယ်”

“ကိုယ်တောင်းပန်ပါတယ်ကွာ”

“ရှင်တောင်းပန်တာ ဆယ်နှစ်မကတော့ဘူး”

“ဟုတ်တာပေါ့ … တောင်းပန်ဖို့ တစ်ခုလိုနေတာ”

သူက မခင်မိကိုဖက်ပြီး ပါးလေးကို ရွှတ်ခနဲနမ်းလိုက်သည်။

“အို ဘယ်လိုလုပ်လိုက်တာလဲ … အပေါက်ဝကြီးမှာ”

“ဒါဆိုအထဲဝင်လေ”

“ဖယ်ပါ”

သူက ဖယ်ပြီး အိမ်ထဲကို မခင်မိအား အဝင်ခံလိုက်သည်။

ထို့နောက် တံခါးပိတ်လိုက်သည်။

တင်ညွန့်

၁၉.၁၀.၂၀၂၅

ဆရာဦးတင်ညွန့်၏ Tin Nyunt account မှ ကူးယူဖော်ပြပါသည်၊ Account following လုပ်ထားလျှင် တင်သမျှကို ဖတ်ရှုနိုင်ပါမည်။

✅ အသစ်ထွက် နှင့် ပြန်ရစာအုပ်လေးတွေပါရှင့်🥰✅ စာအုပ်ပုံလေးတွေရဲ့အောက်မှာဈေးနှုန်းလေးတွေပါဖော်ပြပေးထားပါတယ်ရှင့်🥰http://m.m...
18/10/2025

✅ အသစ်ထွက် နှင့် ပြန်ရစာအုပ်လေးတွေပါရှင့်🥰

✅ စာအုပ်ပုံလေးတွေရဲ့အောက်မှာဈေးနှုန်းလေးတွေပါဖော်ပြပေးထားပါတယ်ရှင့်🥰

http://m.me/115600311636549

Latt Book Shop and Distribution 095020068

#ကိုလတ်စာပေ
အမှတ် ၂၂၀ ၊ မြေညီ ၊ ၃၁ လမ်း အထက်ဘလောက် ၊ ပန်းဘဲတန်းမြို့နယ် ၊ ရန်ကုန်မြို့ ၊ 018390421,
09265020068 , 09965020068 , 09885020068 တို့ကိုလည်း ဆက်သွယ်လို့ရပါတယ်ရှင့်🥰

✍🏼 ဝေမိုး(ကျွန်းလှ)ဓမ္မဂုဏ်ရည်ဆရာတော်(ရွှေပြည်သာ)📖 မဟာဗုဒ္ဓဝင်အနှစ်ချုပ်တန်ဖိုး ၂၂၀၀၀ ကျပ်၊ စာ ၆၅၃၊ စတုတ္ထအကြိမ် အောက်တိ...
18/10/2025

✍🏼 ဝေမိုး(ကျွန်းလှ)
ဓမ္မဂုဏ်ရည်ဆရာတော်(ရွှေပြည်သာ)

📖 မဟာဗုဒ္ဓဝင်အနှစ်ချုပ်

တန်ဖိုး ၂၂၀၀၀ ကျပ်၊ စာ ၆၅၃၊

စတုတ္ထအကြိမ် အောက်တိုဘာလ ၂၀၂၅။

#ကိုလတ်စာပေမှဖြန့်ချိပါသည်။

http://m.me/115600311636549

Latt Book Shop and Distribution 095020068

#ကိုလတ်စာပေ
အမှတ် ၂၂၀ ၊ မြေညီ ၊ ၃၁ လမ်း အထက်ဘလောက် ၊ ပန်းဘဲတန်းမြို့နယ် ၊ ရန်ကုန်မြို့ ၊ 018390421,
09265020068 , 09965020068 , 09885020068 တို့ကိုလည်း ဆက်သွယ်လို့ရပါတယ်ရှင့်🥰

✍🏼 Dr. Phyo Min Tun 📖 ငွေရှာနည်း စိတ်ပညာတန်ဖိုး ၁၈၀၀၀ ကျပ်၊ (ပြန်ရပါပြီရှင့်)။http://m.me/115600311636549  Latt Book Sho...
18/10/2025

✍🏼 Dr. Phyo Min Tun

📖 ငွေရှာနည်း စိတ်ပညာ

တန်ဖိုး ၁၈၀၀၀ ကျပ်၊ (ပြန်ရပါပြီရှင့်)။

http://m.me/115600311636549

Latt Book Shop and Distribution 095020068

#ကိုလတ်စာပေ
အမှတ် ၂၂၀ ၊ မြေညီ ၊ ၃၁ လမ်း အထက်ဘလောက် ၊ ပန်းဘဲတန်းမြို့နယ် ၊ ရန်ကုန်မြို့ ၊ 018390421,
09265020068 , 09965020068 , 09885020068 တို့ကိုလည်း ဆက်သွယ်လို့ရပါတယ်ရှင့်🥰

ဘဝဆိုသည်မှာ------------------ဘဝနဲ့ပတ်သက်ပြီး ပညာရှင်များ၏ ဖွင့်ဆိုချင်တွေအမျိုးမျိုးတွေ့ရပါသည်။ဒေါ့စ်တိုယက်စကီးက - “ဘဝဆိ...
18/10/2025

ဘဝဆိုသည်မှာ
------------------
ဘဝနဲ့ပတ်သက်ပြီး ပညာရှင်များ၏ ဖွင့်ဆိုချင်တွေအမျိုးမျိုးတွေ့ရပါသည်။

ဒေါ့စ်တိုယက်စကီးက - “ဘဝဆိုတာ ငရဲ” တဲ့

ဆိုကရေးတီးက - “ဘဝဆိုတာ စာမေးပွဲ” တဲ့

အရစ္စတိုတယ်က - “ဘဝဆိုတာ စိတ်” တဲ့

နစ်ချေးက - “ဘဝဆိုတာ စွမ်းအား” တဲ့

ဖရိုက်က - “ဘဝဆိုတာ သေဆုံးခြင်း” တဲ့

မားကပ်စ်ဩရေးလီးရပ်စ်က - “ဘဝဆိုတာ စိတ်ကူး” တဲ့

ပီကာဆိုက - “ဘဝဆိုတာ အနုပညာ” တဲ့

ဂန္ဒီက - “ဘဝဆိုတာ အချစ်” တဲ့

ရှိုပင်ဟောင်းဝါးက - “ဘဝဆိုတာ ဝေဒနာ” တဲ့

ဘာထရမ် ရပ်ဆဲလ်က - “ဘဝဆိုတာ ပြိုင်ဆိုင်ခြင်း” တဲ့

စတိဂျော့က - “ဘဝဆိုတာ ယုံကြည်မှု” တဲ့

အိုင်စတိုင်းက - “ဘဝဆိုတာ ပညာ” တဲ့

စတီဖင် ဟော့ကင်းက - “ဘဝဆိုတာ မျှော်လင့်ချက်” တဲ့

ကာ့ဖ်ကာက - “ဘဝဆိုတာ အစ” တဲ့

ရူမီက - “ဘဝဆိုတာ ပေါင်းစည်းရန်ရှာဖွေခြင်း” တဲ့

ခါလီ ဂျီဘရမ်းက - “ဘဝဆိုတာ စိတ်၏ထွက်ပြေးလွတ်မြောက်ခြင်း” တဲ့

ဂါလစ်က - “ဘဝဆိုတာ စိတ်ကူးနှင့် အစစ်အမှန်နှစ်ခုကြားရှိ အကွာအဝေး” တဲ့

ပြောလိုက်ကြသည့်စိတ်ကူးတွေကအမျိုးမျိုး၊ သူ့သဘောသူဆောင်နေကြသည်။

ဘဝဆိုတာဘာလဲ ယောင်ချာချာဖြစ်ကျန်ခဲ့သည်။

သိပ္ပံနည်းအရ “ဘဝဆိုတာ ကိုယ်တိုင်ရှင်သန်နိုင်သော ဓာတုစနစ်တစ်ခု” (A self-sustaining chemical system) ဟုဆိုသည်။

ဗုဒ္ဓဘာသာအမြင်အရ ဘဝဆိုသည်မှာ အောက်ပါ သဘောတရား ၃ ခုအပေါ်တွင် အခြေခံသည်။

၁။ အနိစ္စ - ဘဝမှာရှိသည့် အရာအားလုံးနှင့် အဖြစ်အပျက်တိုင်းသည် မမြဲဘဲ အမြဲတမ်း ပြောင်းလဲနေသည်။

၂။ ဒုက္ခ - ဘဝဆိုတာ ဆင်းရဲခြင်း (မကျေနပ်နိုင်ခြင်း၊ လိုချင်တာမရခြင်း၊ ရတာကို မစွန့်လွှတ်နိုင်ခြင်း) တွေနှင့် ပြည့်နှက်နေသည်။

၃။ အနတ္တ - ခိုင်မာသည့် “ငါ” သို့မဟုတ် “စိတ်ဝိညာဉ်” ဆိုတာမရှိဘဲ စိတ်နှင့်ရုပ်ပေါင်းစုထားသည့် ယာယီ အစုအဝေးတစ်ခုသာဖြစ်သည်။

ဗုဒ္ဓ၏ ဘဝရည်မှန်းချက်သည် မမြဲသည့် သံသရာထဲက လွတ်မြောက်နိုင်ရန်အတွက် ကိလေသာကို ဖယ်ရှားပြီး နိဗ္ဗာန်ကို ရောက်ရှိနိုင်ရန်ဖြစ်သည်။

ကိုယ်ကြိုက်ရာကိုယ်ယူနိုင်သည်။

ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ဘဝသည် သူ့ဘာသာသူတည်ရှိနေပြီး ကိုယ့်အသက်ရှင်နိုင်ရေး အတွက် ကြံဖန်ရုန်းကန်နေရသည်။

အချို့က တစ်ဘဝအတွက် ရုန်းကန်သည်။

အချို့က နောင်ဘဝအတွက်ပါ ရုန်းကန်သည်။

အချို့က လူသေသော်လည်း နာမည်မသေရန် ကြိုးပမ်းကြသည်။

အချို့က ဘယ်သူသေသေ သူမသေရန် ကြိုးပမ်းကြသည်။

သေချာသည်ကတော့ မွေးဖွားခြင်းနှင့် သေဆုံးခြင်းကြားကာလသည် ဘဝဖြစ်သည်။

တင်ညွန့်

၁၈.၁၀.၂၀၂၅

ဆရာဦးတင်ညွန့်၏ Sayar Tin နှင့် Tin Nyunt account မှ ကူးယူဖော်ပြပါသည်။ account following လုပ်ထားလျှင် တင်သမျှစာများကို ဖတ်ရှုနိုင်ပါမည်။

တို့ဘဝ----------ကျွန်တော်မနက်တိုင်း လမ်းလျှောက်ပါသည်။ခေတ်ကာလ အနေအထားအရ ကျွန်တော်နေထိုင်သည့် တောနယ်ပတ်ဝန်းကျင်တွင် လမ်းလျ...
18/10/2025

တို့ဘဝ
----------
ကျွန်တော်မနက်တိုင်း လမ်းလျှောက်ပါသည်။

ခေတ်ကာလ အနေအထားအရ ကျွန်တော်နေထိုင်သည့် တောနယ်ပတ်ဝန်းကျင်တွင် လမ်းလျှောက်ရန် မဝံ့ရဲပါ။ လုယက်မှုတွေမကြာခဏ သတင်းကြားနေရသောကြောင့်ဖြစ်သည်။ ကိုယ့်ကို အထင်ကြီးပြီး ဒါးထောက် လုရုံလောက်ဆိုတော်သေးသည်။ နောက်က ခေါင်းကိုရိုက်ပြီးလုလျှင်တော့ အိပ်ထဲတွင် တစ်သောင်း လောက်သာ ပါသည့်ငွေပမာဏဖြင့် အသက်မသေလို။ ထို့ကြောင့် လူစည်၊ ကားစည်သည့် နေရာတွေကို ရွေးလျှောက်ရသည်။

ကျွန်တော်နေသည့်ရွာမှ ၃ မိုင်ခန့်ဝေးသည့်နေရာကို ဘတ်စ်ကား ၃၀၀ ကျပ်ပေးပြီး ခရီးတစ်ထောက်စီးပါသည်။ ထိုနေရာမှာ လူသွားလမ်းသီးခြားရှိပြီး ကိုယ့်ကို ဆိုင်ကယ်၊ ကား ဝင်တိုက်မှာ မပူရသည့် နေရာဖြစ်သည်။ သို့သော် ပလက်ဖောင်းကျယ်ပြီး လမ်းကျယ်တိုင်းလည်း စိတ်ဖြောင့်ဖြောင့် လျှောက်နိုင်သည်မဟုတ်။ ပလက်ဖောင်းပေါ်တက်မောင်းသော ဆိုင်ကယ်သမားတွေက လမ်းမြန်မြန် မဖယ်ပေးလျှင် ဟွန်းတီးကာ မျက်စောင်းထိုးဘုကြည့်ကြသည်။

ခြေလှမ်း ၁၀၀၀၀ ပြည့်ခါနီးတွင် ဈေးနားကိုပြန်ရောက်သည်။ စားချင်တာလေးဝင်စားပြီး ကားဂိတ်တွင် ကိုယ့်ရွာ ပြန်ရန် ကားစောင့်သည်။ မနက်ခင်းဆိုတော့ လူချောင်သည်။ သို့သော် ဘတ်စ်ကားက နောက်ကား မလာမချင်းစောင့်သည်။ ဂိတ်တွေမှာ Timer တွေရှိသည်။ သူတို့က ဘယ်ကားရှေ့မှာထွက်သွားတာ မိနစ်ဘယ် လောက်ရှိပြီဆိုတာကို ကားသမားတွေကိုပြောသည်။ ထိုကွာခြားချက်ကို သူတို့အချင်းချင်း ထိန်းညှိမောင်းကြ သည်။ ခရီးသည်တွေကတော့ သူတို့ပြုသမျှ နုရသည်။

ကားမထွက်မီ ကားလမ်းဘက်ကို ငေးနေစဉ် ဆိုင်ကယ်တစ်စီးက လမ်းကြားကို ဖြတ်ဝင်သည်။ အတည့် မောင်းလာသည့်ကားက ဖြတ်ခနဲ ချိုးကွေ့လိုက်သည့် ဆိုင်ကယ်ကို ဝင်တိုက်တော့သည်။ အော်သံတွေနှင့် အတူ လူတွေ ပြေးလာသည်။

ကျွန်တော်နားလည်သလောက်ကတော့ ကားက သူ့လမ်းသူ အတည့်မောင်းလာသည်။ အရှိန်အပြင်းကြီးလည်း မဟုတ်။ ဆိုင်ကယ်သမားက နောက်မကြည့်ဘဲ ချိုးကွေ့လိုက်ရာ တိုက်မိခြင်းဖြစ်သည်။ တော်ပါသေးသည် လူတော့ ဘာမျှမဖြစ်။ ဆိုင်ကယ်ရှေ့ဘီးအဖုံးကွဲသွားသည်။

အားလုံးကသိနေသည်မှာ ကားသမားမမှားဆိုသည့်အသိ။ သို့သော် ကားသမားဘေးတွင် ဆိုင်ကယ် ကယ်ရီ ဆွဲသူတွေက ဝိုင်းလာပြီး သူတို့အချင်းချင်းအင်အားပြသည်။

“ဖြည်းဖြည်းမောင်းမှပေါ့”

“ဘာဖြစ်ဖြစ်ကားသမားအလွန်”

တစ်ယောက်တစ်ပေါက် ဝင်ပြောကြသည်။ ကားသမားက သူလည်းမမှား။ အပြောလည်း ခံရသဖြင့် စိတ်ပျက် နေသည်။

“ကျွန်တော်ဖြည်းဖြည်းလေးမောင်းလာတာ … လမ်းမှန်တယ်”

မည်မျှပြောသည်ဖြစ်စေ ဆိုင်ကယ်သမားတွေက ကားသမားကို တံခါးဖွင့်ပြီးဆွဲချသည်။ ထိုးမည်ကြိတ်မည် လုပ်ကြသည်။ လျော်ပေးရန်ပြောကြသည်။

ကျွန်တော်တို့လိုင်းကားလည်း ထွက်လာသည်။ နောက်ပိုင်းဘာဖြစ်သည်မသိ။

ကိုယ်က ဘယ်လောက်မှန်သည်ဆိုစေ၊ အမှန်တရားကို အမှားမတရားများက ဝိုင်းပြီး အဓမ္မကျင့်ကြလည်း အမှန်သမားမှာ ခံနေရသည်။ အုပ်စုဖွဲ့အနိုင်ကျင့် စိုးမိုးရေးတွေက လွှမ်းမိုးနေသည်။

လူအားကိုးနှင့် အုပ်စုဖွဲ့ကာ အနိုင်ကျင့်နေကြသူကို အကာအကွယ်ပေးမည့် သူလည်းမရှိ။ ရှိလည်း ရန်ပြုခြင်းကို ခံရမည်သာဖြစ်သည်။

ကျွန်တော်တို့ပတ်ဝန်းကျင်သည် အဘယ်မှာလျှင် လုံခြုံသနည်း။

ညအိပ်လည်း စိတ္တဇလူသတ်သမားများ ငါ့အိမ်ထဲ ရောက်လာလေမလား စိုးရိမ်နေရသည်။

လမ်းပေါ်မှာလည်း ခွေးကအစ ကြောက်နေရသည်။ ပြောရဦးမည်။

တစ်နေ့က ကျွန်တော်လမ်းလျှောက်ရာတွင် ပလုံကောက်သည့် ကလေးတစ်ယောက်ကို ခွေးလိုက်ဆွဲသည်။ ထိုကလေးက သတ္တိရှိသည်။ အုတ်ခဲကိုကောက်ပြီး ခွေးခေါင်းကိုထုသည်။ ခွေးကတော်တော်လေးနာသွားသည်။ တအိုင်အိုင်အော်ပြီး အိမ်ထဲဝင်ပြေးသည်။ အိမ်ထဲက လူတစ်ယောက် ဓားဆွဲပြီးထွက်လာသည်။

“ဘယ်ကောင်လဲကွ ငါ့ခွေးကိုလုပ်တာ” ဟုပြောသည်။

ကလေးက ဓားဆွဲကာထွက်လာသူကိုတော့ ရင်မဆိုင် ထွက်ပြေးသွားသည်။

ရပ်ကွက်ထဲမှာ ခွေးရိုက်လျှင် ပိုင်ရှင်တွေပေါ်လာပြီး ဓားဆွဲ တုတ်ဆွဲလုပ်ကြသည်။

ခွေးကိုက်သွားလျှင်တော့ သူ့ခွေး၊ ငါ့ခွေးမဟုတ်တော့ ငြိမ်နေကြသည်။

ယင်းကိုပင် ခွေးတွေကလည်း အခွင့်ကောင်းယူကာ ဟောင်ကောင်းတိုင်း ဟောင်ကြသည်။

သာမန်ပြည်သူတို့ဘဝ အဘယ်မှာလုံခြုံကြသနည်း။

တင်ညွန့်

၁၈.၁၀.၂၀၂၅

ဆရာဦးတင်ညွန့်၏ Tin Nyunt account မှ ကူးယူဖော်ပြပါသည်။ account following လုပ်ထားလျှင် တင်သမျှစာများကို ဖတ်ရှုနိုင်ပါမည်။

ရွာကနားထိုင်း----------------ရွာတွင် ကိုမြကြီးသည် အကြားအာရုံ ချွတ်ယွင်းနေသူဖြစ်သည်။ သူမကြားတာမှ တော်တော်မကြားတာဖြစ် သည်။...
17/10/2025

ရွာကနားထိုင်း
----------------
ရွာတွင် ကိုမြကြီးသည် အကြားအာရုံ ချွတ်ယွင်းနေသူဖြစ်သည်။ သူမကြားတာမှ တော်တော်မကြားတာဖြစ် သည်။ သူ့ကို တစ်ရွာလုံးက နားထိုင်းမြကြီးဟု ခေါ်ကြသည်။ မည်သို့ခေါ်သည်ဆိုစေ သူမနာပါ။ အဘယ်ကြောင့် ဆိုသော် သူနားမကြားသောကြောင့်ဖြစ်သည်။

တစ်နေ့တွင် သူ့အိမ်ခြေရင်းမှ ကိုလှမောင်ဆိုသူသည် အပြင်းအထန်ဖျားလေတော့သည်။ ရွာထဲကလူတွေ တစ်ယောက်ပြီးတစ်ယောက် ကိုလှမောင်အိမ်ကို ဝင်ထွက်နေမှ နားထိုင်းမြကြီးက စူးစမ်းသည်။

“ဘာဖြစ်နေပါလိမ့်”

ကိုလှမောင်အိမ်ထဲက ထွက်လာသူတစ်ယောက်ကို သူက မေးသည်။

“ဘာဖြစ်လို့လဲဗျ”

“သိချင်သွားကြည့်ပါလား”

သူကကြားချင်ရာကြားသည်။

“မြွေကိုက်လို့ဟုတ်လား”

“ဟာခင်ဗျားနှယ် … နေမကောင်းလို့ … နေမကောင်းလို့”

သူနားအနီးကပ်အော်လိုက်သောကြောင့် သိလိုက်ရသည်။

“ဪ နေမကောင်းလို့လား”

သူက ဘာဖြစ်ဖြစ် ကိုလှမောင်ကို သွားကြည့်ရန် ဆုံးဖြတ်လိုက်သည်။ အိမ်နီးချင်းတွေမဟုတ်လား။ သွားသာ ကြည့်ရမည် ကိုလှမောင်နှင့်သူနှင့်က သိပ်ပြီးအဆင်ပြေကြသည်မဟုတ်။

နားထိုင်းမြကြီးက အိမ်ပေါ်ကိုတက်လိုက်သည်။ ကိုလှမောင်က အိပ်ရာထဲတွင် လှဲနေသည်။ သူက လူမမာ အနီးသွားထိုင်လိုက်ပြီး ဘာမေးရင်ကောင်းမလဲ စဉ်းစားနေသည်။ ဘာမေးရမှန်းမသိသဖြင့်

“လှမောင် နေကောင်းလား” ဟုမေးလိုက်သည်။

အိပ်ရာထဲလှဲနေသည့် ကိုလှမောင်က

“ဘယ်လိုလဲကွာ … နေမကောင်းပါဘူးဆိုနေတာ နေကောင်းလားလို့ လာမေးနေတယ်။ သောက်ရူး။ သေတော့မှာကွ”

နားထိုင်းကကြားချင်ရာကြားသည်

“ဪ … ကြားရတာဝမ်းသာလိုက်တာ … ပျောက်သွားပြီလား”

လှမောင်က စိတ်ဆိုးပြီး

“ဒီ နားထိုင်းနဲ့တော့ ဒုက္ခပဲ” ဟု ညည်းလိုက်သည်။

“ဒါနဲ့ ဘယ်ဆရာနဲ့များ ပြနေသလဲ”

လူမမာက ရွဲ့ကာ

“သေမင်းနဲ့ဟေ့ … သေမင်းနဲ့” ဟု ပြောလိုက်သည်။

“ဟာကောင်းသားပဲ … သူနဲ့ကုရင် စိတ်သာချ ပျောက်ကို ပျောက်မှာ”

“ဟာ ဒီကောင် ဒုက္ခပဲ မြန်မြန်ပြန်ပါတော့ကွာ”

“ဒါနဲ့ ဘာဆေးတွေများ သောက်နေရသလဲ”

“အဆိပ်ဟေ့ … အဆိပ်”

“ဟာ အဲဒီဆေးနဲ့သာဆိုစိတ်ချ ပျောက်မှာ အသေအချာပဲ”

လူမမာကစိတ်ဆိုးမာန်ဆိုးနှင့် အိပ်ရာကထကာ

“ထွက်သွား … ထွက်သွား” ဟုနှင်သည်။

နားထိုင်းကကြားချင်ရာကြားပြီး

“စိတ်သာချ မနက်ဖြန်လည်း လာဦးမှာ” ဟုပြောလိုက်သည်။

လူနာကစိတ်ဆိုးပြီး ရေနွေးကြမ်းပန်းကန်နှင့်ပေါက်ရာ နဖူးတည့်တည့်ထိပြီး ကွဲသွားသည်။

နားထိုင်းမြကြီး အိမ်ပေါ်ကဆင်းပြေးသည်။

“ငါကအကောင်းပြောတာကို သူက ဘာတွေများ စိတ်ဆိုးစရာရှိလို့လဲ” ဟုပြောသွားသည်။

ဘုမသိ ဘမသိ ကြားချင်ရာကြား၊ ပြောချင်ရာပြောနေသော မြကြီးလိုနားထိုင်းတွေ ပေယျာလကန်မှာရှိနေ သည်။

တင်ညွန့်

၁၇.၁၀.၂၀၂၅

ဆရာဦးတင်ညွန့်၏ Sayar Tin account နှင့် Tin Nyunt account မှ ကူးယူဖော်ပြပါသည်။ account following လုပ်ထားလျှင် တင်သမျှစာများကို ဖတ်ရှုနိုင်ပါမည်။

အပြောင်းအလဲ-----------------ကျွန်တော် ရန်ကုန်ကိုရောက်စလောက်က လှည်းတန်းတွင် အဆောင်ငှားနေရသည်။ ကျွန်တော့် အလုပ်က ရန်ကုန်မြ...
17/10/2025

အပြောင်းအလဲ
-----------------
ကျွန်တော် ရန်ကုန်ကိုရောက်စလောက်က လှည်းတန်းတွင် အဆောင်ငှားနေရသည်။ ကျွန်တော့် အလုပ်က ရန်ကုန်မြို့တွင်း ၃၃ လမ်းတွင်ဖြစ်သည်။ နေသည့် အဆောင်က ဘူတာနှင့်နီးသဖြင့် ကျွန်တော်သည် အလုပ်သွား၊ အလုပ်ပြန် မြို့ပတ်ရထားကိုသာ စီးရသည်မှာ အဆင်ပြေသည်။ ဘတ်စ်ကားစီးလျှင် လှည်းတန်း မှတ်တိုင်မှ အဆောင်ကို ပြန်လျှောက်ရသည်မှာ ဝေးသဖြင့် ရထားကိုသာစီးသည်။

ကျွန်တော်မနက်စောစော ရထားစီးသည်။ ၆ နာရီလောက် လှည်းတန်းဘူတာကိုရောက်နေပြီ။ ထိုအချိန် လောက်စီးမှ လူချောင်သည်။ နောက်ကျလျှင် ရထားပေါ်တက်မရလောက်အောင်ဖြစ်တတ်သည်။ ညနေ ဆိုလည်း ကျွန်တော် ရုံးက ၇ နာရီလောက်မှဆင်းသည်။ မိုးချုပ်လေ ရထားစီးသူနည်းလေဖြစ်ပြီး နေရာရသည်။

ကျွန်တော် လှည်းတန်းဘူတာရောက်လျှင် ၈ နာရီကျော် ၉ နာရီလောက်ဖြစ်နေပြီ။ ကျွန်တော်က ဗဟိုလမ်း ပေါ်ရှိ ထမင်းကြော်ဆိုင်တွင် ညစာစားသည်။ ထိုဆိုင်က ဈေးသက်သာသည်။ ထမင်းကြော် တစ်ပွဲဆိုလျှင် အတော်ပဲဖြစ်သည်။ ကျွန်တော် ညစဉ်စားသည်က ဘဲဥဟင်းသာဖြစ်သည်။ လှည်းတန်းတွင် နေခဲ့သည့် ကာလတစ်လျှောက်လုံး ဘဲဥဟင်းနှင့်သာ စားသည်ဖြစ်ရာ ကျွန်တော်ဆိုင်တွင် ဝင်ထိုင်လိုက်သည်နှင့် စားပွဲထိုး ဦးလေးကြီးသည် ကျွန်တော်စားနေကျအတိုင်း ဘဲဥဟင်းနှင့် အစပ်ငရုတ်သီးကြော် မထည့်ဘဲ လာချပေးတတ် သည်။ ကျွန်တော့်ကို တစ်ခွန်းမျှ လာမမေး။ သူကနေ့စဉ် ဘဲဥဟင်းနှင့် တစ်ပတ်လောက် မပျက်မကွက် လာစားသည့် သူ့ဖောက်သည်ကို ကောင်းစွာသိပြီး မှာစရာမလို အော်တိုလာချပေးနေခြင်းဖြစ်သည်။

ကျွန်တော်ကလည်း ဟင်းချေးများတတ်သူမဟုတ်။ ရသည့်လစာ၊ အဆောင်စရိတ်ဘာညာနှင့် ရန်ကုန်တွင် လောက်ငှအောင် ခြိုးခြံနေရသည်ဖြစ်ရာ ဈေးအသက်သာဆုံး ဘဲဥဟင်းနှင့်သာစားနိုင်သည့် အနေအထား ဖြစ်သည်။ ညဗိုက်ဆာလျှင် အိပ်မပျော်မည်ကို စိုးရိမ်သဖြင့် ဗိုက်ပြည့်ရုံသက်သက်သာ စားနေခြင်းဖြစ်သည်။

ထိုနေ့က ကျွန်တော် ဆိုင်ထဲဝင်လိုက်သော် တော်တော်နှင့် ထမင်းပွဲလာမချသဖြင့် နောက်ကို လှည့်ကြည့်မိ သည်။ ကျွန်တော့်ကို စားပွဲလာထိုးပေးတတ်သော ဦးလေးကြီးကိုမတွေ့။ ကျွန်တော်က စားပွဲလိုက်ထိုးနေသော ကောင်မလေးတစ်ယောက်ကို “သမီးရေ” ဟု ခေါ်လိုက်သည်။

ကျောင်းဆရာလူထွက်ဖြစ်နေသဖြင့် ကျွန်တော့်တပည့် သုံးတန်း၊ လေးတန်းအရွယ်လောက် ကလေးမလေးကို သမီးဟုခေါ်လိုက်ခြင်းဖြစ်ပါသည်။

ကလေးမလေးက ကြက်တောင်စည်းလေးနှင့် ပါးကွက်တွေဝိုင်းနေအောင် ပါးပြင်ပေါ်တွင်လုပ်ထားသည်။ သူ့အပြုံးလေးက သွားတက်လေးကြောင့် ချစ်စရာကောင်းနေသည်။

“ဘာစားမလဲရှင့်”

“ထမင်းကြော်တစ်ပွဲ”

“ဘာဟင်းနဲ့ သုံးဆောင်မလဲရှင့်”

“ဘဲဥ”

“ဪ … ဘဘပြော ပြောနေတဲ့ အယ်ဒီတာကြီးဆိုတာလား မသိဘူး”

“ဟေ … ဒီဆိုင်က စားပွဲထိုး ဦးလေးကြီးက သမီးနဲ့ဘာတော်သလဲ”

“သမီးအဖေ”

“ဘယ်သွားလို့လဲ”

“ဘဘက နေမကောင်းလို့ သမီးက အစားဝင်ပေးတာ”

“အေးကွာ ဘဲဥနဲ့တစ်ပွဲ … ငရုတ်သီးကြော်မထည့်နဲ့”

ကလေးမလေးက ဟိုကြည့် သည်ကြည့် လုပ်ပြီး

“ဦးလေး … ဘဲဥဟင်းဆိုတာ တကယ်တော့ ကြက်ဥဟင်းပဲ … ပဲပင်ပေါက်ကြော်၊ ဂေါ်ဖီကြော်တွေနဲ့ ပြောင်းစားကြည့်ပါလား။ ဈေးလည်း သက်သာတယ်။ အပြောင်းအလဲပေါ့”

“ဟေ … ဟုတ်လား … ကောင်းတာပေါ့ ပဲပင်ပေါက်ကြော်နဲ့ လုပ်ကွာ”

ထမင်းကြော်နှင့် ပဲပင်ပေါက်ကြော်ကို စားရတာလည်း အဆင်ပြေပါသည်။ ဈေးက တစ်ကျပ်လောက်ကွာသည်။ ကျွန်တော်စောစောက အဘယ်ကြောင့် မတွေးမိသနည်း။

“စားကောင်းလားဦးလေး”

“ကောင်းသားပဲကွ”

“အဲဒါ ဘဘက ဦးလေးကို မပြောရဲလို့တဲ့ သမီးကို ပြောခိုင်းတာ။ တစ်ခါတစ်လေ အပြောင်းအလဲလေးများ ဖြစ်အောင် အဲဒီဆရာကြီးကို ပြောကြည့်ဆိုလို့ ပြောတာ”

“ကောင်းတယ် … ကောင်းတယ် … စားလို့ကောင်းတယ်”

ကျွန်တော် နောက်တစ်နေ့ည ထမင်းကြော်လာစားသည်။ ကလေးမလေးကမှတ်ထားသည်။ ကျွန်တော့်ကို ပဲပင်ပေါက်ကြော်နှင့် လာချပေးသည်။ နောက်တစ်နေ့လည်း ပဲပင်ပေါက်ကြော်နှင့် လာချပေးသည်။ အမှန်အတိုင်း ဝန်ခံရလျှင် ကျွန်တော်လည်း ထမင်းစားသည့်အခါတွင် အညှီနံ့လေးပါမှ စားဝင်သည်။ ပဲပင်ပေါက်သည် တစ်ရက်ကောင်း၊ နှစ်ရက်ကောင်းသော်လည်း သုံးရက်မြောက်နေ့တွင် သိပ်မကောင်းသလို ခံစားရသည်။

လေးရက်မြောက်နေ့တွင် ဆိုင်ထဲမဝင်မီကတည်းက အထဲကိုကြည့်လိုက်သည်။ ဦးလေးကြီး ပြန်ရောက်နေ သည်။ ကျွန်တော့်ကိုသူကတွေ့လိုက်သည်နှင့် ထမင်းကြော်ကိုသွားထည့်နေပြီ။ ကျွန်တော်က မှာချိန်ပင် မရလိုက်။ သူက ပန်းကန်ကို လာချပေးသည်။ ကျွန်တော် ပန်းကန်ထဲကို ကြည့်လိုက်တော့ ဘဲဥချဉ်ရည်ဟင်းနှင့် ဖြစ်နေသဖြင့် ဝမ်းသာသွားသည်။

“ဦးလေး နေကောင်းသွားပြီလား … သမီးလေးရော”

“ကောင်းသွားပြီဗျ”

“ဦးလေးသမီးက သိပ်သွက်တာပဲနော်”

“ဟုတ်ကဲ့”

“ဒါနဲ့ ဦးလေးသမီးကို ကျွန်တော် ပဲပင်ပေါက်ကြော်ပြောင်းစားဖို့ ပြောထားသေးလား”

“မပြောမိပေါင်ဗျာ … ဘာဖြစ်လို့လဲ”

“ဪ ဘာမှမဖြစ်ပါဘူး … ဦးလေးမလာတဲ့နေ့တွေမှာ ကျွန်တော် ပဲပင်ပေါက်ကြော်နဲ့စားနေရလို့”

“ဟုတ်တယ် သုံးရက်လောက် ကြက်ဥဝယ်မရဘူးကြားတယ်။ ကြက်တုပ်ကွေးဆိုလားပဲ။ ဒီနေ့မှ ပြန်ရတာ”

“ဪ”

တင်ညွန့်

၁၇.၁၀.၂၀၂၅

ဆရာဦးတင်ညွန့်၏ Tin Nyunt account မှ ကူးယူဖော်ပြပါသည်။ account following လုပ်ထားလျှင် တင်သမျှစာများကို ဖတ်ရှုနိုင်ပါမည်။

Address

No 220 , 31 Street အပေါ်ဘလောက် ၊ Central Hotel အနီး
Yangon
11141

Telephone

+9595093938

Website

Alerts

Be the first to know and let us send you an email when Ko Latt Book Shop and Distribution 095020068 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share