04/11/2025
ရုပ်ရှင်ဆန်လိုက်တာ
___________________
ရုပ်ရှင်က
တကယ့်ဘဝမဟုတ်ပါဘူး။
တကယ့်ဘဝတွေကမှ ရုပ်ရှင်ပါ။
ငါတို့ဘဝတွေလည်း..
လှလှပပချွေးစေးပြန်လို့
နားခိုရာအိမ်ကို ရှာဖွေလို့
မရဏဖွား ဘာကြောင့်ဖြစ်ခဲ့ရတာလဲ
ဘဝကိုမေးခွန်းထုတ်လို့
လူစိတ်ဝင်စားဖို့မကောင်းတဲ့
ကိုယ်ရေးကိုယ်တာကို ကဗျာလုပ်ရေးလို့
ထွက်ပြေးချင်ပေမဲ့..
ထွက်ပေါက်ကို အခုထိ ရှာမတွေ့လို့
ဘဝဟာ ရုပ်ရှင်နဲ့တူလိုက်တာလို့တွေးပေမဲ့
Turning Point ဟာ အခုထိပေါ်မလာလို့
ကြည်နူးဖွယ် ရင်ခုန်စိတ်လှုပ်ရှားစရာဟာ
ရွှေထက်ရှားလို့
ကိုယ့်ကိုယ်ကိုယ်..
စျေးကွက်ဝင်အောင် မလုပ်တတ်လို့
ဘဝဟာ ပျင်းစရာချည်းဖြစ်ခဲ့တယ်။
အခုထိလည်း..
ငြိမ်သက်ပြီး စောင့်ဆိုင်းလျက်ပေါ့။
တချို့တွေ တန်ပါတယ်ကွာ..
လက်ခုပ်သံတွေအကျယ်ဆုံးအချိန်မှာ
စွန့်လွှတ်ခဲ့ရတာ..
တချို့တွေတန်ပါတယ်ကွာ
အမြင့်ဆုံးပျံသန်းနေချိန်မှာ
ထားခဲ့ရတာ။
တချို့တွေတန်ပါတယ်ကွာ
ဘာလုပ်လုပ်ဖြစ်နေတဲ့အချိန်မှာ
ထမင်းစားပျက်ခဲ့တာ။
ဘဝမှာရိုးသားခဲ့တာ..
ဖြတ်လမ်းမလိုက်ခဲ့တာ..
အလွယ်ရတဲ့...
အဆီတဝင်းဝင်းအခွင့်အရေးတွေကို ငြင်းခဲ့တာ
အိပ်မက်နောက်ကို တကောက်ကောက်လိုက်ခဲ့တာ
အနုပညာကြောင့်ရတဲ့ပိုက်ဆံနဲ့မှ
ထမင်းစားချင်ခဲ့တာ။
အားလုံး အားလုံး..
အသက်အရွယ်နဲ့ အချိန်တွေကို တိုက်စားသွား
ဘာဆက်ဖြစ်ဦးမလဲ..
ဘဝဟာ အဆိုးချည်းပဲတော့
မဟုတ်နိုင်ဘူးမဟုတ်လား။
အနက်ရောင်ချည်းပြည့်နေတဲ့ကမ္ဘာမှာ
လူဖြစ်ခဲ့ပြီး
အဖြူရောင်နေ့တွေကိုတောင့်တနေရတာ
မှားပြီလား။
အစကတည်းက..
အနုပညာကို မမြင်တွေ့ခဲ့ရရင်
အခုအချိန် ဘယ်လိုတွေရှင်သန်နေဖြစ်မလဲ။
ရရစားစား ပေါ့ပေါ့ပါးပါးဘဝတွေအားကျလိုက်တာ
ဘဝကို ဘာမှ မမျှော်လင့်ဘဲ
ဘဝမှာ ဘာမှ မဖြစ်ချင်ဘဲ
ဘာ အိပ်မက်ဆန္ဒတွေမှ မရှိဘဲ
အဲဒီလိုဆိုပျော်နိုင်မှာလား
မသိတော့ပါဘူး။
ဒီနေ့ပြီး နောက်တနေ့
နောက်နေ့ပြီး နောက်တခါ
အပ်ကြောင်းထပ်နေ့ရက်ချုပ်ရိုးကြောင်းတွေနဲ့
ဘဝကို စိတ်ပျက်လက်ပျက်။
ရုပ်ရှင်ဆန်လိုက်တာ..
မှန်ကန်တဲ့သစ္စာစကားကြောင့်
ထန်းလျက်တွေချိုလိုက်တာ
တမာတွေခါးလိုက်တာ
ခဏလေးလွှတ်ချလိုက်မိတာ
တစ်ဘဝလုံးချောက်ထဲကျတော့မလို့
ကြိုးစားတိုင်းအရာမထင်
မကြိုးစားရင် ပိုမိုဆိုးရွား
ဆယ်စုနှစ်ပေါင်းများစွာ
Inner Child အတွက် တာဝန်မကျေနိုင်မှုအတွက်
တိတ်တဆိတ်ငိုကြွေးခဲ့ရ
ဘဝက..
လောကဓံတွေခံစားရဖို့အတွက်ဆို
ရုပ်ရှင်ဆန်လိုက်တာ။
ကျော်ညိုသွေး